ဌေးမင်းခိုင် ● Modern Physics – Part (1)


ဌေးမင်းခိုင် ● Modern Physics  – Part (1)
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇

[တော်လှန်ရေးအစ]
ဘဘာဝရဲ့အခြေခံနိယာမတွေ (fundamental laws တွေ)နဲ့ အရေးပါတဲ့ သိပံ္ပတွေ့ရှိချက် အားလုံးကို တွေ့ပြီးပြီ။
Albert A. Michelson (1894)

ရူပဗေဒမှာ နောက်ထပ် ထပ်တွေ့စရာမရှိတော့ဘူး။ ပိုပြီးတိတိကျကျတိုင်းတာဖို့ပဲ လိုတော့တယ်။
William Thomson (Load Kelvin) (1900)

ဥရောပရဲ့ renaissance လို့ခေါ်တဲ့ ဉာဏ်ပွင့်လင်းသစ်ခေတ်ဟာ ၁၄ ရာစုမှာ စပါတယ်။ အဲ့မတိုင်ခင် ခေတ်ကတော့ အသိ ဉာဏ်တွေ လှောင်ပိတ်ခံထားရတဲ့ အမှောင်ခေတ်၊ တနည်းအားဖြင့် ဘာသာရေးရဲ့ သံဖိနပ်အောက်မှာ အသိဉာဏ်တွေ ပြားပြားမှောက်ခဲ့ရတဲ့ ခေတ်ဆိုးကြီးပါပဲ။ (ဒီနေရာမှာ ဘာသာရေးဆိုတာ သူတော်စင်တို့ရဲ့ တရားအလှကို ပြောတာမဟုတ်၊ အာဏာရဲ့နောက်နာမည်တစ်မျိုးလို့ ရည်ညွှန်းခြင်းပါ)

ရာစုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့တဲ့ ဘုရားကျောင်းရဲ့သြဇာကို ၁၄ ရာစုက စပြီးအံ့တုလို့ လွတ်လွတ်လပ်လပ် တွေးခေါ်လာ ကြတယ်။ အတွေးအခေါ်လွတ်လပ်မှုဟာ စာပေနဲ့အနုပညာမှာ စပါတယ်။ နောက် နက္ခတ္တဗေဒဖက် (သိပ္ပံဖက်) ကို ကူးလာ ပါတယ်။ (ဥပမာ ဘုရားကျောင်းတွေက စွဲစွဲမြဲမြဲယုံကြည် လက်ခံထားတဲ့ ကမ္ဘာဗဟိုပြုအယူကို ဆန့်ကျင်ပြီး နေဗဟိုပြုအယူကို တွေးခေါ်ကြံဆတာမျိုး) အဲလိုဘုရားကျောင်းတွေကို အံ့တုလို့လည်း ကျောင်းတော်က မကြည်ပါဘူး။ ဖိနှိပ်ပါတယ်။

ဘယ်လိုပဲဖိနှိပ်ဖိနှိပ် နောက်နှစ်ပေါင်း နှစ်ရာကျော်တဲ့အခါ ဉာဏ်ပညာက အာဏာနဲ့ အစဉ်အလာကို အသာစီးရလာပါတယ်။ ဉာဏ်ပွင့်လင်းသစ်ခေတ်ရဲ့ သြဇာကြောင့် ၁၆ ရာစုမှာ လွတ်လွတ်လပ်လပ်တွေးခေါ်တတ်တဲ့၊ ဓမ္မဓိဋ္ဌာန် ကျကျလေ့လာ စူးစမ်းလာတတ်တဲ့ အလေ့အထတွေဟာ အားကောင်းလာပြီး ခေတ်သစ်သိပံ္ပဟာလည်း အရှိန်စရလာပါတော့တယ်။ နက္ခတ္တ ဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒ ဘာသာရပ်တွေမှာလည်း စူးစမ်းမှုလေ့လာမှုတွေ၊ အတွေးအခေါ်အယူအဆအသစ်တွေနဲ့ ဖွံ့ဖြိုးလာပါတော့တယ်။

(ကြားဖြတ်လို့ ပြောရရင် ၁၆ ရာစုဆိုတာ ရွှေပြည်ကြီးရဲ့ သမိုင်းဖတ်စာအုပ်တွေမှာတော့ ဒုတိယအကြိမ် ရွှေရောင်တောက်တဲ့ အချိန်လို့ တခုတ်တရ ချီးမွှမ်းခန်းဖွင့်ရတဲ့ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ရဲ့ ခေတ်ပါပဲ။ ဒါပေမဲ့ နောင်နှစ်ပေါင်း သုံးရာကျော် တော့ ကိုယ့်ထက် သုံးပုံတပုံလောက်ပဲရှိတဲ့ နိုင်ငံတခုရဲ့ လွှမ်းမိုးထိန်းချုပ်ခြင်းကို ရာစုနှစ်တခုနီးပါး ခံရပါတော့တယ်။ ပြော ချင်တာက အာဏာနဲ့ ပညာ .. ရေရှည်မှာ ဘယ်သူပိုစွမ်းသလဲဆိုတာပါပဲ)

ဟုတ်ကဲ့ … လိုရင်းပြန်ဆက်ပါ့မယ်။ ၁၆ ရာစကနေ စတင်ဖွံ့ဖြိုးလာတဲ့ ခေတ်သစ်သိပ္ပံဟာ ၁၉ ရာစုမှာ အခေါင်အဖျားကို ရောက်လာပါတော့တယ်။

စဉ်းစားကြည့်ပါ … ။ ၁၉ ရာစုမှာ ....

သဘာဝရဲ့ အခြေခံအားလေးမျိုးထဲက ဒြပ်ဆွဲအားကို နယူတန်က ရှင်းနိုင်ခဲ့ပြီးပြီ။ ခက်ခဲရှုပ်ထွေးတဲ့ လျှပ်စစ်သံလိုက်အားတွေ ကိုလည်း မက်ဆွဲ (Maxwell) က အပြီးသတ် အီကွေးရှင်းထုတ်ပြီး ရှင်းနိုင်ခဲ့ပြီ။ (အဲ့ဒီတုန်းကတော့ အက်တမ်ကို ထပ်ခွဲရမှန်း မသိသေးတဲ့ ဒီအားနှစ်မျိုးကိုပဲ သိတာကိုး)

မက္ကင်းနစ်ပညာရဲ့ အခြေခံနိယာမတွေဖြစ်တဲ့ နယူတန်ရဲ့ Motion law တွေလည်း ပေါ်လာခဲ့ပြီ။

(Dalton) ရဲ့ Atomic Theory လည်း ပေါ်လာပြီ။

သိမ်မွေ့နက်ရှိုင်းတဲ့ အပူစွမ်းအင် တနည်းအားဖြင့် အတွင်းစွမ်းအင်အကြောင်းကို ရှင်းပြနိုင်တဲ့ သာမိုဒိုင်းနမစ်နိယာမတွေလည်း ရှိလာခဲ့ပြီ။

ရှုပ်ထွေးတဲ့ ဓာတ်ငွေ့တွေရဲ့ ဂုဏ်သတ္တိတွေကို ရှင်းပြနိုင်တဲ့ Kenitic Theroy လည်း ပေါ်လာခဲ့ပြီ။

လှိုင်းရဲ့ကြင်အင်လက္ခဏာ ဂုဏ်သတ္တိတွေကိုလည်း ဂဃနဏသိလာခဲ့ပြီ။

ကိုင်း … ဘာများသိစရာ ကျန်ပါသေးသလဲ။ မြင်မြင်သမျှ ရုပ်လောကရဲ့ အချင်းအရာတွေကို ရှင်းပြနိုင်ပြီပဲလေ … ။ လူသား တွေ မာန်တက်မယ်ဆိုလည်း တက်သင့်ပါတယ် … ။ ခြေဖျားထောက်မယ်ဆိုလည် ထောက်သင့်ပါတယ်။

ဒါကြောင့်လည်း တချို့က ထပ်သိစရာမရှိတော့လို့ ထင်ခဲ့ကြပါတယ်။
ဒါကြောင့်လည်း အထက်ကလို မိုက်ကယ်ဆန်တို့၊ သွန်မဆန်တို့လို လူတော်လူကျော်ကြီးတွေရဲ့ စကားသံတွေ ပေါ်လာခဲ့တာ ပါပဲ။

ကောင်းကင်ပြာပြာအောက်မှာ အရာအားလုံးဟာ ရိုးရှင်းလှပပေစွ။
လေသည် မွှေးပေစွ … ကောင်းကင်ကြီးသည်လည်း ကြည်လင်ပေစွ .. ။

ဒါပေမဲ့ ကြည်လင်နေတဲ့ကောင်းကင်ပြာထဲမှာ တိမ်မည်းကွက်လေး နှစ်ကွက်သုံးကွက်ရှိနေတာကို သတိထားမိသူတွေက သတိထားမိကြပါတယ်။

ပထမ တိမ်မည်းကွက်ကလေးက အပူဖြာထွက်မှုနဲ့ ဆိုင်ပါတယ်။ ဒုတိယတိမ်မည်းကွက်က အလင်းရဲ့အလျင်နဲ့ ဆိုင်ပါတယ်။

ပထမတိမ်မည်းကွက်က ဒီလိုပါ … ။

အရာဝတ္ထုတွေကို အပူပေးတဲ့အခါ အဲဒီ့အရာဝတ္ထုက အပူဖြာထွက်ခြင်း (thermal emission) ဖြစ်ပါတယ်။ ဘယ်လောက် အပူချိန်မှာ ဘယ်လိုအပူဖြာထွက်ခြင်းတွေဖြစ်တယ်ဆိုတာ လက်တွေ့စမ်းသပ်ပြီး ဂရပ်ဆွဲကြည့်ရင် အောက်မှာပြထားတဲ့ပုံကို ရပါတယ်။ (ဖြာထွက်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းရဲ့ intensity နဲ့ wavelength တို့ကို ပြတဲ့ဂရပ်ပါ) လက်တွေ့စမ်းသပ်ချက်က ထွက်လာတဲ့ ဂရပ်ဟာ လွယ်လွယ်ပြောရရင် တောင်ပူစာပုံရှိပါတယ်။ အပူချိန် မတူရင် တောင်ပူစာကလည်း မတူပါဘူး။ အပူချိန်မြင့်လာရင် တောင်ပူစာကလည်း ပိုမြင့်လာပါတယ်။ (အောက်ကပုံကို ကြည့်ပါ)



ဂရပ်က တောင်ပူစာပုံဖြစ်ရတဲ့ သဘောက အပူချိန်တခုမှာ လှိုင်းအလျားတခု (အရောင်တခု)ကို ပိုများများ တွေ့ရမယ်ဆိုတဲ့ သဘောကို ပြပါတယ်။ တောင်ပူစာရဲ့ ထိပ်ကလှိုင်းအလျားကို အများဆုံးတွေ့ရမယ်ဆိုတဲ့သဘောပါ။ တောင်ပူစာအောက် ခြေက လှိုင်းအလျားတွေကိုတော့ တွေ့ရနည်းပါမယ်။ ညာဖက်က ဆင်ခြေလျောပိုပြေပြစ်လို့ လှိုင်းအလျားရှည်တဲ့ကောင် တွေကို ပိုများများတွေ့ရမယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။

အဲဒီ့ဂရပ်ကနေ ကျနော်တို့က ဒီလိုကောက်ချက်ချလို့ ရပါတယ်။
၁) အပူချိန်မြင့်လာရင် intensity မြင့်လာမယ်၊ တနည်း ဖြာထွက်စွမ်းအင်က မြင့်လာမယ်။
၂) အပူချိန်မြင့်လာရင် လှိုင်းအလျားက တိုတိုလာမယ်၊ တနည်း အရောင်ဟာ အနီကနေ ခရမ်းဘက်ကို ရွေ့လာမယ်။ (တောင်ပူစာဟာ ဘယ်ဘက်ကို ကပ်သွားမယ်)

အဲဒီ့နှစ်ချက်လုံးကို နားလည်နိုင်ပါတယ်။ အပူချိန်နဲ့ ဖြာထွက်စွမ်းအင်တို့ တိုက်ရိုက်အချိုးကျကြောင်းကိုလည်း (ခု ဆယ်တန်း မှာ သင်နေတဲ့) Stepan-Boltzmann’s law က ပြောခဲ့ပြီးပါပြီ။ (တကယ်က အပူချိန်လေးထပ်နဲ့ တိုက်ရိုက်အချိုးကျတာပါ)

နှစ်ကလည်း နားလည်နိုင်ပါတယ်။ အရာဝတ္ထုတွေရဲ့ အပူချိန် မြင့်လာရင် သူ့ရဲ့အရောင်ကလည်း ပြောင်းသွားပါတယ်။ ဥပမာ သံချောင်းတခုကို အပူပေးရင် သူ့ရဲ့အရောင်ဟာ ပထမအနီ၊ နောက် အဝါ .. နောက် ပြာလဲ့လဲ့... စသည်ဖြင့် အဆင့် ဆင့်ပြောင်းသွားပါတယ်။ အတွေ့အကြုံရှိတဲ့အလုပ်သမားတဦးဟာ သံရဲ့အရောင်ကို ကြည့်ပြီး သံရဲ့အပူချိန်ကို ခန့်မှန်း နိုင်ပါတယ်။ ဆိုတော့ ဒီအချက်ကလည်း နားလည်နိုင်ပါတယ်။

နားမလည်နိုင်တာက ဂရပ်မျဉ်းက ဇောက်ထိုးပြန်ဆင်းသွားတာကိုပါပဲ။

ဘာလို့ပါလဲ။ သိထားတဲ့ ရူပဗေဒနိယာမတွေအရ အပူချိန်မြင့်ရင် စွမ်းအင်မြင့်မယ်၊ စွမ်းအင်မြင့်ရင် intensity ကလည်း မြင့်ရမယ်။ (လှိုင်းတခုရဲ့စွမ်းအင်ဟာ intensity နဲ့ တိုက်ရိုက်ဆိုင်ပြီး လှိုင်းရဲ့ intensity ဟာ amplitude နှစ်ထပ်နဲ့ တိုက်ရိုက် အချိုးကျပါတယ်) ဆိုတော့ intensity ကလည်း အမြင့်၊ လှိုင်းအလျားကလည်း အတို အဲလိုဖြစ်ရပါမယ်။ တနည်းအားဖြင့် ဂရပ်မျဉ်းက အောက်ကို ဆင်းမလာရပဲ အပေါ်ကို ထောင်တက်သွားရပါမယ်။ (ဒုတိယပုံမှာ ရှေးရိုးစံထားနိယာမတွေအရ ဖြစ်လာရမယ့် ဂရပ်နဲ့ နှိုင်းယှဉ်ပြထားပါတယ်)



အဲဒီ့အတိုင်းသာဆို လှိုင်းအလျားတိုသွားရင် intensity မြင့်တဲ့ ခရမ်းလွန်ရောင်ခြည်တွေပဲ ထွက်လာစရာရှိပါတယ်။ ဒီ ထက်မြင့်သွားရင် x-ray တို့ gamma ray တို့ထွက်လာပမယ်။ လှိုင်းအလျားက သုညဖက်ကို ချည်းကပ်လာလေလေ ဖြာ ထွက်စွမ်းအင်ကလည်း အနန္တဖြစ်အောင် ကြီးလာပါလိမ့်မယ်။ လက်တွေ့မှာ အဲလိုမဖြစ်ခဲ့ပါဘူး။ ဒါကို ရှိရင်းစွဲ အသိပညာ တွေနဲ့ ဘယ်သူမှ မဖြေရှင်းနိုင်ပါဘူး။ ဒီပြဿနာကို ပညာရပ်နယ်ပယ်မှတော့ ခရမ်းလွန်ရောင်ခြည်ကပ်ဘေး ultraviolet catastrophe လို့ လူသိများပါတယ်။

ဒုတိယတိမ်မည်းကွက်ကတော့ အလင်းရဲ့အလျင်နဲ့ဆိုင်ပါတယ်။

အလျင်ဆိုတာ နှိုင်းရပါ။ ဥပမာ ကိုယ်က တနာရီ မိုင် 50 မောင်းနေတဲ့ ရထားပေါ်မှာ ထိုင်နေတယ် ဆိုပါစို့။ အပြင်က ရပ်နေ တဲ့သူကို လှမ်းကြည့်လိုက်ရင် အဲဒီလူကို တနာရီ မိုင် 50 နဲ့ ရွေ့သွားတယ်လို့ ထင်ပါလိမ့်မယ်။ အပြင်ကလူက ရထားနဲ့အပြိုင် တနာရီ 10 မိုင်နှုန်းနဲ့ ပြေးနေတယ်ဆိုရင် အဲ့လူရဲ့အရွေ့ကို မိုင် 40 လို့ မြင်ပါလိမ့်မယ်။ ဆန့်ကျင်ဘက်ကို ပြေးနေတယ် ဆိုရင်တော့ တနာရီ မိုင် 60 လို့ မြင်ပါလိမ့်မယ်။ ပြောရရင် အလျင်ဆိုတာ နှိုင်းရပါ။

ဒါပေမဲ့ အလင်းရဲ့အလျင်က အဲလိုမဟုတ်ပါဘူးတဲ့။ ဘယ်လိုတိုင်းတိုင်း တသတ်မတ်တည်းပဲ ဖြစ်နေတယ်။ တိုင်းတဲ့သူက ရွေ့ရွေ့ မရွေ့ရွေ့၊ အလင်းပင်ရင်းက ရွေ့ရွေ့ မရွေ့ရွေ့ အဖြေဟာ တသတ်မတ်တည်းပါတဲ့။ အဲဒီ့အဖြေကိုလည်း ဘယ်သူ မှ မသိပါဘူး။

ပထမတိမ်မည်းကွက်ကို ဖြေရှင်းဖို့ ကြိုးစားရာကနေ ကွမ်တမ်သီအိုရီတော်လှန်ရေး စပါတော့တယ်။
ဒုတိယတိမ်မည်းကွက်ကို ဖြေရှင်းဖို့ ကြိုးစားရာကနေ ရီလစ်တစ်ဗစ်တီတော်လှန်ရေး စပါတော့တယ်။
0