မောင်သာမည- လူရှောင်ဘို ( သို့မဟုတ်) ရန်သူမရှိ - အမုန်းတရားမရှိ

TripAdvisor
 လူရှောင်ဘို ( သို့မဟုတ်) ရန်သူမရှိ - အမုန်းတရားမရှိ
မောင်သာမည
(မိုးမခ)၊ သြဂုတ် ၁၊ ၂၀၁၇

“ ၂၀၁၀ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တရုတ်နိုင်ငံသား စာရေးဆရာ လူရှောင်ဘိုအား ပေးအပ် လိုက်သည်” ဆိုတဲ့သတင်း ထွက်ပေါ်လာတဲ့အခါ တရုတ်အစိုးရဟာ ဒီသတင်းကို အစွမ်းကုန် ပိတ်ပင် တားဆီးခဲ့ပါတယ်။ CNN နဲ့  BBC ရုပ်မြင်သံကြားလိုင်းတွေကို ကြည့်မရအောင် ပိတ်ပစ်လိုက်သလို အစိုးရ ပိုင် CCTV ရုပ်မြင် သံကြားရဲ့ သတင်းအစီအစဉ်မှာလည်း ငြိမ်းချမ်းရေးနိုဘယ်ဆုသတင်းကို ချန်ထားခဲ့ပါ တယ်။ ၀န်ကြီးချုပ်ဝမ်ကြားပေါင်ရဲ့ ဥရောပခရီးစဉ်သတင်း၊ တရုတ်အစိုးရရဲ့ ဆယ့်တစ်ကြိမ်မြောက် ငါးနှစ် စီမံကိန်းသတင်းနဲ့  စပိန်နိုင်ငံက ဖန်ပြွန်သန္ဓေနည်းပညာကိုသုံးပြီး ပန်ဒါဝက်ဝံလေးနှစ်ကောင်ကို မွေးတဲ့ သတင်းတွေကိုပဲ ဖော်ပြခဲ့ပါတယ်။

လူရှောင်ဘို နိုဘယ်ဆုရတဲ့သတင်းကို မိုဘိုင်းဖုန်းများကနေ စာသား (SMS) ပို့လို့တောင်မရအောင် ပိတ်ဆို့ ခဲ့ပါတယ်။ လူရှောင်ဘိုရဲ့ဇနီးကိုလည်း ကမ္ဘာ့သတင်းဌာနတွေ၊ မီဒီယာတွေ နဲ့တွေ့လို့မရအောင် အိမ်ကနေ ခေါ်ဆောင်သွားခဲ့ပါတယ်။

တရုတ်အစိုးရအတွက် ၂၀၁၀ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုဟာ အရှက်ခွဲတဲ့ဆုဖြစ်နေပါတယ်။ လူ့အခွင့် အရေးရရှိရေးကိုဆောင်ရွက်တဲ့အတွက် တရုတ်အစိုးရရဲ့ဖမ်းဆီးထောင်ချခြင်း ခံနေရသူကိုပေးလိုက်တဲ့ အတွက်ပါ။ ဆုချီးမြှင့်ခံရတဲ့လူရှောင်ဘိုဟာ ၂၀၀၉ခုနှစ်ကတည်းက ထောင်ထဲရောက်နေပါပြီ။

လူရှောင်ဘိုဟာ တရုတ်နိုင်ငံမှာ လူသိအများဆုံး လူ့အခွင့်အရေးတိုက်ပွဲဝင်သူတဦး ဖြစ်ပါတယ်။ ထင်ရှား တဲ့စာရေးဆရာ၊ စာပေဝေဖန်ရေးဆရာလည်း ဖြစ်ပါတယ်။ သူ့ကို ပညာတတ်မိဘနှစ်ပါးက ၁၉၅၅ ခုနှစ်မှာ မွေးပါတယ်။ ၁၉၇၇ ခုနှစ်မှာ တက္ကသိုလ်ရောက်ပြီး တရုတ်စာပေကို သင်ယူလေ့လာပါတယ်။ တက္ကသိုလ်တက်နေစဉ်မှာ သူငယ်ချင်းခြောက်ယောက်နဲ့ပေါင်းပြီး “အပြစ်မဲ့နှလုံးသားများ” အမည်နဲ့ ကဗျာ ဆရာအုပ်စုတခုကို ဖွဲ့စည်းခဲ့တယ်။ ၁၉၈၂ ခုနှစ်မှာ ၀ိဇ္ဖာဘွဲ့ကိုရပြီး ဘီဂျင်းပညာရေးတက္ကသိုလ်ရဲ့ တရုတ် စာပေဌာနမှာ သုတေသီလုပ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ မဟာဝိဇ္ဖာဘွဲ့ကိုရပြီး မိခင်ဌာနမှာပဲ ဆရာ ပြန်လုပ်ပါ တယ်။ ၁၉၈၆ ခုနှစ်မှာ ပါရဂူဘွဲ့အတွက် သုတေသနလုပ်ရင်း မဂ္ဂဇင်းတွေမှာ စာပေဝေဖန်ရေးဆောင်းပါး တွေကို စတင် ရေးသားပါတယ်။ ရှေးရိုးစွဲအယူအဆတွေအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်တဲ့ သူ့ ဆောင်းပါးတွေဟာ နာမည်ကြီးပါတယ်။ သူ့ကို စာပေနယ်မှာ မြင်းမဲလို့အမည်ပေးကြတယ်။

စာပေနယ်မှာရော အယူအဆသဘောတရား နယ်ပယ်မှာပါ လူရှောင်ဘိုရဲ့ဝေဖန်ရေးဆောင်းပါးတွေဟာ အလွန်အဆိပ်ပြင်းတဲ့အတွက် လူရှောင်ဘို သွေးလှန့်ချက် ( Liu Xiaobo Shock) ဆိုတဲ့ ဝေါဟာရတောင် ပေါ်ခဲ့တယ်။
၁၉၈၇ ခုနှစ်မှာ သူ့ရဲ့လုံးချင်းစာအုပ် ထွက်လာပါတယ်။ “ရွေးချယ်မှုကို ဝေဖန်ခြင်း- လူဇီဟောင်နဲ့ဆွေးနွေး ခန်း” ဆိုတဲ့ စာပေဝေဖန်ရေးစာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ တရုတ်နိုင်ငံမှာ ရောင်းအကောင်းဆုံး စာအုပ်တအုပ် ဖြစ်ခဲ့တယ်။ တရုတ်နိုင်ငံရဲ့ကွန်ဖျူးရှပ်ဓလေ့ထုံးတမ်းတွေအပေါ် ဝေဖန်ထားပြီး အဲဒီအချိန် မှာ သြဇာတက်နေတဲ့သဘောတရားရေးဆရာ လူဇီဟောင်ကို ပြတ်ပြတ်သားသားစိန်ခေါ် တိုက်ခိုက်ထား တဲ့စာအုပ်ပါ။

၁၉၈၈ ခုနှစ်မှာ ပါရဂူဘွဲ့ရပြီး တက္ကသိုလ်မှာ ကထိကဆက်လုပ်ပါတယ်။ အော်စလိုတက္ကသိုလ်၊ ဟာဝိုင်အီ တက္ကသိုလ်၊ ကိုလံဘီယာတက္ကသိုလ် စတဲ့တက္ကသိုလ်များကို ဧည့်ပါမောက္ခအဖြစ် သွားရောက်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဧပြီလ ၂၇ ရက်မှာ တိန်အန်မင်ကျောင်းသားအရေးတော်ပုံကြီးဖြစ်တော့ လူရှောင်ဘိုဟာ ကိုလံဘီယာတက္ကသိုလ်ကနေ တရုတ်ပြည်ကို ပြန်လာတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆန္ဒပြ ပွဲကြီးထဲမှာ ပူးပေါင်းပါဝင်လိုက်တယ်။ တိန်အန်မင်ရင်ပြင်ကိုသိမ်းပိုက်ထားတဲ့ ကျောင်းသားတွေကို အစိုးရ ဘက်က အကြမ်းဖက်ဖြိုခွင်းတော့မယ့်အချိန်မှာ လူရှောင်ဘိုဟာ အစာငတ်ခံဆန္ဒပြတဲ့အုပ်စုကို ဦးဆောင် နေပါတယ်။ တချိန်တည်းမှာပဲ လူရှောင်ဘိုက ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့တယ်။

ရန်-ငါ ပြတ်ရမယ်ဆိုတဲ့ လူတန်းစားတိုက်ပွဲသဘောတရားကို စွန့်လွှတ်ပြီး အာဏာပိုင်အဖွဲ့နဲ့ကျောင်းသား အဖွဲ့ကို ဆွေးနွေးညှိနှိုင်းပွဲလုပ်ဖို့ ကြေညာချက်က တိုက်တွန်းထားပါတယ်။

“ ငါ့မှာ ရန်သူမရှိ” ဆိုတဲ့ ကြွေးကြော်သံဟာ သူ့ကြေညာချက်ရဲ့  အဓိကအချက်ပါပဲ။ “ရန်-ငါပြတ်ရေး ” သဘောတရားထက် “ ရန်သူမရှိ မိတ်ဆွေသာရှိ ” ဆိုတဲ့သဘောတရားကို လူရှောင်ဘိုက ရှေ့ တန်းတင်ခဲ့ တာပါ။
လူရှောင်ဘိုရဲ့ကြေညာချက်ထွက်တဲ့နေ့မှာပဲ တိန်အန်မင်ရင်ပြင်ထဲကို တင့်ကားတွေဝင်လာပြီး ဆန္ဒပြပွဲကို ဖြိုခွဲပါတယ်။ လူရှောင်ဘိုဟာ အစိုးရအာဏာပိုင်တွေနဲ့ကျောင်းသားအဖွဲ့တွေကိုညှိနှိုင်းပြီး ကျောင်းသား တွေကို တိန်အန်မင် ရင်ပြင်အတွင်းကနေ ငြိမ်းချမ်းစွာ ထွက်ခွာသွားနိုင်အောင် စီစဉ်ပေးခဲ့တယ်။ ဒါကြောင့် ကျောင်းသားထောင်ပေါင်းများစွာ အသက်ဘေးက လွတ်ခဲ့တယ်။

လူရှောင်ဘိုဟာ ဇွန်လ ခြောက်ရက်နေ့မှာ အထိန်းသိမ်းခံရပါတယ်။ သုံးလကြာတော့ ပြန်လွတ်လာတယ်။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းဆရာအလုပ်က အထုတ်ခံလိုက်ရတယ်။ အစိုးရမီဒီယာတွေက သူ့ကို ခွေးရူးလို့  အမည်တပ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်။ အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ ကျောင်းသားတွေကို အသုံးချခဲ့ တယ်လို့ စွပ်စွဲပါတယ်။ သူရေးတဲ့စာအုပ်အားလုံးကိုလည်း ပိတ်ပင်လိုက်တယ်။

မကြာခင်မှာ သူ့ အိမ်ထောင်ရေးပြိုကွဲသွားပြီး ဇနီးနဲ့သားက အမေရိကန် ပြည်ထောင်စုကိုပြောင်းရွှေ့သွား တယ်။
စာအုပ်ထုတ်ဝေခွင့်ကို အပိတ်ခံထားရပေမယ့် လူရှောင်ဘိုဟာ စာကိုဆက်ရေးနေခဲ့တယ်။ ၁၉၉၂ ခုနှစ်မှာ “ကပ်ဆိုးမှကျန်ရစ်သူရဲ့တကိုယ်တော်ပြောစကားများ”လို့အမည်ပေးထားတဲ့စာအုပ်ကို တိုင်ဝမ်မှာ ထုတ်ဝေ ပါတယ်။ ၁၉၈၉ ခုနှစ် တိန်အန်မင်အရေးအခင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ဝန်ခံချက်တွေ ဝေဖန်သုံးသပ်ချက်တွေ ကို ရေးသားထားပါတယ်။ အလွန်ဂယက်ရိုက်ခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်မှာ ကဗျာဆရာမ လူရှီယာနဲ့ လက်ထပ်တယ်။ သူလိုပဲ လူ့အခွင့်အရေးတိုက်ပွဲဝင်တဲ့သူပါ။
၁၉၉၅ ခုနှစ် မေ ၁၈ ရက်မှာ လူရှောင်ဘိုကို ရဲက ခေါ်ယူထိန်းသိမ်းပြန်ပါတယ်။ တိန်အန်မင်အရေးအခင်း အကြောင်းနဲ့ပတ်သက်ပြီး စစ်ဆေးရေးကော်မရှင်တခု ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းတဲ့စာကြောင့် ထိန်း သိမ်းခံရတာပါ။ ကိုးလကြာ အထိန်းသိမ်းခံရပြီး ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလမှာ ပြန်လွတ်လာပါတယ်။ နောက် ရှစ်လအကြာမှာ ထပ်ပြီးအထိန်းသိမ်းခံရပြန်ပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်ငြိမ်းချမ်းစွာ ပြန်လည် ပေါင်း စည်းဖို့ကြေညာချက်ရေးတဲ့အတွက် ထောင်သုံးနှစ်ခံရပြန်ပါတယ်။

ပြန်လွတ်လာတဲ့နောက်မှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် မရတော့ဘူး။ ထောက်လှမ်းရေးတွေ က သူ့ အိမ်နားမှာ အမြဲစောင့်နေတယ်။ တယ်လီဖုန်းလိုင်းကို ကြားဖြတ်နားထောင်တယ်။ အင်တာနက် လိုင်းကို ဖြတ်တောက်တယ်။

၂၀၀၀ ခုနှစ်အတွင်းမှာ လူရှောင်ဘိုဟာ စာအုပ် သုံးအုပ်ထုတ်ဝေပါတယ်။ ထိုင်ဝမ်မှာ တစ်အုပ်၊ ဟောင် ကောင်မှာ တစ်အုပ်၊ တရုတ်ပြည်မကြီးမှာ တစ်အုပ်။ တရုတ်ပြည်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု အစီရင် ခံစာကို ၂၀၀၄ ခုနှစ် မှာ စရေးတယ်။ အစိုးရကသိသွားပြီး ကွန်ပျူတာတွေ၊ စာရွက်စာတန်း အထောက် အထားမှတ်တမ်းတွေနဲ့ပေးစာတွေကို သိမ်းယူသွားပါတယ်။ လူရှောင်ဘိုဟာ တင်းတင်းကျပ်ကျပ် စောင့် ကြည့်ခံနေရပြီး အရေးကြီးတဲ့နေ့တွေမှာ နေအိမ်အကျယ်ချုပ်ချထားတာ ခံရတယ်။

ရှောင်ဘိုဟာ ချာတာသုညရှစ် (Charter 08) ဆိုတဲ့ကြေညာစာတန်းကိုရေးသားရာမှာ တက်တက် ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒီစာတန်းထဲမှာ ဒီမိုကရေစီရရှိရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်စွာထုတ်ဖော် ရေသားခွင့်တွေကိုတောင်းဆိုထားပြီး ပညာရှင် ၃၅၀ က လက်မှတ်ရေးထိုးထားပါတယ်။ စာတန်းကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ မှာ ဖြန့်ဝေဖို့ စီစဉ်ထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ ကြီးရဲ့ကမ္ဘာလုံးဆိုင်ရာလူ့ အခွင့်အရေးကြေညာစာတန်းကြီး အနှစ် ၆၀ ပြည့်တဲ့နေ့မှာ အထိမ်းအမှတ်အဖြစ် ဖြန့်ဝေမှာပါ။ မဖြန့်ဝေခင် နှစ်ရက်အလိုမှာ လူရှောင်ဘို အဖမ်းခံရပါတယ်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရတယ်။

၂၀၁၀ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုချီးမြှင့်ခံရတဲ့အချိန်မှာ လူရှောင်ဘို ထောင်ထဲရောက်တာ ၂ နှစ် ရှိနေ ပါပြီ။ “လူ့အခွင့်အရေးရရှိရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှု အတွက် နိုဘယ်ဆုကိုပေးအပ်ခြင်း ဖြစ်သည် ” လို့ ဆုရွေးချယ်ရေးကော်မတီက မှတ်ချက်ချပါတယ်။ တရုတ်အစိုးရကတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုသတင်းကို ပိတ်ဆို့အမှောင်ချထားတယ်။ နိုဘယ်လ်ဆုကို ပြန်တုံ့ပြန်တဲ့အနေနဲ့ လူရှောင်ဘိုရဲ့ဇနီး ကဗျာဆရာမ လူရှီယာကို အဲဒီအချိန်ကစပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။

လူရှောင်ဘိုဟာ ထောင်ကျရက်မကုန်ဆုံးခင် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၃ ရက်မှာပဲ အသည်းကင်ဆာနဲ့ကွယ် လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပါပြီ။ နိုင်ငံခြားထွက်ပြီး ဆေးကုသခွင့် တောင်းခဲ့ ပေမဲ့ အစိုးရက ခွင့်မပြုခဲ့ခြင်းဟာ လူရှောင်ဘိုကို အသေစောအောင်လုပ်ခြင်းပဲလို့ ဝေဖန်ကြပါတယ်။

လူရှောင်ဘိုကွယ်လွန်တဲ့သတင်းကို တရုတ်အစိုးရက အကြီးအကျယ်ပိတ်ပင်ပါတယ်။ အွန်လိုင်းပေါ်မှာ သူ့နာမည် ( Liu Xiaobo) ကို ပိတ်ထားသလို ( LXB) ဆိုတဲ့စာလုံးတွေကိုလည်း ပိတ်ထားပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါဆိုတဲ့ RIP စကားလုံးကိုလည်း ပိတ်ပါတယ်။ တိန်အန်မင်အရေးအခင်းအတွင်း နာမည်ကြီးခဲ့တဲ့ သူ့ကြွေးကြော်သံကိုလည်း ပိတ်ပါတယ်။ ဒါကတော့ “ ငါ့မှာ ရန်သူမရှိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။
အစိုးရရဲ့အမိန့်အရ လူရှောင်ဘိုရဲ့ရုပ်အလောင်းကို မီးသဂြိုဟ်ပြီး ကြွင်းကျန်တဲ့အရိုးပြာကို ပင်လယ်ထဲမှာ ကြဲချပစ်ခဲ့ရပါတယ်။ ရန်-ငါပြတ်တဲ့သဘောထားကိုပြသခြင်းလို့  တချို့က ယူဆပါတယ်။ လူရှောင်ဘိုက တော့ ဒါကို ရန်လိုမုန်းတီးစိတ်ကြောင့် ဖြစ်လာတဲ့အပြုအမူတွေပဲလို့ ကောက်ချက်ချပါလိမ့်မယ်။

တရုတ်ပြည်မှာ လွှမ်းမိုးနေခဲ့တဲ့ နိုင်ငံရေးသဘောတရားက ဒီရန်လိုမုန်းတီးစိတ်တွေကို တရုတ်နိုင်ငံသား တွေရဲ့ဦးနှောက်ထဲ သွတ်သွင်းပေးခဲ့ပြီး တရုတ်နိုင်ငံရဲ့ဝိညာဉ်ကို အဆိပ်သင့်စေခဲ့တယ်လို သူ ပြောဖူးပါ တယ်။ ဒါကြောင့် သူ့ကို ထောင် ၁၁ နှစ်ချတဲ့တရားရုံးမှာ သူချေပတဲ့အခါ “ ရန်သူမရှိ - အမုန်းတရားမရှိ” ဆိုတဲ့စကားကိုပဲပြောပြီး ချေပခဲ့ပါတယ်။ သူထောင်ထဲမှာရေးတဲ့စာတွေကဗျာတွေကို ၂၀၁၂ ခုနှစ်မှာ စာအုပ်အဖြစ်ထုတ်တော့လည်း “ ရန်သူ မရှိ - အမုန်းတရားမရှိ” ဆိုတဲ့ အမည်ကိုပဲ ပေးခဲ့ပါတယ်။ ။

Comments