စိုးသန်းကျော်-ဗမာပြည်ကျောင်းသားလှုပ်ရှားမှု၊ကျောင်းသားများအရေးတော်ပုံစာအုပ်နဲ့ သခင်ဘဟိန်းရဲ့အခန်းကဏ္ဍ

စိုးသန်းကျော် ● ဗမာပြည်ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားများအရေးတော်ပုံစာအုပ်နဲ့ သခင်ဘဟိန်းရဲ့အခန်းကဏ္ဍ
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၇


(၁)
ဗမာပြည်ကျောင်းသားလှုပ်ရှားမှုကိုစပြောရမယ်ဆိုရင် ဗမာပြည်ကို ကိုလိုနီပညာရေး စတင်ဝင်ရောက်ခဲ့တဲ့ အချိန်ကစပြောရမှာပါ။ ကိုလိုနီခေတ်ပညာရေးစတင်ခဲ့တဲ့အချိန်က အင်္ဂလိပ်မြန်မာတတိယစစ်ပွဲမစခင် ကာလ (၁၈၈၄) ခုနှစ်မှာ အင်္ဂလိပ်တို့သိမ်းထားတဲ့ အောက်ဗမာပြည်မှာ စတင်ခဲ့တာပါ။ စတင်ခဲ့ပုံက ကာလကတ္တားတက္ကသိုလ်ရဲ့လက်အောက်ခံ ရန်ကုန်ကောလိပ်ဆိုတာကို စတင်ဖွင့်လှစ်ခဲ့ပြီး အက်ဖ်အေ (င်္ငမျအ ဗမအ) လို့ခေါ်တဲ့ သင်တန်းတွေနဲ့ စခဲ့တာပါ။

ဗြိတိသျှအစိုးရရဲ့ မြန်မာနိုင်ငံမှာစတင်ခဲ့တဲ့ပညာရေးဟာ တကယ်တော့ ၁၈၃၅ ခုနှစ် အိန္ဒိယမှာ မက္ကောလေးဆိုသူတင်သွင်းတဲ့ ပညာရေးအစီရင်ခံစာအပေါ်အခြေခံခဲ့တဲ့ ပညာရေးစနစ်ပါ။ သူ့အစီရင်ခံစာရဲ့အချုပ်က-
(၁) အရှေ့တိုင်းပညာရပ်နဲ့စာပေကို ချီးမြှောက်ရမယ့်နေရာမှာ အနောက်တိုင်းအင်္ဂလိပ်စာကို အားပေး ချီးမြှောက်ဖို့။

(၂) အင်္ဂလိပ်ဘာသာစာပေကို သင်ကြားမှုရဲ့မဏ္ဍိုင်အဖြစ်အသုံးပြုဖို့နဲ့...

(၃) အသားအရောင်ညိုပေမယ့် အင်္ဂလိပ်စာပေတတ်တွေများလာပြီး အင်္ဂလိပ်လိုတွေး၊ အင်္ဂလိပ် စိတ်ဓာတ်ပေါက်နေတဲ့ လူ့အလွှာတရပ်ကိုမွေးထုတ်ဖို့၊ အဲဒီလူ့အလွှာက အုပ်စိုးသူအင်္ဂလိပ်အစိုးရနဲ့ ကျွန် ဖြစ်နေတဲ့ ဗမာပြည်သူတွေကြားမှာ ပေါင်းကူးတံတားလို ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ပေးဖို့ပါ။

ချုပ်ပြီးပြောရရင် မက္ကောလေးရဲ့အစီရင်ခံစာဟာ မြန်မာနိုင်ငံကို ကျွန်သက်ရှည်အောင် အဓိကထား ရေးဆွဲခဲ့တဲ့ ပညာရေးစနစ်ပါ။ ဒီလိုနဲ့စတင်ခဲ့တဲ့ကိုလိုနီပညာရေးဟာ ဗြိတိသျှတို့ ဗမာပြည်တပြည်လုံးကို သိမ်းပိုက်ပြီးနောက်ပိုင်း (၁၉၁ဝ)ခုနှစ်ကစလို့ အစဉ်အလာအရ ရှိခဲ့တဲ့ ဘုန်းကြီးကျောင်းပညာရေးနေရာ အားလုံးကို လောကဓာတ်ကျောင်းတွေနဲ့ အစားထိုး နေရာယူခဲ့ကြတာဖြစ်ပါတယ်။

(၂)
အဲဒီကိုလိုနီခေတ်မှာစတင်ခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေး ကနဦးကျောင်းသားလှုပ်ရှားမှုဟာ ၁၉ဝ၃ ခုနှစ်မှာ စတင်ခဲ့တာပါ။ ရန်ကုန်ဟိုက် စကူးကျောင်းကကျောင်းသားတွေကို အစိုးရက ရှိခိုးခိုင်းတာနဲ့ပတ်သက်ပြီး စခဲ့တယ်လို့ဆိုရပါမယ်။ မြန်မာရာဇဝင်ရေးဆရာ မစ္စတာကော့ဆိုသူက ရန်ကုန်ဟိုက်စကူး ကျောင်းသား တွေကို ပညာရေးဌာနက အရာရှိတွေကို ရှိခိုးအရိုအသေပေးဖို့ စတင်အမိန့် ပေးစမ်းသပ်ခဲ့တာပါ။

ပထမဆုံး ဒါကိုမကျေနပ်ကြတဲ့ ရန်ကုန်ဟိုက်စကူးကျောင်းသားတွေ ဒီအမိန့်ကိုလက်မခံနိုင်ပဲ ကန့်ကွက် လှုံ့ဆော်ကြဖို့ စုဝေးဆွေးနွေးကြ ပါတယ်။ စုကြတဲ့နေရာ အခု ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးနေရာမှာပါ။ မူလက အဲဒီနေရာဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နေရာပါ။ နောက်တော့ ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေကပါ မကျေနပ်ဖြစ်လာတာကြောင့် ဝိတိုရိယ ဟောလ် (ခေါ်) လျှော်တန်းရုံ၊ အခု (ဃနညအမေူံသအနူ) နေရာမှာ အစည်းအဝေးကျင်းပပြီး ကန့်ကွက် ခဲ့တာကြောင့် အဲဒီရှိခိုးဖို့အမိန့်က ဖျက်သိမ်းပစ်ခဲ့ ရပါတယ်။ ဒါဟာ ပထမဆုံးလို့ဆိုရမယ့် ကိုလို နီနယ်ချဲ့ဆန့်ကျင်ရေးကျောင်းသားလှုပ်ရှားမှုဖြစ်ပါတယ်။

တကယ်တော့ ကိုလိုနီပညာရေးစနစ်က ပညာရှင်တွေ၊ သိပ္ပံပါရဂူတွေ၊ အင်ဂျင်နီယာတွေ၊ ဗိသု ကာဆရာတွေ အစရှိတဲ့ လူ့အဖွဲ့အစည်းကိုအကျိုးပြုမယ့် ပညာတတ်တွေကို မွေးထုတ်ပေးဖို့မဟုတ်ပါဘူး။ ဒီလိုပညာရှင်ပညာတတ်တွေကို မပေါက်ဖွားအောင်၊ မပေါ်ပေါက်အောင်တားဆီးဖို့ပါ။ သူတို့ ကိုလိုနီ ယန္တရားလည်ပတ်ဖို့အတွက်အသုံးချဖို့သက်သက်ပါ။ ဒါကြောင့် ရုံးလုပ်ငန်း၊ မြေတိုင်း၊ အောက်တန်း ရှေ့နေ ကျောင်းဆရာ စတဲ့လုပ်ငန်းမျိုးတွေကို လုပ်ခနည်းနည်းနဲ့ခိုင်းပြီး ဗမာစင်စစ်ကနေအင်္ဂလိပ်စိတ် ပေါက်အောင်နဲ့ အမျိုးသား အားမာန်ယုတ်လျော့ပျက်ပြားစေဖို့အတွက်သာ အဓိကရည်ရွယ်ရင်း ရှိခဲ့တာပါ။

ဒီနေရာမှာ ဗမာအမျိုးသားကျောင်းသားတွေဟာ အင်္ဂလိပ်အစိုးရရဲ့ မူလကရည်ရွယ် ချက်နဲ့ကွဲလွဲ စွာပဲ အင်္ဂလိပ်စာတတမာက်မှုနဲ့ ပြင်ပကမ္ဘာရဲ့တိုးတက်ပြောင်းလဲနေတဲ့ အခြေအနေတခုလုံး လှမ်းမျှော် ကြည့်နိုင်ခဲ့တာပါ။ ပြင်ပကမ္ဘာနဲ့ဆက်စပ်ဖို့၊ ကမ္ဘာမှာ ဗမာကိုထင်ရှားစေဖို့ မျိုးချစ်စိတ်ဓာတ်ကိန်းအောင်းခဲ့ တာလည်း အကျိုးပြုချက်တခုဖြစ်တယ်လို့ဆိုရပါမယ်။ ဗမာပြည်ကျွန်သက်ရှည်ဖို့အတွက် ပြဋ္ဌာန်းလိုက်တဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေကို စတင်သပိတ်မှောက်ခဲ့တဲ့၊ (၁၉၂ဝ) ပထမကျောင်းသားသပိတ်ဟာ ကိုလိုနီ ပညာရေးကို ဆန့်ကျင် သပိတ်မှောက်ခဲ့တဲ့ကိစ္စတခုတည်းမဟုတ်ပဲ၊ ဗမာတမျိုးသားလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေး လှုပ်ရှားမှု ကြီးလည်းဖြစ်ခဲ့ပါတယ်။

ငုပ်လျှိုးနေတဲ့နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကိုထုတ်ဖော်နိုးကြားအောင် ဆောင်ရွက်ပေးနိုင်တဲ့ပထမဦး ဆုံးသောကျောင်းသားသပိတ် ကြီးလည်း ဖြစ်ပါတယ်။ ဒီသပိတ်ကြီးကို အဲဒီအချိန်က တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေက ထောက်ခံသပိတ်မှောက်ခဲ့သလို ပြည်သူ တရပ်လုံးက ထောက်ခံခဲ့တဲ့အထိ ကြီးကျယ် ခဲ့ပါတယ်။

ဒီသပိတ်ကြီးရဲ့အကျိုးဆက်ကြောင့် ကရက်ဒေါက်စီမံကိန်းနဲ့ မြန်မာနိုင်ငံကိုအုပ်ချုပ်မဲ့အစီအမံဟာ (၁၉၂ဝ) ပထမကျောင်းသား သပိတ်ကြောင့်ပျက်ခဲ့ရပြီး မူလဝိုင်အမ်ဘီအေရဲ့ ခေါင်းဆောင်မှုနဲ့တောင်းဆိုခဲ့ တဲ့ ဒိုင်အာခီကို အင်္ဂလိပ်ကပေးခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်က (၁၉၂ဝ) ပထမကျောင်းသားသပိတ်ရဲ့ အရှိန် နဲ့ လူထုရဲ့အမျိုးသားရေးနိုးကြားလှုပ်ရှားမှုရဲ့ တောင်းဆိုချက်ကတော့ ဒိုင်အာခီနဲ့ မလုံလောက်တော့ ပါဘူး။ ဟုမ္မရူးလို့ ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုဖို့ဖြစ်လာပါပြီ။ အင်္ဂလိပ်က ဒိုင်အာခီပေးလိုက်လို့ လက်ခံခဲ့ တာကြောင့် ဗမာအမျိုးသားတို့ရဲ့ ဂျီစီဘီအေလို့ခေါ်တဲ့အဖွဲ့ချုပ်ကြီး ပြိုကွဲခဲ့ရပါတယ်။

နာက်အကျိုးပြုချက်ကတော့ ပထမကျောင်းသားသပိတ်ကြီးကြောင့် တနိုင်ငံလုံးမှာ အမျိုးသား ကျောင်းတွေပေါ်လာခဲ့ပြီး အဲဒီအမျိုးသားကျောင်းတွေမှာ ကျောင်းဆရာအလုပ် လုပ်ခဲ့သူတွေ၊ အမျိုးသား ကျောင်းမှာကျောင်းတက်ခဲ့သူအမျိုးသားကျောင်းထွက်တွေဟာ နောင်(၁၉၃၆)ဒုတိယကျောင်းသားသပိတ်၊ တို့ဗမာအစည်းအရုံးနဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံကိုခေါင်းဆောင်ပြီး လွတ်လပ်ရေးကိုတိုက်ယူပေးမယ့် သခင်ဘဟိန်း၊ သခင်အောင်ဆန်းတို့လို ခေါင်းဆောင်မျိုးဆက်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီနေရာမှ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်လာမှု အကြောင်းနဲ့အတူ ဗမာပြည်ကျောင်းသားလှုပ်ရှားမှုကြီးတခုလုံးဖြစ်စဉ် သမိုင်းကြောင်းကို မတင်ပြတော့ပဲ ကျောင်းသားလှုပ်ရှားမှုရဲ့အရေးကြီးတဲ့နိုင်ငံရေးဆန်တဲ့အချိုးအကွေ့နဲ့ သခင်ဘဟိန်း ရေးခဲ့တဲ့ ကျောင်းသားအရေးတော်ပုံစာအုပ်ရဲ့အရေးပါဝင်မှု သခင်ဘဟိန်းရဲ့ခေါင်းဆောင်မှု ကဏ္ဍကိုပဲ ဆက်လက်တင် ပြသွားပါမယ်။

(၃)
 သခင်ဘဟိန်းဟာ အမျိုးသားကျောင်းတွေက မွေးထုတ်ပေးခဲ့တဲ့ခေါင်းဆောင်တဦးပါ။ ၁၉၃၈ ခုနှစ် မှာ ဗမာပြည်ကျောင်းသားလှုပ် ရှားမှုကို သူခေါင်းဆောင်ရတဲ့အချိန်မှာ နိုင်ငံရေးအမြင်သမိုင်းရေးအမြင်နဲ့ ချဉ်းကပ်ထား၊ ရှုမြင်ထားတဲ့ ကျောင်းသားလှုပ်ရှားမှုအကြောင်း ကို ပထမဆုံးရေးခဲ့သူဖြစ်ပါတယ်။
အဲဒီစာအုပ်က ကျောင်းသားများအရေးတော်ပုံစာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ကိုလိုနီနယ်ချဲ့ဆန့်ကျင် ရေး ခေတ်ကနေ နောင်ခေတ်အဆက်ဆက်ကျောင်းသားလှုပ်ရှားမှုတွေအထိပါ နိုင်ငံရေးအရ ရှင်းလင်းစွာနဲ့ အဓိပ္ပာယ်ဖွင့်ဆို ပေးတဲ့စာအုပ်လို့ ဆိုရပါတယ်။

ဗမာပြည်လွတ်လပ်ရေးသမိုင်း၊ အမျိုးသားလွတ်မြောက်လှုပ်ရှားမှုတိုင်းမှာ ကျောင်းသားလှုပ်ရှားမှု ဟာ ဘယ်တုန်းကမှ သူ့ဘာသာသူ သီးခြားကင်းကွာပြီး လှုပ်ရှားနေတာမဟုတ်ပါဘူး။ အဆင့်အသီးသီးနဲ့ ကာလအသီးသီးမှာ ဗမာပြည်အမျိုးသားလှုပ်ရှားမှုနဲ့ ဆက်စပ် နေတဲ့ အပြန်အလှန်သက်ရောက်နေတဲ့ ပါဝင် ပေါင်းစပ်နေတဲ့အစိတ်အပိုင်းကြီးတရပ် ဖြစ်ခဲ့ပါတယ်။ 

သခင်ဘဟိန်းရေးသားခဲ့တဲ့ ကျောင်းသားအရေးတော်ပုံစာအုပ်ဟာ ၁၉၂ဝ ပထမ ကျောင်းသား သပိတ်ကြီးကစပြီး ၁၃ဝဝ ပြည့်အရေးတော်ပုံနောက်ပိုင်းကာလအထိကို ပြည် တွင်းနိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာအခြေအနေပေါ်က ကျောင်းသားသပိတ်တိုက်ပွဲ ဘာ့ကြောင့်ဖြစ်ရတယ်၊ဘာ့ကြောင့်အောင်မြင် သင့်သလောက် မအောင်မြင်ရတယ်၊ အဲဒီကာလတွေရဲ့ကျောင်းသားတွေနိုင်ငံရေးနိုးကြားမှုနဲ့ အဆင့်တိုင်း၊ သပိတ်တိုက်ပွဲတိုင်းမှာ နိုင်ငံရေးအဆင့် ဘယ်လောက်မြင့်မားလာတယ်ဆိုတာတွေကို အခိုင်အမာဖွင့်ဆို ရှင်းပြထားခဲ့ပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံးအချက်တချက်ကိုထုတ်ပြလိုတာကတော့ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂ တည်ရှိရေး၊ မရှိရေးနဲ့ ကျောင်းသားတွေ နိုင်ငံရေးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား၊ ကျောင်းသားဟာ ကျောင်းသားရေးသက်သက်ကိုသာ လုပ်သင့်တယ်လို့ ပြောဆိုမှုတွေဟာ ဘယ်သူတွေက ပြောတာလဲ ဘယ်သူ့ဘက်ကပြောဆိုမှုတွေလဲဆိုတာကို သခင်ဘဟိန်းက ကျောင်းသားများအရေး တော်ပုံစာအုပ်မှာ ရှင်းလင်းရေးသားထားခဲ့ပါတယ်။ ဒီနေရာမှာ သခင်ဘဟိန်းစာအုပ်မှ ကိုးကားချက်ကို ထုတ်နှုတ် တင်ပြရ ရင်...

''နိုင်ငံရေးကိုကြောက်စရာ၊ မသတီစရာ ဆေးခြယ်ပြီး ကျောင်းသားများကို ခြောက်လှန့် လေ့ရှိ သည်မှာ နယ်ချဲ့သမားများ၏ ယုတ်ပတ်သောအကျင့်တခုဖြစ်လေသည်။ နယ်ချဲ့သမားများ၏စားကြွင်းစားကျန်ဖြင့် အသက်ရှင်နေကြသော လက်ပါးစေများကလည်း ကျောင်းသား များနိုင်ငံရေးနှင့်မဆိုင်ဟုယောင်ဝါး၍ စကားပစ်သံကို မကြာခဏကြားရလေသည်။ နယ်ချဲ့သမားတို့က ကျောင်းသားများနိုင်ငံရေးထဲဝင်လာသည်ကိုကြောက်လန့်ကြခြင်းကိုထောက်သဖြင့် ကျောင်းသားများသည် နယ်ချဲ့စနစ်သုတ်သင်ရေးတွင် မည်မျှအရေးပါ အရာရောက်သည်ကို ချင့်ချိန်နိုင်ပေမည်'' လို့ ဆိုထားခဲ့ပါ တယ်။
ဒီအချက်ဟာ ကျောင်းသားတွေရဲ့လက်တွေ့ နိုင်ငံရေးအလုပ်တာဝန်တွေက ဘယ်လိုတွေ ဖြစ်တယ်ဆိုတာ ကို ဗမာပြည်ကျောင်းသားလှုပ်ရှားမှုကို တာဝန်ခံသူတယောက်အနေနဲ့ လက်တွေ့တိုက်ပွဲတွေရဲ့တောင်းဆိုချက်ပေါ်ကနေ ထောက်ပြညွန်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။
ဗမာပြည်ကျောင်းသားလှုပ်ရှားမှုရဲ့နောက်တဆင့်ပြောင်းလဲသွားတဲ့လှုပ်ရှားမှုဟာ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်ကြီးပါ။ ဒီ ဒုတိယကျောင်းသားသပိတ်ကြီးဟာ ၁၉၂ဝ ခုနှစ် ပထမ ကျောင်းသပိတ်ကြီး ရဲ့ မပြီးသေးတဲ့နိုင်ငံရေးတာဝန် ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်ခဲ့တဲ့ သပိတ်ပါ။
ဒီသပိတ်ကြီးရဲ့အဆုံးသတ်တိုက်ပွဲဟာ အောင်မြင်မှုမရခဲ့သော်လည်းပဲ၊ ကြီးမားတဲ့အကျိုးပြု ချက်(၃)ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ပထမ အကျိုးပြုချက်တခုက ၁၉၃၆ ခုနှစ် မေလ ရန်ကုန်မြို့ ဂျူဗလီဟော (အခု စစ် သမိုင်းပြတိုက်) နေရာမှာကျင်းပခဲ့တဲ့ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားကွန်ဖရင့်မှာ ဗမာ ပြည်အရပ်ရပ်က သပိတ်မှောက်ကျောင်းသားတွေဟာ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားများသမဂ္ဂ ဗကသလို့ခေါ်တဲ့ ကျောင်းသားတပ်ပေါင်းစုကြီး ဖွဲ့စည်းတည်ထောင်လိုက်နိုင် ခြင်းပဲဖြစ်ပါတယ်။

ဒုတိယအကျိုးပြုချက်တခုက ကျောင်းသားသပိတ်တိုက်ပွဲဟာ ပညာရေးလွတ်လပ်ခွင့်တိုက်ပွဲနဲ့ တင်မဟုတ် ဘဲ နိုင်ငံရေးနိုးကြားမှုပါလိုအပ်တယ်ဆိုတာရယ်၊ တတိယအကျိုးပြုချက်က တို့ဗမာအစည်းအရုံးနဲ့ ကျောင်း သားလှုပ်ရှားမှုတို့ အဲ့ဒီအချိန်ကစပြီး နီးကပ်စွာ ပူးပေါင်းဖို့ စတင်ဆောင် ရွက်နိုင်ခြင်းပဲဖြစ်ပါတယ်။

(၄)
၁၉၃၈ ခုနှစ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂကို သခင်ဘဟိန်းဥက္ကဋ္ဌလုပ်ပြီး ခေါင်း ဆောင်မှုပေးခဲ့တဲ့အချိန်ဟာ ဗမာပြည်ကျောင်းသားလှုပ်ရှားမှုက လုံးဝတဆစ်ချိုး ပြောင်းသွားတဲ့အချိန်နဲ့ ကာလလို့ ဆိုရပါမယ်။

တိုက်ပွဲအဆင့်ဆင့်အမျိုးမျိုးနဲ့ရုန်းကန်းကျော်ဖြတ်လာခဲ့တဲ့ကျောင်းသားသမဂ္ဂနဲ့ကျောင်းသား လှုပ်ရှားမှုဟာ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ ရှေ့တန်းကပါဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့အခြေအနေတခုကိုရောက် နေပြီလို့ သခင်ဘဟိန်းရဲ့ကျောင်းသားများအရေးတော်ပုံစာအုပ်မှာ သုံးသပ်ပြထားခဲ့ပါတယ်။

ဒီနေရာမှာ သူ့ရဲ့ခေါင်းဆောင်မှုကအရေးကြီးတယ်ဆိုတာသိနိုင်ဖို့က လွတ်လွပ်ရေး တိုက်ပွဲနဲ့နီး ကပ်ဖို့အခြေအနေတွေ ရင့်မှည့်နေတယ်ဆိုပေမယ့်လည်း၊ ဒီအခြေအနေကိုဆုပ်ကိုင်ပြီး ပြောင်းလဲပေးနိုင် မယ့်ခေါင်းဆောင်မရှိရင်တော့ လွတ်လပ်ရေးတိုက်ပွဲလမ်းကြောင်း လမ်းလွဲသွားနိုင်ပါတယ်။ ဒီအခြေအနေ ကို သခင်ဘဟိန်းက ဆုပ်ကိုင်ပြောင်းလဲနိုင်ခဲ့သူ ဖြစ်ပါတယ်။

သခင်ဘဟိန်းကိုယ်တိုင်နဲ့ သူခေါင်းဆောင်ခဲ့တဲ့ကျောင်းသားလှုပ်ရှားမှုဟာ အဲဒီအချိန်နဲ့ ခေတ် ကာလမှာ ကြီးမားကျယ်ပြန့်လှတဲ့ သမိုင်းရေးအလှည့်အပြောင်း(၅)ခုကို ထမ်းဆောင်နိုင်ခဲ့ပါတယ်။

ပထမသမိုင်းရေးအလှည့်အပြောင်းက ဗမာပြည်ကျောင်းသားလှုပ်ရှားမှုကိုနိုင်ငံတကာ ကျောင်း သားလှုပ်ရှားမှုနဲ့ ဆက်စပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗမာပြည်ကျောင်းသားလှုပ်ရှားမှုဟာ သူ့ဟာသူ သီးခြား ကင်းလွတ်တည်ရှိနေတာမဟုတ်ဘဲနဲ့ လွတ်လပ်မှုနဲ့ယဉ်ကျေးမှုများကိုအရင်းခံပြီးတည်ထောင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအသင်းကြီးရဲ့ အစိတ် အပိုင်းတခုအဖြစ်မှတ်ယူပြီး ချိတ်ဆက် ဆောင်ရွက်ထားနိုင်ခဲ့တာပါ။ အဲဒီအချိန်က ကမ္ဘာလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂကြီးဟာ ပြင်သစ်နိုင်ငံ ပါရီ မြို့မှာ ရှိတာဖြစ်ပါတယ်။ အဲဒီကာလကတည်းက ဗမာပြည်ကျောင်းသားကိုယ်စားလှယ်တွေကို စေလွှတ်ခဲ့ တာဖြစ်ပါတယ်။

ဒုတိယသမိုင်းရေးအလှည့်အပြောင်းက နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ လမ်းကြောင်းပေါ်ကို ကျောင်း သားလှုပ်ရှားမှုကို ပြောင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အစဉ်အလာကောင်း ကောင်း အဆင့်ဆင့်ရုန်းကန်ကျော်ဖြတ်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကခေါင်းဆောင်မှုပေးခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို ၁၉၃၈ ခုနှစ် ၁၃ဝဝ ပြည့်လူထုအရေးတော်ပုံကြီးနဲ့ ပေါင်းစပ်ပေးခဲ့ တာဖြစ်ပါတယ်။ တနည်းပြောရရင် တို့ဗမာအစည်းအရုံးရဲ့ခေါင်းဆောင်မှုနဲ့ အင်္ဂလိပ်နယ်ချဲ့သမားကို ဥပဒေတွင်း လက်တွေ့လူထု တိုက်ပွဲနဲ့ ပေါင်းစပ်ပေးခဲ့တာဖြစ်ပါတယ်။

တတိယသမိုင်းရေးအလှည့်အပြောင်းတခုက ကျောင်းသားလှုပ်ရှားမှုကို လူတန်းစားအမြင်၊ လူ တန်းစားတိုက်ပွဲနဲ့ချိတ်ဆက်ပေးနိုင် ခဲ့တာဖြစ်ပါတယ်။ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဖိနှိပ်ခံပြည်သူတို့ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတရပ်လိုအပ်တယ်ဆိုတဲ့သိမြင်မှုပေါ်လာ ခြင်းဟာ၊ အရေးကြီးတဲ့နိုင်ငံရေး ပန္နက် တိုင်စိုက်ထူထားနိုင်မှုပါ။

အမျိုးသားလွတ်မြောက်ရေး(ခေါ်)အမျိုးသားဒီမိုကရေစီတော်လှန်ရေးမှာ မှန်ကန်တဲ့အတွေး အခေါ်နဲ့ မှန်ကန်တဲ့လမ်းစဉ်တွေရှိပြီး သံ မဏိစည်းကမ်းကိုလိုက်နာကျင့်သုံးတဲ့၊ ခေတ်မီ အလုပ်သမားလူတန်းစား ပါတီတရပ်ကို သခင်ဘဟိန်းကိုယ်တိုင်ဦးဆောင်ပြီး ဖွဲ့စည်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖွဲ့စည်းတည်ထောင်စည်းရုံးတဲ့အခါမှာလည်း နိုင်ငံရေးအရ အဆင့်တခုကို ကူးပြောင်း နားလည် လက်ခံနိုင်တဲ့ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျောင်းသားအစုခေါင်းဆောင်တွေ ကျောရိုးမဏ္ဍိုင်ပြုပြီး ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်။

စတုတ္ထသမိုင်းရေးအလှည့်အပြောင်းက အဲဒီကျောင်းသားတိုက်ပွဲနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်ပေး ပြီး၊ အဆုံးအဖြတ်တိုက်ပွဲကိုတိုက်ယူရမည့် လက်နက်ကိုင်အင်အားစု မွေးထုတ်ရယူပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရက ဗမာပြည်ကိုသိမ်းပိုက်ပြီးချိန်မှာ (၆) လက်မအရွယ် ဓားမြှောင်ကိုကိုင်ဆောင်ရင်တောင် လက်နက်ကိုင်ဆောင်မှုနဲ့ ဥပဒေအရအရေးယူခံရမယ်လို့ထုတ်ပြန်ထားတဲ့အချိန်မှာ လက်နက်ကိုင်ပြီး တော် လှန်ဖို့ စဉ်းစားအားထုတ်မှုဟာ ကြီးမားသောလှည့်ပြောင်းမှုတခုပါ။ ဗမာပြည်ပထမဆုံးမျိုးချစ် လက်နက် ကိုင်တပ်ဆိုတာ ကျောင်းသားသမဂ္ဂမှာသန္ဓေတည်ပြီး တိုက်ပွဲစဉ်တွေက ပေါ်ထွက်လာခဲ့တဲ့ ကျောင်းသား ပညာတတ်အင်အားစုတွေစုစည်းပြီး လက်နက်ကိုင်အမြုတေဖွဲ့ စည်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံးဗမာ့တပ်မတော်ရဲ့အစလို့ပြောရမယ့် ရဲဘော်သုံးကျိပ်မှာ ကျောင်းသားသပိတ်ကိုခေါင်းဆောင်ခဲ့ တဲ့သူတွေနဲ့ ကျောင်းသားရဲဘော် (၁ဝ)ဦးကိုအခြေပြု ပါဝင်ဖွဲ့စည်းထူထောင်ထားခဲ့တာဖြစ်ပါတယ်။

ပဉ္စမသမိုင်းရေးအလှည့်အပြောင်းက သခင်ဘဟိန်းကိုယ်တိုင်ပါဝင်ပြီး ကျောင်းသားလှုပ်ရှားမှုအမြင့် ဆုံးအစုအဖွဲ့တွေကို စုစည်း ခါင်းဆောင်ကာ ကျောင်းသားလှုပ်ရှားမှုကို အမျိုးသားလွတ်မြောက်ရေး လက် နက်ကိုင်တိုက်ပွဲနဲ့ပေါင်းစပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလိပ်နယ်ချဲ့တိုက်ထုတ်ရေး၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်တော်လှန်ရေးတွေမှာ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခေါင်းဆောင်ခဲ့ကြသူတွေ ကို နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်တပ်ဆင်ပေးပြီး လက်နက်ကိုင်တိုက်ပွဲကို လက်တွေ့ပေါင်းစပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဗမာပြည်ရဲ့စစ်မြေ ပြင်မှာ လူထုနဲ့အတူပြောက်ကျားစစ်နဲ့ ပြည်သူ့စစ်အမြင်ကိုစိုက်ထူပြီး လက်နက်ကိုင် တိုက်ပွဲကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဖော်ပြပါ သမိုင်းရေးအလှည့်အပြောင်း(၅)ခုဟာ နောင်ဗမာပြည်ကျောင်းသားလှုပ်ရှားမှုအဆက် ဆက်အတွက် နိုင်ငံရေး အမွေကောင်းနဲ့ အစဉ်အလာကောင်းကိုလည်း ချန်ထားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

(၅)
ဒီနေရာမှာ သခင်ဘဟိန်းရဲ့ အဲဒီအချိန်ကာလက သူ့ရဲ့နိုင်ငံရေးသိမြင်နားလည်နိုင်မှု၊ နိုင်ငံတကာ အမြင်စိုက်ထူထားနိုင်မှုတွေဟာ ဘယ်လောက်တောင်ကျယ်ပြန့်သလဲဆိုတာကို သူ့ရဲ့ပုဂ္ဂိုလ်တဦးချင်း စွမ်း ဆောင်ချက်တွေကို အသေးစိတ်လေ့လာရင်လည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ပုဂ္ဂိုလ်တဦးချင်းစွန့်လွှတ် အနစ်နာခံမှုနှင့် ပုဂ္ဂိုလ်ရေးဖြစ်စဉ်ဟာ ဗမာပြည်အမျိုးသားလွတ်မြောက်ရေးဖြစ်စဉ်နှင့်အတူ ထပ်တူရှိနေခဲ့ တာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အထက်မှာရေးသားဖော်ပြထားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုရဲ့ သမိုင်းရေးလှည့်ပြောင်းမှု (၅) ခုမှာ သခင်ဘဟိန်းကိုယ်တိုင် အစဉ်တစိုက်ပါဝင်ပြီး လှည့်ပြောင်းခဲ့တာတွေ လည်း ဖြစ်ပါတယ်။

သခင်ဘဟိန်းသည် အစဉ်အလာကြီးမားလှသောကျောင်းသားခေါင်းဆောင်တဦး၊ လူထုတိုက်ပွဲကို စည်းရုံးခေါင်းဆောင်ခဲ့သူတဦး၊ အလုပ်သမားလူတန်းစားပါတီရဲ့ခေါင်းဆောင်တဦး၊ စစ်ရဲ့သေနင်္ဂဗျူဟာနဲ့ ပြောက်ကျားစစ်ရဲ့နည်းပရိယာယ်တွေကိုသိနားလည်သော စစ်ခေါင်းဆောင်တဦး၊ အလုပ်သမားသမဂ္ဂထု ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့အပြင် အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးကို ကမ,ကထပြု စုစည်းထားနိုင် ခဲ့တဲ့ခေါင်းဆောင်အဖြစ်ပါ တချိန်တည်း တည်ရှိနေခဲ့တာပါ။ သူ့ရဲ့ပုဂ္ဂိုလ်ထူးခြားမှုအရ သူဖြတ်သန်းလာတဲ့ တိုက်ပွဲအသီးသီးပေါ်မှာ ညီညွတ် ရေးကိုတိုက်ပွဲဆင်ရင်း တည်ဆောက်သူအဖြစ် သူ့ကိုအသိအမှတ်ပြုကြ တာ ဖြစ်ပါတယ်။

ကိုလိုနီခေတ်ဗမာပြည်ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်ပါဝင်ခဲ့သူတွေ သမိုင်းမှာ အတော် အတန် ရှိခဲ့ပါတယ်။ သခင်ဘဟိန်းလို မှန်ကန်တဲ့နိုင်ငံရေးလှည့်ပြောင်းမှုဖြစ်စဉ်ထဲမှာ ရေဆုံးမိုးဆုံးပါဝင် သွားခဲ့တဲ့ ခေါင်းဆောင်တယောက်မှမရှိခဲ့ပါဘူး။

လွတ်လပ်ရေးလမ်းတဝက်မှာ လွတ်လပ်ရေးတိုက်ပွဲကို သစ္စာဖောက်သွားခဲ့သူတွေ၊ လူထုကို သစ္စာဖောက် ခဲ့သူတွေနဲ့ အမျိုးသားရေး သက်သက်အဆင့်လောက်နဲ့ သူတို့ရဲ့ပါဝင်မှုတွေကို အဆုံးသတ်သွားကြတဲ့သူ တွေ အများအပြားရှိခဲ့တယ်ဆိုတာ သမိုင်းမှာမြင်တွေ့ရမှာ ဖြစ်ပါတယ်။

သခင်ဘဟိန်းဟာ နိုင်ငံရေးအလှည့်အပြောင်းနဲ့သမိုင်းရေးအလှည့်အပြောင်းတွေကို နိုင်ငံရေး အမြော်အမြင်ကြီးကြီးနဲ့ပါဝင်ခေါင်း ဆောင်နိုင်သူဖြစ်တာကြောင့် ဗမာပြည် ကျောင်းသားလှုပ်ရှားမှုရဲ့မျိုး ဆက်အသီးသီးက သခင်ဘဟိန်းရဲနိုင်ငံရေးနှုန်းစံကို အခုချိန်ထိတိုင်အောင် တည်ဆောက်ရယူလိုကြတာ ဖြစ်ပါတယ်။ သခင်ဘဟိန်းလို ကျောင်းသားခေါင်းဆောင်မျိုး ဖြစ်လိုကြတာဖြစ်ပါတယ်။

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုမှာ သခင်ဘဟိန်းဟာ ပုဂ္ဂိုလ်အရရော နိုင်ငံရေးအရပါ စံနမူနာကောင်း ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့် နှစ်(၈ဝ)ကျော်မပြီးဆုံးသောနိုင်ငံရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ ကြံ့ကြံ့ ခံပြီး ကျောင်းသားလှုပ်ရှားမှု တည်တံ့နေခဲ့တယ်ဆိုတာဟာ သခင်ဘဟိန်းချမှတ်ပေးခဲ့တဲ့ နိုင်ငံရေးမျိုးစေ့ ဟာ အားကောင်းမောင်းသန်ရှင်သန်နေတာကြောင့်ဖြစ် ပါတယ်။ အဲဒါကြောင့် ဗမာပြည်ကျောင်းသားထု ကြီးထဲမှာ သခင်ဘဟိန်းဟာ ယနေ့တိုင်လွှမ်းမိုး ကြီးစိုးနေဆဲပါ။

သခင်ဘဟိန်းချမှတ်တည်ဆောက်ထားခဲ့တဲ့နိုင်ငံရေးစံပြုချက်၊ နိုင်ငံရေးအစဉ်အလာ နမူနာ ကောင်း၊ နိုင်ငံရေးအတွေးအခေါ်၊ ညီညွတ်ရေးနှုန်းစံတွေကို အတုယူလေ့လာ လိုက်နာကျင့်သုံးရင်း သခင် ဘဟိန်းရဲ့နှစ်တရာပြည့်ကို ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်။

                                 
0