မင်ဇိုင်း ● သံဆူးကြိုးနောက်က ဘဝတခုရဲ့ ထွက်ပေါက်

မင်ဇိုင်း ● သံဆူးကြိုးနောက်က ဘဝတခုရဲ့ ထွက်ပေါက်
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇

ကျွန်တော်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မယ်လဒုက္ခသည်စခန်းကို ၁၃ နှစ်သားအရွယ်မှာရောက်ရှိခဲ့ပြီး အဲ့ဒီစခန်းမှာ ၉ နှစ်လောက် နေဖြစ်ခဲ့တယ်။ ၉ နှစ်လောက်ကြာအောင်နေခဲ့တယ်ဆိုပေမယ့် ပျော်လွန်းလို့တော့ ဘယ်ဟုတ်မှာလဲ။ ဘယ် လိုလူငယ်မျိုးက ဒုက္ခသည်တယောက်နေနဲ့ ပျော်မှာလဲဗျာ။

ဒုက္ခသည်စခန်းဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ ကျော်လောက်က မြန်မာစစ်တပ်နဲ့ တိုင်ရင်သားစစ်တပ်တွေ တိုက်ပွဲတွေဖြစ် ကြရင်း စစ်တလင်းကြားမှာ စစ်ပြေးရှောင် တိုင်းရင်းသားတွေ ထိုင်းနိုင်ငံဘက်ပြေးရှောင်ရာမှ UN နဲ့ ထိုင်းအစိုးရတို့ ပေါင်းကာ ယာယီခိုလုံခွင့်ပေးရာမှ နောက်ပိုင်း မယ်လဒုက္ခသည်စခန်းဖြစ်လာတယ်လို့ သမိုင်းစာအုပ်တွေမှာဖော်ပြထားတာတွေ့ရ တယ်။

ထိုင်းဘက်ခြမ်း ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ ထိုင်းဒုက္ခသည်စခန်းပေါင်း ၉ ခုရှိတယ်လို့လည်း ပြောတယ်။

အစတော့ စခန်းက စစ်ပြေးရှောင်တွေပဲနေခဲ့ရာမှ နောက်ပိုင်းအနောက်နိုင်ငံတွေမှာ ပြန်လည်နေရာချထားရေး အစီအစဉ် တွေ ကြောင့် စခန်းသို့ပြောင်းလာသူတချို့၊ ပြည်တွင်းမှာ ကျောင်းစရိတ်မတတ်နိုင်လို့ ပညာရေးအတွက်လာရောက် နေထိုင် ကြတဲ့ လူငယ်တချို့နဲ့ အကြောင်းမျိုးစုံကြောင့်ရောက်လာတဲ့ လူတွေရော အကျင့်ပေါင်းစုံ စရိုက်ပေါင်းစုံ ဝေးရာနေရာ တခုဖြစ်နေတာပေါ့။ ထားပါတော့လေ။

ကျွန်တော်ပြောချင်တာက ကျွန်တော် မဲလဒုက္ခသည်စခန်းမှာဘဲ ကျောင်းဆက်တက်ဖြစ်တယ်။ ကျွန်တော်လို လူငယ် ကျောင်းသားတယောက်ရဲ့အခက်အခဲတွေကတော့ အများကြီးပေါ့။ အခက်အခဲတွေကြားက ကျောင်းတက်နေပေမဲ့ အနာဂတ် မှောင်မဲပြီး ပန်းတိုင်မရှိဘဲ ဆက်လျောက်နေရတာ လူငယ်အများစုပေါ့။ ကျွန်တော်တို့နေတဲ့ မယ်လဒုက္ခသည်စခန်းဆိုတာ တမိုင်လောက်ကျယ်တဲ့ တောင်ကြားနေရာတခုကို သံဆူးကြိုးတွေပတ်လည်ကာပြီး အပြင်မှာ ထိုင်းစစ်တပ်တွေ ဂိတ်တွေ ထိုးပြီး စောင့်ကြပ်ထားတယ်။ အပြင်ထွက်မယ်ဆိုရင် ထိုင်းအာဏာပိုင်တွေဆီ သွားလာခွင့်စာရွက်အတွက် တရက်ကြိုတင် ရတယ်။ အဲဒီ စာရွက်ရဖို့ ၂၅ဝ ထိုင်းဘတ်ငွေပေးရတယ်။

ဒုက္ခသည် ကျောင်းဆရာ/မ တယောက်ရဲ့ တလ လစာမှာ ထိုင်းဘတ်ငွေ ၇ဝဝ လောက်ရတဲ့အချိန်မှာ ဒုက္ခသည်တွေ အပြင် ထွက်ဖို့ဆိုတာ တကယ်မလွယ်ကိစ္စပါ။ အဲ့ဒီတော့ ကျွန်တော်တို့တွေအကျဉ်းထောင် တခုထဲရောက် ကြရတာပေါ့။  တမိုင်ပတ် လည်လောက်ပဲ ကျယ်တဲ့မယ်လဒုက္ခသည်စခန်းအတွင်း ကျွန်တော် ၈ နှစ်ကျော်လောက် နေဖြစ်ခဲ့တယ်။ ကျွန်တော်အပါအ ဝင် လူအများစုက တမိုင်ပတ်လည်အတွင်းမှာနေပြီး တမိုင် အတွေးတွေနဲ့ အသက်ရှင်ကာ အိမ်မက်တွေကို အကောင် အထည်ဖော်ဖို့က မဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ။

အဆိုးဆုံးက ကျွန်တော်တို့ကျောင်းမှာဆို အနောက်တိုင်းနဲ့ ဂျပန်၊ ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက ကျောင်းသားတွေ ကျောင်းဆရာတွေလာလည်လေ့ရှိတယ်။  သူတို့လာလည်ရင် သူတို့ရဲ့ တချို့မျက်လုံးတွေက ကျွန်တော်တို့ကို သနားတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ တချို့ကလည်း အံ့သြတဲ့အကြည့်တွေနဲ့ ကြည့်လေ့ရှိတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို သူများသနားတာမကြိုက်လို့ ကြုံရများတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်သလို ခံစားလာရတယ်။ ပြီးရင်သူတို့က ကျွန်တော်တို့ကို သီချင်းဆိုခိုင်းတယ၊် မေးခွန်းတွေမေးတယ်၊ ဓာတ်ပုံတွေရိုက်တယ်၊ ကျွန်တော်ရင်ထဲမှာ.. စိတ်ထဲမှ တိရိစ္ဆာန်ရုံထဲက ကျနော်တို့ဟာ တိရိစ္ဆာန်လေးတွေလိုပဲ။ ပြီးတော့လူငယ်တွေအနေနဲ့က ဒုက္ခသည်စခန်းက ကျောင်းပြီး ရင်လည်း ဘယ်နိုင်ငံမှ အသိအမှတ်မပြု ဘယ်ကျောင်းမှ ဆက်တက်ဖို့လည်းမဖြစ်နိုင်တော့ မျှော်လင့်ချက်တွေ ပျော်က်ကာ မှောင်မဲနေတဲ့လမ်းမှာ စမ်းတဝါးဝါး ဆက်လျှောက်ကြရတာပေါ့။ တချို့ အရမ်းတော်တဲ့လူငယ်တွေ၊ အဆက်အသွယ်ရှိ တဲ့လူငယ်တွေ၊ ပိုက်ဆံအနည်းငယ်ရှိတဲ့လူငယ်တွေက မဲဆောက်လိုနေရာမျိုးမှာ ကျောင်းတက်ပြီး ပညာတော်သင်ထောက်ပံ့ မှုရရန် ကြိုးစားကြတယ်။ ဒါလည်း လူငယ် ၁ % လောက်ပါပဲ။



ကျွန်တော်တို့က camp ထဲမှာနေတာကြာလာတဲ့အမျှ စိတ်ဓာတ်တွေပျက်ပြားလာတယ်။ မှီခိုချင်စိတ်တွေ များလာတယ်။ မူးယစ်ဆေးဝါး သားကောင်ဖြစ်လာတဲ့လူငယ်တွေ များလာတယ်။ အဆိုးဆုံးကတော့ ယုံကြည်မှုတွေ ပျောက်လာတာပါဘဲ။ ကျွန်တော်ဆို ငါဒီထဲက ဘယ်တော့ထွက်နိုင်မလဲဆိုတဲ့အတွေးက ၈နှစ်ကျော်လုံးလုံးဦးနှောက်ထဲမှာ စွဲမြဲကာ ကိုယ့်ကိုယ်ကို ပြန်မေးနေ မိတယ်။ စခန်းကပေးတဲ့မေသေရုံရတဲ့ ရိက္ခာလေးနဲ့ ကျွန်တော်တို့ အသက်ရှင်ရုန်းကာလှုပ်ရှားကာ မသေချာတဲ့ အနာဂတ် အလင်းတန်းကို မျှော်လင့်နေကြတာပေါ့။ ကိုယ့်ဘဝ ကိုယ်လိုချင်သလိုရေးဆွဲပိုင်ခွင့်မရှိတဲ့ ကျွန်တော်တို့ဘဝက မှီခိုချင်စိတ်တွေက ပိုများလာခဲ့တယ်။ ကယ်တင်ရှင်ရှာကြတာပေါ့။ ကျွန်တော်တော့ အဲဒီအခြေအနေကို အရမ်းမုန်းခဲ့တယ်။ ပတ်လည်ဝိုင်းနေတဲ့ တောင်တန်းတွေက ကျွန်တော်အတွက်မသာယာနိုင်တဲ့အပြင် အကျဉ်းထောင် အုတ်တံတိုင်းတွေသ ဖွယ် အကြီးတန်ရုပ်ဆိုးနေခဲ့တယ်။ တိုင်းတပါးမှာလာနေရတဲ့အပြင် တိုင်းတပါးက အကျဉ်းထောင်ကျနေတဲ့ အနာဂတ် ပျောက်နေတဲ့လူငယ်တယောက်လိုခံစားခဲ့ရတယ်။

လွတ်လပ်မှုဆိုတာ လူတိုင်းရဲ့ချစ်မြတ်နိုးရာ ထွက်ပေါက်တခုပါ။ ကျွန်တော်တို့လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့တယ်။ အဒီအချိန်မှာ ညဘက်အိပ်ရင်း ရင်ထဲမှာ အောင်မြင်မှုဆိုတာထက် လက်ရှိဘဝကို ‘တစ်’ က ပြန်စချင်မိတယ်။ ပညာရေးက ဘဝရဲ့ ထွက် ပေါက်တခုဆိုတာ သိနေပေမဲ့ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုတာကတကြောင်း၊ ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်စခန်း မှာ ပိုမြင့်တဲ့ကျောင်းတွေဖွင့်ဖို့မလိုလားတာကတကြောင်းတို့ကြောင့် ပညာရေးဟာလည်း ကျွန်တော်တို့အတွက်ထွက်ပေါက်မရှိတဲ့လမ်းဆုံးတခု ဖြစ်နေခဲ့တယ်။ ဘယ်သူမဆို သူများတွေလိုပဲ ကျောင်းတက်ခဲ့၊ သူများတွေလိုပဲ အချိန်တွေပေးခဲ့၊ သူများတွေလိုပဲ ကြိုးစားခဲ့အပြီးမှာ သူများတွေလိုပဲ အသိအမှတ်ပြုခံရပြီး အခွင့်အလမ်းတန်းတူရချင်ကြတာပဲလေ။

ကျွန်တော် ဒီစာရေးရင်း စခန်းမှာကျန်ခဲ့တဲ့လူငယ်တွေနဲ့ ညီအစ်ကိုမောင်နှမတွေကိုပြောချင်တာ ကျွန်တော်တို့ ရုန်းထွက်ကြဖို့ အချိန်တန်ပြီ။ မှီခိုချင်စိတ်တွေကိုဖျောက်ကာ ကယ်တင်သူရှာတာ ရပ်လိုက်ကြပါ။

မိမိတို့ လက်လှမ်းမီသလောက်ပညာရေးကိုသင် ကြားဆုပ်ကိုင်ပြီး ဘဝရဲ့စိန်ခေါ်မှုတွေကို ကိုယ့်တာဝန်ကျရာနေရာ အသီး သီးကနေထမ်းဆောင်ရင်း သတ္တိရှိရှိ အကျယ်ချုပ်နဲ့ အနာဂတ်ပျောက်နေတဲ့ ဒုက္ခသည်ပညာရေးစနစ်ကို တွန်းလှန်ကြစို့။

သူများတွေလုပ်နိုင်သလို ဒို့လည်းလုပ်နိုင်ကြောင်းပြဖို့ အချိန်တန်ခဲ့ပြီ။ မိတ်ဆွေ ယနေ့မှ သင်မထဘူးဆို ကျွန်တော်တို့ အနာဂတ် ညီငယ်ညီမငယ်တို့မျက်နှာတွေကို ပြန်လှည့်ကြည့်လိုက်ကြပါ။

သူတို့ရဲ့အနာဂတ်ပျောက်နေရှာမဲ့မျက်နှာလေးတွေ မူးယစ် ဆေးဝါးသားကောင်တွေ ဖြစ်လာမဲ့တချို့ လူယ်တွေရဲ့အနာဂတ် ဘဝတွေ ပျက်ပြားလာမဲ့သူတို့ရဲ့စိတ်ဓာတ်တွေ။ မိတ်ဆွေ အခွင့်အရေးမရလို့ဆိုတဲ့အကြောင်းပြချက်တွေပြနေမဲ့အစား ကိုယ် တိုင်အခွင့်အရေးဖန်တီးယူကြည့်ပါ။

ကျွန်တော်တို့လက်လှမ်းမှီခဲ့တဲ့ ပညာရေးဟာ တနေ့တော့ အသိအမှတ်အပြုခံလာရမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။

တမိုင်ပတ်လည်မှာ ဘဝကို ကျင်လည်နေမဲ့အစား အပြင်ထွက်ပြီး တိုက်ပွဲဝင်ကြည့်လိုက်ပါ။ မိမိမှာရှိတဲ့ အရည်အချင်းတွေ ထုတ်ကြည့်ပါ။ မှီခိုချင်စိတ်တွေကို အမှိုက်ပုံးထဲ ထည့်ခဲ့လိုက်ပါ။

ကျွန်တော်တို့အတွက်အခွင့်အရေးတွေတွေ့ လာမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ အခွင့်အရေးဆိုတာကို ဘယ်သူဆီကမှမတောင်းဆိုသင့်တော့ပါဘူး။ အခွင့်အရေးကို ကိုယ်တိုင်တိုက်ပွဲဝင်ကာ အနာဂတ်ညီငယ်၊ ညီမငယ်တို့အတွက်ရော ကျွန်တော်တို့အတွက်ပါ ရယူလိုက်ကြပါစို့ ။

ယုံကြည်ချက်အပြည့်နှင့် ...
မင်ဇိုင်း
0