မြတ် လှိုင်း - အခန်းကျဉ်းထဲမှ ရုတ်တရက်ထပျံသွားအတွေးများ

အခန်းကျဉ်းထဲမှ ရုတ်တရက်ထပျံသွားအတွေးများ
မြတ် လှိုင်း
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၇
 
ဟောဒီ့နံရံပေါ်မှာ
မြစ်ကသယ်ဆောင်လာတဲ့ကောင်းကင်တခု
ပြုတ်ကျသေဆုံးသွား ဝိညာဉ်အဖြစ်ပြန်ရှင်သန်နေ
ဒီည မိုးတွေရွာတယ်။

ရှုပ်ထွေးလာတဲ့ပုစ္ဆာတပုဒ်
မနက်ခင်းဟာ စစ်တုရင်ခုံပေါ်ကထိုင်ပြီး
စီးကရက်က ဟန်ပါပါရှိုက်သံကို အဝေးဆီစေလွှတ်လိုက်တယ်
မြို့ပြကြီးကတယောထိုးသံခပ်ချွဲချွဲနဲ့
တောအုပ်ကိုသယ်ဆောင်လာ
အငိုတွေပွင့်နေကြ မနက်ဖြန်ကစောင့်နေသူ
မနေ့ကအရိပ်တွေပြန်လက်ယပ်ခေါ်ခွင့်မရ
မှန်တွေအချပ်ပေါင်းမရေတွက်နိုင်
ကြေကွဲမှုဖြစ်စဉ်ကဖြေတယ်
ကံကြမ္မာတွေက ဆင်ခြေဖုံးရပ်ကွက်ထဲမှာပုန်းနေသတဲ့
ဒါကြောင့် စည်းအပြင်ကလူတွေ
ငြိမ်သက်ခြင်းကိုကိုးကွယ်နေတာ
ငါဘာကြောင့်တွေးနေတာလဲနဲ့လွတ်လပ်သွားရသလဲ
ငါဟာ အတွေးအပြင်ကလူဖြစ်နေပြီလား။  ။


Comments