မင်းကိုနိုင် ● တခါက ဆုံစည်းရာ

မင်းကိုနိုင် ● တခါက ဆုံစည်းရာ
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၇

ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။
 



ငယ်ချစ်ဦးအား အနှစ်သုံးဆယ်ကျော်မှ ပြန်တွေ့ရာ အရင်လို လှမြဲ၊ ဆွဲဆောင်မှု ရှိနေမြဲ၊ နည်းနည်းလေးမှ အိုမင်းမသွား။ ဟုတ်ရဲ့လား၊ ဓာတ်ပုံထဲမှာလား၊ ဗီဒီယို ဖိုင်ဟောင်းထဲမှာလား၊ အိမ်မက်ထဲမှာလား။ မဟုတ်။ တကယ်ကို အပြင်မှာ ပြန် တွေ့တာဖြစ်သည်။ တွေ့တွေ့ချင်းလည်း ကျွန်တော်နှင့် သူငယ်ချင်းများ ဝမ်းသာအားရ ပြိုင်တူအော်မိကြသည်။

"ဟိုမှာ စာအုပ်ဆိုင်လေး၊ စာအုပ်ဆိုင်လေး” ဟု။
..................

နယ်မြို့လေးတွင် မှတ်မထင်တွေ့ရသည့် ထိုဆိုင်လေးကို ကျွန်တော်တို့ အလွမ်းများဖြင့် ရင်ခုန်ဝင်ကြည့် ကြသည်။ ယခု ခေတ်ထုတ် စာအုပ်တွေ တွေ့သလို ခေတ်ဟောင်းက စာအုပ်ကောင်းများကိုလည်း ငယ်ပေါင်းတွေနဲ့ ပြန်ဆုံသလို ဆုံရသည်။
မြို့ကြီးများမှာ မရှိတော့သလောက် ပျောက်သွားပြီဖြစ်သည့် စာအုပ်ဆိုင်ကလေးများမှာ နယ်မြို့တွေ၌ ရှားရှားပါးပါး ကျန် တော့သည့်တိုင် အများစုမှာ သာခွေယိုင် အခြေမခိုင်ချင်တော့ကြောင်း ပိုင်ရှင်တွေက ဝန်ခံသည်။ ဝါသနာရယ် မြတ်နိုးတာ ရယ်ကြောင့်သာ အသက်ဆက်နေရတာ၊ တွက်ခြေတော့ မကိုက်ပါဘူးဟု စာအုပ်ဆိုင်ရှင်တို့ ညည်းကြစမြဲ။

တစ်ချိန်တွင် ဒဏ္ဍာရီထဲ ကျန်ခဲ့သည့်နှယ် နှောင်းလူတွေကို ပြောရုံ ပြောပြရတော့မည်လားဟု တွေးယူရသည့် စာအုပ်အငှား ဆိုင်တွေအကြောင်း ကျွန်တော့် မိတ်ဆွေများ၊ မောင်နှမများအကြား စကားစပ်မိတိုင်း ကျွန်တော်တို့ နှလုံးသား မျက်ဝန်းများ တွင် မိုးတွေညို့လာမြဲ။

ငယ်ငယ်က စာအုပ်အဌားဆိုင်ချောင်မှာကုပ်ပြီး စာအုပ်မွှေရတာ ဘာအရသာနဲ့မှမတူဘူး။ အခြား ကမ္ဘာတစ်ခုကို ရောက်သွား သလိုပဲဟု ညီမတစ်ဦးက တမ်းတသည်။ နောက်တစ်ယောက်ကထောက်ခံရင်း ငယ်ဘဝက စာအုပ်ပုံထဲထိုင်ရင်း ကြီးလာရင် စာတွေတဝကြီး ဖတ်လိုက်မယ် စိတ်ကူးသမျှ ယခု မဖတ်ဖြစ်တော့ကြောင်း ဝန်ခံပါသည်။

"မဖတ်ဘူးလားဆိုတော့ ဖတ်တယ်ဗျ။ ဘာတွေဖတ်သလဲ ဆိုတာပဲ။ အရင်လို စာအုပ်ဖတ်သလို ရသလည်းမဟုတ်၊ အတွေး အခေါ်လည်းမဟုတ်။ သာကြောင်း မာကြောင်းတွေ၊ ဘယ်သူ ဘယ်ရောက်နေတယ်ဆိုတာတွေ၊ ဘာဟင်း ချက်စားနေတယ် ဆိုတာတွေ ဖတ်နေတာ"

စာအုပ်မှ ဖေ့စ်ဘွတ်ခေါ် လူမှုကွန်ရက်သို့ ပြောင်းသွားသည့် ယခင်စာချစ်သူတစ်ဦးက ပြောပါသည်။
စာအုပ်ကောင်းတွေ အဖတ်ရ နည်းသွားပြီ၊ ထုတ်တာ နည်းသွားပြီ စသဖြင့် တမ်းတဆိုညည်းမိတိုင်း စာအုပ် အငှားဆိုင်တွေနှင့် ဆက်စပ်နေကြောင်း ကျွန်တော် တွေးမိပါသည်။

အငှားဆိုင်တွေမရှိတော့ ဘာဖြစ်သွားသလဲ။ အခုလည်း လူတွေက ကြိုက်ရင် ဝယ်ဖတ်နေကြတာပဲ မဟုတ်လားဟု မေး သူက မေးသည်။ ဝယ်နိုင်သည့်အရေအတွက်က ရှိသေးသည်။ အငှားဆိုင်စနစ်ဆီက စာတစ်အုပ်လျှင် လူဦးရေ သုံးဆယ် တော့ ဖတ်ကြသည်။ လူကြိုက်များသည့် စာအုပ်များဆိုလျှင် စာတစ်အုပ်ကို လူရာချီ လှည့်ဖတ်ကြသည်ကိုး။

မှတ်မိသေးတော့၊ အဌားဆိုင်က စာအုပ်တွေမှာ ရှေ့ဖုံးမှာ ဓာတ်မှန်ကော်ပြားနှင့်၊ နောက်ဖုံးမှာ ကာကီရောင် ကတ်ထူနှင့်။ ကြိုးဖြင့်ချုပ်ထားသည့် ဓတ်မှန်ပြားအောက်ကအဖုံး ပန်းချီကို ငေး။ ပြီးမှ ဓာတ်မှန်ပြားကိုလှန်လိုက်သော် ပန်းချီက အရောင် ကွာသွားတာ အရသာတမျိုး။

စာအုပ် အဌားဆိုင်ရဲ့ အားသာချက်က စာအုပ်တအုပ် ကောင်း၊ မကောင်းတိုင်းတာကြည့်လို့ ရသည့်အချက် ရှိသည်။ ဒါက နောက်ကျော ကတ်ထူအဖုံးပေါ်ရှိ ငှားရမ်းစာရင်းကို ကြည့်သည့်နည်းပင်။ ကျောဖုံး အတွင်းဘက်မှာ ငှားစာရင်းတွေ ပြွတ် နေပြီဆိုလျှင် ထိုစာအုပ် ဖတ်ကောင်း၍သာဖြစ်ရမည်ဟု မှတ်ယူ၍ အကြမ်းဖျင်းရပေပြီ။ အချို့စာအုပ်များဆိုလျှင် နောက် ကျောဖုံးမှာရေးမှတ်ရတာ မဆန့်တော့၍ စာရွက်အပိုများကပ်ပြီး ထပ်မှတ်ယူရသည်အထိ ဖတ်ရှုသူ များလှကြောင်း သက် သေထူနေသည်။

စာအုပ်ကောင်းများ နာမည်ကြီးပြီဆိုလျှင် စာအုပ်ဆိုင်ရှင်ကို သင့်အောင်ပေါင်းပြီး အမြန်ဖတ်ရအောင် ချဉ်းကပ်ရစမြဲ။ ညနေ စောစော ဆိုင်ရောက်အောင် ထိုင်စောင့်၊ ပြန်အပ်မည့်လူကို မျှော်ရသည့်အခိုက်အတန့်များကိုလည်း ခုပြန်တွေး ခုပြန်ခံစား ရ၍ ရပါသေးသည်။

မိုးချုပ် နောက်ကျမှ ပြန်အပ်သူလာ၍ စောင့်နေသူကိုမြင်သော် အားတုံ့အားနာဖြစ်ကြ၊ တောင်းပန်တတ်ကြစမြဲ။ စောင့်ရ သူတွေကလည်း စာအုပ်လည်းရ၊ တောင်းပန်စကားလည်း ကြားရ၍ ကျေနပ်ရစမြဲ။ ထိုမျှမကသေး ကိုယ်တိုင်ပြန်အပ်ရမည့် နောက်နေ့တွေမှာလည်း မျှော်တော်ဇောနှင့် မမောစေလိုသည့်စိတ်များဖြင့် စောစောအပ်နိုင်အောင် ကြိုးစားခဲ့ကြသည်။ ဝါသနာတူ မြတ်နိုးရာတူသူချင်း စာနာစိတ်များဖြင့် လက်ဆင့်ကမ်းခဲ့ကြသည်။

ထိုစာအုပ် အဌားဆိုင်များ၌ပင် ကျွန်တော်တို့ အကြိုက်ချင်းနီးသူတို့ တစ်ယောက်အတွက်တစ်ယောက် ညွှန်းခဲ့ကြသည်။ ငြိမ်းကျော်ကြိုက်သူချင်း တူလျှင် "အပြာရောင်သစ်ခွ"မှ အစပြု "မြောက်ပြန်လေတွင် တင်သောကမ္ဗည်း" အထိ တန်းစီ ရွတ်ရင်း အရသာခံကြ။ မဖတ်ရသေးဘူးဆိုလျှင် အဌားဆိုင်စာအုပ်ပုံထဲ ခေါင်းတိုးပြီး ကူရှာပေးခဲ့ကြတာ အခါခါ။ မင်းလူ ကြိုက်သူချင်းဆုံပြန်လျှင် “ငှက်ကလေး” ကော ဖတ်ပြီးပြီလား၊ အချစ်ဝတ္ထု မဟုတ်ဘူးလေ။ ကလေးတစ်ယောက် အကြောင်း လေ စသဖြင့် အမြည်းပေးကြရတာ အမော။

ကျွန်တော်တို့သည် စာအုပ်အဌားဆိုင် အဝမှာပင်ဆုံလျက် ရွှေဥဒေါင်း ပရိသတ်မြင်လျှင် ဒဂုန်ရွှေမျှားစာတွေ ဖတ်လို့ရကြောင်း လက်တို့ခဲ့သည်။ မစန္ဒာပရိသတ်ကို မိုးမိုး (အင်းလျား) နှင့် မိတ်ဆက်ခဲ့ကြသည်။ စမ်းစမ်းနွဲ့ (သာယာဝတီ) စာအုပ် လာအပ် သူထဲ နုနုရည် (အင်းဝ) ကို ထိုးအပ်ခဲ့ကြသည်။

သည်လိုနှင့်ပင် လူလေးယောက်စာ ကျောချင်းကပ် ရင်ဘတ်ချင်း ဝင်တိုက်နေသည့်စာအုပ် အငှားဆိုင် အခန်းကျဉ်းလေးထဲ ဆုံကြပြီး စာပေအင်ပါယာကြီးတွေ ချဲ့ထွင်နိုင်ခဲ့ကြသည်။

မနေ့ကပဲ မော့ဆက်အဖွဲ့နှင့်အတူ ဥရောပ၊ တောင်အာဖရိကတို့ကို မြေလှန်ရှာ၊ အိုက်ခမန်းကို လိုက်ဖမ်းခဲ့ကြသော ကျွန် တော်တို့၊ ဒီနေ့မှာ "ဂင်္ဂါ၊ အိန္ဒူ ယန်စီမြစ်ဝှမ်း ယဉ်ကျေးမှု" ကို တူးဆွနေကြပြန်ပြီ။ မနက်ဖြန် "အာရေဘီယံ ညပုံပြင်များ" နားထောင်ဦးမည်။

ခင်ဗျားက စစ်နှင့်ငြိမ်းချမ်းရေး စတုတ္ထတွဲ ဖတ်ပြီးပြီ၊ ပဉ္စမတွဲ လာအပ်မည့်သူကိုစောင့်ရင်း ကာတွန်းငွေကြည်၏ ဟာသပေါင် ချုပ်ကောက်လှန်ရင်း လာရင်းကိစ္စမေ့ကာ အတိုင်းအဆမရှိ ပျော်ခဲ့ဖူးတာလည်း ကြုံရမည်။

သူများတွေ ညွှန်းလွန်း၍ လေရူးသုန်သုန်ထဲက "စကားလက်အိုဟာရား" ကို ခင်ဗျားက သိပ်တွေ့ချင်နေသည်။ ဒါပေမယ့် ဆိုင်ရှင်က ကြားဖြတ် မိတ်ဆက်ပေးလိုက်ရာမှ ဂျာနယ်ကျော်မမလေး၏ “သူမ” နှင့်ရင်းနှီးသွားပြီး ခင်ဗျားကိုယ်တိုင် သူမ၏ ဘက်တော်သားဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါသည်။ ခင်ဗျားဘက်က စာအုပ်ဆိုင် မှန်မှန်သွားဖို့သာ လိုပါသည်။

ခုခေတ်က စာအုပ်အငှားဆိုင်တွေ မရှိသလောက်ဆိုတော့ စာတစ်အုပ်ထွက်လို့ အုပ်ရေသုံးထောင်ပဲ ထားပါဦး၊ တစ်အုပ်ကို ဘယ်နှယောက်ဖတ်မှာလဲ။ စာကြည့်တိုက်တွေကကော လာဖတ်သူတွေကို တကယ် အူလှိုက် သည်းလှိုက် ကြိုလို့လား။

ကျွန်တော်ကတော့ စာအုပ်နောက်ကျောဖုံးအတွင်း အငှားစာရင်း သင်္ကေတတွေ ပြွတ်သိပ်နေသည့် ကာလတန်ဖိုးများကို ပြန်တမ်းတနေသည်။

မိုးအေးအေးမှာ အဌားဆိုင်သွား၊ ကြိုက်ရာ စာအုပ်ထူထူတစ်အုပ်ဌားခဲ့ပြီး ဇိမ်ကျကျ အိပ်ရာထဲ ဖတ်ချင်သေးသည်။

တယ်လီဖုန်းဆက် နှောင့်ယှက်သူ ချိန်းဆိုသူများမရှိသည့် ယခင်ကာလမျိုးမှာပေါ့။ စာတစ်အုပ်နှင့် ကျွန်တော်တို့ ကမ္ဘာတည် နိုင်ခဲ့သည့် ကာလမျိုးမှာပေါ့။

မင်းကိုနိုင်
(ပြည်သူ့အရေးဂျာနယ် အပတ်​စဉ်​ ဆောင်းပါးမှ)

Comments