အောင်သူငြိမ်း ● ထိုင်းနိုင်ငံက အင်္ဂလိပ်သင် အစီအစဉ် (EP, MEP) ကျောင်းများ

အောင်သူငြိမ်း ● ထိုင်းနိုင်ငံက အင်္ဂလိပ်သင် အစီအစဉ် (EP, MEP) ကျောင်းများ
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၇

ကျနော့်နိုင်ငံက ပညာရေးအစီအစဉ်တွေက မိဘတွေ သိပ်ပင်ပန်းစရာ ဖြစ်နေတယ်။ မိဘတွေကိုယ်တိုင်က ဒီလို ပင်ပန်း ရတာကို ဂုဏ်ယူနေကြတာလည်း ရှိပါတယ်။ ကျနော့်တူတော်မောင်က ဒီနှစ်ဆယ်တန်းဆိုတော့ အိမ်မှာ ကျူရှင်ကိစ္စတွေ၊ ပုဂ္ဂလိကကျောင်းကိစ္စတွေ တိုင်ပင်နေတာ ကြားရတယ်။ ကျူရှင်ဘာသာစုံထားဖို့ ကျပ် ၅ သိန်းအထက်၊ ၁၀ သိန်းထိတိုင် ကုန်နိုင်မယ်ဆိုပဲ။ ဒီလိုမှမဟုတ် ပုဂ္ဂလိကကျောင်း သွားထားရင် သိန်း ၄၀ ဆိုလား။ ဒီတော့ မိဘတွေလျှာထွက်နေကြရ တာပေါ့။ တတ်နိုင်တဲ့မိဘတွေဆိုတော့လည်း တမျိုး။ တခါက DVB ဒီဘိတ်အစီအစဉ်အပြီး နိုင်ငံတကာကျောင်းနာမည် ခံထားတဲ့ မြန်မာပြည်က ကျောင်းတခုက သူ့သားသမီးတွေကိစ္စကို အမျိုးသမီးတစ်ဦးက လာရင်ဖွင့်ပြောတယ်။ တနှစ်ကို စာသင်ရက် ၁၈၀ လောက် ရှိပြီး၊ ကလေးတယောက်အတွက် ကုန်ကျစားရိတ်က တယောက်၊ တစ်ရက်ကို ကျပ်တစ်သိန်း လောက်ကုန်နေတယ်။ တနှစ်ကို ကျပ်သိန်း ၂၀၀ လောက် ကုန်ကျနေရတဲ့ကိစ္စကို လာပြောပြတယ်။ ဒီလိုကုန်ကျနေ ပေမယ့် ဒီကျောင်းက နိုင်ငံတကာအဆင့်မမှီပုံတွေ၊ ဆရာတွေကလည်း သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူ မဟုတ် ပုံတွေ (ဥပမာ- အမေရိကန်မှာ တစ်သက်လုံးဆရာဝန်လုပ်လာပြီး၊ အနားယူဖို့ အသက်ရောက်မှ အခုရန်ကုန်ကျောင်းမှာ ဆရာ လုပ်ပြီး အငြိမ်းစားလာယူနေတဲ့ဆရာမျိုး) ပြောပြတယ်။

ဒီလိုနဲ့ ထိုင်းနိုင်ငံ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းတွေက EP, MEP အစီအစဉ်တွေအကြောင်း (English Program, Mini-English Program) တွေအကြောင်း ပြောပြချင်မိတယ်။ ကျနော့်သမီး ထိုင်းမှာ အထက်တန်းကျောင်း တက်နေစဉ်က MEP အစီအစဉ်ရှိတဲ့ ကျောင်းတခုမှာတက်တယ်။ သူတို့ကျောင်းမှာ သာမန်ကျောင်းသားတွေက ကုန်ကျစားရိတ် သိပ် မများပါဘူး။ ဒီကလေးတွေ စာသင်ခန်းမှာတော့ ပန်ကာတပ်ထားတာပဲ ရှိပါတယ်။ MEP အစီအစဉ်တက်တဲ့ကလေးတွေ ကတော့ ဆယ်မီစတာတခု (၄-လဝန်းကျင်) ကို ဘတ် ၁၅,၀၀၀ (ဒေါ်လာ ၄၂၀ ခန့်) ပေးရပါတယ်။ အဲဒါအပြင် သူတို့ အခန်းက အဲယားကွန်းတပ်ထားတဲ့ အဲဒီအတွက် လျှပ်စစ်မီတာခတွေ ထပ်ပေးရတာ ရှိပါတယ်။ သူတို့ကတော့ ကျောင်းမှာ ဗွီအိုင်ပီ ကျောင်းသားလိုမျိုး မြောက်ကြွကြွပေါ့။ တကယ်ပြောရရင်တော့ တန်းတူညီမျှမှု သဘောအရ မကောင်းလှပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံပညာရေးမှာ တန်းတူညီမျှမှု အားနည်းနေတဲ့အကြောင်းလည်း ဝေဖန်ပြောဆိုနေသူတွေ အများရှိ ပါတယ်။ ဒါပေမယ့် တနည်းလှည့်တွေးရင်တော့ အင်တာနေရှင်နယ်ကျောင်းတွေကို ဈေးကြီးကြီးနဲ့ ပို့မယ့်အစား၊ မတတ် နိုင်သူ လူလတ်တန်းစားမိဘတွေအတွက် အစီအစဉ်တခု ဖန်တီးပေးတဲ့သဘောပါပဲ။

ဒါပေမယ့် ထိုင်းပညာရေးစနစ်ရဲ့ ရည်ရွယ်ချက်တွေနဲ့လည်း အကျုံးဝင်ပါတယ်။ ထိုင်းနိုင်ငံက AEC လိုမျိုး အာဆီယံ စီးပွားရေး အသိုက်အဝန်းဖြစ်လာရင် သူတို့လက်ဦးမှုရအောင် ပြင်ဆင်မှုပါ။ ထိုင်းပညာရေးဝန်ကြီးဟောင်းတဦးက ပြောဖူး တာကတော့ "AEC ဖြစ်လာတော့တယ်။ AEC ရဲ့ ဘာသာစကားဟာ အင်္ဂလိပ်စာပဲ ဖြစ်မယ်။ ဒါဆိုရင် AEC အတွင်း ပြိုင်ဆိုင်နိုင်မှု၊ အသင့်ဖြစ်မှုအတွက် ထိုင်းကျောင်းသားတွေကို အင်္ဂလိပ်စာသင်ကြားရေး မြှင့်တင်ထားရမယ်" ဆိုတာမျိုး ပြောဆိုတာ ကြားဖူးပါတယ်။ နောက်တချက်က ကျောင်းသားတဦးချင်းရဲ့ ပြိုင်ဆိုင်နိုင်စွမ်း (Competitiveness) ကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။

EP, MEP အစီအစဉ်တွေကို စတင်ခဲ့တာ ၁၉၉၅ ခုနှစ်ကတည်းကပါ။ ထိုင်းနိုင်ငံ အခြေခံပညာရေးကော်မရှင်ရုံး (OBEC) က လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ကျောင်းတွေ (အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း) မှာ EP, MEP အစီအစဉ်တွေ စတင်ဖို့ ဆုံးဖြတ် ဆောင်ရွက်ခဲ့ပါတယ်။ ဘာသာ ၄ ခု (သိပ္ပံ၊ သင်္ချာ၊ ကိုယ်ကာယ ပညာရေး Physical education ၊ အင်္ဂလိပ်) ကို အင်္ဂလိပ်လို သင်စေပါတယ်။ ဒီလိုသင်ဖို့အတွက် နိုင်ငံခြားက ဆရာတွေကို ငှားရမ်းခဲ့ပါတယ်။ ကျနော့်သမီးတို့တက်တဲ့ MEP အစီအစဉ်မှာ အင်္ဂလိပ်စာသင်ဖို့ အနောက်နိုင်ငံ၊ သြစတြေလျ စသည်ဖြင့်တို့က လူငယ်ဆရာ၊ ဆရာမလေးတွေကို သုံးတာ တွေ့ရပါတယ်။ သင်္ချာ၊ သိပ္ပံလိုမျိုး ဘာသာရပ်အတွက်ကျတော့ တောင်အာဖရိကနိုင်ငံက လူမဲဆရာ၊ ဆရာမ လေးတွေ လာသင်ကြတာ တွေ့ရပါတယ်။ ထိုင်းကျောင်းဆရာတွေက လခမများပါ။ အခြေခံလစာက တလကို ဘတ် ၁၅,၀၀၀ လောက်ပဲ ရကြပါတယ်။ ဒီလခနဲ့ နိုင်ငံခြားကလာသင်တဲ့ ဆရာတွေက မလုံလောက်ပါဘူး။ ဒီအခါ ထိုင်း ပညာရေးဝန်ကြီးဌာနက အပိုဆောင်း ထောက်ပံ့ငွေ (subsidies) တွေ ထပ်ပေးပါတယ်။ အခုအချိန်မှာ ထိုင်းနိုင်ငံမှာ ကျောင်းတိုင်း EP, MEP အစီအစဉ် ရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရကျောင်းပေါင်း ၃၄,၀၀၀ က ကျောင်းသား ၁၄ သန်းအတွက် ဒီအစီအစဉ်တွေကို ဆောင်ရွက်နေပြီ ဆိုပါတယ်။ တချိန်တည်းမှာပဲ တက္ကသိုလ်တွေမှာလည်း နိုင်ငံတကာနဲ့ချိတ်ဆက်တဲ့လုပ်ငန်း (internationalization of higher education) ကို လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ပုဂ္ဂလိက တက္ကသိုလ်များ ဖွင့်စေတာ၊ တက္ကသိုလ်တွေမှာ နိုင်ငံတကာပညာရှင်၊ ဌာနတွေနဲ့ ချိတ်ဆက်တိုးချဲ့တာ၊ နိုင်ငံခြား ကျောင်းသား၊ သုတေသီတွေကို လက်ခံတာမျိုး ဖြစ်ပါတယ်။ (၂၀၀၆-၂၀၁၀) အမျိုးသား ပြိုင်ဆိုင်နိုင်စွမ်း မြှင့်တင်ရန် အင်္ဂလိပ်စာ လေ့လာသင်ယူရေး ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာအစီအစဉ် [Strategic Plan for reforming the English learning process to accelerate National Competitiveness ability (2006-2010)] လုပ်တော့လည်း အခုအစီအစဉ် တွေကို အတည်ပြု၊ ထပ်မံချဲ့ ထွင်ခဲ့ ပါတယ်။ စာသင်ကျောင်းတွေမှာလည်း အင်္ဂလိပ်ကော်နာ (English corner) တွေ တည် ထောင်ပေးပါတယ်။ အင်္ဂလိပ်စာ စာအုပ်၊ စီဒီ၊ ဗီဒီယိုတွေ ရနိုင်မယ့် အခန်းမျိုးတွေ ထူထောင်ထားတာပါ။

၂၀၁၂ မှာတော့ တနိုင်ငံလုံးက ကျောင်းတွေမှာ အင်္ဂလိပ်စကားပြောနှစ် (English speaking year) သတ်မှတ် ဆောင်ရွက် ခဲ့ပါတယ်။ ကျောင်းတွေမှာ အနည်းဆုံးတစ်ပတ်မှာ တစ်ရက် ဆရာ/ဆရာမတွေနဲ့ ကျောင်းသားတွေကြား အင်္ဂလိပ်လို ပြောဆိုဆက်သွယ်ရေး ဆောင်ရွက်စေတာပါ။ အဲဒါအပြင် ကျနော့်သမီးတွေက မကြာခဏဆိုသလို လေ့လာရေး ခရီးစဉ် တွေ၊ စခန်းချတာတွေ ထွက်ရပါတယ်။ ကင်းထောက်စခန်းမျိုး မဟုတ်ပါဘူး။ (English camp) လို့ ခေါ်တဲ့ ၄-၅ ရက် စခန်းသွင်း ပျော်လည်းပျော်၊ အင်္ဂလိပ်လိုလည်း လေ့လာသင်ယူ ပြောဆိုရမယ့် စခန်းသွင်းတာမျိုးပါ။

EP, MEP အစီအစဉ်ကို ပရာထွန် ၁-၆ တန်း (Primary)၊ မာသာယွန် (၁-၆) (secondary) ကျောင်းတွေမှာ သင်ကြပါ တယ်။ သင်္ချာ၊ သိပ္ပံ၊ ကျန်းမာရေး၊ အင်္ဂလိပ်၊ လူမှုရေး နဲ့ တခါတလေ ကိုယ်ကာယ ကျန်းမာရေး ဘာသာ ရပ်တွေကို အင်္ဂလိပ်လို သင်စေပြီး၊ ကျန်ဘာသာရပ်တွေကို ထိုင်းလိုသင်ပါတယ်။ ကျောင်းသားတွေကို လုပ်ငန်းခွင်၊ နိုင်ငံ တကာ လေ့လာမှု၊ တက္ကသိုလ်အတွက် ပြင်ဆင်ပေးတာပါ။ အလယ်တန်း၊ အထက်တန်း (secondary) ၆- တန်းတွေမှာတော့ သင်္ချာဆိုရင်- အခြေခံ အယ်လ်ဂျီဘရာ၊ အခြေခံ ဂျော်မေထရီ၊ အခြေခံ တွက်ချက်မှု (arithmetic)၊ ဆက် (sets)၊ ပရို ပိုးရှင်း (အချိုး) နဲ့ ပြဿနာဖြေရှင်းခြင်း (proportions and problem-solving)၊ သိပ္ပံဘာသာရပ်မှာ အထွေထွေ သိပ္ပံ၊ အခြေခံ ဇီဝ၊ အခြေခံဓာတု၊ အခြေခံ ရူပဗေဒ ဘာသာရပ်များ၊ ကွန်ပြူတာသိပ္ပံမှာဆိုရင် အခြေခံဝင်းဒိုးစ် (basic window programs) MS Word, Publisher, Excel နဲ့ PowerPoint ပါဝင်ပွိုင့်တွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားစေတာပါ။ ထိုင်း နိုင်ငံက ဘတ်ဂျက်ရဲ့ ၃၀% နီးပါးကို ပညာရေးအတွက် သုံးတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုလုပ်နိုင်တာပါ။ ၂၀၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံ ပညာရေးအတွက် ၅၁၉. ၂၉ ဘီလီယံ သုံးမယ်လို့ လျာထားခဲ့ပါတယ်။ [ဒေါ်လာ ၁၄. ၈ ဘီလီယံလောက် ရှိနိုင်ပါတယ်။]

ဒီလိုသင်ကြားပေမယ့်လည်း အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှု (English language proficiency Index) ညွှန်းကိန်း (http://www.ef.edu/epi/) မှာ ထိုင်းနိုင်ငံက သိပ်မတက်လာတဲ့အပြင် ကျဆင်းနေခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ နိုင်ငံ ၆၀ ပြိုင်တဲ့အနက် ထိုင်းက ၅၅ ချိတ်ပါတယ်။ ၂၀၁၇ ခုနှစ် ညွှန်းကိန်းအရ နိုင်ငံ ၇၂ ပြိုင်ဆိုင်ကြတဲ့အထဲ ၅၆ (EF EPI score) က ၄၇.၂၁ ပဲ ရှိပါသေးတယ်။ အင်္ဂလိပ်စကားပြောနှစ် (၂၀၁၂)၊ အင်္ဂလိပ်စာ တစိတ်တပိုင်းသင်ကြားတဲ့ EP, MEP (English Program, Mini-English Program) စတာတွေ လုပ်ဆောင်ခဲ့တာတောင်မှ အလွန်နည်း (very low) လို့ သတ် မှတ်ခံထားရတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ ဒီလို အားနည်းရတဲ့ အခြေခံတွေကိုလည်း ဝေဖန်ပြောဆို ဆွေးနွေးနေကြ တာတွေတော့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ကြိုးပမ်းမှုတွေကနေ လာမယ့် ကာလတစ်ခုမှာတော့ သူတို့ကျောင်းသား တွေ တိုးတက်သွားမယ့်အရေးကိုတော့ ကျနော်မြင်နေရပါတယ်။

ကျနော်တို့က ပညာရေးပြုပြင် ပြောင်းလဲမှုတွေကိုလည်း မျှော်လင့်ပါရဲ့။


illustration : dale edwin murray
0