ဇင်လင်း ● ငြိမ်းချမ်းရေးပဟေဠိ အဖြေညှိရန် ခက်နေဆဲ

ဇင်လင်း ● ငြိမ်းချမ်းရေးပဟေဠိ အဖြေညှိရန် ခက်နေဆဲ
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၇

ဤခရီး နီးသလားဟု မေးလျှင် ဤခရီး မနီးလှသေးပါဟု ဖြေရဦးမည် ထင်သည်။ ဤခရီးဆိုသည်မှာ မြန်မာနိုင်ငံ လျှောက်လှမ်းနေသော ငြိမ်းချမ်းရေးခရီးကို ရည်ညွှန်းခြင်းဖြစ်သည်။ NLD အစိုးရ ရည်မှန်းသော ခရီးစဉ်မှာ ‘အမျိုးသား ပြန်လည်သင့်မြတ်ရေး’ နှင့် ‘ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး’ ဖြစ်သည်။ NLD အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၇ ချက်ကို လေ့လာပါက ‘ဒီမိုကရေစီနည်း မကျသော ဖွဲ့စည်းပုံကို ပြင်ဆင်မည်’ ဟု ကြေညာ ထားသည်။ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်မည် ဟု ပြည်သူလူထုအား ကတိပေးထားသည်။ လောလောဆယ် ဖြစ်စဉ်များအရ အမျိုးသားပြန်လည်သင့်မြတ်ရေး ဝေးနေသကဲ့သို့ခံစားရသည်။ အကျိုးဆက်မှာ ငြိမ်းချမ်းရေးလည်း ဝေးနေဦးမည်။ ဒီမိုကရေစီလည်း ဝေးနေဦးမည်။ ဖက်ဒရယ်ပြည်ထောင်စုကတော့ အဝေးဆုံးမှာ ရှိနေပေသည်။

မကြာသေးမီက ထိုင်းနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီအစည်းအဝေးကို ထိုင်းနိုင်ငံ အာဏာပိုင်တို့က တားဆီးခဲ့သဖြင့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရသည်။ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ တွင် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့စည်း သဘောထား တညီတညွတ်တည်းရှိစေရန် ဆွေးနွေးညှိနှိုင်း ပွဲ စီစဉ်ထားခြင်းဖြစ်ကြောင်း ရှမ်းပြည် ညီညွတ်ရေး ကော်မတီက ဆိုသည်ဟု ဗွီအိုအေ မြန်မာသတင်းက ဖေါ်ပြခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇူလိုင် ၂၀ ရက်နေ့မှ ၂၂ ရက်အထိ ၃ ရက်တာ ကျင်းပရန် စီစဉ်ထားသည့် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CUSS) အစည်းအဝေးကို ထိုင်းအာဏာပိုင်များက ဟန့်တားသောကြောင့် အစည်းအဝေး မဖြစ်မြောက်ခဲ့ ကြောင်း CUSS အကြံပေး ဦးခွန်ဆိုင်းက ဗွီအိုအေကို ပြောသည်ဟု သိရသည်။

“ဒီပြီးခဲ့တဲ့ ၁၈ ရက်နေ့တုန်းက ဗိုလ်မှူးချုပ် မြန်မာပြည်က စစ်သံမှူး ဘန်ကောက်မှာ ရှိတာပေါ့နော်။ သူကနေပြီးတော့မှ ထိုင်းတပ်မတော်ကို အကြောင်းကြားပါတယ်။ အခု CUSS က အစည်းအဝေးလုပ်လိမ့်မယ်တဲ့။ ဒီအစည်းအဝေးမှာ တရားဝင်ပါတီတွေလည်း ပါတယ်။ နောက်ပြီးတော့မှ မတရားအသင်းတွေလည်း ပါတယ်။ ပါပြီးတော့မှ သူတို့က အစည်းအဝေးလုပ်မယ် ဆိုတဲ့အခါကျတော့ ဒီကျနော်တို့ တိုင်းပြည်ရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ဆန့်ကျင်တာတွေရှိတယ်။ ကျူးလွန်တာတွေရှိတယ်။ နောက်ပြီးတော့မှ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်နိုင်တယ်တဲ့။ အဲဒါကြောင့်မို့လို့ ဟန့်တားပေးပါ ဆိုပြီးတော့မှ အကြောင်းကြားလာတယ်လို့ ထိုင်းဘက်ကပြောပါတယ်။” ဟု ဦးခွန်ဆိုင်းက ဆိုသည်။

သျှမ်းပြည် ညီညွတ်ရေး ကော်မတီ CUSS တွင် ရှမ်းပြည်တောင်ပိုင်းတပ်၊ ရှမ်းပြည် မြောက်ပိုင်းတပ်၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD၊ ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ SNDP တို့က ဦးဆောင်ပြီး ရှမ်းပြည်အတွင်းမှ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ စုစုပေါင်း ၁၀ ဖွဲ့ ပါဝင် ဖွဲ့စည်းထားသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်များ ပါဝင်မှု အပေါ် မြန်မာဘက်က စိုးရိမ်ချက် ရှိနေပုံရသည်။ အမှန်ဆိုလျှင် စိုးရိမ်ချက်ကို ပွင့်ပွင့်လင်းလင်း မေးမြန်း သင့်သည်ဟု ဦးခွန်ဆိုင်းက ဝေဖန်ပြောဆိုထားသည်။

“ဒီဥစ္စာကတော့ ဖြစ်နိုင်တယ်လို့ ကျနော်ပြောလို့ရတယ်ပေါ့နော်။ ဒါပေမယ့် ဖြစ်နိုင်တယ်ဆိုလို့ရှိရင်လည်း မေးဖို့ကောင်း တာ ပေါ့နော်။ အဲဒါပါပဲ။ မမေးဘဲနဲ့ ကိုယ်ထင်တာကို စွတ်လုပ်တာကတော့ မသင့်ပါဘူး။ ကျနော်တို့ ဒီဆွေးနွေးခြင်း လမ်းစဉ်ဖြင့် ပြဿနာကို ဖြေရှင်းခြင်း ယဉ်ကျေးမှုကို ဖျက်ဆီးသလို ဖြစ်သွားပါတယ်။” ဟု ၎င်းကဆိုသည်။

ချင်းမိုင်မြို့မှာ CUSS အစည်းအဝေးရည်ရွယ်ရင်းသည် ငြိမ်းချမ်းရေးဆွေးနွေးရာ၌ တသံတည်းထွက်ရန် ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်ကြောင်း ကော်မတီ၏ အကြံပေး ဦးခွန်ဆိုင်းက ဆိုသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးရမည့် ခေါင်းစဉ် ၅ ခုရှိကြောင်း၊ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး ၊ လူမှုရေး၊ မြေယာနှင့် သဘာဝ သယံဇာတ ပစ္စည်းများကိစ္စ တို့ ဖြစ်ကြောင်း၊ ထိုခေါင်းဆောင် ၅ ခုကို ဆွေးနွေးရာတွင် ရှမ်းအဖွဲ့များ အသံအမျိုးမျိုးဖြစ်မနေစေရန် ရည်ရွယ်သည်ဟု ၎င်းက ဆိုသည်။ CUSS အစည်းအဝေးတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို ဆန့်ကျင်ဆွေးနွေး ခြင်း မရှိကြောင်းလည်း ကော်မတီက ကြေညာချက် ထုတ်ခဲ့သည်ဟု ဇူလိုင် ၂၀ ရက်နေ့VOA သတင်းအရ သိရသည်။

CSSU အစည်းအဝေး ဟန့်တားခံရခြင်းနှင့်ပတ်သက်၍ အစိုးရက မသိကြောင်း CSSU ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် က ဇူလိုင် ၂၁ ရက်တွင် ပြောသည်ဟု 7Day Daily သတင်းတွင် ဖေါ်ပြသည်။ CSSU အစည်းအဝေး ဖျက်သိမ်းရ ခြင်းနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာသတင်းမီဒီယာများအား ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ချင်းမိုင်မြို့တွင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ အစိုးရနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအပိုင်းမှာ ပြန်ပြီးတော့ အကျိုးအကြောင်း မေး ကြည့်ပြန်တော့လည်း အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး မသိဘူး။ ဒါကြောင့် တပ်မတော်ရဲ့ သူတို့ စဉ်းစားချက်ကို ကျွန်တော် တို့လည်း နားမလည်နိုင်သေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ NRPC လည်း မေးကြည့်ပါတယ်။ အစိုးရဘက်ကတော့ သူတို့ မသိပါဘူး။ တပ်မတော်ကနေ သူတို့တိုက်ရိုက်ညွှန်ကြားပြီးတော့ ဟန့်တားခြင်းဖြစ်ပါတယ်။ ဒီစာကို ကျွန်တော်တို့ သက်သေခံ အနေနဲ့ ရှိထားပါတယ်’’ ဟု ၎င်းက ဆိုသည်။

ချင်းမိုင်မြို့တွင် ပြုလုပ်မည့် CSSU အစည်းအဝေးကို ငြိမ်းချမ်းရေးဖြစ်စဉ်အား ဆန့်ကျင်နေခြင်း နှင့် NCA တွင် လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များပါဝင်နေခြင်းကြောင့် အစည်းအဝေး မလုပ်နိုင်ရန် ထိုင်းအစိုးရအား  ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ စစ်သံမှူးက အကြောင်းကြား ဟန့်တားခဲ့သည်ဟု CSSU က ထုတ်ပြန်ခဲ့သည်။ ထိုင်းအစိုးရ၏ နှစ်နိုင်ငံ ဆက်ဆံရေးကို ထောက်ထား၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ဖြစ်ထွန်းစေရေးကို ရှေးရှု၍ လည်းကောင်း အစည်းအဝေးကို ဆက်လက်ကျင်းပခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း CSSU က ထုတ်ပြန်ချက်၌ ဖော်ပြထား သည်ဟု သတင်း၌ ဖေါ်ပြထားသည်။

တစ်ဆက်တစ်စပ်တည်း ဆိုသကဲ့သို့ ဦးလှမောင်ရွှေ ခေါင်းဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့” (DPN) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဇူလိုင် ၂၁ ရက် VOA သတင်း တွင် ဖေါ်ပြခဲ့သည်။

မြန်မာအစိုးရနှင့် တရားဝင်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် ထိုသို့ ဆွေးနွေးခဲ့ရာတွင် UNFC ဘက်မှ တင်ပြ ချက် အပေါ် ကော်မရှင် အကြံပေးအဖွဲ့နှင့် နီးစပ်မှုရှိသည်ဆိုသော်လည်း၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် ကတိ ကဝတ်ပြု သည့် (Deed Of commitment-DOC) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ၌ သဘော ကွဲလွဲမှုများ ရှိနေသေးကြောင်း  UNFC ခေါင်းဆောင်ပိုင်းကပြောသည်ဟု ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားသည်။

ဇူလိုင် ၂၀ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ DPN အဖွဲ့တို့ တွေ့ဆုံမှု အခြေအနေကို UNFC ပြောခွင့်ရသူ ‘နိုင်အောင်မငေး’ က ယခုကဲ့သို့ ပြောပြသည်။

“မနေ့က PC အကြံပေးအဖွဲ့နဲ့အလွတ်သဘောဆွေးနွေးတာ အရင်က ကျနော်တို့ပျက်သွားတဲ့ အဆိုပြုချက် (၉) ချက် အပေါ်မှာ ပြန်လည်ညှိနှိုင်းတယ်။ DPN ခံယူထားတဲ့ process နဲ့ အစိုးရခံယူထားတဲ့ process တူညီရအောင်ညှိကြတာ ပေါ့နော်။ အမြင်တော့ နီးစပ်မှု ရှိပါတယ်။ ကျနော်တို့တင်ထားတဲ့ သဘောတရားရယ် သူတို့ တင်တဲ့သဘောထားရယ် နီးစပ်မှု ရှိပါတယ်။ ဒါပေမဲ့ စကားလုံးအသုံးအနှုံးတွေ ရပ်တည်ချက်တွေက နဲနဲကွဲလွဲမှု ရှိနေသေးတယ်။ တရားဝင်တွေ့ဆုံ ပွဲမှာဘဲ အတည်ပြုပြောနိုင်မယ်။” ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတွင် (Deed Of commitment-DOC) လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်၌ နှစ်ဘက်နားလည်မှု ကွဲလွဲနေသည်ဟု  နိုင်အောင်မငေးက ဆိုသည်။

“UPC ‘ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ’ တက်ဖို့ကို လောလောလတ်လတ် DOC ထိုးပြီးတက်လိုက်ဖို့ အစိုးရကနေ ခံယူတယ်။ ကျွန်တော်တို့ DOC ခံယူချက်က UPC တက်ဖို့ မဟုတ်ဘဲနဲ့ NCA မထိုးသေးခင် ကြားကာလအစီစဉ်တခုမှာ ဆက်လက် ဆွေးနွေးလို့ရအောင် နိုင်ငံရေးလမ်းဖွင့်ဖို့ အခွင့်အလမ်းရှိအောင် ဒီလို ရည်ရွယ်ချက်နဲ့ DOC ကို ထိုးချင်တာဖြစ် တယ်လေ။” ဟု နိုင်အောင်မငေးက ဆိုသည်။

UNFC သည် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ဆဋ္ဌမအကြိမ်မြောက် ရန်ကုန်မြို့၌  တရားဝင် တွေ့ဆုံရန် ညှိနှိုင်းလျှက်ရှိပြီး၊  သြဂုတ်လ(၅)ရက်နေ့အလွန်တွင် တွေ့ဆုံရန် အဆိုပြုထားသည်ဟု ဆိုသည်။ UNFC အဖွဲ့တွင် NMSP မွန်ပြည်သစ်ပါတီ၊ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ SSPPရှမ်းပြည်တိုးတက်ရေးပါတီ၊ ANC ရခိုင်အမျိုးသားကောင်စီ၊ နှင့် LDU လားဟူဒီမို ကရက်တစ် အစည်းအရုံး၊ (၅)ဖွဲ့သာ ကျန်ရှိသည်။ UNFCအဖွဲ့မှ နှုတ်ထွက်ခဲ့သည့် KIO၊ TNLA ၊ MNDAA နှင့် ဝ အမျိုးသားအဖွဲ့ချုပ် WNO အဖွဲ့များသည် UWSP ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီ ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC တွင် ပူးပေါင်းခဲ့သည်။ FPNCC သည် NCAလမ်းကြောင်းကို လက်မခံ ဘဲ ငြိမ်းချမ်းရေး လမ်းကြောင်းသစ်တခု ဖော်ဆောင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

အထူးသဖြင့် UWSP ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် MNDAA မိုင်းလားအဖွဲ့တို့အနေဖြင့် NCA လက်မှတ်ထိုးစရာ မလိုဟု သတင်းများလည်း ဖြစ်ပေါ်နေသည်။ UWSP အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့သည် တပ်မတော်နှင့် စစ်ရေးပဋိပက္ခ မဖြစ်ခဲ့သောကြောင့် ၎င်းတို့ အတွက် အစိုးရက သီးသန့်စဉ်းစားချက်ရှိနေကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ခေါင်းဆောင် ဦးအောင်စိုးက  မီဒီယာများအား ပြောဆိုမှုများရှိသည်။ ၎င်းကိစ္စနှင့်ပက်သက်၍ UNFC ပြောခွင့်ရသူ  နိုင်အောင်မငေး က  ဦးလှမောင်ရွှေအား မေးမြန်းခဲ့ရာ ထိုပြောကြားချက်သည် NCA သဘောထားမဟုတ်ကြောင်း ပြောဆို သဖြင့်  ဝေခွဲရခက်သည်ဟု သိရသည်။ အဆိုပါ အဖြစ်အပျက်များနှင့် စပ်လျဉ်း၍ အစိုးရနှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ရာတွင် သဘောထားကြီးသင့်ကြောင်း၊ သံသယရှိပါက မိမိတို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း CSSU ဥက္ကဋ္ဌက ဝေဖန်ပြောကြားခဲ့သည်။

မည်သို့ဆိုစေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်အဝေးနောက်ဆုံးနေ့ ဒေါ်အောင် ဆန်းစုကြည်၏ အပိတ်မိန့်ခွန်းကို သက်ဆိုင်သူအားလုံး ပြန်လည် သုံးသပ်ဆင်ခြင့်သင့်သည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓါတ်ကျစရာတွေ စိတ်တက်ကြွ စရာတွေ ကျော်ဖြတ်ပြီးမှ အခုလိုရရှိခဲ့တာ ဖြစ်ပါတယ်။ သဘောထားကွဲလွဲမှုတွေ၊ ရှုမြင်ချက်ကွာခြားမှုတွေ အမျိုးမျိုး ရှိခဲ့ကြပေမယ့်လည်း ဘုံတူညီတဲ့ သဘောထား အမြင် တွေ ဖြစ်လာအောင် ဆွေးနွေးငြင်းခုန် ညှိနှိုင်းနိုင်ခဲ့ကြတာဟာ အင်မတန်မှ အားတက်ဖွယ်ရာ ကောင်းလှပါတယ်။ တွေ့ဆုံ ဆွေးနွေးခြင်းမှတစ်ဆင့် အနာဂတ် မျိုးဆက်သစ်တွေအတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် အခြေခံ အုတ်မြစ် တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့တာဖြစ်တဲ့ အတွက်လည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်။ တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင် ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်။”

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည် က မိမိတို့ ဘယ်အထိလျှောက်ရဦးမည် မသိနိုင်သေးကြောင်း၊ နေ့စဉ် နေ့တိုင်း စွန့်စားမှုများကို ရင်ဆိုင်နေရသည့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ဘယ်လိုစွန့်စားမှုမျိုးကိုမဆို ကြောက်ရွံ့ နောက် တွန့်မနေသင့်ကြောင်း၊ ကမ္ဘာကြီးက မိမိတို့နိုင်ငံကို စောင့်နေမှာ မဟုတ်ကြောင်း၊ နိုင်ငံတကာ တိုးတက်ပြောင်းလဲမှုများ က မိမိတို့ ပြည်ထောင်စု၏ မျိုးဆက်သစ်ကို စောင့်ဆိုင်းငဲ့ညှာနေမည် မဟုတ်ကြောင်း၊  မိမိတို့လက်ထက် တွင် စွန့်လွှတ် စွန့်စား၍ ချလိုက်သည့် အုတ်မြစ်အပေါ်တွင် နောင်လာမည့် သား၊ သမီး၊ မြေး၊ မြစ်များက ခိုင်မာ တင့်တယ်သော နိုင်ငံတော်ကြီးကို ဆက်လက်တည်ဆောက်၊ မွန်းမံသွားကြစေလိုကြောင်း၊ ယခုညီလာခံကြီးတွင် ပါဝင်မလာကြ သေးသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း အတူတစ်ကွ ပူးပေါင်း လက်တွဲကာ သမိုင်း တွင်ကျန်ခဲ့မည့် လုပ်ငန်းစဉ်ကြီး၌ ပါဝင်ကြရန် အလေးအနက် ဖိတ်ခေါ်ပါကြောင်း စသဖြင့် ပြောကြားသွားသည်။ လေးလေးနက်နက် မြင်မြင်မြော်မြော် စဉ်းစားကြရမည့် နှိုဆော်ချက် ဖြစ်သည်။

ထို့ကြောင့် ဤခရီး နီးသလားဟု မေးလျှင် ဤခရီး မနီးလှသေးပါဟု ဆိုခဲ့ခြင်းဖြစ်သည်။ ဤ ငြိမ်းချမ်းရေးခရီးကို အဆုံး တိုင် လျှောက်လှမ်းကြရန်မှာ မြန်မာနိုင်ငံသားစဉ် မြေးဆက်အထိပင် ဖြစ်ကောင်းဖြစ်လိမ့်မည်။ ယခု လက်ငင်း ပေါ်ပေါက် နေသော အခြေအနေမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) ထံ UNFC က တင်ပြထားသည့် အဆိုပြုချက် ၉ ချက်အပေါ် တည်နေပေသည်။ ၎င်းအချက်များမှာ အစိုးရနှင့်တပ်မတော်က တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာရန်၊ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ ‘အစိုးရ လွှတ်တော် တပ်မတော်ကိုယ်စားလှယ် များ’၊ ‘တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ’၊ ‘နိုင်ငံရေးပါတီများကိုယ်စားလှယ်များ’ ပါဝင်သော “သုံးပွင့်ဆိုင်” ဆွေးနွေးရေး နှင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီလုပ်ငန်းများတွင် နိုင်ငံတကာ ကိုယ်စားလှယ်များပါဝင်ရန် စသည့် အချက်များဖြစ်သည်။ လက်ရှိ နိုင်ငံရေးမူဘောင်အရ “အစိုးရ၊ လွှတ်တော်၊ တပ်မ တော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့်နိုင်ငံရေးပါတီများ” ဟူ၍ အဓိကအစုအဖွဲ့၅ ဖွဲ့ ပါဝင်သည်။ ထို့ပြင် JMC ၌ နိုင်ငံတကာပါဝင်မှုကို အစိုးရနှင့် တပ်မတော်က လက်မခံပေ။ လွယ်မယောင်နှင့် ခက်ဦးမည်။ တိမ်မယောင်နှင့် နက်ဦးမည်။ သွားဖန်များ ခရီးရောက်ဟု ဆိုကြသော်လည်း ယခုရီးကား မည်သည့်ကာလအထိ ဆက်သွားကြရဦးမည် မသိ။ စားပွဲဝိုင်းတွင် ထိုင်နေကြသူများ ကိုယ်တိုင် ဤ ပဟေဠိ၏ အဖြေကို ညှိနှိုင်းပေးနိုင်ကြပါစေကုန်။

Comments