ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ် (၄၄)



ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ် (၄၄)
လှကျော်ဇော ၊ (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇


ဗိုလ်ကျော်ဇောရုပ်ရှင်ရိုက်မယ် ....တဲ့။

အခုတလော စစ်တပ်ကအထိမခံ ရွှေပန်းကန် ဖြစ်နေပြီး ထစ်ခနဲဆို ပုဒ်မ-၆၆(ဃ)နဲ့ဆွဲဖမ်း၊ တရားစွဲ၊ ထောင်ချလုပ်နေတာ တွေတွေ့ရပါတယ်။ သံဝေဂ ရစရာကောင်းပါတယ်။ "ကာလဝိဘက် နောက်ပိုးတက် တယ်" လို့သာသဘောထားကြပါလို့ ဆိုချင်ပါတယ်။ ငရဲမှအပ ဝဋ်အမြဲ ဆိုတဲ့စကားလည်း ရှိမဟုတ်လား။
--------------------------

လွမ်းလေသမျှက အဖြစ်အပျက်များနဲ့ တဆက်တစပ်တည်း ဖြစ်ခဲ့တဲ့ ကိစ္စရပ်တခုရှိခဲ့ပါတယ်။ ဖေဖေရုပ်ရှင်ရိုက်မယ်... ဆိုတဲ့သတင်းများ ထွက်လာတာပါ။

၁၉၆၃ခု-နိုဝင်ဘာ (၁၄) ရက်နေ့မှာ-အဲဒီကာလက အုပ်ချုပ်နေတဲ့ စစ်အုပ်စုတော်လှန် ရေးကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တဖက်သတ် ရပ်ဆိုင်းလိုက်ပါတယ်။ ဒီနောက်မှာတော့ စစ်တပ်ရဲ့ စစ်ဘီးလူး ရုပ် ပြန်ပေါ်လာပြီး တောတွင်းပြန်ဝင်သူများနောက် စစ်တပ်က တရကြမ်းလိုက် တိုက်ခိုက်သတ်ဖြတ်သလို မြို့ပေါ်က တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးသမား အများအပြားကိုလည်း ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခဲ့ပါ တယ်။

အဲဒီမြို့ပေါ်ကဖမ်းဆီးရမယ့်လူစာရင်းကို ထောက်လှမ်းရေးက ပြုစုရပြီး၊ ဗိုလ်နေဝင်းကို တင်ပြရပါ တယ်။ ဗိုလ်နေဝင်းက စာရင်းထိပ်ဆုံးမှာ ပါရှိတဲ့ ဖေဖေနံမည်ကို ဖယ်ပစ်လိုက်တဲ့အတွက် ဖေဖေအဖမ်း မခံရပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးအဖွဲ့က လူအတော်များများ အဖမ်းခံသွားရပါတယ်။ အဖွဲ့အစည်းအား လုံးကိုလည်း စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။

အဲသလို ဗိုလ်နေဝင်းက ဖေဖေနံမည်ကိုဖြုတ်ပစ်စဉ်က ဗိုလ်ကျော်ဇောကို ဖမ်းစရာမလိုပါဘူးကွာ။ သူ့ရင်ထဲဘာရှိတယ်ဆိုတာ ငါသိတယ်လို့ ပြောကြောင်းလည်း ကြားရပါတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ဖေဖေက ဗိုလ်နေဝင်းအကြောင်း သူ့စာအုပ်ထဲမှာ ရေးထားတာလေးပြန်တင်ပြချင်ပါတယ်။

“ ....ဗိုလ်နေဝင်းသည် နိုင်ငံရေးအရ အလွန်အကင်းပါးသူ ဖြစ်ပါသည်။ သူတကိုယ်ရေကြီးပွားမှုအတွက်ဆိုလျှင် ဘယ်သူကိုမဆို ဘာမဆိုလုပ်သူ ဖြစ်သည်။ ဘယ်အချိန်တွင် ဘယ်သူ့ကိုခွာ၍ ဘယ်အချိန်တွင် ဘယ်သူ့ကို ကပ်ရ မည်ကို ကောင်းကောင်း တွက်ချက်တတ်သူလည်း ဖြစ်သည်။ သူ့အား ဆန့် ကျင်သူမှန်သမျှကိုရော ထောက်ခံသူများကိုပါ ဘာတွေစဉ်းစားနေသည်။ ဘာတွေလုပ်ဆောင်နေသည်ကို အမြဲစောင့်ကြည့်ပြီး အစဉ်မပြတ်သိရှိနေရမှ ကျေနပ်သူဖြစ်သည်။ ထောက်လှမ်းရေးဘက်တွင် အလွန်အကွက်စေ့သူ ဖြစ်ပါသည်။ ....”

“.... ကျွန်တော်တပ်မှထွက်ရကတည်းက ကျွန်တော့်ကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီးနေသည်ကို ကျွန်တော်ကိုယ်တိုင်လည်း သိသည်။ ကျွန်တော့် ဆီ ဝင်ထွက်သွားလာသူများလည်း သိကြပါသည်။ သိအောင်လည်း တမင်လုပ်သည့်အခါများလည်း ရှိသည်။ ခြိမ်းခြောက်သည့် သဘောလည်း ဖြစ်ပါ သည်။....”

(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော.... ဆိုင်းစုမှသည်မန်ဟိုင်းဆီသို့-ကိုယ်တိုင်ရေး အတ္ထုပွတ္တိပေါင်းချုပ်။ (ယဉ်မျိုးစာပေထုတ်) နှာ-၃၀၃).... လို့ရေးထားတာ တွေ့ရပါတယ်။ နောက်တနေရာမှာလည်း ဒီလိုရေး ထားပါသေးတယ်။

“.... ထို့ကြောင့်ကျွန်တော်နှင့် နည်းနည်းဝေးနေသူများက ကျွန်တော် နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်း နေတော့မည်ဟုထင်ကြပါသည်။ ကျွန်တော်အသက်အရွယ်အရလည်း ရလာပြီဖြစ်၍ စွန့်စွန့်စားစားလုပ်ရ မည့်အလုပ်ကို လုပ်တော့မည်မဟုတ်ဟု ထင်ဟန်ရှိပါသည်။

ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း ကျွန်တော် ကွန်မြူနစ်ပါတီအပေါ်တွင် စိတ်နာ စိတ်ခုနေသည်ဟု ထင်နေ ဟန်ရှိသည်။ ကျွန်တော်ကလည်း အဲသလို ထင်နေအောင် သူ့နားရောက်နိုင်သည့်နေရာမှ ထိုသဘောမျိုး လွှင့်ထားဖူးပါသည်။”.... ....(အထက်ပါစာအုပ်-နှာ၃၀၄)

 အဲသလို ဖေဖေက ဗိုလ်နေဝင်းနဲ့ သူ့ထောက်လှမ်းရေးတွေရဲ့ မျက်ခုံးမွှေး ပေါ်စင်္ကြန်လျှောက်နေခဲ့ တာပါ။ ဒီလိုနေတတ်ထိုင်တတ်လို့လည်း ၁၉၇၆ ခုနှစ်မှာ ဖေဖေနဲ့ ကျွန်မတို့တတွေ ဘေးမသီရန်မခ တောခိုလာနိုင်ခဲ့တာပါ။

ဖေဖေကအလွန်သတိကြီးသူပါ။ အစစအရာရာ အလွန်သတိထားပါ တယ်။ ဗိုလ်နေဝင်းအကြောင်းကိုလည်း သူက အတော်သိပါတယ်။ ဗိုလ်နေဝင်းဟာ မိမိကိုယှဉ်ပြိုင်နိုင်သူမှန်သမျှ ကို နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း အစွန်းအထင်းတခုခုရှိနေစေချင်တတ်ပြီး၊ အဲဒီအကွက်ကို ကိုင်သုံး (blackmail) တတ်သူပါ။ တပ်ထဲက တပ်မှုးများအားလုံးကိုလည်း ဒါတွေနဲ့ ကိုင်ထားတတ်ပါတယ်။

ဒါ့ကြောင့်ပဲ ကွယ်လွန်သူ ကြေးမုံဦးသောင်း(အောင်ဗလ) က ဗိုလ်နေဝင်းကို Godfather လို့ခေါ်ခဲ့ပုံရပါ တယ်။ ကြားဖူးတာတခုကတော့ ဗိုလ်နေဝင်းဟာ သူ့လက်အောက်က အရာရှိကြီးများအတွက် လူတိုင်း အပေါ် ဖိုင်တွဲ(၂)ခု ထားရှိပြီး၊ ရာထူးတိုးပေးချင်ရင် ဖိုင်တွဲတခုကိုသုံးပြီး၊ ရာထူးကချပစ် အရေးယူချင်ရင် တော့ နောက်ဖိုင်တွဲတခုကို သုံးသတဲ့။

ဗမာပြည်မနေချင်တော့လို့ နိုင်ငံခြားသွားမယ်ဆိုရင်လည်း ဗိုလ်နေဝင်းက ကိုယ်တိုင်ခေါ်တွေ့ပြီး မင်းဒီဖိုင် တော့ ငါဆီမှာရှိတယ်နော် ဆိုပြီး အဲဒီ တပ်မှူးကြီးများရဲ့အပြစ်အနာအဆာမျိုးစုံ (ထောက်လှမ်းရေးအကူ အညီနဲ့ ရထားတဲ့) ကို မှတ်တမ်းပြုစုထားတဲ့ဖိုင်ကို ပြလွှတ်လိုက်ဆိုပဲ။ အပြစ်အနာ အဆာဆိုရာမှာလည်း နိုင်ငံရေးအမှုမျိုးထက် စီးပွားရေးအမှု၊ လူမှုရေးအမှုတွေကို ပိုအလေးထားပါတယ်။ ဒါမျိုးတွေကသာ လူ တွေကို နိုင်ငံရေးအရ အသေသတ် (Political Assassinatoin နိုင်တာပါ။

၁၉၅၆-၅၇- ခုနှစ်ဖေဖေကို တပ်ကထုတ်ဖို့ ဗိုလ်နေဝင်းအပါ တခြားဆိုရှယ် လစ်တပ်မှူးများ ဝိုင်းစီစဉ်တုန်း က ဗိုလ်နေဝင်းကအဖွဲ့တဖွဲ့ဖွဲ့ပြီး ဖေဖေ့မှာ တခြားကိစ္စများ (ဥပမာ-စီးပွားရေးဆိုင်ရာအမှုများ) ရှိမရှိ စုံစမ်း စစ်ဆေးခိုင်းတာရှိခဲ့ဖူးပါတယ်။ တပ်မှူးကြီးများအနေနဲ့ အထူး လျှို့ဝှက်ရန်ပုံငွေ..ဆိုတဲ့ ခေါင်းစဉ်နဲ့ အသုံး ပြုနိုင်တဲ့ငွေတွေ ရှိပါတယ်။ ဘယ်သူမှ စာရင်းပြစရာမလိုဘဲ သုံးခွင့်ရှိတဲ့ငွေများပါ။ ထောက်လှမ်းရေး၊ တန် ပြန်ထောက်လှမ်းရေး စတာတွေအတွက် သုံးဖို့ပါ။ အဲဒီငွေတွေထဲက ဖေဖေဘာတွေသုံးခဲ့တယ်ဆိုတာကို ပြန်စစ်ဆေးခိုင်းတာပါ။ ဖေဖေက သူ့အဲဒီရန်ပုံငွေကို လက်ဖျားနဲ့ တောင်မတို့ခဲ့ဘဲ သုံးစရာရှိရင် သူ့(I.O.-intelligence officer) ထောက်လှမ်းရေး အရာရှိကိုပဲ ကိုင်ခိုင်းသုံးခိုင်းထားတာဖြစ်လို့ ဘာအမှုမှ ရှာမရခဲ့ပါ ဘူး။ ဗိုလ် နေဝင်းကတော့ အဲဒီလိုရတဲ့ သူ့ရန်ပုံငွေကို ထုတ်ပြီး မြင်းလောင်းပစ်တယ်လို့ကြားဖူးပါတယ်။

မြင်းလောင်းတယ်ဆိုလို့ အကြောင်းအရာတခု ရေးရပါဦးမယ်။

ဖေဖေ တပ်ကထွက်ရပြီး ၁၉၅၇ ဇွန်လ(၂၇) ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖေဖေက ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲအတွင်း အရေးပေါ် လက်နက်ခဲယမ်းမီးကျောက် လိုအပ်လာရင် တနင်္ဂနွေနေ့ လည်း ဖြစ်နေမယ် ဆိုရင် မြင်းပွဲထဲလိုက်ပြီးလက်မှတ် ထိုးခိုင်းရပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒါကြောင့်ပဲ ၁၉၇၆ ခုနှစ် ဇူလိုင်လမှာ ကျွန်မတို့မိသားစု ဗမာပြည် ကွန် မြူနစ်ပါတီသို့ တောခိုလာပြီး နောက် ပြည်သူ့အသံ (၁၀-၈ ၁၉၇၆) က ထုတ် လွှင့်ခဲ့တဲ့ ဖေဖေရဲ့တိုင်းပြည်သို့တင်ပြချက်ထဲမှာ....

....အားလုံးသိကြတဲ့အတိုင်း နေဝင်းအောက်က လက်ရှိစစ်တပ်ကြီးကို စတင် တည်ထောင်ခဲ့တဲ့ ပုဂွိုလ်တွေ ထဲမှာ ကျွန်တော်ဟာ အဓိကပုဂွိုလ်များ အခန်းက ပါခဲ့တဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် အရေးပါဆုံးဖြစ်တဲ့ ဂျပန်တော်လှန် ရေးနဲ့ စစ်ပြီးခေတ်စစ်တပ်သမိုင်းဟာ ကျွန်တာ့်ပုဂွိုလ်ရေးနဲ့ တဆက်တည်း ဖြစ်တယ်။ ဒီတုန်းက ကျွန်တော်သာ နေဝင်းလို ပဒေသရာဇ်မင်းသားတပါးလို အလေလိုက်နေမယ်ဆိုရင် သည်စစ်တပ် နဲ့ တိုင်းပြည်အခြေအနေဟာ ဘယ်လို ဖြစ်လာနိုင်မယ်ဆိုတာတွေးကြည့်နိုင်ပါတယ်။.......(အထက်ပါစာအုပ်၊ နှာ-၃၂၁) လို့ပြောခဲ့တာဖြစ်မှာ။

ဒီလို ဗိုလ်နေဝင်းအကြောင်းကောင်းကောင်းသိထားလို့ ဖေဖေက အလွန် သတိကြီးစွာနေခဲ့တာပါ။ အဲဒီလိုသတိနဲ့နေ နေတာတောင် ပြဿနာကပေါ်လာပါတယ်။ အဖြစ်ကတော့.... ....။

၁၉၆၃ ခုနှစ်- နိုဝင်ဘာ(၂၈)ရက်နေ့က ဖေဖေနဲ့အန်ကယ်ဦးထွန်းတင် တို့နှစ်ယောက် (ဆရာကြီးမှိုင်း မေတ္တာရပ်ခံချက်နဲ့) ကျောင်းသားများ အရေး ဝင်ရောက်ဖြေရှင်းပေးမှုကြောင့် သွေးထွက်သံယိုမရှိဘဲ ပြေ လည်သွားပြီး နောက် ကျွန်မတို့အိမ်မှာ လူစည်ကား လာပါတယ်။ အဲဒီနေ့ညက အဓိပတိ လမ်းမရဲ့တံခါး ပေါက်ကြီးရှေ့မှာ ဖေဖေက အန်ကယ်ဦးထွန်းတင်ရဲ့ မော်ရစ်မိုင်နား ကားလေးပေါ်တက်ပြီး ကျောင်းသား တွေကို တံခါးမကြီးပြန်ဖွင့်ပေးဖို့ မေတ္တာရပ်ခံပြောကြားနေတဲ့ပုံသတင်းစာတွေထဲမှာပါထားတာဖြစ်လို့ သား သမီးတွေပြန်ခေါ်ဖို့ နယ်ကလာကြတဲ့မိဖများက ဖေဖေ့ကို ကျေးဇူးတင်ကြောင်းလာပြောကြဆိုကြတာပါ။

အဲဒီဓာတ်ပုံ သတင်းစာထဲပါလာကတည်းက မဆလအသိုင်းအဝိုင်းမှာ ဗိုလ်ကျော်ဇော နံမည်ကောင်း ဝင်ယူတယ်တို့၊ နိုင်ငံရေး အမြတ်ဝင်ထုတ်တယ်တို့.... ဆိုတဲ့ မခံချိမခံသာပြောဆိုသံတွေရှိနေတာ ကြားရပါ တယ်။

ဒီ့နောက် သောကြာရက်တရက်မှာ ရုံးဆင်းပြန်လာတဲ့ ဆွေမျိုးတဦးရဲ့ပြောပြချက်အရ သိမ်ကြီးဈေး တဝိုက် သတင်းစာဂျာနယ်စတာတွေ လက်ပွေ့ ရောင်းနေတဲ့ကလေးတယောက်က.... “ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရုပ်ရှင်ရိုက်တော့မယ်...”လို့ အော်ပြီး ရောင်းနေတာတွေ့လို့ သူရောင်းနေတဲ့စာစောင် (တပတ် တကြိမ်ထုတ် ဘားမားစတားလို့ မှတ်မိနေပါတယ်။ မသေ ချာပါ။) ဝယ်ပြီး လာပေးသွားပါတယ်။

ဖေဖေလည်း အတော်အံ့အားသင့်ပြီး ဘာအခြေခံအကြောင်းတွေ ရှိနိုင် မလဲဆိုတာ မသေချာသေးတဲ့ အတွက် သတင်းထောက်တွေ လာမေး မြန်းတဲ့ အခါ...မဟုတ်ပါဘူး၊ မရိုက်ပါဘူးဆိုတဲ့ ယေဘုယျငြင်းဆို တာပဲ လုပ်လိုက်ပါ တယ်။

အဲဒီသတင်း ခဏငြိမ်သွားပြီး မကြာမီမှာ ဖေဖေရိုက်မယ့်ရုပ်ရှင်ကား ကန်တော့ပွဲ ပေးတဲ့သတင်း ဓာတ်ပုံ များနဲ့တကွ ထပ်ပြန်ပေါ်လာပါတယ်။ အဲဒီနေ့မှာ သတင်းထောက်တွေက ဖေဖေကမရိုက်ဘူးလို့ ငြင်းဆို ထား ကြောင်းကိုထောက်ပြတော့ ထုတ်လုပ်သူက သူကိုယ်တိုင် ပါစရာမလိုပါ ဘူးဗျာ ....ဆိုတဲ့စကား လွတ်ထွက်လာပါတယ်။

ဒီမှာတင် ဖေဖေရိပ်မိလိုက်ပါပြီ။ ဒါကြောင့် ဖေဖေက ဒီဇင်ဘာ(၃၀) ရက်နေ့မှာ ကြေညာချက်ထုတ် လိုက်ပါတယ်။

(အခုဆောင်းပါးနဲ့အတူ ပူးတွဲတင်ထားတဲ့ သတင်းစာဖြတ်ပိုင်းကိုကြည့်ပါ။)

တကယ်တော့ ဖေဖေ့သတင်းကားတွေ ရှိပါတယ်။ ဗမာပြည်ရဲ့အစောပိုင်းလွတ်လပ်ရေးအခမ်းအနားများမှာ Parade Master-(စစ်ရေးပြ အခမ်းအနားမှူး) လုပ်ခဲ့စဉ်ကစလို့ အင်းစိန်တိုက်ပွဲတွင်း တောင်ငူ တိုက်ပွဲ-မင်း လှမြို့သိမ်းတိုက်ပွဲများအလယ် ၊ နောက်ဆုံးတရုတ်ဖြူ ကျူးကျော် မှုများကို တိုက်ခဲ့တဲ့ ဘုရင့်နောင်-ရန်ကြီး အောင်စစ်ဆင်ရေးများအဆုံး၊ အားလုံး တပ်မတော်မော် ကွန်းရုံးမှာ ရှိပါတယ်။ အဲဒီထဲက အပိုင်းအစများ ကို ထုတ်ပေးပြီး ဖေဖေရုပ်ရှင်ရိုက်တယ် လုပ်ဖို့ စီစဉ်ကြတာပါ။ ဖေဖေက အဲဒီ့အကွက်ကို (သူကိုယ်တိုင် ပါစရာမလိုပါ ဆိုတဲ့စကားကြောင့်) မြင်လိုက်ပြီး ထောက်ပြရှင်းလင်းလိုက်လို့ အဲဒီ အစီအစဉ်ပျက်သွားဟန် ရှိပါတယ်။

ဒီနောက် အဲဒီရုပ်ရှင်သတင်း ဘာမှ မကြားရတော့ပါဘူး။

ထောက်လှမ်းရေးတွေရဲ့နိုင်ငံရေးအရလုပ်ကြံမှုတရပ်ပါပဲ။

နိဂုံးချုပ်အနေနဲ့ကျွန်မ ဒီအချိန်(၂၀၁၇-ဇူလိုင်လမှာ) ဒီဆောင်းပါးရေးရတဲ့ အကြောင်းပြောပြချင်ပါတယ်။

တကယ်တော့ ကျွန်မအနေနဲ့ ပြန်ဖြေရှင်းခွင့်မရှိတော့တဲ့ (သို့မဟုတ်) ကွယ် လွန်ပြီးသူများရဲ့အကြောင်း (အထူးသဖြင့်အပြစ်အနာအဆာများ)ကို မရေးချင် လှပါဘူး။ ဒါပေမဲ့ တချို့ပုဂွိုလ်များရဲ့သမိုင်းကြောင်းများ ဟာ တိုင်းပြည်တပြည်ရဲ့လူမျိုးတမျိုးရဲ့(တခါတရံ တပြည် တမျိုးတောင် မကပါ) ကံကြမ္မာများနဲ့ တဆက်တစပ်တည်း ဖြစ်နေတတ်ပါတယ်။ တချို့သူများဟာ ကွယ်လွန် ပြီးတာတောင် ကျိန်စာတိုက်ထားခဲ့ သလို သူတို့ရဲ့ဖောက်ပြန်တဲ့ (သို့မဟုတ်) ပြည်သူလူထုအကျိုးစီးပွားကို ဆန့်ကျင်တဲ့အတွေးအခေါ်တွေ ကျန် နေစေခဲ့ပါတယ်။ ဒါတွေကို ကင်းစင်အောင်လုပ်နိုင်ဖို့ဆိုရင် ဒီအတွေးအခေါ်တွေရဲ့ အရင်းအမြစ်တွေ ကို သိရှိတူးဖော်ပစ်နိုင်မှ ဖြစ်မှာပါ။ တချို့သူများဟာ သမိုင်း ဆိုင်ရာပြဿနာများအတွက်(ယူတတ်ရင်) အဆိုးဘက်ကပေးတဲ့ သင်ခန်းစာ (negative example) များ ဖြစ်တတ်ပါတယ်။

ကနေ့ ဗမာပြည်ကြီးရဲ့ ဒုက္ခအဖုံဖုံဟာ ဗိုလ်နေဝင်းတည်ထောင်ခဲ့တဲ့ စစ်အာ ဏာရှင်စနစ်ကြီးကြောင့်ဖြစ်ပါ တယ်။ ဒါကို စစ်မျိုးဆက်အဆက်ဆက်က နည်းသဏ္ဌာန်ပေါင်းစုံနဲ့ထိမ်းသိမ်းကာကွယ်ထားရာမှာ နောက် ဆုံးခံတပ်အဖြစ်၂၀၀၈ ဖွဲ့စည်းပုံအထိ ရောက်လာနေပါတယ်။ စစ်တပ်အနေနဲ့ အမျိုးသား နိုင်ငံရေးရဲ့ ဦးဆောင်မှုအခန်းမှာနေရမယ်ဆိုတဲ့ကျိန်စာခံယူချက်နဲ့ ဘာကိစ္စမှ အထိခိုက်မခံနိုင်ဖြစ်နေတာ တွေ့ရပါ တယ်။

ဗမာပြည်သူတွေအနေနဲ့ကလည်း (ပြည်သူလူထုရဲ့တခဲနက် ထောက်ခံချက်နဲ့ တက်လာတဲ့ ဒီချုပ် အစိုးရအပါ) ဒီ၂၀၀၈-ဖွဲ့စည်းပုံအောက်မှာ တိုင်း ပြည် ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ် ပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်ဖြစ် ဘယ်လိုမှ ရှေ့ဆက်လို့မရနိုင်ကြောင်း လက်တွေ့အရမြင်လာနေကြပါပြီ။

ဒါ့ကြောင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဗမာပြည်ကြီးကို ချစ်မြတ်နိုးသူ အားလုံးရဲ့သမိုင်းပေးတာဝန် ဖြစ်လာနေပါတယ်။ ဒီအထဲမှာ တိုင်းပြည်ကို ငါတို့အချစ်ဆုံး၊ ငါတို့အနစ်နာအခံဆုံး လို့ အမြဲကြွေးကြော်ခဲ့ တဲ့ တပ်မတော် သားများအပါပါ။

တကယ်တော့ ဒီစစ်အာဏာရှင်စနစ်ကြီးရဲ့ဒုက္ခကိုခံရသူတွေထဲ နစ်နာသူ တွေထဲမှာ တပ်မတော်သားများ (အထူးသဖြင့်အောက်ခြေတန်းများ)လည်း ပါဝင်ပါတယ်။ အဲဒီကျိန်စာအောက်က ရုန်းထွက်တဲ့တိုက်ပွဲ အတွင်း ပြည်သူများနဲ့ ပူးပေါင်းပါဝင်ကြပါလို့လည်း တောင်းဆိုချင်ပါတယ်။

ပြည်သူသာအမိ ပြည်သူသာအဖ.... လို့သဘောထားကြပါ။

အခု ၂၁ ရာစုဟာကမ္ဘာမှုပြုခေတ်ပါ။ သတင်းမှောင်ချပြီး ပြည်သူတွေကို လိမ်ချင်တိုင်းလိမ်လို့ရတဲ့၂၀ ရာစုစစ်အေးခေတ်မဟုတ်တော့ပါဘူး။

ဖေဖေကတော့ ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ ဒီမိုကရေစီမပေးကြပါဘူး...လို့ တွေ့ဆုံ မေးမြန်းခန်းတခုမှာ ပြောခဲ့ဖူးပါတယ်။

ကာချုပ်ပြောသလို ပါတီစုံဒီမိုကရေစီထူထောင်ရေးမှာ တတပ်တအား ပါဝင်နေပါတယ်ဆိုရင် လက်တွေ့ လုပ်ဟန်ကလေး တခု နှစ်ခု လောက်ပြပါလား။ ဥပမာ- “တတိုင်းတပြည်လုံးနဲ့ တိုင်းရင်းသားပေါင်းစုံ ပြည်သူတရပ်လုံးက လိုချင်နေတဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးမှာ မိမိဘက်က တာဝန်ရှိ နေတဲ့အလျောက် ပိုမိုတာဝန်ယူစိတ်ရှိစွာ သဘောထားကြီးကြီး ထားပြတာမျိုးပေါ့၊ ပျော့ပျောင်းပြတာမျိုးပေါ့။ အပြောနဲ့ လက်တွေ့ညီပါစေ ကြောင်း ဆန္ဒပြုလိုက်ရပါတယ်။”

ဒီစေတနာ အပေါ်အရင်းခံပြီး ဒီဆောင်းပါးကိုရေးပါတယ်။

လှကျာ်ဇော


၂၂-၇-၂၀၁၇။

Comments