အောင်လွန်းမြိုင် ● ကဗျာဆရာ့အဖေ ပန်းပဲဆရာကြီး

အောင်လွန်းမြိုင် ● ကဗျာဆရာ့အဖေ ပန်းပဲဆရာကြီး
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇

(၁)
အောက်လင်းဓာတ်မီးအိမ်ရဲ့ အလင်းရောင်က ပန်းပဲဖိုတဲအတွင်း လေပေါင်အပြည့်နဲ့ဖြာကျလို့၊ တရုတ်ဖိုလို့ခေါ်တဲ့ ကိုယ်တိုင် စပ်လုပ်ထားတဲ့ ခြောက်ပေခန့်အရှည် ဆယ့်ငါးလက်မ ပျဉ်ချပ်အထူကို လေးထောင့်စပ်စပ်ရိုက်ပြီး ထိပ်နှစ်ဖက်ပိတ်၊ အလယ် က အပေါက်ဖောက်ပြီး အထဲမှာ ကြက်တောင်မွှေး လေးထောင့်ဝါရှာမှာ သုံးမတ်သံလုံးနဲ့တွဲပြီး တဖက်က သစ်သားလက်ကိုင် တွဲတပ်ပြီး ရှေ့တိုးနောက်ဆုတ်ထိုးရတဲ့ ဖိုဘေးမှာ မီးသွေးဖို၊ အဲဒီ မီးသွေးဖိုထဲမှာ ထည့်ဖုတ် ထားတဲ့သံချောင်းတုံးကြီးပေါ်က မီးသွေးတွေဟာ မီးရှူးမီးပန်းပေါက်သလို တဖောက်ဖောက်နဲ့ ရဲခနဲ ရဲခနဲ။

အဖေက သံပြားဂေါ်နဲ့ မီးသွေးမီးဖိုကို ဖြဲကြည့်လိုက်၊ မီးသွေးထည့်လိုက်၊ သံတုံးကို လှည့်ပေးလိုက်၊ ရေနွေးကြမ်းသောက် လိုက်၊ ခဏနေတော့ ပန်းပဲဖိုရဲ့ဘေး ညောင်ပင်ကြီးအောက်မှာ အနားယူနေတဲ့ အမျိုးသားကြီးသုံးယောက်ကို ''ရပြီဟေ့ လာကြ'' ဆိုပြီး အဖေရဲ့ခေါ်သံအဆုံးမှာ အမျိုးသားကြီးသုံးယောက်က ဟင်္သာပေတုံးဘေးမှာ အသင့်ထားတဲ့ ဆယ်ပေါင်တူ သုံးလုံးကို တယောက်တလုံးကောက်ကိုင်ပြီး ရန်သူကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကြမယ့် လက်မရွံ့တပ်သားတွေလို။ အဖေက မီးသွေး မီးဖိုထဲက သံချောင်းတုံးကြီးကို တဖက်အဖျားကနေ ဂုန်နီအိတ်အစတွေနဲ့ ပတ်ကိုင်ကာ ဟင်္သာပေပေါ် မရွေ့တင် လိုက်တော့ အလျှံရဲရဲနီနေတဲ့သံတုံးကြီးကို လက်မရွံ့ တပ်သားသုံးဦးက တယောက်ချင်းစီ စည်းချက်ညီညီ ထုရိုက်ကြတော့သည်။ အဖေက သံချောင်းတုံးကြီးကို လိုသလိုလှည့်ပေးလိုက် ရှေ့ထိုးပေး နောက်ဆွဲပေး၊ တူထုနှက်သံက မြေပြင်ထိအောင်တုန်ခါပြီး ဒိန်း ဒိန်း ဒိန်း နဲ့ သံချောင်းတုံးကြီး မီးညိုသွားတော့ မီးသွေးမီးဖိုထဲ ပြန်ထည့် ဖိုဆွ မီးသွေးထည့်၊ လက်မရွံ့တပ်သားသုံးဦးလည်း ချွေးတလုံးလုံးနဲ့ ပုဆိုးနဲ့ ချွေးသုတ်သူ သုတ်၊ ရေနွေးကြမ်းသောက်သူ သောက်၊ ပန်းပဲဖိုလေး တဲအပေါ် အုံ့မိုးထားတဲ့ ညောင် ပင်ကြီးက အမှောင်ထဲမှာမအိပ်သေး ညောင်ရွက်အချင်းချင်း စကားများလို့၊ အဖေနဲ့အတူ သူ့တပည့် လက်မရွံ့တပ်သား သုံးဦးလည်း ဖိုထိုးလိုက်၊ မီးသွေးထည့်လိုက်၊ ထုလိုက် ရိုက်လိုက်နဲ့ ညဥ့်နက်တော့ မီးသွေးမီးတွေ ရေဖြန်း အနားယူကြတော့ သည်။

(၂)

အဘိုးအဖေ
ပန်းပဲဖိုလေးနဲ့
အစပျိုးခဲ့ကြ
ကျွန်တော်တို့ရဲ့ခေတ်
ဓားကောင်းများကို
ဆက်လက်ထုလုပ်လျက်
အမွေ ... ။

အထက်ပါကဗျာလေးက အဖေဆုံးပြီးမှ ရေးဖွဲ့ဖြစ်တဲ့ ကဗျာလေးဖြစ်သည်။ ဒီကဗျာလေး ရေးဖွဲ့စဉ်က အဖေ့ကို တလျှောက်လုံး သတိရနေတော့သည်။ အဖေ့ပုံရိပ်တွေက အမြင်အာရုံမှာ ဝေဝါးမသွား၊ ကျွန်တော့်နှလုံးသားပုံရိပ်မှာ ကြည်လင်ပြတ်သားစွာ ပီပီ မြည်နေသည်။

အဖေပြောခဲ့ဖူးတဲ့စကားတခွန်းကို အရိုးထဲစွဲနေအောင် မှတ်သားခဲ့ရသည်။ ''လုပ်ငန်းဆိုတဲ့အတိုင်း ငမ်းမှရတယ်ကွ'' တဲ့။ ဟုတ်ပါတယ်။ အဖေဦးဆောင်လုပ်ခဲ့တဲ့ ပန်းပဲဖိုအလုပ်ကို အဖေအာသာပြေလုပ်ခဲ့တာမဟုတ်၊  ကျွန်တော်တို့အဘိုးလက်ထက် ကတည်းက လုပ်ခဲ့တဲ့ အလုပ်၊ မျိုးရိုးစဉ်ဆက်အလုပ်၊ မိသားစုဘဝလေး အဆင်ပြေပြေ ဝမ်းစိုစိုနဲ့သူများထက် ဘဝနေနည်း မသာတောင် တန်းတူဖြစ်ဖို့ အဖေဟာ နေ့ရောညပါ အလုပ်ကို ငမ်းခဲ့ပါသည်။ အဖေ့နှလုံးသား ချွေးစို့မှ  ကျွန်တော်တို့ ဝမ်းစိုခဲ့ ရတာပါလားဆိုပြီး တွေးမိတော့ ရင်ထဲမှာ ကျင်ခနဲ ဖြစ်ရပါသည်။

ပန်းပဲဖိုရဲ့အဓိကလုပ်ငန်းက ဓား၊ ပုဆိန်၊ ပေါက်ချွန်း၊ ပေါက်ပြားဆေးသ၊ အသစ်ရိုက်တဲ့ လုပ်ငန်းသက်သက်မဟုတ်ပါဘူး။ မြင်းလှည်းပြုပြင်ရေးက အဓိကလုပ်ငန်းပါ။ မြင်းလှည်းတစီးမှာ ပါဝင်တဲ့သံထည်ပစ္စည်း၊ ဥပမာ လေး၊ ဝင်ရိုးအစ တစီးလုံး မှာပါဝင်တဲ့ သံထည်ပစ္စည်းတွေကို ပန်းပဲဖိုကနေ အကုန်ထုတ်လုပ်ရပါတယ်။

ဒီလုပ်ငန်းနဲ့ပဲ ကျွန်တော်တို့ လူလားမြောက်ခဲ့ရတာပါ။ အဖေက အလွန်အလုပ်လုပ်သူပါ။ မနက် အိပ်ရာကနေ မျက်စိနှစ်လုံး ဖွင့်တာနဲ့ အလုပ်ထဲကို ရောက်နေပါပြီ။ အဲသလိုလုပ်ငန်းကို ငမ်းလို့လည်း ရဲစခန်းနဲ့ အချုပ်ခန်းကို ရောက်ခဲ့ပါသေးသည်။ ပန်းပဲဖိုရဲ့ အဓိကကုန်ကြမ်းက သံပြားပေါက်အချပ်၊ ကားကြီးလေးသံ၊ ရထားသံလမ်းပိုင်းတွေပါ။ ဘယ်နေရာမှာရှိ တယ်ကြား တာနဲ့ သွားဝယ်ပါတယ်။ လာရောင်းရင်လည်း ဝယ်ပါတယ်။ သိတဲ့အတိုင်း ခိုးရာပါပစ္စည်းနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ...။ ထမင်းစားနေတုန်း အလုပ်လာအပ်ရင် စားနေရင်းက ဝုန်းခနဲထ လက်မဆေးဘဲ အလုပ်လက်ခံခဲ့ပါသေးသည်။

အဲဒီတုန်းက မိသားစုတွေ စုံစုံညီညီပါပဲ၊ အဖေရယ်၊ အမေရယ်၊ အကိုနှစ်ယောက်ရယ်၊  ကျွန်တော့်အောက် ညီမလေးတ ယောက်၊ ပေါင်းခြောက်ယောက်၊ နိစ္စဓူဝ တူသံတွေနဲ့ ဆူညံနေတဲ့မိသားစုဘဝလေး၊ နောက်တော့ အစ်ကိုအကြီးဆုံးက အိမ် ထောင်ကျ၊ တအိုးတအိမ် ခွဲသွား၊ အဲဒီတုန်းက အဖေ လက်မောင်းတဖက်ပြုတ်သလို ခံစားရမှာပဲ၊ နောက် ကျွန်တော့်အထက် အကိုအိမ်ထောင်ကျပြီး အိမ်အလုပ်ကိုပဲ အတူတွဲလုပ်ကြပါတယ်။ အဖေကတော့  ကျွန်တော့်အထက်က အကိုကို အား အကိုးရဆုံးပါ။ သူကလည်း အဖေ့အမွေကိုရထားသူပီပီ အလုပ်အတော်လုပ်သူပါ။

ကျွန်တော်တို့ရဲ့ပန်းပဲဖိုတဲနဲ့အိမ်ဟာ ၁၉၉၀ ခုနှစ် အစပိုင်းမှာ ကျူးကျော်မြေဖြစ်တဲ့အတွက် မြို့သစ်ကို အပို့ခံရတဲ့အထဲမှာ ပါသွားခဲ့ပါတော့သည်။ တနေရာကနေ တနေရာပြောင်းရွေ့ရင်း အဖေ အတော်ကလေးခေါင်းခဲနေခဲ့မှာ သေချာပါသည်။ မြို့သစ်ကို မပြောင်းရွေ့ဘဲ အဖေ့ရဲ့မိတ်ဆွေတဦးရဲ့ခြံထဲမှာ တဲထိုးပြီးတော့ အလုပ်ကို လုပ်ခွင့်ရခဲ့ပါသည်။ အဲဒီတုန်းက လည်း အဖေ့ထံမှ အားငယ်စိတ်ဓာတ်ကျစရာအသံမျိုး လုံးဝမကြားခဲ့ဖူးပါ။ ဒါပေမဲ့လည်း ...။

အဖေ့ချွေးဟာ
မီးကျည်ခဲကထွက်တဲ့
ချော်ရည်ချော်တုံးတွေ
ဖြစ်သွားတယ်။

ပေပေါ်တင်ထုတဲ့အခါ
သံပူပြာမှုန်တွေ
အဖေ့ခြေဖမိုးနဲ့
လက်ဖျံပေါ်က
အရေပြားတွေ
ညော်နံ့ထွက်ခဲ့။

မိသားစု
ခြောက်ယောက်ရဲ့
နှာခေါင်းပေါက်တွေလို
အဖေ့ဖိုကလေးက
ဝင်လေထွက်လေ
ရှူလိုက် ရှိုက်လိုက်
မီးသွေးခဲတွေရဲလို့ ....
တူသံတွေလည်း
ညံလို့ ....
ထမင်းဝိုင်းလေးက
အေးစက်တောင့်ခဲလို့။
ခုတော့ ....
မီးပွားပြာမှုန်တွေက
အဖေ့ခေါင်းပေါ်မှာ
သပ်ချလို့မရအောင်
ဖွေးလို့
အဖေ့သွားတွေကလည်း
တူအရိုးချောင်သလို
လှုပ်လီလှုပ်လဲ့
ဟင်္သာပေ ခမျာ
ဒဏ်ရာတွေ ပရပွ
ကော့ခွက်လန်
နှစ်ခြမ်းခွဲ
အက်ကြောင်းနဲ့
ဖိုကလေးကရော
ဘာထူးသေးလဲ
အဘွားအိုတယောက်
မီးမှုတ်သလောက်သာ
တခါတခါ
အသက်ရှူ
ကျပ်ကျပ်နေတာ။

(၃)
အဖေက အသက် ခုနှစ်ဆယ်ကျော်တဲ့အထိ  ကျွန်တော်တို့အတွက် အလုပ်လုပ်ရတုန်း၊  ကျွန်တော်က အလုပ်မှာ စိတ်ပါမှ ဝင်ရောက်လုပ်ကိုင်ပေးသူ၊ တခါက အဖေနဲ့ကျွန်တော် မြင်းလှည်းအတွက် လိုအပ်တဲ့သစ်သားတုံးကိုလွှနဲ့ တိုက်ဖြတ်ခွဲ စိတ်နေချိန်၊ သူငယ်ချင်းကဗျာဆရာ အောင်ဘညိုတယောက်  ကျွန်တော့်ထံ အလည်ရောက်ရှိနေပါတယ်။

အဖေနဲ့ ကျွန်တော် အလုပ်လုပ်နေတဲ့မြင်ကွင်း အခင်းအကျင်းကို သူငယ်ချင်းကဗျာဆရာက ''မြေးအဘိုး'' ဆိုတဲ့ကဗျာလေးနဲ့ မှတ်တမ်းတင်ခဲ့ပါသေးတယ်။

ကျွန်တော့်အထက်က အကိုနဲ့အဖေ အများဆုံးအလုပ်လုပ်ခဲ့ရတာပါ။ သားတွေထဲမှာ  ကျွန်တော်က အငယ်ဆုံးမို့ အလိုလိုက် ငဲ့ညှာတာလည်း ဖြစ်နိုင်ပါတယ်။  ကျွန်တော် စာတွေ ကဗျာတွေရေးတာကို အပြစ်မပြောတဲ့အပြင်၊  ကျွန်တော့်ကိုစာရေးဆရာ၊ ကဗျာဆရာဖြစ်နေပြီဆိုတဲ့အကြောင်းကို အဖေ့မိတ်ဆွေတွေကို စကားစပ်မိရင် ဂုဏ်ယူပြောဆိုလေ့ ရှိပါသည်။

အဖေက မျက်စိပွင့်နားပွင့်သူလည်းဖြစ်၊ ဒေါသလည်း အလွန်ကြီးတတ်ပါတယ်။  ကျွန်တော်တို့ငယ်ငယ်ကဆို ထိုင်အလုပ်လုပ် နေရာကနေ လိုအပ်တဲ့ပစ္စည်းတခုခု အယူခိုင်းလို့ ကြာနေရင် ထိုင်နေရာကနေ အံကြိတ်ပြီး နီးစပ်ရာနဲ့ ကောက်ပေါက်တတ်ပါ သေးသည်။

၂၀၀၀ ပြည့်နှစ်ရဲ့ဒီဘက်အပိုင်းတွေမှာ အဖေဟာ အသက်အရွယ်အရရော ရုပ်ပိုင်းအရပါ ကျဆင်းလာပါတော့တယ်။ စိတ် ဆောင်နေတာကလွဲလို့ ပန်းပဲဆရာကြီးတယောက်ရဲ့ အားမာန်တွေ လျော့ပါးသွားကုန်ပါပြီ။ ကျွန်တော့်အောက်ကညီမ အိမ် ထောင်ကျတဲ့နှစ်မှာ အဖေ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်လို့ ပြင်ပဆေးခန်းမှာ တက်ရောက်ကုသရပါသေးတယ်။ အစာ ကို နှာခေါင်းကနေ ပိုက်နဲ့သွင်းပေး၊ လက်မှာလည်း အားဆေးပုလင်းချိတ်၊ သတိရတချက် မရတချက်နဲ့ ကျွန်တော်တို့ရဲ့ ဘဝတွေကို လင်းလက်တောက်ပအောင်၊ ကျွန်တော်တို့ရဲ့ဝမ်းတွေကိုစိုခဲ့အောင် စွမ်းဆောင်ခဲ့တဲ့ ကာယလုပ်သားကြီး အဖေ့ ကို ဇရာနဲ့ ရောဂါက တိုက်ခိုက်နေပါပြီ။ ဆေးခန်းမှာ ဆယ့်တစ်ရက်ကြာ ဆေးကုသပြီးတော့ နေပြန်ကောင်းလာပါတယ်။  ကျွန်တော်တို့လည်း ဝမ်းသာရပါတယ်။
ဆေးခန်းက ဆင်းလာပြီး အဖေကျန်းကျန်းမာမာနဲ့ ပြန်ထူထောင်လာချိန်မှာ  ကျွန်တော့်ညီမရဲ့ အိမ်ထောင်ဖက်က မုံရွာကပါ။ သျှောင်နောက်ဆံထုံးပါဆိုသလိုပါပဲ။  ကျွန်တော့် ညီမက အဖေ့ကို မုံရွာခေါ်သွားပါမည်တဲ့။ ဒီလိုနဲ့ ညီမလေးတို့ လင်မယားက အဖေ့ကို ခေါ်သွားပါ တယ်။ အဖေလည်း ပြုံးပြုံး ပြုံးပြုံးနဲ့လိုက်သွားပါလေရဲ့။

(၄)

အဖေ့ကို မုံရွာခေါ်သွားပြီး မကြာခင်မှာ  ကျွန်တော့်ယောက်ဖက  ကျွန်တော့်ကိုပါ မုံရွာလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ မုံရွာမှာပဲ အလုပ်လုပ်ကြမယ် အဖေလည်း ရောက်နေပြီဆိုတော့  ကျွန်တော်လည်း မုံရွာလိုက်သွားဖြစ်သွားတယ်။
အဖေက မုံရွာမှာ နည်းနည်း အနေကြာလာတာနဲ့အမျှ၊ တောင်ငူမှာ ကျန်ခဲ့တဲ့သူ့သားတွေ သူ့မြေးတွေကို လွမ်းပုံရပါတယ်။ တောင်ငူပြန်ပို့ပေးဖို့ ကလေးတယောက်လို ပူဆာနေ ပါတော့တယ်။ တခါတခါ မျက်ရည်လေး တစမ်းစမ်းနဲ့။ ထိုအခါ အဆူအငေါက် ပြန်ပြီး လုပ်ရတဲ့သူတွေက  ကျွန်တော်နဲ့ညီမလေးတို့ ဖြစ်နေရပါပြီ။ ဘယ်လိုမှ ပြောမရတဲ့အဆုံး အဖေ့ဆန္ဒကို လိုက်လျောပြီး တောင်ငူကို ပြန်ပို့ပေးခဲ့ပါတယ်။ အစ်ကို့ မိသားစုနဲ့ နေစေခဲ့ ပါတယ်။
 ကျွန်တော်က မုံရွာပြန်ရင်း လမ်းတလျှောက်မှာ အဖေ့အကြောင်းတွေ တွေးလို့. . .ခြံတခြံထဲမှာ မိသားစုတတွေ တူထုသံတွေနဲ့ ဟေးညံနေတဲ့ဘဝလေးကို အဖေ တောင့်တကောင်း တောင့်တနေမိပေလိမ့်မယ်၊  ကျွန်တော်တို့လည်း အဲသလို နေလိုလှပါတယ်။  ကျွန်တော်တို့ရဲ့ဘဝတွေက တော်ရာမှာ နေရမယ့်ဘဝတွေမဟုတ်လား။ အမေကတော့ ဆုံးသွားတာ ကြာခဲ့ပြီ။ အမေဆုံးခဲ့တုန်းကလည်း အဖေဟာ ပူဆွေးမှုတွေနဲ့ ကြုံခဲ့ရပါသေး တယ်။
အခုတော့လည်း ပန်းပဲဆရာကြီး အဖေ့ကို ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် ထားပေးရမယ့် တာဝန်တွေက  ကျွန်တော်တို့ မောင်နှမတွေပဲ မဟုတ်လား။
 ကျွန်တော်ကလည်း  ကျွန်တော့အရှုပ်ထုတ်နဲ့ ကျွန်တော်၊ တောင်ငူမှာ ထားခဲ့မိတဲ့ သံယောဇဉ် လေးက ကြိမ်စကြာနဲ့ ရိုက်ခေါ်နေသလို မုံရွာနဲ့တောင်ငူ ဥဒဟို ပြေးလို့။  ကျွန်တော် တောင်ငူ တခေါက်ပြန်ရောက်တော့ အဖေရယ်လေ မုံရွာကို ပြန်လိုက်ချင်ပါသတဲ့။  ကဲ. . . ကျွန်တော်ပဲ လက်မှတ်ဝယ်၊  ကျွန်တော်ပဲ မုံရွာကို ပြန်ခေါ်ခဲ့ရပြန်ပေါ့. . ။

(၅)

မုံရွာရောက်တော့ တောင်ငူ၊ တောင်ငူရောက်တော့ မုံရွာ၊ အခေါက်ပေါင်းမနည်းတော့၊ အဖေ စိတ်ချမ်းသာအောင် ထားပေးပါတယ်။ မုံရွာမှာ အနေမြဲစေအောင်လို့ ပျော်ရွှင်အောင်လည်း ထားပါတယ်။''အဖေ လမ်းလျှောက်ပါလား၊ လမ်းလျှောက်မှ ကျန်းမာရေး ကောင်းမှာ'' လို့  ကျွန်တော်ကပြောရင် ''မလျှောက်နိုင်ဘူး လူလေးရဲ့ ကြာကြာလျှောက်ရင် အဖေ့ဒူးခေါင်းတွေ က မခိုင်တော့ဘူးကွ'' လို့ ပြန်ပြောပါတယ်။
အဖေ့သမက်  ကျွန်တော့်ယောက်ဖကလည်း ''အဖေ ဘုန်းကြီးဝတ်မလား'' ဆိုပြီး မကြာမကြာ နောက်တတ်ပါသေးတယ်။
အဖေ တောင်ငူကို ပြန်ချင်တဲ့အကြောင်း မပြောတော့ပါဘူး။ ညီမကလည်း သမီးလေး တယောက် မွေးထားတော့ အဖေ့အတွက် သံယောဇဉ်ကြိုးလေးနဲ့ ချည်နှောင်ထားသလိုပါပဲ။ အဖေ မုံရွာမှာနေရတဲ့ ရက်တွေက အဖေ့မှာ အဖော်ဆိုလို့ ညီမကမွေးတဲ့ မြေးမလေးရယ်၊ ရေဒီယိုတလုံးရယ်၊ ပုတီးတကုံးရယ်ပဲ ရှိတာပါ။
ကျန်းမာရေးကလည်း တစ်ပတ်ကို နှစ်ကြိမ်လောက် ဆေးခန်းသွားပြနေရပါပြီ။ ဘာရောဂါရယ်လို့မည်မည်ရရ မရှိပါဘူး။ ရေချိုးလေးမှားလိုက်တာနဲ့ ဖြစ်နေပါပြီ။ အတိမ်းစောင်းမခံနိုင်တော့ပါဘူး။ ၁၂-၁-၂၀၀၆ ရက်နေ့ ညနေက အဖေ့ကို ဆေးခန်းကို ပို့ပါတယ်။ ဆေးခန်းကပြန်ရောက်လာပြီး  ကျွန်တော်နဲ့အတူ ညစာ စားပါသေးတယ်။ ညအိပ်တဲ့အခါ ဆယ်ပေ၊ ခုနှစ်ပေလောက်ရှိတဲ့ သစ်သားကွပ်ပျစ်ကြီးပေါ်မှာ အဖေနဲ့ ကျွန်တော် ခြင်ထောင်တလုံးစီနဲ့ ဘေးချင်းယှဉ်ပြီး အိပ်ပါတယ်။

ည ၁ နာရီလောက်မှာ ''လူလေးရေ . . . သမီးရေ. . .ထပါဦး အဖေ မောလို့ပါဆိုပြီး ခြင်ထောင် ထဲကနေ ခေါ်ပါတယ်။  ကျွန်တော်တို့ကို သားလို့မခေါ်ပါဘူး။ လူလေးလို့ပဲ ခေါ်ပါတယ်၊ အဖေ့ကို ခြင်ထောင်ထဲကနေ အသာတွဲပြီး အောက်မှာ ဝါးပက်လက် ကုလားထိုင်နဲ့ ထိုင်ခိုင်းပါ တယ်။ မီးမွှေးပေး၊ နှိပ်နယ်ပေးရင်း ''ထိုင်ရတာ အသက်ရှူမဝဘူး ခြင်ထောင်ထဲ ပြန်သွားမယ် ဆိုလို့ ခြင်ထောင်ထဲကို ဖေးမပို့ပေးပြီးတော့  ကျွန်တော်တို့လည်း ပြန်အိပ်ကြပါတယ်။ မနက်ခင်း အိပ်ရာကနိုးတော့ အဖေသက်သာရဲ့လားလို့ ခြင်ထောင်ထဲဝင်ပြီး အဖေလို့ ခေါ် ကြည့်ပါတယ်၊ ရင်ထဲမှာ ထိတ်လန့်သွားပါတယ်။ နောက်ထပ် 'အဖေ' လို့ သုံးခွန်းလောက်ခေါ် ကြည့်ပါသေးတယ်။ သေချာအောင် ပခုံးကိုလှုပ်ပြီး နှိုးကြည့်ပါသေးတယ်။ အဖေ မနိုးတော့ပါဘူး၊ အရှေ့ဘက်မျက်နှာမူပြီး ဘေးတိုက်အနေအထားနဲ့ ဒူးခေါင်းကွေးလျက် ခြုံစောင်က ခြေရင်းမှာပုံလို့။ အပေါ်နဲ့အောက် အံကပ်သွားတစုံက ခေါင်းအုံးဘေးမှာ ထွက်ကျလို့။ ကျွန်တော့်ညီမလေးလည်း အဖေ့ကို လှုပ်လှုပ်ပြီး ငိုပါတော့တယ်။ ကျွန်တော့်ရင်ထဲမှာလည်း မီးသွေးဖိုထဲက အလျံရဲရဲ သံချောင်းတုံးကြီး။ ရင်ထဲမှာ တင်းကျပ်ဆို့နင့်စွာနှင့် အဖေ့ကိုပဲ သနားနေမိပါတော့သည်။

အဖေရဲ့ ကျန်ခဲ့တဲ့သားတွေ မြေးတွေကို အဖေ တွေ့မသွားရတာ စိတ်မကောင်း ဖြစ်မိသည်။ ''လူလေးရေ'' လို့ ခေါ်ပါဦးလား၊ အခုတော့မခေါ်နိုင်တော့ပါဘူး။ နောက်တနေ့ ညနေပိုင်းမှာ အဖေ့ကို ဆားကျင်းသုသာန်မှာထားရစ်ခဲ့ပြီး၊ မကြာခင် အဖေ့ အတွက် တလပြည့်ဆွမ်းသွတ်ပြီး  ကျွန်တော်လည်း မုံရွာကို ကျောခိုင်းခဲ့ပါတော့သည်။

(၆)
၂၀၀၈ ခုနှစ် သင်္ကြန်မတိုင်ခင်ရက်တွေမှာ အစ်ကို့မိသားစုအားလုံး မန္တလေး၊ မုံရွာ၊ အလောင်းတော်ကဿဖဘုရားဖူး သွား ကြတော့  ကျွန်တော်ပါ လိုက်သွားဖြစ်သည်။ မုံရွာရောက်တော့ ပထမဦးဆုံး သတိရမိတာက အဖေ့ကိုပါ။

အဖေနေခဲ့တဲ့နေရာလေး၊  အဖေ့အငွေ့အသက်တွေက လွမ်းဆွတ်နာကျင်စရာပုံရိပ်တွေပါပဲ။ ကျွန်တော့်ညီမရဲ့ အိမ်တနေ ရာက ပလတ်စတစ်ဗီရိုအပေါ်မှာတင်ထားတဲ့ HITACHI စာတန်းပါ ခရီးဆောင်အိတ်တလုံး၊ အဖေ့ရဲ့ ခရီးဆောင်အိတ်ကလေး၊ ဒီအိတ်ကလေးထဲမှာ ပုဆိုးလေး နှစ်ကွင်း သုံးကွင်းနဲ့ အင်္ကျီလေးသုံးထည် လေးထည်နဲ့ ပုတီးတကုံးနဲ့ မျက်နှာသုတ်ပဝါလေး တထည် ထည့်ပြီး တောင်ငူနဲ့ မုံရွာ လွန်းထိုးခဲ့ပုံလေးကို  ကျွန်တော် မြင်ယောင်မိပါတော့သည်။

အိတ်ကလေးကို ဆွတ်ကျင်စွာလှမ်းယူပြီး ဖုန်တွေခါထုတ်လိုက်သည်။ ဇစ်တွေပြုတ်နေပြီး အိတ်အတွင်းမှာ အဖေ့ရဲ့မှတ်ပုံ တင်ကတ်ပြား၊ ပုတီးတကုံးနဲ့ မုတ်ဆိတ်ရိတ် ဂျူတ်ဘူးတဘူး။ ရင်ထဲမှာ ဆို့နစ်သွားသည်။

မုံရွာရောက်ပြီး နောက်တနေ့မှာ အစ်ကို့မိသားစုနဲ့အတူ အဖေ့မြေပုံကို သွားကန်တော့ဖို့ ကားတစီးငှားကြသည်။

မုံရွာ ဆားကျင်း သုသာန်ရောက်တော့ အဖေ့မြေပုံကို ရှာမရတော့။ ဟိုနားမှာလိုလို၊ ဒီနားမှာလိုလို၊ မမှတ်မိတော့ဘူး။ နှစ်နှစ် တောင် ကျော်နေပြီပဲ၊ မြေပုံတွေကလည်း ထပ်လို့တိုးလို့၊ မြေပုံကိုရှာလို့မရခဲ့ပါဘူး။ ပိုလို့တောင်မှ ကြေကွဲမိရပါသေးသည်။ စိတ်မှန်းနဲ့ပဲ သားတွေ သမီးတွေမြေးတွေက လက်အုပ်ချီပြီးကန်တော့ကြရသည်။  ကျွန်တော်တို့ရဲ့ကဗျာဆရာ ခရမ်းပြာမြင်း ရိုင်းကြီးကတော့ သူ့ရဲ့အဖေ စစ်သားဟောင်းကြီး မျက်ကွယ်ပြုသွားရင် မြှုပ်နှံထားမယ့်နေရာမှာ မှတ်တိုင်စိုက်ပြီး ဒီလိုထိုး ထားချင်ပါသတဲ့ ... ။

''ဒီနေရာမှာ ကဗျာဆရာရဲ့အဖေ စစ်သားဟောင်းကြီး လဲလျောင်းနေသည်'' ....

ကျွန်တော်ကရော အဖေ့မြေပုံထိပ်မှာ ''ဒီနေရာမှာ ကဗျာဆရာရဲ့အဖေ ပန်းပဲဆရာကြီး အိပ်စက်အနားယူနေသည်'' လို့ ကမ္ပည်းမှတ်တိုင်လေး စိုက်ထူခဲ့ဖို့ ဘာဖြစ်လို့များ မေ့လျော့နေခဲ့ရတာပါလိမ့်။ အဲဒီတုန်းက သောကနဲ့ ကျပ်ထုပ်ထိုးထားတဲ့ညနေရီမှာမဟုတ်လား။

အချိန်နဲ့အမျှ
ငါ့ကို လွယ်ပိုးထားတဲ့
'ကဗျာ' က
သေလိုက် ရှင်လိုက်
ခု
ဖွဲမီးထဲတငွေ့ငွေ့
တိတ်ဆိတ်ဆူလောင်
ချော်ရည်လိုစီးပြီး
အသံမထွက်ဘူး
တွေးစရာ ခေါင်းတလုံး
ဆွေးစရာ ခန္ဓာတစုံ
အဖေပေးခဲ့တာလေ
အံကပ်သွားတစုံ
အိပ်ယာဘေး ထွက်ကျလို့
အေးစက်အသက်မဲ့
ဇန်နဝါရီ
အဖေ ...
ခု ဘယ်ရင်ခွင်မှာ နှင်းလို
ခုဘယ်ခရီးမှာ
လွမ်းဆွတ်ပြီး
ခု ဘယ်လောကပေါ်
ကွေးညွှတ်ရမှာလဲ
အဲဒီမနက်က
သဇင်ပန်းတွေ
မပွင့်ကြဘူး
မျက်ရည်တွေ ပွင့်ခဲ့ကြ
အဖေ့နှစ်တစ်ရာပန်းတွေ
ငိုလို့
အဖေ
သားတို့သောကကို
မီးစွဲလောင်ခဲ့ပါတယ်
အရိပ်မဲ့ . . .။
• • •

အောင်လွန်းမြိုင်
[၁၂-၁-၂၀၀၆ ရက်တွင် ကွယ်လွန်သွားသော အဖေသို့ ...]
0