နိုင်ဝင်းသီ- Black List တဲ့လား

Black List တဲ့လားနိုင် ဝင်း သီ(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၇

                                            
ခေတ်ကြီးကိုက အနည်းဆုံး အကောင့် နှစ်ခုရှိမှ အဆင်ပြေမယ့်ခေတ်။

တခုက ဖေ့စ်ဘုတ်လို့လူသိများနေတဲ့ Fb အကောင့်။ နောက်တခုက ငွေသွင်းငွေထုတ်လုပ်တဲ့နေရာမှာ လွယ် ကူမြန်ဆန်စေဖို့ အတွက် ပုဂ္ဂလိကဘဏ်တခုခုမှာ ကိုယ့်ရဲ့နာမည်နဲ့ဖွင့်ထားတဲ့ ဘဏ်စာရင်း အကောင့်။         သေချာပြီ။ အဲဒီအကောင့်နှစ်ခုသာ ဖွင့်ထား လိုက်လျှင်  ထိုင်း၊ မလေးရှား၊ စင်ကာပူတို့လို နိုင်ငံမျိုး ကိုမဆိုထားနှင့်။ တကမ္ဘာလုံးနှင့် ဆက်သွယ်ဖို့ပင် အဆင်ပြေသွားပါပြီ။
ကမ္ဘာ့နိုင်ငံအသီးသီးသို့ရောက်ရှိနေကြသောရွှေမြန်မာ များနှင့် လည်း ငွေပို့၊ ငွေလွဲလုပ်ရတာ အတော့်ကို အဆင်ပြေသွားပါပြီ။
          ဆိုတော့  နည်းပညာခေတ်ကြီးထဲမှာ ငုပ်တုတ်မေ့မသွားရလေအောင် မောင်ဥက္ကာတို့လို စာလေး ပေလေးချောက်တိချောက်ချက်ရေးသောစာရေးဆရာတွေကလည်း ခေတ်နှင့်လျော်ညီအောင် အကောင့် နှစ်ခုစလုံး ဖွင့်ထားရပါသည်။ စာမူအပေးအယူကိစ္စမျိုးအစ၊ လူမှု
ရေးကိစ္စမျိုးအလည်၊ ငွေပေးငွေယူကိစ္စမျိုး အဆုံး အဲဒီအကောင့်နှစ်ခုနှင့်ပဲ စခန်းသွားနေရပါသည်။
         တခါတရံ သိပ်ပြီး အားအားယားယားရှိတဲ့ အချိန်မျိုးမှာတော့ Fb ပေါ် ဟိုဟာလေးတင် ဒီဟာ လေး တင်ပြီး မြို့မေတ္တာကို တတ်သလောက်မှတ် သလောက် ခံယူရတာပါ့ခင်ဗျာ။
           တရက်မှာတော့ နယူးဇီလန်မှာရောက်နေတဲ့ မြန်မာလူမျိုးကဗျာဆရာသူငယ်ချင်းတယောက်က မောင်ဥက္ကာဆီကို ငွေပို့လိုကြောင်း ဆက်သွယ်လာပါ သည်။
         အမေရိကန်ဒေါ်လာ ၁၀၀ ပို့ပေးသွားမှာဖြစ်ပြီး အဲဒီထဲက မြန်မာငွေငါးသောင်းကို
ကိုခိုင်မျိုးတို့ "ဆိပ် ကမ်းသာကဗျာကဖေး" လေးကို ပေးပေးပါတဲ့။ ကဗျာဆရာတွေရဲ့ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေအတွက် သူတတ်နိုင်သမျှ လှူဒါန်းလိုက်တာ ပါတဲ့။
          ကျန်တဲ့ငွေကိုတော့ သူဖတ်ချင်တဲ့စာအုပ်လေးတွေဝယ်ပြီး သူ့ဆီကိုပို့ပေးပါတဲ့။ နယူးဇီလန်ကို ပို့ပေးရမယ်ပေါ့။ အိုကေပါသူငယ်ချင်းရာ။ ငွေပို့ပြီးရင်သာ လှမ်းပြောပါ။ အားလုံးအဆင်ပြေအောင် လုပ် ပေးပါမယ်လို့ သူ့ကိုပြန်ပြောရပါသည်။ 
 
ဒါနဲ့ပဲ မောင်ဥက္ကာဟာ မိမိဘဏ်စာရင်းဖွင့်ထားတဲ့ ဘဏ်အမည်နဲ့ အကောင့်နံပါတ်တွေ၊ လိုအပ်မယ့် အချက်အလက်တွေအားလုံး သူငယ်ချင်းကို ပြည့်ပြည့်စုံစုံလေးပေးလိုက်ပါသည်။ ကိုယ်ကိုတိုင် မိသားစု ကိစ္စ၊ လူမှုရေးကိစ္စများဖြင့် ငွေသွင်းငွေထုတ် မကြာခဏလုပ်ဖူးနေလေတော့ ဘဏ်လုပ်ငန်းစဉ်များကို မောင်ဥက္ကာသိနေပါသည်။ 
နောက်တပတ်လောက် ကြာတော့ သူငယ်ချင်းက လှမ်းပြီးဆက်သွယ်ပါသည်။
ငွေပို့ထားပြီးပါပြီတဲ့။ သွားထုတ်လို့ ရပါပြီတဲ့။
ဆိုတော့ မောင်ဥက္ကာလည်း ဘဏ်စာရင်းဖွင့်ထားတဲ့ ကိုယ့်မြိုကလေးကပုဂ္ဂလိကဘဏ်
တိုက်တတိုက်ဆီကို ချီတက်ခဲ့ရပါသည်။
ဘဏ်မှာလည်း ငွေသွင်း ငွေထုတ်လုပ်နေကျဆိုတော့ မပါမဖြစ် နိုင်ငံသားစီစစ်ရေး ကပ်ပြားလေးလည်း ပါရတာပေါ့ဗျာ။
တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့က မောင်ဥက္ကာရဲ့မဟေသီ ငွေနှစ်သိန်းသွင်းခိုင်းထားလို့ အိမ်က ဘဏ်စာအုပ် တောင် ပါလာလိုက်သေးသည်။
         ငွေသွားထုတ်မည့် မောင်ဥက္ကာကို သူငယ်ချင်းဘက်ကလည်း  အချက်အလက်တွေပြည့်စုံအောင် ပေးထားပါသည်။
       သူငယ်ချင်းက နယူးဇီလန် Western Union ကနေ အမေရိကန်ဒေါ်လာ ၁၀၀ ပို့လိုက်သည်ဆိုသော် လည်း မောင်ဥက္ကာလက်ထဲရောက်မည့် မြန်မာငွေက  ၉၂၆၂၃ ကျပ်
သာဖြစ်ပါသည်။ ဝန်ဆောင်ခပေးရသော ဒေါ်လာ ၂၀ နှင့် လက်ထဲသို့ ရောက်မည့် မြန်မာငွေကို တွက်ကြည့်ပါက ဝန်ဆောင် ခအဖြစ် မြန်မာငွေ ၆၃၃၇၇ ကျပ် ပေးလိုက်ရသည့် သဘောဖြစ်ပါသည်။ ဒါတောင် တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ထားပြီး တွက်ထားခြင်းဖြစ်သည်။
ပြီးတော့ code နံပတ်ခေါ်မလား။ ဂဏန်းဆယ်လုံး ပေးလိုက်သေးသည်။
          အဲဒီဂဏန်းဆယ်လုံးကို မောင်ဥက္ကာက ဘဏ်မှာ ပြောပြရမှာဖြစ်သည်။ နယူးဇီလန်က ဘယ်သူ ဘယ်ဝါ ပို့လိုက်တာပါပေါ့။ ဘယ်ရွေ့ဘယ်မျှပို့လိုက်ပါတယ်ပေါ့။ လုပ်ငန်းစဉ်က
ခက်ခဲလှသည်ဟု မဆို သာသော်လည်း နိုင်ငံခြားငွေလွဲကိစ္စတွေကိုတော့ မောင်ဥက္ကာတကြိမ် တခါမှမကြုံဘူးသေးပါ။
        မောင်ဥက္ကာဟာ ငွေကြေးပမာဏ မများလျှင်သာနေရမည်။ မော်ဒယ်လ်လေးတွေလို
ချောမော လှပ သော ဘဏ်ကကောင်မလေးတွေကိုတော့ အလုပ်ရှုပ်အောင် မကြာခဏသွားလုပ်တတ်သူဖြစ်ပါသည်။
         သူများတွေ ဆာလာအိတ်ကြီးတွေကိုခြေကန်ထမ်းပြီး သိန်းကို ရာနှင့်ထောင်နှင့်ချီ၍ငွေလာအပ်နေ ချိန်တွင် မောင်ဥက္ကာက မြန်မာငွေ နှစ်သောင်း၊ သုံးသောင်းလောက်ကို အလီလီ အသွင်းအထုတ် လုပ်နေ သူဖြစ်သည်။
        ဒီကြားထဲ နှစ်ကုန်သွားလို့ ဘဏ်က  မေတ္တာလက်ဆောင်ပြက္ခဒိန်ပေးလျှင်လည်း မရမချင်း အခေါက် ခေါက်အခါခါ သွားတောင်းတတ်သူဖြစ်သည်။   
         အဲဒီလောက် ဝီရိယကောင်းနေတာတောင်မှ  ၂၀၁၇ ခုနှစ်အတွက် ပြက္ခဒိန်ကိုမောင်ဥက္ကာ မရလိုက် ရှာပါ။
          ဘဏ်ရောက်လို့ ပြည်ပက ပို့ထားတဲ့ငွေ ဘယ်နေရာမှာထုတ်ရပါလဲ မေးကြည့်
တော့ ငွေထုတ် ကောင်တာက ကောင်မလေးတယောက်က သူတို့ကောင်တာနှင့် မျက်စောင်းထိုးမှာရှိသော ကောင်တာ တခုကိုညွှန်ပြပါသည်။
          ခါတိုင်း မောင်ဥက္ကာ ငွေထုတ်နေကျနေရာပါပဲ။ ဝန်ဆောင်မှုပေးမည့်ကောင်တာလေးပဲ ကွဲပြားခြား နားသွားတာဖြစ်သည်။
         စာရေးမလေးကို နယူးဇီလန်မှ ငွေပို့ထား၍ ထုတ်ယူလိုကြောင်း ပြောပြလိုက်သည်။
Code နံပတ်ခေါ်မလား။ လျှို့ဝှက်နံပတ်ခေါ်မလား။ ကဗျာဆရာသူငယ်ချင်း ပေးထားသော ဂဏန်းဆယ် လုံးကို ပြောပြလိုက်သည်။ ကလေးမလေးက ကွန်ပျူတာထဲမှာ အချက်အလက်တွေထည့်ပြီး ရိုက်လိုက် သည်။ စက္ကန့်ပိုင်းပဲကြာသည်။ သူကတောင် ပြန်ပြီးမေးလိုက်သေး သည်။ နယူးဇီလန် Western Union ကပို့တာလားဆိုတော့ ဟုတ်ပါတယ်ပေါ့။ အဲဒီ Western Union ကထုတ်ပေးထားတဲ့ လက်ခံစာ ရွက်လေး ကို Messenger က ပေးပို့ထား၍  အချက်အလက်တွေအားလုံးနီးနီး မောင်ဥက္ကာ အလွတ်ရနေပါသည်။
          ပြီးတော့ ထုံးစံအတိုင်း နိုင်ငံသားစိစစ်ရေး ကပ်ပြားပြရပါသည်။ ကလေးမလေးလက် မှတ်ထိုးခိုင်း သော စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးရပါသည်။ သူကတော့ လိုအပ်တဲ့အချက်အလက်တွေကိုစာရွက်ပေါ် မှာ ဖြည့်လိုက်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်ကို ကြည့်လိုက်ပေါ့။
          မောင်ဥက္ကာစိတ်ထင် ငါးမိနစ်ခန့်ပဲကြာမြင့်ပါလိမ့်မည်။ လိုအပ်သမျှအားလုံးကိုမေးမြန်းဖြည့်စွက်ပြီး သောအခါ ငွေထုတ်ရန် သွားစောင့်နေပါဆိုပြီး ငွေထုတ်မည့်နေရာသို့ ညွှန်ပြလိုက်ပါတော့သည်။
          ငွေထုတ်မည့်နေရာမှာ ထိုင်စောင့်ရင်း ဖုန်းအင်တာနက်ကို ဖွင့်ကြည့်လိုက်တော့ သူ
ငယ်ချင်းက လိုင်းပေါ်မှာ ရောက်နှင့်နေသည်။
          အခုထိ မထုတ်ရသေးဘူးလား၊ ဘယ်အချိန်ရှိနေပြီလဲ ဘာညာနှင့် မောင်ဥက္ကာနှင့် ရန်ဖြစ်နေသေး သည်။ မြန်မာပြည်မှာ တုန်းက ရေးဖော်ရေးဖက် မူးဖော်မူးဖက်တွေမို့လား။ တယောက်နှင့်တယောက်ဆိုတာ ပြောမနာဆိုမနာတွေ။ အခုလိုကမ္ဘာရဲ့ဟိုဖက်အခြမ်းကို ရောက်နေတာ တောင်မှ ရန်ဖြစ်နေကြတုန်းဖြစ်သည်။ သူနှင့် မောင်ဥက္ကာက လိုင်းပေါ်မှာလည်း မကြာမကြာ ရန်ဖြစ်နေကျ ဖြစ်ပါသည်။
          မောင်ဥက္ကာကလည်း ပြန်ပြောရပါသည်။ လုပ်စရာရှိတာ အားလုံးလုပ်ကိုင်ပြီးစီး
သွားလို့ ငွေထုတ်ဖို့ ပဲ လိုပါတော့သည်။ စက်သာဖွင့်ထားပါ။ ငွေထုတ်ပြီးတာနှင့်လှမ်းပြောပါမည်ဟူ၍။
          မိနစ်နှစ်ဆယ်လောက်ကြာသွားသောအခါ မောင်ဥက္ကာရဲ့အမည်ကို လှမ်းခေါ်လိုက်ပါသည်။
         ငွေထုတ်ပေးနေသည့် ကောင်တာကလှမ်းခေါ်တာမဟုတ်ဘဲ စောစောက စာရေးမလေးကလှမ်းခေါ် လိုက်တာဖြစ်သည်။
         ကလေးမလေး၏ မျက်ဝန်းတွေက ဝိုင်းစက်နေသည်။ သူက မောင်ဥက္ကာကို အားတောင့် အားနာနှင့် ပြောရှာသည်။
         မောင်ဥက္ကာကို ငွေထုတ်ပေးလို့ မရပါတဲ့။ ဘာကြောင့် ထုတ်ပေးလို့မရတာလဲဆိုတော့ မောင်ဥက္ကာ ဟာ ဘလက်လစ်စ်ထဲမှာ ပါနေလို့ပါတဲ့။         မြတ်စွာဘုရား  ကယ်တော်မူပါ။ ယေရှုခရစ်ကိုယ်တော်မြတ်  တပည့်တော်ကို ပစ်မထားပါနှင့်။ အလ္လာရှင်မြတ် ကူညီမှိုင်းမတော်မူကြပါခင်ဗျား။
         ရှိရှိသမျှသော ဘုရားရှင်အားလုံးကိုတတ်သမျှ မှတ်သမျှ မောင်ဥက္ကာ အားကိုးတကြီးတိုင်တည်ရပါ သည်။
         တသက်လုံး အေးအေးဆေးဆေးနေလာခဲ့ပြီး ဘာစီးပွားရေးမှလည်း မလုပ်၊ ဘာတခုမှလည်း မပိုင် ဆိုင်ခဲ့တဲ့ မောင်ဥက္ကာဟာ ဘယ်လို အချိန်ကစလို့ အဲဒီ Black List ဆိုတာကြီးထဲကို ရောက်သွားရပါ လိမ့်။
          ဘာတွေဘယ်လိုဖြစ်ကုန်သည်မသိ။
လွန်ခဲ့သည့် သုံးလေးရက်ကပဲ ရန်ကုန်ထဲက လွဲလိုက်သည့် မြန်မာငွေငါးသိန်းကို ဒီဘဏ်မှာပဲ ထုတ်ခဲ့သေး သည်။ ကြားထဲမှာ သုံးလေးရက်ပဲ ရှိသေးသည်။ နယူးဇီလန်က ပို့လိုက်သည့်ငွေကိုဘာ့ကြောင့် ထုတ်မရ ပါသနည်း။
နောက်ပြီး လွဲလိုက်သည့်ငွေသားကလည်း ဘီလျံနှင့်ချီပြီး များပြားလှသည့်ပမာဏမျိုးလည်း မဟုတ်။ မြန်မာငွေ ကိုးသောင်းကျော်ကျော်လေး။
          နောက်ပြီး ဒီဘဏ်ဆိုတာက မောင်ဥက္ကာတို့မြို့မှာ လာဖွင့်ကတည်းက ဘဏ်အကောင့်ဖွင့်ပြီး မောင်ဥက္ကာတို့ အားပေးလာခဲ့သည့်ဘဏ်။
         မိန်းမ ငွေနှစ်သိန်းသွင်းခိုင်းလို့ ပါလာသည့် ဘဏ်စာအုပ်လေးကို ပြရသည်။ မောင်ဥက္ကာပဲ ဒီစာအုပ် နှင့် ငွေသွင်းငွေထုတ်လုပ်နေသည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း ပြောပြရသည်။ တနေ့လေးကပင် ရန်ကုန် ထဲက လွဲလိုက်သည့် ငွေငါးသိန်းကို မောင်ဥက္ကာကိုယ်တိုင်လာပြီးထုတ်ယူခဲ့ကြောင်းရှင်းပြရသည်။
           ပြောလည်းပြောပြောပဲ ဖြစ်ပါသည်။
မောင်ဥက္ကာဟာ Black List ဖြစ်နေ၍ ဘယ်လိုမှ ထုတ်ပေးလို့မရနိုင်ပါတဲ့။
          နောက်ကြောင်းရော ရှေ့ကြောင်းပါရှင်းလင်းသော မောင်ဥက္ကာကတော့ အတော့်ကို ခေါင်းစား သွားပါသည်။ တသက်လုံးအေးတယ်၊ အေးတယ်နှင့် ကိုယ့်ကိုကိုယ် အမှတ်ပြည့်ပေးလာခဲ့လိုက်တာ ဘယ်အချိန်က Black list ဝင်သွားမှန်းပင် မသိလိုက်ရရှာပါ။       
        စာရေးမလေးကတော့ ပြောရှာပါသည်။
အဲဒီ Western Union ကို ပြန်ပြီး အကြောင်းကြားပါတဲ့။ Code အသစ် ဂဏန်းအသစ် ပြန်ပေး ပါတယ်တဲ့။ အဲလိုဆိုရင် ထုတ်ပေးလို့ရပါတယ်တဲ့။
         ငွေကြေးထိန်းချုပ်မှုတွေနှင့်ပတ်သက်ပြီး တည်ဆဲစည်းမျဉ်းစည်းကမ်းတွေ၊ ညွှန်ကြားချက်တွေကို မောင်ဥက္ကာ ဘာမှမသိပါ။ အိမ်တလုံးတောင် ပိုင်ဆိုင်မှုမရှိတဲ့ မောင်ဥက္ကာဟာငွေကြေးစီးဆင်းလည်ပတ်ပုံတွေကိုလည်း နည်းနည်းလေးမှ စိတ်မဝင်စားပါ။
       ဘာမှလည်းမရှိ၊ ဘာမှလည်းမပိုင်၊ ဘာမှလည်းမလုပ်ခဲ့သည့် မောင်ဥက္ကာတို့လို လူတွေကို ခြေခြေ မြစ်မြစ်ဘာမှမရှိဘဲနှင့် Black List ထဲ ဆွဲသွင်းထားတာကိုက အတော့်ကိုစိတ်ပျက်စရာကောင်းနေပါသည်။
         ဖြစ်စဉ်အားလုံးကို သူငယ်ချင်းကို ရှင်းပြလိုက်တော့ သူငယ်ချင်းလည်း စိတ်ဓာတ်တော်တော်ကျ သွားပါသည်။ ပြောကြစတမ်းဆိုလျှင် သူက နယူးဇီလန်မှာ အလုပ်လုပ်နိုင်သူမဟုတ်။ ကျန်းမာရေး မကောင်းသောကြောင့် နယူးဇီလန်အစိုးရ၏ အထောက်အပံ့လေးဖြင့် ရပ်တည်ရှင်သန်နေရရှာသူဖြစ် သည်။ ယခုလို ငွေလေးတစ်သိန်းခန့်ပို့ဖို့ကိုပင် ဘယ်လောက်တောင် ခြိုးခြုံချွေတာခဲ့ရမှန်းမသိပါ။
         သို့သော်လည်း  ပို့လိုက်သောငွေကိုထုတ်ယူလို့ မရဘူးဆိုတော့ ဘဏ်ကပြောလိုက် သည့်အတိုင်း သူ့ခမျာ ဆက်လုပ်ရရှာပါသည်။ မောင်ဥက္ကာရဲ့ကိုယ်ရေးအချက်အလက်တွေကိုယူပြီး Western Union ရုံးချုပ်ရှိရာ အမေရိကသို့ ပြန်ပြီးလျှောက်ရပြန်ပါသည်။
          မောင်ဥက္ကာစိတ်ထင် တစ်လခန့်ကြာသွားသောအခါ အမေရိကရှိ Western Union ရုံးချုပ်မှ သူငယ်ချင်းဆီကို ဆက်သွယ်အကြာင်းကြားလာပါသည်။ ငွေထုတ်ယူရန်အတွက် နောက်ထပ် code နံပတ်ဆယ်လုံးထပ်ပေးလိုက်ခြင်းဖြစ်သည်။ သည်တကြိမ်မှာတော့ မှားယွင်းစရာအကြာင်း မရှိတော့ပါ။
          သူငယ်ချင်း ထပ်မံပေးပို့လိုက်သော code နံပတ်အသစ် ဆယ်လုံးနှင့် ဘဏ်ကိုဒုတိယအကြိမ် ချီတက်ရပြန်ပါသည်။ ဖြစ်ချင်တော့ သည်တကြိမ်မှာလည်း နောက်ထပ်ပေးသော code နံပတ်များနှင့်  ငွေထုတ်လို့မရပြန်သောအခါ .....
         မန်နေဂျာနှင့် ဝင်တွေ့ပြီး ဖြစ်စဉ်ကို ပြောပြတော့ သူတို့လေးတွေခမျာမှာလည်း ဘာမှ မတတ်နိုင် ရှာပါ။ ညွှန်ကြားထားသည့် စည်းမျဉ်းစည်းကမ်းတွေအောက်မှာ တာဝန်ထမ်းဆောင်နေရသည့် ဝန်ထမ်း တွေမို့လား။Black list က ဘယ်သူလဲ။ ငွေပို့ပေးလိုက်သည့် သူငယ်ချင်းရဲ့သူငယ်ချင်းလား။
မောင်ဥက္ကာလား။ အသေအချာမေးတော့မောင်ဥက္ကာဖြစ်နေပါသည်။( နယူးဇီလန်နိုင်ငံ
ရဲ့ တည်ဆဲဥပဒေ များအရ အစိုးရ၏ အထောက်အပံ့ဖြင့် မှီခိုနေထိုင်ရသူများသည် ငွေကြေး ပို့ပိုင်ခွင့် မရှိပါ။ ဒါ့ကြောင့် သူငယ်ချင်းက အခြားလူတယောက်နှင့် ငွေပို့လိုက်ခြင်းဖြစ်သည်)
       ဒီလောက် လူချစ်လူခင်များပြားလှစွာသော မောင်ဥက္ကာကို အဘယ်သို့သော အကြောင်းတရားတွေ က Black list ဖြစ်စေပါသလဲဟု မေးမြန်းကြည့်မိသောအခါမှာတော့ အတော့်ကို စိတ်ပျက်စရာကောင်း သောအဖြေကို ရရှိခဲ့ပါသည်။
       ငွေရေးကြေးရေးကိစ္စ၊ ငွေဖြူငွေမည်းကိစ္စ၊ ကုမ္ပဏီကိစ္စ၊ သွင်းကုန်ထုတ်ကုန်ကိစ္စ၊ မူးယစ်ဆေးကိစ္စ၊ နိုင်ငံရေးကိစ္စ အားလုံးကင်းရှင်းနေသော်လည်းပဲ နာမည်ချင်း သွားတူနေသောကြောင့်  မဟာကံထူးရှင် ဖြစ် သွားရတာပါတဲ့။
           ဘာပဲပြောပြော ဒါဟာ မောင်ဥက္ကာအတွက်တော့  ဝမ်းမြောက်ဂုဏ်ယူစရာ ကိစ္စ
တခုပဲဖြစ်သည်။ Black list ဆိုတာမျိုးဟာ တော်ရုံလူ အနားတောင်မသီနိုင်တဲ့ ဘွဲ့ထူးဂုဏ်ထူးမျိုးမဟုတ်လား။
              အမည်တူရုံနှင့်  Black List ထဲ ကို မေတ္တာရှေ့ထားပြီး ဆွဲသွင်းခံထားရတဲ့
မောင်ဥက္ကာတို့လို လူတွေဟာ ဟောဒီနိုင်ငံတော်ကြီးထဲမှာ ဘယ်နှစ်ယောက်တောင်ရှိနေမှာပါလိမ့်။
           အဲဒီလိုလူမျိုးတွေရဲ့ နစ်နာဆုံးရှူံးမှုတွေကိုလည်း ဘယ်လိုအဖွဲ့အစည်းတွေက ဘယ်ပုံဘယ်နည်း မျိုးနှင့် ကုစားပေးကြမှာပါလိမ့်။
 
WEEKLY HEADLINE NEWS JOURNAL,  (21.8.2017)
                                

Comments