တူမောင်ညို ● ထိတ်လန့်ဖွယ်ကောင်းသော Black Friday အတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ

တူမောင်ညို ● ထိတ်လန့်ဖွယ်ကောင်းသော Black Friday အတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ
သြဂတ်စ် ၃၀၊ ၂၀၁၇

သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တုန့်ပြန်အရေးယူဆောင်ရွက်မှုမျိုးစုံကို အုံနဲ့ကျင်းနဲ့လုပ်ဆောင်နေတာကို မြင်ရပါ တယ်။ တုန့်ပြန်မှုတွေထဲမှာ ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်သူမှာတာဝန်ရှိတယ်၊ ဘယ်သူကတာဝန်ခံမယ် ဆိုတာကိုလည်း ဖော်ထုတ်ဖို့လိုသလို၊ ထိုသို့တာဝန်ရှိသူအနေနဲ့လည်း သူ့တာဝန်ပျက်ကွက်မှုအတွက်  တာဝန်ယူဖို့ လိုအပ် ပါတယ်။

နံပါတ်တစ်တာဝန်ရှိသူဟာ ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဖြစ်ပါတယ်။
နံပါတ်နှစ်တာဝန်ရှိသူမှာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ တိုက်ခိုက်ခံရမှုတွေအပြီး ပြည်ထဲရေးဝန်ကြီးက တိုက် ရိုက် ခန့်အပ်တာဝန်ပေးခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင် ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

အခြားဒီမိုကရေစီတိုင်းပြည်တွေမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာအခုလောက်ဆိုရင် သူ့တို့ဂုဏ်သိက္ခာ သူတို့ ထောက်ထားပြီး သူတို့တာဝန်ပျက်ကွက်မှုအတွက် တိုင်းပြည်နဲ့လူထုထံ တောင်းပန်ဝန်ချစကားဆိုပြီး တာဝန်ကနေ နုတ် ထွက် ကြောင်း ကြေညာပြီးလောက်ပါပြီ။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ “အပြီးသတ်အစီရင်ခံစာ” ကို အဆိုပါကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်က နိုင်ငံတော် သမ္မတဦးထင်ကျော်ထံ သြဂုတ်လ ၂၃ ရက်နေ့မှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုက သြဂုတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်း (dawn attack)  (၀၂း၀၀) နာရီနဲ့ (၀၄း၀၀) နာရီအတွင်းမှာလို့ ဆို ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်/ ဒါကြောင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးတွေကို ညွန်ကြားချက်တွေ ပေးထားခဲ့ တယ်လို့ သြဂုတ်လ ၂၅ ရက်နေ့တွင်ထုတ်ပြန်သော “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကြေညာချက်” မှာ အခုလိုဖော်ပြပါရှိပါ တယ်။

“နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာထုတ်ပြန်မှုနှင့်အချိန်ကိုက်၍ တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရာရှိသည်ကို ယခင်ကတည်းက ကြိုတင်မှန်းဆထားသည့်အတွက် သက်ဆိုင်ရာ ပြည် ထောင်စုဝန်ကြီးများအားလည်း ညွန်ကြားချက်များ ပေးထားခဲ့ပါသည်”

ဒီထဲမှာပါတဲ့ “သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ” ဆိုတာထဲမှာ (ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေး၊ ရခိုင်ပြည် နယ် ဝန်ကြီးချုပ်) တို့ ပါဝင်လိမ့်မယ်လို့ ယူဆပါတယ်။

ပထမအကြိမ်အလစ်အငိုက်တိုက်ခိုက်မှု (၂၀၁၆ အောက်တိုဘာ ၉) နဲ့ ယခုတစ်ကြိမ်တိုက်ခိုက်မှု (၂၀၁၇ သြဂုတ် ၂၅)  တို့ ဟာ ၁ နှစ်နီးပါးကွာခြားပါတယ်။ သြဂုတ် ၂၅ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အကဲဖြတ်ကြတာတွေကို အစဉ်လိုက်တင်ပြထားပြီး စာရေး သူ၏ သဘောထားအမြင်ကို အဆိုပါအကဲဖြတ်ချက်များအောက်မှာ တွဲလျက်ဖော်ပြလိုက်ပါတယ်။

- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်အောင်ရဲဝင်း  - “ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်နေ တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ရည်မှန်းချက်ဟာ နယ်မြေပိုင်ဆိုင်မှု ဖြစ်တယ်”

- စစ်ဖက်ရေးရာနဲ့ လုံခြုံရေး ဒုတိယအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်း -  “ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရမှုဟာ လုံခြုံရေးစည်းကျိုးပေါက်လို့ မဟုတ်ဘူး”
 
ဒီအချက်က ဗိုလ်ကျော်သူနဲ့ ရဲဗိုလ်စန်းလွင်ကို ကာကွယ်ပေးတာ/ ဒါဆိုရင် ပြင်ပကနေ ကိုယ့်နယ်မြေပိုင်နက်ထဲ ထိုးဖောက် ဝင်ရောက်လာတဲ့  ARSA အကြမ်းဖက်သမားက သေသပ်ပိရိလွန်းတာပေါ့/ ဒီလိုတိုက်ခိုက်ခံရမယ့်လို့ ကြိုတင်သတင်းအစ အနမရတာမှာ စစ်ဘက်နဲ့ရဲဘက်ထောက်လှမ်းရေးတွေမှာ တာဝန်မရှိဘူးလား/သူတို့ပျက်ကွက်မှု သူတို့ညံ့ဖျင်းမှုမဟုတ်ဘူး လား၊ သူတို့အတွေကို ကွပ်ကွဲအုပ်ချုပ်သူမှာတာဝန်မရှိဘူးလား။

ဒါ့အပြင် ဒီနေရာ မြေပြင်သတင်းတစ်ခုဖြစ်တဲ့ (သြဂုတ်လ ၃၀ ရက်နေ့) မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၁၀ တွင် ဖော်ပြပါရှိတဲ့  “ဖခင်ရဲဝန်ထမ်းဟောင်းတစ်ဦးပြောပြသည့် ARSA အစွန်းရောက် အကြမ်းဖက်တို့၏ တိုက်ခိုက်မှုကို အသက် ပေးကာကွယ်သွားသူ သား ဒုရဲအုပ်တစ်ယောက်အကြောင်း” ဆိုတဲ့ သတင်းဆောင်းပါးမှ အောက်ပါအချက်ကို ဖော်ထုတ် ကိုးကားပါရစေ။

- “အကြမ်းဖက်မှု မဖြစ်ပွာမီညက ဒုရဲအုပ် အောင်မြင့်ဦး၏ သူငယ်ချင်းဖြစ်သူက ဒီညအခြေအနေမကောင်းကြောင်း ၊ သတိ၊ ဝီရိယရှိရှိ နေဖို့လိုကြောင်းကို ဖုန်းဆက်သတိပေးပြောကြားခဲ့သေးသည်ဟု အခြားသူများ၏ ပြောပြချက်ကို ဦးဝင်းမြင့်က တစ်ဆင့်ပြန်လည်ပြောပြသည်” ဟူ၍ဖြစ်ပါတယ်။

ဒီအချက်ကိုကြည့်ရင် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကြိုတင်သတိပေး သတင်းရရှိထားတယ်ဆိုတာ ထင်ရှားနေတယ်။ ဒီအ ချက်က ဗိုလ်သန်းထွဋ်သိန်းရဲ “လုံခြုံရေးစည်းကျိုးပေါက်လို့ မဟုတ်ဘူး”  ဆိုတဲ့ ပြောဆိုချက်ကို လှောင်ပြောင်သရော်သလိုဖြစ်နေတယ်။

- ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ - “ယခုတိုက်ခိုက်မှုဖြစ်စဉ်အရ အကြမ်းဖက်သမားများသည် မောင်တော နှင့် ဘူးသီးတောင် တစ်ဝိုက်အား အစ္စလာမ်နိုင်ငံအဖြစ် ဖန်တီးတည်ထောင်ရန် ရည်ရွယ်လုပ်ဆောင်နေသည်ကို ထင်ရှားစွာ ပြသ လျက်ရှိကြောင်း”

အထက်မှာဖော်ပြထားတဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ သုံးသပ်ချက်က “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌ” ဗိုလ်အောင်ရဲဝင်း အကဲဖြတ်ချက်နဲ့အခြေခံသဘောအရအတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် စကားလုံးအသုံးအနှုန်းမှာ ပြည်ထဲ ရေးဝန်ကြီး ဗိုလ်ကျော်ဆွေက နည်းနည်းချဲ့ကားထားပုံပေါ်ပါတယ်။

ဒီတိုက်ခိုက်ခံရမှုကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက အခုလိုပုံဖော်ပါတယ်။

- “ထိတ်လန့်ဖွယ်ကောင်းသော Black Friday အဖြစ် အမှတ်ရနေမည် ဖြစ်ကြောင်း”
 
- အကြောင်းရင်းမှာ သြဂုတ်၂၅ရက်နေ့ နံနက်အစောပိုင်းတွင် ARSA အစွန်းရောက်အကြမ်းဖက်အုပ်စုသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်ရှိ ရဲကင်းစခန်း(၃၀) နှင့်တပ်စခန်း (၁) ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲဝန် ထမ်း (၁၀) ဦး၊ တပ်မတော်သား (၁) ဦးနှင့် လူဝင်မှုကြီးကြပ်ရေးအရာထမ်း (၁) ဦးတို့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း ခံခဲ့ရ ကြောင်း၊

- “ယခုဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်သည် ယခင်ဖြစ်စဉ်များနှင့် မတူကွဲပြားခြားနားကြောင်း၊ နိုင်ငံတစ်ဝန်းလုံးနှင့်ပြင်ပ သို့ ပြန့်နှံ့ထိခိုက်နိုင်သည့် အသွင်လက္ခဏာဆောင်နေကြောင်း”

ဦးသောင်းထွန်းအနေနဲ့ “၁၉၈၈အရေးအခင်း ”၊  “ဒီပဲယင်းအကြမ်းဖက်သတ်ဖြတ်မှု” “၂၀၀၇ ရွှေဝါရောင်သံဃာအရေးအခင်း” ၊ “ကျောင်းသားသပိတ်ချီတက်မှုအပေါ်အကြမ်းဖက်မှု”တွေ၊ စစ်ကြောရေးနဲ့အကျဉ်းထောင်ထဲမှာ (ကာယကံရှင်တွေရဲ့ စိတ် ပိုင်း ရုပ်ပိုင်းတင်မက ပြင်ပမိသားစုကိုပါ) ညှဉ်းပမ်းနှိပ်စက်မှုတွေအပေါ်လည်း ထိပ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ (သွေးစွန်း တဲ့နေ့ရက်တွေ)  ဖြစ်ရပ်တွေအဖြစ် အမှတ်ရနေနိုင်ပါ့မလား။ ထိုအကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျခံ ခဲ့ကြရသူတွေ ကိုရော လူလို စာနာနိုင်ပါ့မလား။

အကြမ်းဖက်တိုက်ခိုက်မှုအတွက် ကျဆုံးဒဏ်ရာရခဲ့ကြသူတွေနဲ့ ကျန်ရစ်သူတွေအတွက် စိတ်မကောင်းပါဘူး။ ဂရုဏာသက် မိပါတယ်။ ထို့အတူ မောင်တောခရိုင်ထဲက အပြစ်မဲ့အရပ်သူအရပ်သားတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးမှု၊ ထိခိုက် နစ်နာရမှုတွေအတွက်လည်း များစွာဝမ်းနည်းကြေကွဲရပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေဟာ ကြိုတင်သတိပေးညွန်ကြားထား ပါလျက်နဲ့ “တနှစ်တခါ ချိန်ကိုက်ခါကိုက်” လိုအပ်ရင်လိုအပ်သလို ပေါ်ပေါက်လာနေတတ်မျိုးကတော့ ခဏခဏ မဖြစ် စကောင်းပါဘူး။

နယ်မြေဒေသတစ်ခု၊ မြို့တစ်မြို့ကို  လက်ရသိမ်းပိုက်ထူထောင်ဖို့ဆိုတဲ့  ရည်မှန်းချက်နဲ့ အကြမ်းဖက်သမားတွေကိုင်စွဲတိုက် ခိုက်နေတဲ့လက်နက်တွေကို နှိုင်းယှဉ်ကြည့်ပြန်တော့လည်း ရည်မှန်းချက်နဲ့ကိုင်ဆောင်သုံးစွဲနေတဲ့လက်နက်တွေဟာ အင်မ တန်ကွာခြားနေတာကို  အလွယ်တကူမြင်နိုင်ပါတယ်။ (ဝေလငါးရဖို့ ငါးမျှားချိတ်မှာ တီကောင်တပ်ပြီး မျှားနေသလိုမျိုးပါပဲ)

နိုင်ငံတစ်ခုရဲ့ပထဝီဒေသ၊ နယ်မြေတစ်ခု၊ မြို့တစ်မြို့ကို “တုတ်၊ ဓား၊ လှံ၊ မှိန်း၊ လုပ်သေနတ်၊ လက်လုပ်ဗုံးတွေ” လောက်နဲ့ လက်ရသိမ်းပိုက်နိုင်ပါ့မလား။

၁၆ ရာစုလောက်ကို အခြေခံထားပြီး၊  “တုတ်၊ ဓား၊ လှံ၊ မှိန်း၊ လုပ်သေနတ်၊ လက်လုပ်ဗုံးတွေ” ကိုင်ဆောင်ထားသူ မျိုးနွယ်စု မတူသူတွေအကြား နယ်မြေလုယက်ကြတဲ့စစ်ပွဲတစ်ပွဲကို ရုပ်ရှင်ရိုက်ပြတာပါလို့ဆိုရင်တော့လည်း ဘာပြောစရာရှိမှာလဲ။ ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ခံစားလိုက်ကြတာပေါ့။

ညွှန်း
- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထုတ်ပြန်ကြေညာချက် (၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ရက်) - မြန်မာ့အလင်းသတင်းစာ (၂၆-၈-၂၀၁၇)
- ၂၉-၈-၂၀၁၇ (RFA) သတင်း - “အကြမ်းဖက်သမားတွေရဲ့ရည်မှန်းချက်ဟာ နယ်မြေပိုင်ဆိုင်မှုဖြစ်”
- (၂၉-၈-၂၀၁၇) Myanmar State Counsellor Office မှာ ဖော်ပြထားတဲ့ “ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့က သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များအား ရခိုင်ပြည်နယ် အတွင်း နောက်ဆုံးအခြေအနေများကို ရှင်းလင်း”
- ( ၃၀ - ၈ - ၂၀၁၇) မြန်မာ့အလင်းသတင်းစာ

[ဒုရဲအုပ်အောင်မြင့်ဦးဟာ အဲဒီတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ကျဆုံးသွားတဲ့သူဖြစ်ပြီး၊ ဦးဝင်းမြင့်မှာ ဒုရဲအုပ်အောင်မြင့်ဦး၏ ဖခင် ဖြစ်ပါတယ်။ ဦးဝင်းမြင့်ဟာလည်း အငြိမ်းစားရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဒုရဲအုပ်အောင်မြင့်ဦးဟာ တနင်္သာရီတိုင်းဒေ သကြီးမှာ ၁၀ နှစ်၊ နေပြည်တော်ကောင်စီမှာ ၇ နှစ်၊ စုစုပေါင်း ၁၇ တာဝန်ထမ်းဆောင်ဖူးတဲ့ လုပ်သက်ရင့်ရဲတစ်ဦးဖြစ်ပါတယ်။ သာမန်ရဲတပ်သား ဘဝက နေ ဒုရဲအုပ်ဖြစ်လာသူပါ။ ဒုရဲအုပ်ဖြစ်လာတာ ၃ နှစ်ခန့်ရှိပြီလို့လည်း အဆိုပါ သတင်းဆောင်းပါးထဲ မှာဖော်ပြထားပါတယ်]

Comments