လင်းသက်ငြိမ် ● ဖား

လင်းသက်ငြိမ် ● ဖား
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၇

ခေတ်မီလာတော့ ဖားဟာ
အုံးအွမ်မအော်တော့ဘူး
ခေတ်မီလာတော့ ဖားဟာ
ဓာတ်မီးရောင်အောက် ဖြတ်မလျှောက်တော့ဘူး
အနေအထားက ရွှေဖားလေ
ဖားဟာ မှော်ဆရာအဖြစ် လေးဖက်ကြီးရွေ့လျား
ဖား ငွေစက္ကူ
ဖား မော်တော်ကား
ဖား နှစ်ထပ်အိမ်
ဖား လုပ်ငန်းရှင်
ဖား စီးပွားရေးသမား
ဖား မြို့မျက်နှာဖုံး
ဖား အရာရှိ
ဖားဟာ မယားငယ်နဲ့
ဖားဟာ အကောင်းစားဆေးပေါ့လိပ်နဲ့
ဖားဟာ စကားကြီးစကားကျယ်နဲ့
အလွှတ်ကျက်ထားတဲ့ နီတိများ
အောင်မြင်ရေးသော့ချက်များ
ဖားဟာ ဖားဖားယားယားကြီးဝေဆာလို့
ဖားအရိပ်ဟာ အတော်အေးတယ်ဆိုပဲ
ဖားပေါက်တွေပြောကြတယ်
ဖားခုံညင်း ဖားလတက် ဖားပြုပ် ဖားပေါင်စင်း
စားဖား သွားဖား ကြားဖား
ချိန်ခွင်ပေါ်မှာ အစုလိုက် အဖွဲ့လိုက် ဖားများ။

လင်းသက်ငြိမ်

Comments