လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ အပိုင်း (၅)

လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ   အပိုင်း (၅)
(မိုးမခ) ဇူလိုင် ၃၊ ၂ဝ၁၇

● နိဂုံးချုပ်
တရုတ်ရဲ့ ဒီမဟာဗျူဟာခြေလှမ်းကို တခြားနိုင်ငံများက ကြည့်မြင်ရာမှာ သက်ဆိုင်ရာနိုင်ငံများရဲ့ ပထဝီအနေအထား အ ခြေခံအတွေးအခေါ် အယူအဆများပေါ်မူတည်ပြီး ကွဲပြားခြားနားမှုတွေရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးပုံစံ ဟောင်းများနဲ့ အလုပ်ဖြစ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများက မိမိတို့အကျိုးစီးပွားထိခိုက်မယ်ထင်ပြီး လက်မခံနိုင်ဖြစ်နေပါ တယ်။ ဒါ့အပြင် ဝါဒဖြန့်ချိရေးစက်ယန္တရားတွေကိုလည်း တကမ္ဘာလုံးနဲ့ချီပြီး သူတို့ကကိုင်ထားနိုင်တာဖြစ်လေတော့ သူတို့ ပြောသမျှ၊ လွှင့်သမျှတွေက အပေါ်စီးရနေပါတော့တယ်။

နိုင်ငံရေးသြဇာနဲ့ ဓနအင်အားနည်းပါးတဲ့ နိုင်ငံငယ်၊ လတ်များကလည်း သံသယတွေရှိနေပါတယ်။ အထူးသဖြင့် ယုံကြည်မှု တန်ဖိုးထားမှုများ (values) မတူတဲ့နိုင်ငံများက ပိုသံသယကြီးပါတယ်။


တရုတ် ပါကစ္စတန်စင်္ကြန်လမ်း

တရုတ်ရဲ့ဒီ ၂၁ရာစုပိုးလမ်းမစီမံကိန်းဟာ အယူအဆတရပ် (concept) ဖြစ်ပြီး အစိတ်အပိုင်း (၂) ရပ်ပါဝင်ပါတယ်။

(က) အမာထည်များ (Hardware)
အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများ (ကုန်းလမ်း၊ ရေလမ်း၊ ရထားလမ်း၊ လေကြောင်းလမ်း၊စွမ်းအင်ဆိုင်ရာပိုက်လိုင်းများ ... စသဖြင့်)။

(ခ) အပျော့ထည်များ (Software)
ဆက်သွယ်ရေးလမ်းကြောင်းအမျိုးမျိုး၊ (Telecommunications)၊ ကုန်သွယ်ရေးဆိုင်ရာထိန်းညှိမှုအမျိုးမျိုး (ဥပမာ ပေါ်လစီ ထိန်းညှိများ၊ အခွန်ကောက်ခံမှုစနစ်များ၊ ယဉ်ကျေးမှုဖလှယ်ရေးများ၊ ဘာသာရပ်သင်ကြားမှုများ ... စသဖြင့်) ပါဝင်ပါတယ်။

နိုင်ငံငယ်များအနေနဲ့ မိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာ ထိခိုက်မယ့်ကိစ္စတွေ၊ သယံဇာတတွေ ကုန်ခန်းသွားမယ့်ကိစ္စ တွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မယ့်ကိစ္စတွေ (တရုတ်က နိုင်ငံတိုင်း မိမိနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုပုံစံကို လွတ်လွတ်လပ်လပ်ရွေး ချယ်ခွင့်ရှိပါတယ်လို့ဆိုထားပေမယ့်) စသဖြင့် ပူပန်စရာတွေအများကြီးပါ။ ဒါတွေကို အပြန်အလှန် အကြိမ်ကြိမ်အခါခါ ဆွေး နွေးညှိနှိုင်းတိုင်ပင်ပြီး လုပ်ဟန်တခု ယန္တရားတခု (Sustained institutional mechanism) ပေါ်လာအောင် တရုတ်က ကြိုးစားပေးနေပါတယ်။ ဒေသအလိုက် သုတေသနအဖွဲ့တွေ Think tank တွေ စီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံအသီးသီးက နေဖိတ်ခေါ်ပြီး ဖိုရမ်တွေ ဆွေးနွေးပွဲတွေ အဆက်မပြတ်လုပ်ပေးနေပါတယ်။ ယဉ်ကျေးမှုဆိုင်ရာဖလှယ်ပွဲတွေလည်း တခြိမ့် ခြိမ့်ပါ။ တရုတ်ဘာသာစာသင်ကျောင်းတွေ (ကွန်ဖြူးရှပ်ကျောင်း) လည်း ကမ္ဘာအနှံ့ လိုက်ဖွင့်ထားပြီး၊ တရုတ်ပြည်မှာလည်းနိုင်ငံခြားဘာသာအမျိုးမျိုးကိုလည်း သင်ကြားပေးနေပါတယ်။ ပညာတော်သင်များလည်း အများအပြားလက်ခံထားပြီး ဘက် စုံ (ပညာရေး၊ အားကစား၊ အုပ်ချုပ်ရေး လယ်ယာစိုက်ပျိုးရေး စစ်ပညာ စသဖြင့်) တည်ဆောက်ပေးပါတယ်။ လူသားစွမ်း အင်မြှင့်တင်ပေးတဲ့လုပ်ငန်းများ (ဥပမာ အေစီယမ်နိုင်ငံများက ကျောင်းသားများကို ပညာတော်သင်ဆု (၅ နှစ်အတွင်း ဆု တသောင်းချီးမြှင့်) ကိုလည်း လုပ်ဆောင်နေပါတယ်။

ဒီနည်းလမ်းတွေကို တရုတ်က ပါဝါအပျော့ပုံစံနဲ့ လုပ်ဆောင်နေတာပါ။ ဒီလိုနည်းနဲ့ ပိုးလမ်းမတလျှောက်က နိုင်ငံများ (၆ဝ ကျော်) ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပုံစံတွေကို ပိုးလမ်းမစီမံကိန်းနဲ့ အပြန်အလှန်ထိန်းညှိလုပ်ဆောင်နေတာပါ။    ပိုးလမ်းမစီမံကိန်း ဟာ ရာစုနှစ်နဲ့ချီပြီးတည်ဆောက်မယ့် မဟာစီမံကိန်းကြီးဖြစ်တာကြောင့် တဖြည်းဖြည်းတဆင့်ပြီးမှ နောက်တဆင့်တက် တ စ တစပြောင်းလဲဖြစ်ပေါ် ကြီးပွားလာတဲ့ဖြစ်စဉ် (Evolution) တရပ်သာဖြစ်ပြီး ရေရှည်ဝိုင်းဝန်းလုပ်ဆောင်မှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

တရုတ်ကတော့ မေလကကျင်းပခဲ့တဲ့ ဖိုရမ်အပိတ်နေ့မှာ နောက် (၂) နှစ်အကြာ (၂ဝ၁၉) မှာ ဒီလိုမျိုးဖိုရမ်တခု တရုတ်မှာ ထပ်လုပ်ပြီး ၂ နှစ်ခရီးအတွင်း လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်မယ်လို့ ပြောသွားပါတယ်။ သူတို့စီမံကိန်းဘယ် လောက်ခရီးရောက်တယ်၊ ဘာတွေပြင်ရဦးမယ်၊ စတာတွေ ဝိုင်းဝန်းဆွေးနွေးဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

 
ပါကစ္စတန်က ဂွာတာဆိပ်ကမ်း

ဒီပိုးလမ်းမကြီးဖိုရမ်ကို အိန္ဒိယက အဆင့်နိမ့်အရာရှိတွေပဲလွှတ်ပြီး သူတို့ရဲ့မကျေနပ်မှုက ဖော်ပြခဲ့ပါတယ်။ တရုတ်ရဲ့ ပါကစ္စ တန်ပေါ်ထားတဲ့သဘောထားအပေါ် မကျေလည်လို့ပါ။ ဒါကို တရုတ်က ရေးကြီးခွင်ကျယ်မလုပ်ဘဲ၊ မသိမသာပဲထားခဲ့ပါ တယ်။ တချို့ကိစ္စတွေမှာ ကာယကံရှင်တွေ သဘောပေါက်မှဖြစ်တာကြောင့် သူတို့ဘက်က စိတ်ရှည်လက်ရှည်စောင့်တာ ပါ။ နိုင်ငံအားလုံးကို ဝင်ရောက်ပါဝင်ခြင်းမရှိသေးလည်း လာရောက်လေ့လာပါလို့ဖိတ်လို့ အမေရိကန် ဂျပန်စတဲ့နိုင်ငံများက တောင် ကိုယ်စားလှယ်အဖွဲ့တွေလွှတ်ထားတာပါ။ အမေရိကန်ကဆိုရင် ပြည်နယ်အလိုက် ကိုယ်စားလှယ်အဖွဲ့တွေတောင်လာကြပါတယ်။ ၂၂၊ ၆၊ ၂ဝ၁၇ နေ့က တရုတ်အဆင့်မြင့်သံတမန် ရန်ကျဲ့ချင် (နိုင်ငံခြားရေးဝန်ကြီးဟောင်း) နဲ့တွေ့ဆုံစဉ် သမ္မတထရာမ့်က တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းထဲက အမေရိကန်ပါဝင်လုပ်ဆောင်နိုင်မယ့်လုပ်ငန်းများကို လေ့လာနေပါ တယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန်အနေနဲ့က သူတို့နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေ အဆင့်မြှင့်ဖို့လိုနေတာပါ။

တရုတ်တို့အနေနဲ့ စီးပွားရေးဂလိုဘယ်လာဇေးရှင်းကြီးကို (တကမ္ဘာလုံးအတွက်) ဘက်စုံပြည့်စုံ ရင့်ကျက်လာအောင် တ ဘက်ကကြိုးစားလုပ်ဆောင်ရင်း ဂလိုဘယ်လာဇေးရှင်းကို စီးပွားရေးဘက်တွင်သာမက နိုင်ငံရေးအရရော၊ အုပ်ချုပ်ရေး ဘက်များမှာပါ အသုံးကျလာရေး (global governance) အတွက် ကုလသမဂွနဲ့ပူးပေါင်းပြီး ထိုးထွင်းတီထွင်လုပ်ဆောင်နေတာတွေတွေ့ရပါတယ်။ အထူးသဖြင့် ကုလသမဂွကဦးဆောင်လုပ်ဆောင်နေတဲ့ တကမ္ဘာလုံးအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၁၇) ချက် (Sustainable Devolpment Goals (17) S.D.G (17)) ကို အားတက်သရော ထောက် ခံလုပ်ဆောင်နေပုံတွေကိုကြည့်ပါ။ ဒါကြောင့်ဘဲ ကုလသမဂွကလည်း တရုတ်ရဲ့ပိုးလမ်းမကို ထောက်ခံအားပေးနေ တာပါ။

ဒါ့အပြင် တရုတ်က တခြားစင်ပြိုင်အဖွဲ့အစည်းများ (BRICS) ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက ငါးနိုင်ငံ ပေါင်း ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း၊ (ဒီအဖွဲ့အစည်းရဲ့ထိပ်သီးဆွေးနွေးပွဲကိုလည်း လာမယ့်စက်တင်ဘာမှာ တရုတ်ပြည်မှာ လုပ်မှာပါ။) ပြီးနောက် (SCO) ရှံဟဲ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ရဲ့လုပ်ငန်းများကိုလည်း တက်တက်ကြွကြွလုပ်ဆောင် နေပါသေးတယ်။ (ဒီနေရာမှာ SCO အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ ဒီအဖွဲ့ကို ရှံဟဲ (တရုတ်ပြည်) မှာ၂ဝဝ၁ ခု နှစ်က စဖွဲ့ခဲ့တာပါ။ တရုတ်နဲ့ရုရှားကဦးဆောင်ပြီး အရင် ဆိုဗီယက်ယူနီယံကခွဲထွက်နိုင်ငံ ၄ နိုင်ငံ (ကာဇတ်စတန်၊ ကာ ဂျစ်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥစ္စဘက်ကစ္စတန်) တို့ ပါဝင်ပါတယ်။ အဓိကကတော့ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေပူးတွဲ လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးနဲ့ အစွန်းရောက်သမားများကို တိုက်ဖျက်ဖို့လို့ ကြွေးကြော်ထားပေ မယ့် တခြားကုန်သွယ်ရေးကိစ္စ၊ နယ်နိမိတ်ပြသာနာများ စတာတွေလည်း ဆွေးနွေးဖြေရှင်းနေတာတွေတွေ့ရပါတယ်။ ထိပ် သီးဆွေးနွေးပွဲများကိုလည်း တနှစ်တကြိမ်အဖွဲ့ဝင်နိုင်ငံတွေကို လှည့်ပြီးကျင်းပလေ့ရှိပါတယ်။ ဒီနှစ် ရုရှားမှာပြုလုပ်တဲ့ အစည်းအဝေးမှာ အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံကို အဖွဲ့ဝင်များအဖြစ် လက်ခံလိုက်ပါတယ်။ အီရန်ကလည်း အဖွဲ့ဝင်အဖြစ် လျှောက်ထားတယ်လို့ ကြားရပါတယ်။ အာဖဂန်နစ္စတန်၊ တူရကီ၊ မွန်ဂိုလီးယား စတဲ့နိုင်ငံများကလည်း လေ့လာသူများ အ ဖြစ်တက်ရောက်တာတွေ့ရပါတယ်။ ဒီလို အိန္ဒိယနဲ့ပါကစ္စတန် ၂ နိုင်ငံလုံး ပါဝင်လာမှုဟာ အလွန်အပြုသဘောဆောင်ပြီး ဒေသဆိုင်ရာတည်ငြိမ်ရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အိန္ဒိယရဲ့ပိုးလမ်းမစီမံကိန်းအပေါ် မတက်မကြွ  ဖြစ်နေမှုအပေါ် တရုတ်က ရေးကြီးခွင်ကျယ် မလုပ်ဟန်တူပါတယ်။ တရုတ် ပါကစ္စတန်စင်္ကြန်လမ်းဟာ နယ်မြေအငြင်းပွား မှုဖြစ်နေတဲ့ ကက်ရှမီးယားကိုဖြတ်တဲ့အပေါ် အိန္ဒိယက မကျေမလည်ဖြစ်နေတာပါ။ ဒါကို အချိန်ပေးသင့်တယ်လို့ တရုတ်က တွက်ပုံရပါတယ်။

ဒါ့အပြင် South South Cooperation ဆိုတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ အဖွဲ့အစည်း တရပ်လည်း ရှိပါသေးတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများက ပိတ်ဆို့ထားတဲ့ အဆင့်မြင့်နည်းပညာတွေရရှိဖို့ သုတေသနလုပ်ငန်းတွေလည်းအားသွန်ခွန်စိုက်လုပ်နေတာပါ။ ဒီလိုနည်းနဲ့အဆင့်မြင့်နည်းပညာတွေကို တရုတ်ကရရှိအောင်ကြိုးစားနေရုံမျှမက တ ခြားဖွံ့ဖြိုးဆဲနိုင်ငံများကိုလည်း မျှဝေပေးနေပါတယ်။ (ဥပမာ အမြန်ရထားထုတ်လုပ်မှု) ဒီလိုနည်းနဲ့ ၂၁ ရာစုကမ္ဘာကြီးအတွက် သင့်တော်မယ့်လမ်းကြောင်းတွေကို အရင်းရှင်စနစ်အတွင်းကရော၊ ဆိုရှယ်လစ်စနစ်အတွင်းကရော လက်တွေ့လုပ်ဆောင် ကြည့်ရင်း ရှာဖွေဖော်ထုတ်နေပါတယ်။

 
တရုတ်ပြည်ကထုတ်လုပ်တဲ့ ကျည်ဆံရထားများ

ဘယ်လောက်အောင်မြင်မယ်ဆိုတာကတော့ ရေရှည် ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။   ဗမာပြည်အပါအဝင် အ ဆင့်နိမ့်နိုင်ငံငယ်များအဖို့တော့ အဲသလိုနိုင်ငံကြီးများရဲ့ သေနင်္ဂဗျူဟာခြေလှမ်းများကြားက မိမိတိုင်းပြည်အတွက် အကျိုးရှိ ရာရှိကြောင်း လမ်းများကိုရှာဖွေသင့်ပါတယ်။ အဓိကအရေးကြီးတာက ပြည်သူလူထုကြီးရဲ့ အကျိုးစီးပွားကို အမှန်တကယ် ကိုယ်စားပြုတဲ့ အစိုးရတရပ် (တနည်း) ကိုယ့်လိုချင်တဲ့အစိုးရကို ရွေးချယ်နိုင်တဲ့ နိုင်ငံရေးစနစ်တရပ်ရှိရေးပါပဲ။

ပြည်သူလူထုကိုအမှန်တကယ် ကိုယ်စားပြုတဲ့ အစိုးရတရပ်က ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ပြည်သူလူထုအကျိုးစီးပွားဘက်က ပြတ်ပြတ်သားသားရပ်ခံတဲ့ ရပ်တည်ချက်နဲ့ ကိုယ့်တိုင်းပြည်အတွက် အကျိုးပြုနိုင်မယ့် အခွင့်အလမ်းကိုသာ ဆုပ်ကိုင်တတ် မယ်ဆိုရင် ဘယ်နိုင်ငံနဲ့ ဆက်ဆံပတ်သက်ရသည်ဖြစ်စေ ကြောက်စရာမလိုပါ။

ကြောက်ရမှာက ရသမျှကိုယ့်အိတ်ထဲထည့်ဖို့သာ စဉ်းစားတဲ့အစိုးရမျိုးကိုပါ။ (ဗမာပြည်သူတွေအနေနဲ့ ရှင်ကြီးဝမ်းလည်း ဝင်ဘူးပြီးပြီ။ ရှင်ငယ်ဝမ်းလည်း ဝင်ကြည့်နေကြပါပြီ။)

ကမ္ဘာကြီးရဲ့သတင်းအချက်အလက်နည်းပညာတွေထွန်းကားလာမှုအောက်မှာ ဘယ်နိုင်ငံမဆို ဘယ်လူမဆို အပြောနဲ့လက် တွေ့ညီ မညီ အလွယ်တကူသိမြင်နိုင်နေပါပြီ။ ဘာမှကြောက်စရာမရှိတော့ပါ။ သတိရှိဖို့သာ လိုပါတယ်။

၂၆ ၆ ၂ဝ၁၇။

Comments