ထွန်းဝင်းငြိမ်း ● သူကြီးဘုရား


ထွန်းဝင်းငြိမ်း ● သူကြီးဘုရား
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၇

တထွာပြရုံနဲ့
တလံမက တွေ့လိုက်ရပါပြီ။

အောင်မြင်တဲ့ အရွေ့လို့ ပြောနေကြပါသလား။

အင်အားကြီးသူတို့ အလိုတော်အရ
ခွဲမထွက်ရ။
လက်မှတ်မထိုး မနေရ။
အိမ်ကြက်ချင်း အိုးမဲသုတ်ရ။
ယန်ဟီးလီကို ဆန့်ကျင်ရ။
သန်းခေါင်ထက်ညဥ့်နက်မယ့် အလုပ်တွေ လုပ်ရ။
မဲပြာပုဆိုးပေါ်မှာ ချုပ်ရိုးအသစ်တွေ ပေါ်လာကြ။

အနာဂတ်ကို တောတိုးဖို့
ခါးကျိုးမတတ် ထမ်းခဲ့ကြပါတယ်
အရေပြားတွေသာ ကျွပုခုံး ထ လာရ
ဘာအကြွေးမှ မတောင်းခဲ့ကြပါဘူးလေ။

ငြိမ်းချမ်းရေး တရားသံ
တရွှမ်းရွှမ်းနဲ့
ငါတို့ ကံကြမ္မာအား
သူတို့ ဖန်တီးကြချေပြီ။

ညီလာခံကမ်းနဖူးမှာ တရားထူးရသူတို့
ဝတ်ကောင်းစားလှ ဘယက်ဒွါဒယာ
စာချုပ်တို့မာယာနဲ့
အတိတ်မေ့ခြင်း နိုင်ငံတော်အား
နီယိုဖက်ဆစ်တို့၏ ဦးဆောင်မှုနဲ့အညီ
တတိယအုပ်စု အဖေါ်ပြုကာ
ယောယုဝသို့ ချီတက်လေပြီ။

အိပ်မက်တွေ မိုးခေါင်ပေမယ့်
ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကြီးများ
ပို့သသော မေတ္တာများဖြင့်
တနေ့တခြား ကြီးထွားလာသော
စစ်ပွဲတို့သည်ကား
ပို၍ ပို၍သာ
ခန့်ငြားထယ်ဝါ လှပေစွ။ ။

ထွန်းဝင်းငြိမ်း

Comments