နိုင်ဝင်းသီ ● မြို့ပြသစ်ရွက်များ

နိုင်ဝင်းသီ ● မြို့ပြသစ်ရွက်များ
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၇

အပူဆံချည်မျှင်တွေ ဖိုသီဖတ်သီနှင့် ဖားလျားဝေနေသော နေ့လယ်ခင်းတခုတွင် မြို့ပြတစ်နေရာရှိ တခုသော ကားမှတ် တိုင်သို့ သူရောက်နေခဲ့သည်။ ကားမှတ်တိုင်မှာ သူ့လိုပဲကားစောင့်နေသူ ဆယ့်လေးငါးယောက်ခန့် ရှိနေသည်။ အဲဒီလူတွေ ဟာ ဘယ်ကလာတာလဲ သူမသိပါ။ အဲဒီလူတွေ ဘယ်ကိုသွားမှာလဲ သူမသိပါ။

 "ကမ္ဘာကြီးကပဲ ပိုပြီးတော့ ပူနွေးလာတာလား။ လူတွေကပဲ သူတို့မျက်လုံးတွေကို သူများမမြင်အောင်ဖုံးကွယ်ထားချင်တာလားတော့မသိဘူး။နေကာမျက်မှန်တပ်တဲ့လူတွေ ခါတိုင်းထက် ပိုများလာတယ်ဗျ”

ခရီးသည်များထဲမှ နေကာမျက်မှန်တပ်ထားသော လူတယောက်က အခြားလူတယောက်ကို ပြောလိုက်သည်။

“ဟုတ်တယ်ဗျ”

သူ၏အဆိုပြုချက်ကို ထောက်ခံသောလူကလည်း နေကာမျက်မှန်တပ်ထားသော လူတယောက် ဖြစ်နေသည်။ သူ နည်းနည်း
တော့ရယ်မောလိုက်ချင်သည်။ သို့သော်လည်း သူ မရယ်ဖြစ်ပါ။ သူတို့ပြောမှ သူသတိထားမိသည်။ ဆယ်လူလာဖုန်း ခါးချိတ် ထားသည့် လူတယောက်ကလည်း နေကာမျက်မှန်တပ်ထားသည်။ စကတ်တိုတိုလေးဝတ်ထားသည့် ကောင်မလေး တ ယောက်ကလည်း နေကာမျက်မှန်တပ်ထားသည်။ မြမာလာကတ္တီပါဖိနပ်ကို ခန့်ညားစွာစီးထားသည့်ပွဲစားတယောက်ကလည်း နေကာမျက်မှန်တပ်ထားသည်။ အမှုသည်ဆီကပိုက်ဆံကို ကြွေးတောင်းသလို တောင်းလေ့ရှိသည့် ရှေ့နေတယောက် ကလည်း နေကာမျက်မှန်တပ်ထားသည်။ လူနာတယောက်ကို သုံးမိနစ်ပဲကြည့်လေ့ရှိသည့် အထူးကုဆရာဝန်ကြီး တယောက်ကလည်း နေကာမျက်မှန် တပ်ထားသည်။ နောက်ဆုံး မြို့ပြကိုယ်တိုင် ခရမ်းပြာနုအိုဇုန်းလွှာကို ဆုတ်ဖြဲဖောက်ဝင် လာသည့် အပူလက်ချောင်းများကို ခုခံကာကွယ်နိုင်ရန်အတွက် နေကာမျက်မှန် တလက် တပ်ဆင်ထားနိုင်ပါသည်။

 အပူလှိုင်းတွေကြားမှာ သစ်ရွက်ကြွေတွေလို ရှပ်တိုက်မျောလွင့်သွားသော နေကာမျက်မှန်တွေကိုကြည့်ပြီး သူပင့်သက်တ
ချက် ရှိုက်လိုက်လေသည်။

တချို့နေကာမျက်မှန်တွေက ဘီယာဆိုင်တဆိုင်မှာ ဘီယာသောက်နေကြသည်။ တချို့နေကာမျက်မှန်တွေကတော့ မီနီမား
ကက်တခုမှာ ဈေးဝယ်နေကြသည်။ တချို့နေကာမျက်မှန်တွေက အဆင့်မြင့်တည်းခိုခန်းတွေမှာ တည်းခိုနေကြသည်။ တချို့ နေကာမျက်မှန်တွေကတော့ ပလက်ဖောင်းပေါ်မှာ ဝယ်သူအလာကို စောင့်နေကြပါသည်။

ကြည့်စမ်း။ တော်တော်များပြားတဲ့ နေကာမျက်မှန်တွေပါလား။ သူတို့တတွေ နေကာမျက်မှန်အကြောင်းပြောမှ သူ့ဆီကိုတစ္ဆေ
ခြောက်သလို ရောက်ရောက်လာတတ်သောကောင်မလေး တယောက်ကို သူသတိရသွားပါသည်။

 အဲဒီကောင်မလေးရော အခုအချိန်မှာ နေကာမျက်မှန်တလက် တပ်ဆင်ထားနိုင်ပါသလား။

သူနှင့်တွေ့သည့် နောက်ဆုံးအခေါက်မှာတုန်းကတော့ ကောင်မလေး၏ဆလင်းဘက်ထဲမှာ ရေဘင်မျက်မှန်တလက် သူတွေ့ ခဲ့သည်။ အဲဒီမျက်မှန်ဟာ ကောင်မလေးရဲ့မျက်မှန်ဆိုလျှင်တော့ကိစ္စမရှိပါ။ ကောင်မလေးရဲ့မျက်မှန်မဟုတ်ဘဲ တခြားလူတ
ယောက်၏မျက်မှန်ဖြစ်နေလျှင်တော့ ထိုကိစ္စသည် ဝမ်းနည်းစရာ တော်တော်ကောင်းလှပါသည်။

 ကောင်မလေးနှင့်ပတ်သက်ပြီးတော့လည်း မကြာခဏ သူဝမ်းနည်းခဲ့ဖူးပါသည်။

ယွန်းခင်ခင်ရေ.. တို့တွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက တွေ့သင့်တာပါကွယ်။ ဒါပေမဲ့တို့ဟာ ဆယ်နှစ်ကျော် နောက်ကျပြီးမှ တွေ့ခဲ့ရလေတယ်။ တွေပခဲ့တဲ့အချိန်ကျတော့လည်း တို့တွေရဲ့ဘဝမှာ လွဲချော်မှားယွင်းမှုတွေနဲ့ နေသား တကျဖြစ်နေခဲ့ကြပြီလေ။

ကောင်မလေးကိုသတိရလိုက်တိုင်း သူ့ရင်ထဲမှာ အမြဲတမ်းနာကျင်နေတတ်သည်။

 ကောင်မလေးကတော့ ရေစိုနေသောသူမ၏ဆံပင်များကို မွေးပွတဘက်ကြီးနှင့်သုတ်ရင်း သူ့ကိုပြောခဲ့ဖူးပါသည်။ (ကောင်မ
လေး၏ဆံညိုနုမျှင်များသည် ညိုညို ပျော့ပျော့လေးတွေဖြစ်ပြီး အလွန်နူးညံ့လှပါသည်)

 “ ဟောဒီကမ္ဘာကြီးပေါ်မှာ အချစ်ဆိုတဲ့ဝေါဟာရကို ကျွန်မ မကြားချင်ဆုံးပဲ။ အဲဒီ`အချစ်´ဆိုတဲ့ စကားလုံးဟာကျွန်မနဲ့မဆိုင်သ
လို ကျွန်မအမြဲတမ်းခံစားခဲ့ရတယ်။ အဲဒီတော့ ကျွန်မစိတ်ညစ်အောင် `အချစ်´အကြောင်းကို ရှင်ဘယ်တော့မပြောနဲ့။ ရှင့် အနုပညာကိစ္စအတွက်တော့ ရှင်ဘာမှမပူနဲ့။ ရှင့်ကို ကျွန်မအတတ်နိုင်ဆုံးကူညီသွားမယ်။ ဘာဖြစ်လို့လဲမသိဘူး။ ရှင့်ကို တော့ ကျွန်မတအားခင်တာပဲ သိလား”

ကောင်မလေး သူ့ဆီကို ရောက်လာလေတိုင်း ငွေစက္ကူတွေ အထပ်လိုက်အထပ်လိုက် ပါလာတတ်သည်။ သူ့ အနုပညာ ရူးသွပ်မှုအတွက် သုံးဖို့ဟုဆိုပါသည်။ ကောင်မလေးပြန်သွားလေတိုင်း မွှေးရီသောကိုယ်သင်းရနံ့လေး သူ့အပါးမှာ စွဲထင် ကျန်ရစ်ခဲ့တတ်သည်။ ကြေကွဲရပါသည် ယွန်းခင်ခင်။

အခုလိုအချိန်မျိုးမှာ အဲဒီချစ်လှစွာသော သစ်ရွက်ကလေးဟာ ဘယ်လိုနေရာမျိုးမှာများတဝဲလည်လည်ဖြစ်နေပါလိမ့်။ ခါး
သက်နာကျင်စရာကောင်းတဲ့ညပေါင်းများစွာကို ဘယ်လိုစိတ်အခံမျိုးနဲ့များ ဖြတ်သန်းရွေ့လျားနေပါလိမ့်။ သစ်ရွက်ကလေး ရေ.. ချစ်လှစွာသောမြို့ပြသစ်ရွက်ကလေးရေ ...

"ဟေ့လူ ဘာစောင့်နေတာလဲဗျ”

နေကာမျက်မှန်တလက် သူ့အနားသို့ကပ်လာပြီး သူ့ကို စကားလာပြောတော့ ရုတ်တရက် သူကြောင်သွားသည်။ မျက်နှာကို သေသေချာချာကြည့်လိုက်တော့မှ မြို့သစ်မှာနေထိုင်သော သူမိတ်ဆွေတဦး ဖြစ်နေလေသည်။

“မြို့သစ်တခုရဲ့ အနေအထား အခင်းအကျင်းအရ လူနေနည်းပါးသေးပေမယ့် စာအုပ်ဆိုင်လေးတဆိုင် ဖွင့်မယ်စိတ်ကူးထား
တယ်ဗျာ။ အရက်ဆိုင်တဆိုင်ဖွင့်တာထက်စာရင် စာအုပ်ဆိုင်ဖွင့်တာက ကောင်းပါတယ်ဗျာ.. နော်"

သူနှင့်စတွေ့စဉ်ကာလက ထိုလူပြောခဲ့သောစကားဖြစ်သည်။ အဲဒီလူကို သူအလွန်လေးစားသွားပါသည်။ ရသကို ဆွတ်ယူ စားသုံးခွင့်ရမည့်ရသချို့တဲ့နေသောလူသားတွေအတွက်လည်း သူ ပီတိတွေ ဝေစီသွားခဲ့ပါသည်။

ရီဝေဝေညနေခင်းများကို ခံစားပျော်မောတတ်သောသူသည် စာအုပ်ဆိုင်ယဉ်ကျေးမှုကိုတော့ ညွတ်နူးသူဖြစ်ပါသည်။ သို့ သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ထိုလူ၏စိတ်ကူးသည် အတ္တတခု၏ လောင်ကျွမ်းမှုအောက်တွင် အေးခဲပျော်ဝင် သွားပြီး အခါလွန်မိုးရေစက်များအောက်သို့ မျောပါသွားခြင်းပင် ဖြစ်လေသည်။

ထိုလူ၏ စိတ်ကူးစိတ်သမ်းကို ကောက်ရသွားသည့်လူကတော့ စာအုပ်ဆိုင်လေးတဆိုင် ဖွင့်ကောင်းဖွင့်ထားနိုင်ပါသည်။ သူ စာအုပ်ဆိုင်လုပ်မည့် နေရာလေးကတော့ ညနေခင်းဆိုလျှင် မီးရောင်လက်လက်နှင့် သေတင်းကုပ်လေးတခု ဖြစ်လာခဲ့လေ သည်။

“လုပ်တုန်းကတော့ စာအုပ်ဆိုင်လေးပါဗျာ…ဒါပေမယ့် အကြောင်းကြောင်းသောအကြောင်းတွေကြောင့် စားသောက်ဆိုင် လေးဖြစ်ခဲ့ရပါတယ်”

 အဲဒီလူကို သူဘာမှပြန်မပြောခဲ့ပါ။ နဂိုကတည်းက စာအုပ်ဆိုင်မဖွင့်ဘဲ ဘီယာဆိုင်ဖွင့်မည့်ဟု သူ့ကို ကြိုတင်ပြီးပြောထားခဲ့လျှင် သူ ဝမ်းနည်းကြေကွဲမိမှာမဟုတ်ပါ။

 လောကကြီးမှာ ဝမ်းနည်းစရာကိစ္စတွေကို နေရာတိုင်းလိုလိုမှာ ထိစမ်းမြင်တွေ့နေရသည်။ အဲဒီလူသာစာအုပ်ဆိုင်လေးလုပ်ခဲ့မည်ဆိုလျှင် သူကိုင်ထားသောကြိမ်ခြင်းကြီးထဲမှာ လူသားတွေ လူသားဆန်စေဖို့၊ လူသားတွေ နှလုံးသည်းပွတ် နူးညံ့ပျော့ ပျောင်းလာစေဖို့၊ လူသားတွေ လူ့ယဉ်ကျေးမှုကိုမြတ်နိုးတွယ်မက်လာစေဖို့မဂ္ဂဇင်းစာအုပ်တွေပါလာမည်။ ဝတ္တုတိုပေါင်းချုပ် စာအုပ်လေးတွေ ပါလာခဲ့မည်။ ခေတ်ပေါ်ကဗျာ စာအုပ်လေးတွေ အသေအချာပါလာခဲ့မည်။

အခုတော့ ထိုစာအုပ်တွေအစား တံဆိပ်အမျိုးမျိုးတပ်အရက်ပုလင်းများ၊ ဘီယာဘူးများ၊ ငရုတ်ဆီပုလင်းများ၊ သွားကြားထိုးတံ များ၊ တခါသုံးတူများ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ရှမ်းနံနံ၊ ကန်စွန်းရွက်၊ ကိုက်လန်၊ ပိုးစိုးပက်စက်သေဆုံးနေသော ကြက်သုံးကောင်၊ ယင်နားနေသောအသားတွဲ တစ်တွဲ။

“သွားဦးမယ်နော်။ ပစ္စည်းပြတ်နေလို့ဈေးလာဝယ်တာ။ ကိုယ်ခွဲမရှိတော့ လုပ်ရတာနည်းနည်းတော့ ပင်ပန်းတယ်ဗျာ”

အပူငွေ့တွေကို စုပ်ယူမျိုချထားသည့် ကတ္တရာလမ်းမကြီးပေါ်မှာ ခရီးသည်တွေ ပြည့်သိပ်အုံခဲနေသောလိုင်းကားတစီး တအီအီနှင့် မောင်းဝင်လာသည်။ မြို့သစ်ကိုသွားမည့်ကားဖြစ်သည်။ ထိုလူ ကြိမ်ခြင်းကြီးကို မနိုင်မနင်းသယ်မပြီး ကားပေါ် သို့ အတင်းတိုးဝှေ့တက်သွားသည်။ ယင်ကောင်တွေပါ သူ့နောက်က တဝီဝီနှင့်ကပ်ပြီးပါသွားလေသည်။ ထူးတော့လည်း သိပ်မထူးလှပါဘူး။ အဲဒီလူဟာလည်း ကူးစက်ရောဂါတမျိုးကို လက်လီလက်ကား ဖြန့်ဖြူးပေးနေတဲ့ ယင်ကောင်တကောင်ပါ ပဲ။

တလွန့်လွန့်နှင့် လှုပ်ခါနေသောတံလျှပ်လှိုင်းမျှင်တွေကြားထဲကို မောင်းဝင်သွားသော လိုင်းကားကိုကြည့်ပြီး သူ့ သူငယ်ချင်း မောင်ကျော်သာ (ပဲခူး) ၏ “ပလူတစ်ကောင်၏တောင်ပံ” ဝတ္တုလေးကို အဆက်အစပ်မရှိ ဖျတ်ခနဲ သူသတိရသွားပါသည်။
တောင်ပံတွေချပြီးချိန်၊ တောင်ပံတွေကျပြီးချိန်မှ ပလူတစ်ကောင်ဆိုတဲ့ အဓိပ္ပါယ်ဟာ ဘာမှမရှိနိုင်တော့မှန်း ကျွန်တော်သိနေ
သည်တဲ့။ ဒီတခါ မောင်ကျော်သာ (ပဲခူး) နှင့်တွေ့လျှင် အဲဒီပလူကို နေကာမျက်မှန်တလက်တပ်ဆင်ခိုင်းဖို့ သူစိတ်ကူးထား လိုက်သည်။ တဆက်တည်းမှာပင် အောင်မြင်ကျော်ကြားနေသော သူငယ်ချင်းရှေ့နေတယောက်၏လျှာကိုလည်း နေကာ မျက်မှန်တလက်တပ်ဆင်ပေးဖို့ သူစိတ်ကူးထားလိုက်ပါသည်။

 အပူလက်ချောင်းတွေက တိမ်တိုက်တွေကြားက သန်စွမ်းစွာ ဆန့်ထွက်လာကြသည်။ ကားတွေက တစီးပြီးတစီး ထိုးဆိုက်
လာကြသည်။ တစီးပြီးတစီး ထွက်ခွာသွားကြသည်။ လူတွေလည်း အတူတူပါပဲ။ ဆင်းလာသည့်လူနှင့်၊ တက်သွားသည့်လူနှင့်၊ သူ့လိုပဲ ချောင်သည့်ကားကိုစီးဖို့ အချိန်တွေထိုးကျွေးပြီး စောင့်သည့်လူနှင့်၊ ပလက်ဖောင်းပေါ်မှာဈေးအော်ရောင်းသည့် လူနှင့်မြို့ပြ၏ နေ့လယ်ခင်းအော်ပရာကို အမှားအယွင်းမရှိ ခင်းကျင်းကပြနေလေသည်။ အနုပညာနည်းနည်းလေးမှ မဆန် တဲ့အော်ပရာပါပဲ။

သူ စိတ်ပျက်လက်ပျက်နှင့် နေ့လယ်ခင်းအော်ပရာကို ကြည့်ငေးနေသည့်အချိန်မှာပင် နို့နှစ်ရောင် ပါဂျဲရိုတစီးသည် သူ့ရှေ့
တည့်တည့်သို့ အိခနဲ ထိုးရပ်လာလေသည်။

“ဟေ့ကောင်…. ဘယ်သွားမလို့လဲ၊ လာမြန်မြန်တက်”

ကားပေါ်သို့ လှမ်းကြည့်လိုက်တော့ နေကာမျက်မှန်တပ်ထားသော စူစူပုံ့ပုံ့မျက်နှာကြီးတခုကို သူလှမ်းမြင်လိုက်ရပါ သည်။ ကြည့်စမ်း။ ဒီလူဟာ သူနှင့် သုံးနှစ်ကျော်ကျော်ကွဲကွာနေခဲ့တဲ့ သူ့ရဲ့သူငယ်ချင်းပါလား။

သူ ဘာမှစဉ်းစားမနေတော့ဘဲ ကားပေါ်သို့ ပြေးတက်လိုက်ပါသည်။

ကားထဲသို့ရောက်သွားသည်နှင့် မူးရီမွှေးရစ်သွားပြီး သူ့တကိုယ်လုံးသည် အေးမြလန်းဆန်းသွားလေသည်။
သူငယ်ချင်းဟာ မမြင်မတွေ့ရတာကြာမြင့်လို့နှင့်တူသည်၊ ဝဝအိအိကြီးဖြစ်နေလေသည်။ သူ့ကိုကြည့်ရသည်မှာ ယာဉ်မောင်း နေသည်နှင့်မတူဘဲ စတီယာရင်နှင့်ထိုင်ခုံကြားမှာ ညှပ်နေသော ဝက်ဝံဝတုတ်တကောင်နှင့်သာ တူနေလေသည်။ ဟုတ် တာပေါ့။ နည်းပညာတွေပေါက်ကွဲနေတဲ့ အိုင်တီခေတ်ကြီးထဲမှာ အမွေးအမှင်ထူထူနှင့် ဝက်ဝံတကောင်ဟာလည်း ကား မောင်းနေနိုင်တာပေါ့။

သူငယ်ချင်းက သူ့ဘက်ကို ငဲ့စောင်းကြည့်လိုက်ပြီး ...

“ဟိုတလောက မျိုးမြင့်ကြီး ငါ့ဆီကိုရောက်လာသေးတယ်ကွ… သူ့သမီးကိုကွန်ပျူတာတက်ခိုင်းမလို့ဆိုလား ငွေသုံးသောင်း
လောက်ချေးပါတဲ့။ တစ်လ ငါးထောင်ပြန်ဆပ်သွားပါမယ်တဲ့။ ဒီကောင်တွေ လိုချင်တာပဲသိတာကွ။ ငါ့မှာ ဘယ်လိုသောကတွေ ရှိနေတယ်ဆိုတာကို သိကြတာမဟုတ်ဘူး”

ကားက မီးပွိုင့်တခုတွင် အိစက်ညက်ညောစွာ ရပ်သွားသည်။ သူငယ်ချင်းက ဒက် (ရှ်) ဘုတ်ထဲမှ ဘီယာဘူးတဘူးကိုယူ၍ ဖောက်ပြီး မော့လိုက်သည်။ တဝက်ခန့်သောက်ပြီးမှ ....

“ငါ့မိန်းမက မာ့ (ခ်) တူးတစ်စီး ပူဆာနေတာ ခုထိစိတ်ကြိုက်ရှာလို့မတွေ့သေးဘူး။ နောက်ပြီး ငါ့ကောင်မလေးကလည်း ယုဇန ဥယျာဉ်မှာ မနေချင်တော့ဘူးတဲ့။ စမ်းချောင်းလို၊ ကျောက်မြောင်းလိုနေရာမျိုးကို ပြောင်းချင်တယ်တဲ့ကွာ။ ဘယ့်နှယ့် လုပ်ကြမလဲ။ ကုန်ပေါက်တွေ … ကုန်ပေါက်တွေ”

လွန်ခဲ့သည့်သုံးနှစ်လောက်အထိတော့ သူငယ်ချင်းမှာ မိန်းမနှစ်ယောက်ရှိပါသည်။ သူနှင့်မတွေ့သည့် ကာလအပိုင်းအခြား ထဲမှာ အလဲအထပ်တွေ ဘယ်လောက်တောင် ရှိနေသလဲ သူ မခန့်မှန်းတတ်ပါ။

နောက်ပြီး သူ့ကောင်မလေးဆိုတာကလည်း ဘယ်နှစ်ယောက်မြောက် ကောင်မလေးမှန်း သူ မပြောတတ်ပါ။

သူငယ်ချင်းက ဘီယာဘူးကို တကွတ်ကွတ်နှင့် မော့လိုက်ပြန်သည်။ ပြောင်စင်သွားအောင် မော့လိုက်ခြင်းဖြစ်သည်။ ပြီး တော့ရှေ့နောက် ဘေးဘယ်ညာမကြည့်ဘဲ ဘီယာဘူးခွံကို လမ်းပေါ်သို့ပစ်ချလိုက်လေသည်။

 ကြည့်စမ်း။ ဒီကောင်ဟာ တော်တော်စုတ်ပဲ့တဲ့ ကောင်ပါလား။ မီးပွိုင့်က စိမ်းသွားသည်။ ကားလေးက ညက်ညောညင်သာစွာ နှင့် ရွေ့လျားသွားလေသည်။

“ငါ့မှာ ကုန်ပေါက်တွေချည်းပါပဲကွာ၊ ဒီကြားထဲ ရှေ့အပတ်ထဲမှာ ဘောက်ထော်က တိုက်သစ်တလုံးကို ငွေချေရဦးမယ်ကွာ။
စုစပ်လုပ်ငန်းတခုအတွက် ရှယ်ယာငွေ သိန်းလေးထောင်လောက် ထည့်ဖို့လည်း ရှိသေးတယ်။ အဲဒါ မျိုးမြင့်ကြီးကို ချော့ပြီး ပြန်လွှတ်လိုက်ရတယ်”

သူငယ်ချင်းသည် ကားမောင်းနေရင်းနှင့် ဒက် (ရှ်) ဘုတ်ထဲသို့ နှိုက်လိုက်ပြန်သည်။ သည်တခါမှာတော့ ဘီယာဘူး မဟုတ် တော့ပါ။ ကွမ်းယာထုပ်ဖြစ်သည်။ ကွမ်းယာထုပ်ထဲမှ ကွမ်းတယာယူပြီး သည်ကောင့်ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။ ဘုရား ဘုရား၊ ဒီကောင်ဟာ လမ်းမပေါ်ကိုများ ကွမ်းတံတွေးတွေ တပျစ်ပျစ်နဲ့ ထွေးချဦးနေမလားမသိဘူး။

သူငယ်ချင်းကိုကြည့်ပြီး သူ အတော့်ကိုစိတ်ဆင်းရဲသွားပါသည်။ သူ ထင်ထားသည့် အတိုင်းပင်ဖြစ်သည်။ သူငယ်ချင်းသည် ကွမ်းယာကို တစွိစွိနှင့်ဝါးနေရင်းက ဘေးမှန်များကိုချလိုက်ပြီး ကွမ်းသွေးများကို လမ်းမပေါ်သို့ ဗျစ်ခနဲနေအောင် ထွေးချ လိုက်လေသည်။

“နေဦးကွ…ဟိုတလောက ငါတို့နေခဲ့တဲ့ အထက (၄) မှာ ပင်စင်စား ဆရာဆရာမကြီးတွေကို အာစရိယပူဇော်ပွဲဆိုလား၊ အလှူငွေလာကောက်လို့ ငွေသုံးထောင်ထည့်လိုက်ရသေးတယ်။ အလုပ်မအားတော့လည်း မသွားဖြစ်လိုက်ပါဘူးကွာ”

ကားက မီးပွိုင့်တခုတွင် ရပ်သွားပြန်သည်။ သူငယ်ချင်းက ကွမ်းသွေးများကို စိမ်ပြေနပြေနှင့် တဗျစ်ဗျစ်ထွေးချပြန်သည်။ မည်းနက်သန့်စင်နေသော ကတ္တရာလမ်းမကြီးပေါ်တွင် ရဲခနဲ ရဲခနဲ ဖြစ်သွားလေသည်။

“မင်းလည်း အားလပ်တဲ့အချိန်မှာ ဖုန်းလေးဘာလေးဆက်ပါကွ။ ဘီယာလေးဘာလေး သွားသောက်ကြတာပေါ့။ သီချင်း
လေးဘာလေး သွားဆိုကြတာပေါ့။ ပြီးတော့"

သူငယ်ချင်းက မချိုမချဉ်မျက်နှာပေးဖြင့် ရယ်မောလိုက်သည်။ ရယ်လိုက်မှ ဒီကောင့်မျက်နှာက မေထုန်မဲ့သားစပ်နည်းဖြင့် မျိုးဖောက်ထားသည့် ဝက်တကောင်နှင့် သွားတူနေမှန်း သူသတိပြုမိတော့သည်။

သူနှင့် အဆက်အသွယ်ပြတ်တောက်နေသည့် သုံးနှစ်ကျော်ကာလအတွင်း သူငယ်ချင်းသည် စီးပွားဥစ္စာရော၊ စာရိတ္တစုတ်ပဲ့
သည့်နေရာမှာရော အတော့်ကို တိုးတက်လာခဲ့ပါသည်။ သိန်းသုံးရာကျော်တန် ကားကိုစီးပြီး သုံးကျပ်ခွဲပင်မတန်သည့်စကား ကို တလမ်းလုံး ဒီကောင်ပြောလာခဲ့သည်။

ကားပေါ်၌ထိုင်နေရင်းနှင့် သူ့တကိုယ်လုံး မွန်းကျပ်မောဟိုက်လာလေသည်။ နောက်ထပ် ငါးမိနစ်လောက်ဆက်နေလိုက်လျှင် သူငယ်ချင်း၏ခေါင်းကို တခုခုနှင့် ရိုက်ခွဲမိမှာ သေချာလှပါသည်။ အခုတောင် လက်ဖဝါးတွေထဲမှာ ယားယံလှပါပြီ။

သို့သော်လည်း သူငယ်ချင်းပဲ ကံကောင်းသွားတာလား။ သူပဲ ကံကောင်းသွားတာလားတော့မသိ။ ကားသည် ပုဂ္ဂလိက
ဘဏ်တိုက်တစ်ခုရှေ့၌ ရပ်သွားလေသည်။

ကားပေါ်မှ အဆင်းတွင် သူငယ်ချင်းသည် သူ့ပါးစပ်ထဲမှာ ပလုတ်ပလောင်း ဝါးနေသောကွမ်းယာကို ပလက်ဖောင်းပေါ်သို့ ဖွီးခနဲနေအောင်ထွေးချလိုက်ရင်း ....

“သွားမယ်ဟေ့ကောင်၊ နောက်မှတွေ့ကြတာပေါ့” ဟု သူ့ကိုနှုတ်ဆက်ပြီး ဘဏ်တိုက်ထဲသို့ မန်ဒါလီတကောင်လို ယက်ကန် ယက်ကန်နှင့် ဝင်သွားလေသည်။ သူကားရပ်ထားခဲ့သည့်နေရာနှင့် မလှမ်းမကမ်းတွင် သန့်ရှင်းရေးလုပ်နေသောချာတိတ်ကလေးတယောက်ကို သူလှမ်းမြင်လိုက်ရသည်။ ထိုချာတိတ်ကလေးအနီးတွင် တခစ်ခစ်ရယ်မောနေသောလိပ်ပြာမလေးတကောင်နှင့် မြို့ပြမုဆိုးသုံးယောက် ရှိနေလေသည်။

 သူ ပခုံးတချက်တွန့်လိုက်သည်။ သန့်ရှင်းရေးလုပ်နေသော ချာတိတ်ကလေးအနီးသို့ လျှောက်သွားလိုက်ပြီး ....

“ညီလေး ...စောစောကဘဏ်ထဲဝင်သွားတဲ့ အမွေးအမျှင်ထူထူနဲ့လူကို မှတ်မိတယ်မဟုတ်လား။ အဲဒီကောင် ပြန်ထွက်လာ
ရင် ဂေါ်နဲ့ကော်ပြီး နီးစပ်ရာအမှိုက်ပုံးထဲကိုပစ်ထည့်လိုက်။ အဲဒီလိုကောင်စားမျိုးတွေက အမှိုက်အကြီးစားကွသိလား”

ချာတိတ်လေး၏မျက်လုံးတွေက ဝိုင်းစက်သွားလေသည်။ သူ့ရဲ့စကားကို ချာတိတ်ကလေး နားလည်ပုံမရပါ။

သူ့ကို ကြောင်စီစီနှင့် ငေးစိုက်ကြည့်နေသော ချာတိတ်ကလေးရှေ့မှ သူထွက်ခွာလာခဲ့သည်။ ချာတိတ်ကလေးကို ကျောခိုင်း ပြီး လေးငါးခြောက်လှမ်းပဲ လှမ်းရသေးသည်။ နွေဦးလေသည် မြို့ပြထဲသို့ မြင်းရိုင်းတကောင်လို ဝေ့ခတ်ခုန်ပေါက်သွားလေ သည်။

ဖုန်မှုန်များ၊ သဲများ၊ ဂီတသံများ၊ မြို့ပြ၏ သက်ပြင်းရှိုက်သံများ၊ သစ်ရွက်ခြောက်အပိုင်းအစများ၊ ယွန်းခင်ခင်၏ စိတ္တဇညများ၊
တောခြောက်သံများ၊ ချစ်ခြင်းမေတ္တာများ အားလုံးဟာ လေထဲသို့ တရှပ်ရှပ်နှင့် မျောလွင့်သွားလေသည်။

ထူးဆန်းမှုတခုမှာ ပူပြင်းရှတသောနေ့လည်ခင်းထဲသို့ ပရမ်းပတာနှင့်မျောလွင့်သွားသော မြို့ပြသစ်ရွက်တရွက်မှာ သူ ကိုယ်တိုင်ဖြစ်နေခြင်းပင်။ ။

နိုင်ဝင်းသီ
0