ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ


ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇

အိမ်အပြင်ဘက်ကို ခဏထွက်ကြည့်တော့
မြက်ခင်းတွေက စိမ်းနေပြီး
ကိုယ်တိုင်ကတော့ ပြာနှမ်းနေတယ်။

ဇာတိလွမ်းစိတ်ဟာ ပန်းရောင်ဆိုပေမယ့်
လှမ်းကြည့်လို့ မမြင်နိုင်တဲ့
ကိုယ့်မြို့ဟောင်းလေးထဲမှာတော့
ခရမ်းရောင်တွေ ဖိတ်ကျပေကျံလို့ပေါ့။

ကောင်းကင်ကြီးကို ခဏငေးကြည့်တဲ့အခိုက်
တိမ်တိုက်တွေက ပြာနေပြီး
ကိုယ်တိုင်ကတော့ မှိုင်းလို့ ညို့လို့။

လေပြေညင်းရဲ့တိုးတိုက်မှုဟာ
ပါးလွှာတဲ့ အရေပြားထဲကို
ကျည်ဆန်တတောင့်လို ထိုးဖောက်လာပါတယ်။

ပေါ့ပေါ့ပါးပါးဖြစ်သွားဖို့
လေတွေရှူသွင်းလိုက်တိုင်း
ပြန်ထွက်လာတဲ့လေမှာ
ကျန်းမာရေးဟာ ပြန်ပါမလာခဲ့ဘူး။

အနှုတ်တွေ မတွေးမိဖို့အားထုတ်ရင်း
အပေါင်းတွေနဲ့ မပေါင်းသင်းဖြစ်ခဲ့တာဟာ
ဝေဝေဝါးဝါး ဆက်ဆံရေးတွေက စခဲ့တာပါပဲ။

မတောင်းပဲရလာတဲ့ နေ့ရက်တွေထဲ
တောင်းဆိုထားတဲ့ ကမ္ဘာကြီး
ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဆိုတာ
ယမ်းနံ့ပျောက် သေနတ်ဖောက်သံစဲနေရုံလောက်နဲ့
လုံလောက်လို့လား။

ဂီတကီးနူတ်စ်တွေမပါတဲ့ စကားလုံးတွေထဲ
မွန်းတည့်ချိန်တွေဟာလည်း မှောင်မည်းလို့။

ကြုံရာရထားစီးရင်း
ရောက်ရာဘူတာမှာ ဆင်းဖို့ပြင်ခဲ့ပေမယ့်
ခရီးစဉ်က
တွဲချော်ခြင်းမှာ လွဲချော်ခဲ့ပါတယ်။

ခရီးသွား ဟန်လွှဲခြင်းအတတ်ကို
သင်ကြားတတ်မြောက်ပြီးတဲ့အခါ
ကိုယ်ဟာ နှုတ်လုံလာခဲ့သလို
စကားပြောကောင်းသူတွေနဲ့ စကားမပြောတတ်တော့ပါ။

ဆောင်းယွန်းလ
(ဇူလိုင် ၂၅ ရက်၊ ၂၀၁၇)
0