ရိုးတံ (ပုလဲနယ်) ● တခန်းရပ်ပြဇာတ်


ရိုးတံ (ပုလဲနယ်) ● တခန်းရပ်ပြဇာတ်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇
 
(၁)
တောင်ပံတချက်
တိုက်ခတ်လာတဲ့လေသရမ်း
ပွဲမစခင်ကတစ်ခန်းရပ်
တည်းဖြတ်ခဲ့မျက်လုံးထဲမှာ
အရောင်တွေရှိတယ်
အသံတွေရှိတယ်
အနုပညာတွေရှိတယ်
အလှည့်မကျမချင်း အလင်းမပြရ
ပရိသတ်တွေစုံလှပြီ
ဇာတ်ခုံပေါ်ကိုခဏခဏတက်
ညထွက်ကြေးရမလားပေါ့
ငါ့ဘဝ
လက်သွေးပြီး
ခွက်ဆေးပြန်ရတာများတယ်။

(၂)
တီးကွက်အလိုက်
ကောက်ရိုးမီးနဲ့မြိုက်ကာ
တဟုန်ထိုး
တရှိန်ထိုး တန်ရာတန်ကျေး
တစ်ယောက်တည်းနဲ့တစ်ကမ္ဘာဝေးရင်း
မပြင်မဆင်ဘဲ အကြည့်ခံရဖို့
အရန်သင့် မဟုတ်ဘူး
ဇာတ်ရံမြင့်တက်
ငါဟာ
လက်မခံနိုင်သေးတဲ့ ငါပါပဲ
စိတ်လွတ်ကိုယ်လွတ်ပြောပါရစေ
အခြေအနေမဲ့ဘဝ
အချစ်က
ကမ္ဘာဦးစမှာ ကျန်ခဲ့လေသလား ။

(၃)
နှင်းဆီတပွင့်
ရဲရင့်ခြင်းရမယ်ဆိုလို့
တရက်ပြီးတရက်
ထွက်ထွက်ကြည့်နေတုန်း
ဒီနားလေးကပဲထွက်သွားတာ
ငါက
ဘာလို့ ဘာမှန်းမသိဘဲ ဘာချင်တာကိုး
နံရိုးထဲမှာ
ညှပ်နေတဲ့အတိတ်ကို
လက်ခုပ်နဲ့ဘယ်လိုခပ်ခပ် ဒီလောက်ပါပဲ။

(၄)
သစ်ရွက်ခြောက်တွေ
စိတ်ပြေလက်ပျောက်ဝဲနေပေါ့
တစ္ဆေမရှိဘူး
မမြဲခြင်းအကြောင်းတွေးမိ
လက်ရှိကို
မမုန်းသင့်တာမုန်းလို့
ဘဝဟာ ရှုံးဖန်များတော့
အကျနာ ရုန်းကန်ရတော့
မနက်ဖြန်နဲ့ မတွေ့ချင်လို့
ဝေ့ဝါးဝါး ဦးတည်ရာမဲ့ နေပစ်လိုက်တယ်။

(၅)
စကားတွေ
အလိုလိုက်ခြောက်သွေ့လာတယ်
စကားမရှိ စကားရှာပြောနေရတော့
ခံတွင်းချဉ်မပြေဘူး
နင်နေတဲ့လည်ချောင်းဝဆီကနေ
အာဃာတတွေ မျိုမကျဘူး
လက်ညှိုးထိုး အန်ချလိုက်ပေမယ့်
လက်ကျန်အငြှိုးတွေ
သုံးနှစ်သုံးမိုးရွာတာတောင်
ခြေရာတွေ ပျောက်မသွားဘူး။
       
(၆)
သူမနဲ့တွေ့တော့
ဘဝဟာ ရှင်သန်ခြင်းအစတဲ့
အသိစိတ်တွေပျောက်
မသိစိတ်တွေနဲ့ပန်းကောက်ထွက်ချိန်
ရင်ဘတ်ထဲထည့်ရူးတယ်
ရူးရတာပျော်တယ်
ဘယ်အချိန်အထိလည်းတော့မသိ
သိမ်းခဲ့မိသမျှ
နောင်တချိန် ပြန်ကြည့်လို့ရအောင်
နေပူမိုးလေးရွာရင်
လက်ဆောင်တမျိုးဖြစ်ရတယ်။

(၇)
သူမ အမည်အရင်းမရှိဘူး
သူမ အဖေအမေမရှိဘူး
သူမ မွေးရပ်ဒေသမရှိဘူး
ဟင်
ဒါဆိုရင်
သူမဆိုတာက
ဟုတ်တယ်
စိတ်ကူးယဉ်မွေးစားခဲ့တာပဲဖြစ်မယ်
အဲဒီညမျိုး
နောက်တခါရအုံးမလား
ထမင်းစား ရေသောက်ပြီး
စောင့်စားနေပါတယ်။

(၈)
စိတ်သွားတိုင်းကိုယ်မပါဘူး
အရာရာနဲ့အကြောင်းကြောင်း
ဘဝကိုလောင်းကြေးထပ်
သတိ
ကပ်မလိုက်ရ
ဓာတ်ပေါင်းဖိုထဲမှာ
ငါလား ငါလားပါပဲ
ငါနဲ့ငါ ဓာတ်ပြုပြီး ပေါက်ကွဲ
အာရုံတွေအေးစပ်စပ်နဲ့ လောင်ကျွမ်းနေဆဲ။

(၉)
အဆီပြန်တဲ့လမ်းမှာ
ကံဇာတ်ဆရာအလိုကျ
နေရင်နေတယ်
ထိုင်ရင်ထိုင်တယ်
အိပ်ရင်အိပ်တယ်
လမိုင်းမကပ်နေလာပြီးမှ
ဝင်ရောက်စွက်ဖက်
စွဲချက်တွေ အရည်ပျော်ကြလာတယ်။

(၁၀)
ငါငေးကြည့်နေတဲ့လောကကြီး
ချွေးသီးချွေးပေါက်တွေစီးကျလို့
လိုတိုင်းမရ အမှောင်ညတွေ
စင်မြင့်ထက်မှာလဲကျခဲ့
ပြန်ထရမလား
မထရမလား
ငါကိုယ်ငါ မေးခွန်းများနဲ့
နောက်ဆုံးမျက်နှာထားအတွက်
ကမ္ဘာမြေကြီးထဲကထွက်လာပြီး
ကမ္ဘာမြေကြီးကို
ငါ့အိပ်ရာ ပြန်မခင်းရသေးခင်
သဘာဝကြီးကတော့
ကျကျနန စီးဆင်းသွားတယ်။

ရိုးတံ (ပုလဲနယ်)
0