ကိုသန်းလွင် ● ဆရာကြီးမင်းသုဝဏ်အထိမ်းအမှတ်ရုပ်တုနှင့် စာကြည့်တိုက်

ကိုသန်းလွင် ● ဆရာကြီးမင်းသုဝဏ်အထိမ်းအမှတ်ရုပ်တုနှင့် စာကြည့်တိုက်
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇

(၁)
၁၉၃၃ခု မတ်လတွင် ရန်ကုန်တက္ကသိုလ်များ ဓမ္မာရုံအဆောက်အဦးကို ရန်ကုန်တက္ကသိုလ်ဗုဒ္ဓဘာသာအသင်း အမှုဆောင်လူကြီးများကအုတ်မြစ်ချခဲ့ကြပါသည်။ အကျိုးဆောင်လူကြီးတစ်ဦးအဖြစ် ဆရာကြီးမင်းသုဝဏ်သည်လည်း အုတ်မြစ်ချရာ တွင် ပါဝင်ခဲ့ပါသည်။ ယခု ၂ဝ၁၇ခု မေလ (၃) ရက်နေ့က ဆရာကြီးမင်းသုဝဏ်၏ အထိမ်းအမှတ်ရုပ်တုနှင့် စာကြည့်တိုက် ကိုဆရာကြီး၏ဇာတိ ကွမ်းခြံကုန်းမြို့တွင် တည်ဆောက်ရန် အလုပ်အမှုဆောင်ကော်မတီကို ရန်ကုန်တက္ကသိုလ် ဓမ္မာရုံကြီး၌ ပင် စည်းဝေးဖွဲ့စည်းခဲ့ကြပါသည်။

တည်ဆောက်ကြမည့် စာကြည့်တိုက်နှင့် ရုပ်တုအတွက် ကွမ်းခြံကုန်းမြို့တွင် မြေနေရာကိုလည်းသတ်မှတ်ပြီးကြပြီဟု ကြားသိလိုက်ရပါသည်။ ယခင်ကလည်း ဆရာကြီး၏ရုပ်တုတည်ဆောက်ရန် ကော်မတီတရပ် ဖွဲ့စည်းခဲ့ ကြဖူးသည်။ သို့ သော် အကောင်အထည်မပေါ်ခဲ့ပေ။

(၂)
ဆရာကြီးမင်းသုဝဏ်ကို ၁၉ဝ၉ ခုနှစ်က ကွမ်းခြံကုန်းမြို့တွင် မွေးဖွားခဲ့ပြီး ဆရာကြီးအရွယ်ရောက် သိတတ်ချိန်မှစ၍ သူ့ ဘဝကို မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအလုပ်များ၌သာ နစ်မြှုပ်ထားခဲ့ပါသည်။ မစ္စတာဖါနီဗယ် ဦးစီးထုတ်ဝေသော ဂန္ထ လောကမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သော ဆရာကြီးသည် ခေတ်စမ်းစာပေဟူ၍ ဆန်းသစ်သော မြန်မာ စာပေ ပေါ်ပေါက်ရေးလှုပ်ရှားမှုတွင်လည်း စဦးကတည်းက ပါဝင်ခဲ့ပါသည်။

ဆရာကြီးဇာတိမြို့မှ မြို့သူမြို့သား လူငယ်များက ခေါင်းဆောင်၍ စာကြည့်တိုက်ဖြစ်မြောက်ရန် ကျိုးစားမှုကို မြင်ရသောအခါ အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂလက်စတုန်း (William Gladstone) ၏ စာကြည့်တိုက်အကြောင်းကို သွားပြီးကျွန်တော်သတိရမိလိုက်ပါသည်။

အမေရိကန်သမ္မတကြီးများ တာဝန်မှ အနားယူပြီးအချိန်တွင် အထိမ်းအမှတ်စာကြည့်တိုက်များ တည်ဆောက်ကြသည်မှာ မဆန်းတော့ပါ၊ အင်္ဂလန်နိုင်ငံတွင်မူ ၁၈၈၉ ခုနှစ် အလုပ်တာဝန်မှအနားယူပြီးချိန်၌ တည်ဆောက်ခဲ့သောဝန်ကြီးချုပ်ဟောင်း၏စာကြည့်တိုက်မှာ ဤတခုသာရှိသည်။ အသက် ၈၂ နှစ်အရွယ် မစ္စတာဂလက်စတုန်းမှာ အသိပညာဗဟုသုတ ပြန့်ပွား ရေးအတွက် အင်္ဂလန်နှင့်ဝေးလ်နယ် နယ်ခြားမျဉ်းအနီးရှိ သူ၏ဇာတိမြို့တွင် စာကြည့်တိုက်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါ သည်။ သူစတင်တည်ဆောက်ချိန်တွင် သံဖရိန်များဖြင့် အခန်းကြီး နှစ်ခု၊ စာဖတ်ခန်းခြောက်ခုသာ ပါဝင်သည်။ သူ၏ စာ အုပ်ပေါင်း ၃၂ဝဝဝ ကျော်ကို မိုင်တစိတ်ခန့်ဝေးသော သူ့နေအိမ်မှ ရွှေ့ပြောင်းခဲ့ရာတွင် သူ၏သမီးတယောက်နှင့်အကူတယောက်အကူအညီနှင့်သူကိုယ်တိုင် လက်တွန်းလှည်းကို တွန်းခဲ့သည်ဟု ဆိုကြပါသည်။ စာအုပ်စင်များပေါ်တွင် စာအုပ်များကို သူကိုယ်တိုင် စီခဲ့ ထပ်ခဲ့သည်။

သူပိုင်ငွေ ပေါင် ၄ဝ,ဝဝဝ ကို မတည်ပြီး ဆောက်ခဲ့သော စာကြည့်တိုက်အဆောက်အဦးအတွက် မျှော်လင့်ချက်ကြီးစွာ ထားခဲ့ပါသည်။ ဝါသနာသက်သက် အချိန်ဖြုန်းရန်သက်သက်မဟုတ်ပါ။ သူကွယ်လွန်သောအခါ သူ့မိသားစုက အဆောက် အဦးကို အခိုင်အမာတည်ဆောက်ရန် ပြင်ပမှအထောက်အကူ ရန်ပုံငွေရှာဖွေခဲ့ကြပါသည်။ ပေါင် ၉ဝဝဝ ကျော်မျှရရှိခဲ့သည်။ အဆောက်အဦးအသစ်ကို ၂ဝ ရာစုအစ ၁၉ဝ၂ အောက်တိုဘာလတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ စာကြည့်တိုက်ကို လူအများ တည်းခိုနိုင်သော အိပ်ခန်းဆောင်များကိုပါတည်ဆောက်ရန် မစ္စတာဂလက်စတုန်းက ဆန္ဒရှိခဲ့သည့်အတိုင်း သူ့မိသားစုက အခန်း ၂၆ ခန်းပါ တိုးချဲ့အိပ်ခန်းဆောင်တောင်ပံ နှစ်ခုကို ထပ်မံတည်ဆောက်ခဲ့ကြသည်။  ညဥ့်အိပ်ဧည့်သည်များကို ၁၉ဝ၆ ခု ဇွန်လဆန်းမှစတင်၍လက်ခံနိုင်ခဲ့ကြသည်။

စာကြည့်တိုက်ရှိ စားသောက်ဆိုင်၏အမည်မှာ “Food For Thought” ဟုခေါ်သည်။ မိမိဘာသာ တဦးတည်း စဉ်းစားတွေး ခေါ်ရန်ဖြစ်စေ၊ အများသူငါနှင့်ဆွေးနွေးညှိနှိုင်းရန်ဖြစ်စေ နေရာနှင့်လိုအပ်သော ကရိယာတန်ဆာပလာများကို စုံစေ့အောင် ဖန်တီးပေးထားသည်။ ဟောပြောပွဲများ၊ အထိမ်းအမှတ်ပွဲများ၊ အဆက်မပြတ်ကျင်းပနေကြပြီး စာရေးဆရာကြီးများ၊ တွေး ခေါ်ပညာရှင်ကြီးများ၊ အနုပညာရှင်များစုဝေးရာ အယူဝါဒချင်း ညှိနှိုင်းဆွေးနွေးကြရာနေရာဖြစ်သည်။ အေးချမ်းငြိမ်သက်မှု ကြောင့် စာအုပ်ရေးရန် ရက်ရှည် လာရောက်တည်းခိုနေသူတွေလည်း ရှိသည်။ ပရောဂျက်လုပ်ရန် မအေနှင့်သမီး အတူလာရောက်တည်းခိုနေသူတွေရှိသည်။

စာကြည့်တိုက်သည် မည်သည့်အဖွဲ့အစည်း၏ အထောက်အပံ့ကိုမျှမယူရန်ဘဲ သီးသန့်ရပ်တည်နိုင်သည်။ စာကြည့်တိုက် ရန်ပုံငွေမှ ကျောင်းသားများအတွက် စကောလားရှစ်နှင့် စတိုင်ပင် ထောက်ပံ့ကြေးများလည်းပေးသည်။

စာကြည့်တိုက်၏ ဝန်ဆောင်ပေးမှုလုပ်ငန်းများမှ မည်သူတဦးတယောက်ကိုမျှ စီးပွားဖြစ်ထွန်းစေရန် မရည်ရွယ် သည့်အ တွက် တည်းခိုခ၊ စားသောက်ခ ဈေးနှုန်းများမှာ ချိုသာလှပါသည်။

အင်္ဂလိပ်တွေးခေါ်ပညာရှင် ဂျွန်လော့ခ် (John Locke) မှာ “လွတ်လပ်ခြင်း ညီမျှခြင်း” သဘောဆောင်သည့် လစ်ဘရယ်ဝါဒ (Liberalism) ကို ထူထောင်သူဟု အဆိုရှိသည်။ ဝန်ကြီးချုပ် ဂလက်စတုန်းက သူ၏နိုင်ငံရေး သက်တမ်းတလျှောက်လုံး လစ်ဘရယ်ဝါဒီတဦးအဖြစ် ရပ်တည်ခဲ့မှုကြောင့် ဘုရင်မကြီး ဗစ်တိုးရီးယားကပင် သူ့ကို “သူလို ငါလို” သာ ဆက်ဆံသည်ဟု ငြီးတွားခဲ့ဖူးသည်။

၂ဝ၁၆ခုနှစ်တွင် ဗြိတိန်က ဥရောပကောင်စီမှထွက်ခွါရန် မဲထည့်ခဲ့ကြခြင်း၊ အမေရိကန်ပြည်တွင် မစ္စတာထရန့် သမ္မတအဖြစ် ရွေးကောက်ခံရခြင်းတို့ကြောင့် ကမ္ဘာ့ပြည်သူများအကြားတွင် လစ်ဘရယ်ဝါဒ မှေးမှိန်သွားရပြီဟု စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြ ပါသည်။

ထိုအဖြစ်အပျက်များကြောင့် လစ်ဘရယ်ဝါဒကို လေ့လာဖတ်ရှုမူများ ပြန်လည်ခေတ်စားလာပါသည်။ ၂ဝ၁၇ နှစ်စတွင် စာ ကြည့်တိုက်သို့ ရောက်လာကြသူပေါင်းမှာ ၅ဝ ရာခိုင်နှုန်းမျှ ပိုများလာသည်။ ညအိပ်ညဥ့်နေ တည်းခိုသူအရေအတွက်မှာ ၂၉ ရာခိုင်နှုန်း ပိုတိုးလာခဲ့သည်။ စာကြည့်တိုက်၏အဓိက စာအုပ်များမှာ မစ္စတာဂလက်စတုန်း နှစ်သက်ခဲ့သော သမိုင်း၊ ဖီလိုဆိုဖီ၊ အယူဝါဒကိုးကွယ်ယုံကြည်မှု နှင့် နိုင်ငံရေးစာအုပ် များဖြစ်သည်။

စာကြည့်တိုက်တွင် စာပေပွဲတော်နှင့် အခမ်းအနားများကျင်းပရန် ဟောပြောပွဲခမ်းမအသစ် တည်ဆောက်ကြရန် ရှိသည်။ ဗီဒီယိုစက်များထားရှိရန်နှင့် အိုင်တီပစ္စည်းကရိယာများဖြင့် ခေတ်မှီစာကြည့်တိုက်ကြီးတခုဖြစ်လာစေရန် ရန်ရည်ရွယ်ထား ကြသည်။

(၃)
ကျွန်တော်က ဆရာကြီးမင်းသုဝဏ်၏စာကြည့်တိုက်တွင် တည်းခိုစရာအိပ်ခန်းများထားရှိသင့်ပါသည်ဟု အကြံပြုနေခြင်း မဟုတ်ပါ။ သက်တမ်း နှစ် ၁၂ဝ ကျော်လာပြီဖြစ်သော အင်္ဂလန်နိုင်ငံမှ စာကြည့်တိုက်ကြီး၏အဆင့်သို့ရောက်ရန် ကျွန်တော်တို့များစွာကျိုးစားကြရပါဦးမည်။ သူတို့သည်လည်း နေ့ချင်း ညချင်း ဆောင်ရွက်နိုင်ကြသည်မဟုတ်၊ သားစဉ်မြေးဆက် တာဝန်ယူကြရပါသည်။ ယခုအခါ စာအုပ်ပေါင်း နှစ်သိန်းခွဲကျော်ရှိနေပြီး ရန်ပုံငွေမှာ ဒေါ်လာဆယ်သန်း ကျော်သွားပြီဖြစ် သည်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်အဖြစ် လေးကြိမ်တိုင်တိုင်တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာဂလက်စတုန်းမှာ ဗြိတိသျှ အင်ပိုင်ယာကြီးမှလူသန်းပေါင်းများစွာတို့၏ ဘဝပေါင်းများစွာတို့ကို ကောင်းရာမွန်ရာဖြစ်စေရန် ပြောင်းလဲပေး နိုင်ခဲ့သူဖြစ်သည်။ ဆရာကြီး ဦးဝန်မှာ အာဏာနှင့် ပါဝါမရှိ၊ ဂါရဝတရားနှင့် နိဝါတတရား သာရှိသည်။ ဆရာကြီး တက္ကသိုလ်အဘိဓာန်စာအုပ်ပြုစုနေ သည်မှာ “ဆ” အက္ခရာသို့ရောက်နေပြီ၊ စာမျက်နှာ ၁၂ဝဝ ကျော်နေပြီ၊ အထက်အာဏာပိုင် အရာရှိများက မကြိုက် မနှစ် သက်၍ စာအုပ်ထုတ်ဝေခွင့်မပြုဆိုသောအခါ အမုန်းနှင့် အာဃာတ တရားမရှိ၊ ဒေါသမပါဘဲခံနိုင်ရည်ရှိခဲ့သူဖြစ်ခဲ့သည်။

 “သပြေသီးကောက်သွားကြမယ်”၊ “လယ်စောင့်တဲ” “ဥပုသ်သယ်” စသည်ဖြင့် လှပသော ကလေးကဗျာလေးများကို ဖန်တီးခဲ့ရာဆရာကြီး၏ဇာတိမြို့နှင့်စာကြည့်တိုက်မှာ အလွန်လိုက်ဖက်ပါလိမ့်မည်။ ဆရာကြီး၏ကဗျာများသည် “နုနုယဉ်ယဉ်၊ သိမ်သိမ်မွေ့မွေ့၊ ပြေပြေပြစ်ပြစ်” ရှိလှသည်ဟု ချီးကျူးကြသည်။ ထိုကဗျာများကိုရေး စပ်နေချိန်တွင် ဆရာကြီး၏ရင်ထဲ၌ မြန်မာလူငယ်ကလေးများကို စာရိတ္တဖြူစင်သန့်ရှင်းစေလိုခြင်း၊ ဘာသာ တရားကို ရိုသေကိုင်းရှိုင်းစေလိုခြင်း စိတ်စေတနာများ ကိန်းအောင်းနေပါလိမ့်မည်။ ကျွန်တော်တို့အပါအဝင် မြန်မာတပြည်လုံးမှ ကျောင်းသားလူငယ် သန်းပေါင်းများစွာတို့က ထိုကဗျာလေးများကို တဖွဖွရွတ်ဆိုခဲ့ကြပါသည်။

သူ့စာကြည့်တိုက်တွင် ပန်းပြပွဲတခုလုပ်ရန်အတွက် ဂလက်စတုန်းကို ဖိတ်ခေါ်ခဲ့ရာ ပန်းပင်နှင့်ပန်းတွေအကြောင်းကို ရက် သတ္တပေါင်းများစွာ ဖတ်ရှုလေ့လာပြီးမှ ပန်းတွေအကြောင်း အကောင်းဆုံးစကားပြောခဲ့သည်ဟု ကြားသိရဖူးသည်။ ဆရာ ကြီး မင်းသုဝဏ်အဖို့မှာလည်း ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန်လုပ်ခဲ့သည်ဟုမရှိ၊ ဆရာကြီး၏လက်ရာများမှာ ခေတ်ပြောင်း ၍ ရိုးသွားသည်ဟု မရှိခဲ့ပါ။

မြန်မာတို့၏ယဉ်ကျေးမှုအတွက် ဆရာကြီးပေးခဲ့သောအမွေများကို ဆရာကြီး၏ စာကြည့်တိုက်က ထိန်းသိမ်းပေးပါလိမ့်မည်၊ လုပ်ငန်းကော်မတီဥက္ကဌက ဆရာကြီး၏  “ယဉ်ကျေးမှုအမွေကို လက်ဆင့်ကမ်းဖို့ စာကြည့်တိုက် ကို တည်ဆောက်ခဲ့ရပါသည်” ဟုဆိုထားပေရာ ဆရာကြီးအကြောင်းကို သိလိုသူကျောင်းသား လူငယ်များ ဤစာကြည့်တိုက်သို့ သွားကြပါလိမ့်မည်၊ ဆ ရာကြီး၏ရုပ်တုကိုမြင်လျှင် မြန်မာစာပေ၏အုတ်မြစ်ကို ခိုင်ခံ့အောင် တည်ဆောက်ပေးခဲ့သော ဆရာကြီး၏ကျေးဇူးများကို အမှတ်ရကြပါလိမ့်မည်။

ဆရာကြီးရေးခဲ့သောစာအုပ်များ၊ ရေးဖွဲ့ခဲ့သောကဗျာများ၊ စာတမ်း၊ စာအုပ်၊ စာစီစာကုံးစသည်ဖြင့် ဆရာကြီး၏ အနုပညာလက်ရာများကိုတစုတဝေးတည်းတွေ့မြင်ကြပါလိမ့်မည်၊ အိုင်တီခေတ်တွင် ဆရာကြီး၏လက်ရာများကို ဒီဂျစ်တယ် ရီကော့များအဖြစ်ဖန်တီးကြပါလိမ့်မည်၊ ဆရာကြီး၏ရုပ်တုထားရာ ကျောက်တိုင်၏ လေးမျက်နှာတွင် ဆရာကြီး၏ အကောင်းဆုံး ကဗျာ များကိုရေးသားထားကြရန် ရည်ရွယ်သည်ဟု ကြားသိရပါသည်။ ရသမြောက်သောကဗျာကလေးများထဲမှ အကောင်းဆုံး ကဗျာအနည်းငယ်ကိုသာ ရွေးထုတ်ရန်မှာ ကျွန်တော်တို့ ဉာဏ်မမှီပါ၊ ဆရာကြီး၏သားသမီးများနှင့် မြန်မာစာပေပညာရှင် များကဦးဆောင်၍ ရွေးချယ်ပေးကြမည်ဟု သိရပါသည်။

ဆာဂလက်စတုန်း၏ စာကြည့်တိုက်တွင် မြင်တွေ့ရသောအတွေ့အကြုံတစ်ခုမှာ စာကြည့်တိုက်ကို တဖြည်ဖြည်းသာ ထိန်းသိမ်းပြုပြင်ကြရခြင်းဖြစ်ပါသည်။

နိုင်ငံဂုဏ်ဆောင်စာဆိုတော်ကြီးမင်းသုဝဏ်၏ အထိမ်းအမှတ် စာကြည့်တိုက်တည်ဆောက်ရေးကို မြန်မာတပြည်လုံးမှ အင် တိုက် အားတိုက် အားပေးဆောင်ရွက်ကြရန်လိုပါသည်။ ဆရာကြီး၏ မိသားစုအဖို့မှာလည်း ဂလက်စတုန်း စာကြည့်တိုက်မှ ဥပမာအတိုင်း သားစဉ်မြေးဆက် တိုးတက်အောင် ထိန်းသိမ်းစောင့်ရှာက်ကြရမည်ဖြစ်ပါသည်။

ကိုသန်းလွင်

Ref:A refuge for Liberal Values, Stephen Castle, New York Times May 1 2017

0