စန်းသူ့မောင် - ရင်ထဲက ရွာတန်းရှည် (၃)

 
ပန်းချီမမွှေး (သူ့ဖေ့စ်ဘွတ်ကကူးယူပါတယ်)
စန်းသူ့မောင် - ရင်ထဲက ရွာတန်းရှည် (၃)
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၇

အလှူအတန်းကိစ္စ တစ်ခုခုပေါ်တိုင်း ကျွန်မတို့ရွာတန်းရှည်ရွာလေး၏ လူမှုရေးလုပ်ငန်းများကို ပွေ့ပွေ့ ပိုက်ပိုက် ဆောင်ရွက်ခဲ့ကြသော ရပ်မိရပ်ဖ ဦးကြီး ဒေါ်ကြီးများကို သတိရဦးခိုက်မိပါသည်။ သည်ရပ်မိရပ်ဖများ သည် ရပ်ကျိုးရွာကျိုးသယ်ပိုးကြရာတွင် စနစ်တကျလုပ်ဆောင်ခဲ့ကြသည်။ နှစ်စဉ် ဝါဆိုသင်္ကန်းကပ်ပွဲ၊ သီတင်းကျွတ် မီးထွန်းပွဲ၊ ဘုံကထိန်ပွဲ၊ ရွာလယ်ရှိ သဲပုံစေတီပွဲ စသည့်ပွဲများကျင်းပကြရာတွင် ဖြစ်မြောက်ရေး ကော်မတီများဖွဲ့၍ ဆောင်က်ကြသည်။ ရွာတွင် "ညီညွတ်ရေးအသင်း"၊ "သာရေးနာရေးအသင်း" စသည်ဖြင့် အသင်းများဖွဲ့၍ စုပေါင်းစီမံခန့်ခွဲကြသည်။ စုပေါင်းတာဝန်ယူ အကောင်အထည်ဖော်ခဲ့ကြသည်။ လေးစားစံပြု ဖွယ်ဖြစ်ပါသည်။
ကျွန်မတို့ ငယ်စဉ်က အလှူပွဲတစ်ခုခုရှိလျှင် အလုပ်အကိုင်နေ့များတွင် နံနက်လင်းသည်နှင့် အိမ်တိုင်းလိုလို မှ တစ်ယောက်ကျစီ ဓားပါးလေးများကိုယ်စီကိုင်၍ ဝိုင်းကူလုပ်ရန် သွားရောက်ကြသည်။ ဦးဆောင်သူလူကြီးများ၏ ညွှန်ကြားရာကို လုပ်ကိုင်ကြသည်။

 "ကဲ-ကြက်သွန်နီအိတ်ကို ဖောက်ဟေ့၊ တစ်ဝက်ကို အခွံနွှာ၊ ပြီးရင် ပါးပါးလှီးကြ။ အထူအပါး ညီပစေ နော်။ နေပြထားဦး။ ညနေမှ ငါးပိကြော်ရမယ်။ ပုစွန်ခြောက်ထောင်းတဲ့သူက ထောင်းကြ"

 "ကြက်သွန်နီခွါရင် ခေါင်းကို အရင်ဟောဒီလိုဟက်ပြီးထုတ်ပစ်၊ နို့မို့ဆို လှီးရတာ မကောင်းဘူး။"

"ကဲ-မင်းတို့က သံပုရာဒယ်ပိုင်း ၃-၄ ခုလောက်သွားသယ်လာကြ။ ဆေးကြောထား။ ဒီနေ့ နေ့လည်စာ ချက်ကြရမှာ။"

"ငါးခူကို ဘေးရိုးတွေစင်အောင်ထွင်နော်။ အရေခွံတွေလဲ မထည့်နဲ့၊ ဟင်းရည်ထဲပါလာရင် မလှဘူး။"

စသည် စသည်ဖြင့် အလုပ်များဝိုင်းကူရင်း ကျွန်မတို့လူငယ်တွေ လုပ်တတ်ကိုင်တတ်စေခဲ့သည်။ အလေ့ အကျင့်ကောင်းများ ရစေခဲ့သည်။ ထို့ကြောင့်လည်း ရွာလုံးကျွတ် အလှူများကျွေးမွေးဧည့်ခံရေးအတွက် ဘယ်ကိုမျှ အော်ဒါမှာစရာမလို။ ရွာသူရွာသားများအင်အားနှင့် ပြီးမြောက်ခဲ့သည်ချည်းပင်။

ကျွေးမွေးဧည့်ခံရာတွင် ထမင်း ကျွေးရုံ သီးသန့်တည်ဆောက်ပြီး ကျွေးမွေးခဲ့ကြသည်။ ထမင်းဟင်းပြင်သူ၊ အသုပ်သုပ်သူ၊ လိုက်ပွဲဖြည့်သူ၊ ပန်းကန်ဆေးသူ စသည်ဖြင့် တက်ညီလက်ညီရှိလှသည်။ အဘဦးဖိုးဆိုင်၊ ကြီးကြီး ဒေါ်အေးစိန်တို့သည် ဦးဆောင်ဦးရွက်ပြုသူများပင်။ ကျွေးမွေးဧည့်ခံသူများကလည်း သန့်သန့်ရှင်းရှင်း စနစ်တကျ ကျွေးမွေးကြသည်။ ကျွန်မတို့ ဘကြီးဦးပိုက်ထွေးဆို အသေးစိတ်လွန်းသဖြင့် တချို့လူငယ်များက သူနှင့် မတွဲချင်ကြ။

ရပ်ရွာတစ်ခု၏ ရပ်တည်မှုအဖြစ် လူငယ်များအတွက် အိုးစည်ဒိုးပတ်များ၊ သာရေးနာရေးအတွက် ပန်းကန်ခွက်ယောက်များနှင့် ရပ်ရွာအတွက် အခြားလိုအပ်သည်များကို ပြည့်ပြည့်စုံစုံ ဝယ်ယူဖြည့်တင်းထား ကြသည်။ ဘာပဲပြောပြော ကျွန်မတို့၏ ရပ်မိရပ်ဖများသည် ရပ်ကျိုးရွာကျိုးသည်ပိုးရင်း ကျွန်မတို့ကို အမွေကောင်းလေား လက်ဆင့်ကမ်းသွားခဲ့သည်။ ကျွန်မတို့ကလည်း ပျော်ပျော်ပါးပါး လိုလိုလားလား ပူးပေါင်းဆောင်ရွက်ရင်း လက်လွှဲယူဖြစ်ခဲ့ကြသည်။

ချက်ပြုတ်လုပ်ကိုင်ပေးရာတွင်လည်း ကိုယ့်မိသားစုကိစ္စ ကိုယ်ဆောင်ရွက်ရသလို မေတ္တာစေတနာအရင်းခံ ဖြင့် လုပ်ကိုင်ပေးသည်ဟု ကျွန်မ ခံယူမိသည်။ ငြိုငြိုငြင်ငြင်မရှိ။ ကိစ္စရှင်၏ အခြေအနေ (သုံးစွဲနိုင်သည့်အား) ကိုကြည့်၍ ကိစ္စပြီးမြောက်အောင် ဆောင်ရွက်ပေးကြသည်။ ချက်ကြပြုတ်ကြရာတွင်လည်း ပျော်ပျော်ရွှင်ရွှင် ရယ်ရယ် မောမောပင်။ ဤသို့ မီးအပူဒဏ်များဖြင့် ပင်ပင်ပန်းပန်း ချက်ပြုတ်လုပ်ကိုင်နေတုန်း အိုးစည်ဒိုးပတ်သံ များဖြင့် ရှင်လောင်းလှည့်ရာမှ ပြန်ဝင်လာလျှင် ယောက်မများ၊ ဟင်းမွှေဇွန်းများကိုင်၍ ဝင်ကလိုက်ကြသေးသည်။ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါသည်။

ကျွန်မတို့ငယ်ဘဝဖြစ်ရပ်များထဲမှ အမှတ်တရပွဲလေးများ ကျွန်မတို့ အတွက်ရှိနေခဲ့သည်။ ရှမ်းနှစ်သစ်ကူး ပွဲတော်ကာလဆိုလျှင် ရွာတန်းရှည်ရွာလေးရှိ ရှမ်းမိသားစုများက မုန့်ဆီကြော်များကြော်ကြသည်။ ပြီးလျှင် တစ်ရွာလုံး ဝေငှကြသည်။ ထိုရက်များတွင် ကျွန်မတို့ ချိုမွှေြးွကပ်ရွနေသော မုန့်ဆီကြော်များ တစ်ဝစားကြရသည်။ ကလေးတို့ သဘာဝ အိမ်ပေါက်စေ့ မုန့်လိုက်ဝေရတာ ပျော်မိသည်။ ထိုအပျော်လေးများကို ပြည့်စုံအောင် ကျွန်မ မဖော်ပြတတ်။

 နောက်တစ်ပွဲကတော့ ရွာလယ်ရှိ သဲပုံစေတီဘုရားပွဲနှင့် ဆက်စပ်သည်။ သည်ဘုရားဆွမ်းလောင်းပွဲတွင် ပင့်ဖိတ်ထားသော သံဃာတော်များကို ထိုနေ့တွင် နေ့ဆွမ်းကပ်လှူကြသည်။ ဆွမ်းကပ်ရာတွင် လှူချင်သော အိမ်များမှ သံဃာအပါးရေ လိုသလောက်ပင့်ကြသည်။ ထိုသို့ ပင့်ဖိတ်ပြီး ကျန်နေသော သံဃာတော်များကို ဘယ်နှစ်ပါးကျန်ကျန် ကျွန်မတို့ရွာ၏ တစ်ဆိုင်တည်းသော ကုန်စုံဆိုင်ပိုင်ရှင် ဘကြီးဦးပုက တာဝန်ယူဆွမ်းကပ် သည်။ ဤသို့ ဆွမ်းကပ်ရာတွင် သူတာဝန်ယူရသည့် သံဃာများသာမဟုတ်၊ တစ်ရွာလုံးကို ဖိတ်၍ အယုတ်အလတ် အမြတ်မရွေး နေ့လည်စာ လှူဒါန်းကျွေးမွေးပါသည်။ ဤသို့ လှူဒါန်းရာတွင်လည်း ကောင်းကောင်းမွန်မွန် ပြည့်ပြည့် စုံစုံ လှူဒါန်းကျွေးမွေးပါသည်။ တစ်ရွာလုံးမီးခိုးတိတ်။ ဤဒါနပွဲလေးကို ရွာလယ်ဘုရားလေးပွဲချိန်ရောက်တိုင်း တမ်းတမ်းတတ အမှတ်တရ ကျွန်မတို့ စကားဆိုမိကြသည်သာ။ ဘဘကြီးဦးပု၏ စေတနာသဒ္ဒါတရားက ယခုထိ ကျွန်မတို့အပေါ် လွှမ်းခြုံနေတုန်းဟု ကျွန်မခံစားမိသည်။

အမှတ်တရနောက်တစ်ခုကတော့ ကျွန်မတို့မိဘနှစ်ပါး၏ ဘူးသီးကြော်အလှူ။ ကျွန်မ၏ ဖခင်သည် စိုက်ပျိုးရေးကို ဝါသနာပါသည်။ သားသမီးလည်းများသည်မို့ နှစ်စဉ် ဘူးပင်၊ ခရမ်းပင် စသည်ဖြင့် စားပင်များ စိုက်လေ့ရှိသည်။ မိသားစုအတွက်လည်းစားရန် ပိုလျှံသီးနှံများကိုလည်း ရောင်းရန်ဖြစ်ပါသည်။ အဖေသည် ဘူးပင် ကို အထူးဂရုပြုစိုက်လေ့ရှိသည်။ အဖေ့ ဘူးစင်သည် ပေ ၄၀-၅၀ မျှရှည်ပါသည်။ နွားချေးမြေဩဇာ တဝရပြီး ရေနိုင်နိုင်လောင်းနိုင်သည်မို့ ဘူးသီးများက ဖွံ့ထွားလှသည်။ ဘူးညွှန့်၊ ဘူးကင်းဘူးသီးများ ကျွန်မတို့ တစ်ဝ စားသောက်ကြရသည်။ သည်တွင် ကျွန်မ အဖေနှင့် အမေသည် ထူးထူးခြားခြား အတွေးဖြင့် ဘူးသီးကြော်အလှူ ကို လှူဖြစ်ကြသည်။

 နှစ်စဉ်ဘူးသီး ၁၀-လုံး၊ ဖီးကြမ်းငှက်ပျောသီး ၁၀-ဖီး။ ထိုစဉ်က အဖေ့ ဘူးစင်မှ သီးသော ဘူးသီးသည် ယခု ကျွန်မတို့ တွေ့နေရသော ဘူးသီးများထက် များစွာပိုကြီးသည်။ ဘူးသီးကြော်မည့်နေ့နှင့် ချိန်ပြီး ကိုယ့်စင်မှ ဘူးသီး ၁၀-လုံး ရှိ-မရှိ။ မရှိလျှင်လည်း လိုသောဘူးသီးများ တခြားစင်များမှ ဝယ်ရသည်။

အလှူမတိုင်မီနေ့တွင် အချဉ်ရည်ကို ကျွန်မတို့ အဖွားက ကိုယ်တိုင်စပ်သည်။ ငြုပ်ပွများ မညက်တညက် ထောင်းရသည်။ ကြက်သွန်ဖြူ၊ ချင်းများနိုင်နိုင်ထည့်သည်။ ညဘက်တွင် ၎င်းတို့ကို မန်ကျည်းရည်၊ ဆားတို့နှင့် စပ်ဖျော်သည်။ မနက်တွင် အချဉ်ရည်အဆင်သင့်စားရုံသာ၊ ကျွန်မတို့အဖွားစပ်သော အချဉ်ရည်သည် ယနေ့ထိ ကျွန်မတို့ မစပ်နိုင်၊ မစပ်တတ်၊ လိုက်မမီသော အရသာရှိသည်။ ဘူးသီးများကိုလည်း ညကတည်းက လှီးဖြတ်ထားသည်။

 အလှူနေ့တွင် မနက် (၃)နာရီခန့်လောက်ကတည်းက အဖွားက ဘူးသီးစကြော်သည်။ နံနက်အရုဏ်အမီ ဘုန်းကြီးကျောင်းသို့ အကြော်ဆွမ်းပို့ရန်အတွက် ဖြစ်သည်။ ပြီးလျှင် တစ်ရွာလုံးရှိ လာသမျှ လူများကို ကျွေးမွေးလှူဒါန်းပါသည်။ ဆလတ်ရွက်၊ နံနံရွက် အစုံအလင်နှင့်၊ ရေနွေးကြမ်း ကျကျပူပူလေးနှင့်။ အရွက်များကို ညကတည်းက ကျွန်မတို့ သန့်စင်ပြီး အထပ်ထပ်ဆေးကြော၍ ဆန်ကာနှင့် စစ်ထားပေးရပါသည်။

ကျွန်မ မှတ်မိသလောက် ဘူးသီးကြော်အလှူကို ရွာသူရွာသားများလည်း နှစ်သက်ပျော်ရွှင်စွာ စားသောက် ကြပါသည်။ အဖွားနှင့် ကျွန်မတို့ အဖေနှင့် အမေကလည်း ပီတိတဝေဝေနှင့်။ ဤအလှူပွဲလေးကို ထိုကာလ သိမီလိုက်သူများက-

"ငါလေ ဘူးသီးကြော်တွေ့ရင် နင့်အဖေ အမေကို သိပ်သတိရတာပဲ"ဟု ပြောကြပါသည်။

ဘူးသီးကြော် လှူပြီးသည့် ညနေတွင် အချဉ်ရည် ကျန်သေးလျှင် လိုချင်သူများက လာတောင်းကြသည်။ ထမင်း နှင့် စားချင်၍ဟု ဆိုကြသည်။ အဖွား၏ အချဉ်ရည်လက်ရာကို ကျွန်မတို့ ဒီနေ့ထိ လွမ်းဆွတ်တသဆဲ။ ကျွန်မက အချက်အပြုတ် ဝါသနာပါသည်မို့ အလျဉ်းသင့်သလို အချဉ်ရည်ကို စပ်ကြည့်မိပါသေးသည်။ အဖွား အချဉ်ရည် အရသာကို တစ်ခါမျှ မရခဲ့။ ကျွန်မတို့ အရည်အသွေးညံ့လွန်းလှချေသည်။

ခုခါများတွင်မတော့ ကျွန်မတို့ ကိုယ့်မိသားစုလေးစားဖို့ ကြော်ဖို့ကိုပင် အနိုင်နိုင်။ ဝယ်စားဖြစ်သည်ကများ သည်။ အချဉ်ရည်ဆိုလည်း အသင့်ဝယ်ယူနိုင်သော အချဉ်ရည် ပုလင်းများနှင့်။ သည်အခြေအနေကို ကျွန်မကိုယ် ကျွန်မလည်း မကျေနပ်ပါ။

သည်နှစ်သင်္ကြန် အမေဆုံးတာ (၁၀)နှစ်ပြည့်ပြီ။ ကျွန်မအမေသည် နေ့ဆွမ်းကပ်ရသည်ကို သိပ်နှစ်သက် သည်။ သည်တော့ ကျွန်မသည် အမေ့အကြိုက်ကို မူတည်ပြီး အတွေးဆန့်မိသည်။ အိမ်တွင် နေ့ဆွမ်းကပ်မည်။ ထမင်းဖြူ ဆွမ်း၊ ဟင်းစပ်ကို စဉ်းစားတော့ ငါးခြောက်နှင့် ခရမ်းချဉ်သီးဆီပြန်။ ငါးခူနှင့် ရဲယိုရွက်ကြော်မည်။ ငါးရံ့ခြောက်ဖုတ်။ ကြက်သားကို အရွက်ကြော်မကျတကျ၊ ကုန်းဘောင်ကြီးကြော် မကျတကျကျော်မည်။ ပဲပြား၊ ကြာဇံ၊ အာလူး၊ ပဲလိပ်သုပ်မည်။ ငါးကျည်းပြုတ်နှင့် မဲဇလီဟင်းချိုပူပူလေး၊ ငါးပိကြော်၊ အတို့အမြုပ်လေးများနှင့်။ သည်အစီအစဉ်ကို မောင်နှမများကို တင်ပြပါသည်။ ကောင်းတယ်။ ချက်ကြမယ်ဟု လက်သီးလက်မောင်းတန်းြွေကးကြော်ဖြစ်ကြသည်။ ကျောက်ကျောထိုးမည့်သူ၊ ရွှေရင်အေးကပ်လိုသူ စသည်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ ဘာပဲပြောပြော ကျွန်မတို့ ပုဗ္ဗစေတနာမြောက်ပြီ။

သည်လိုနှင့် ကျွန်မတို့ အမေ (၁၀)နှစ်ပြည့် အတွက် နှစ်လည်အောက်မေ့ဆွမ်းကပ်လှူ ဖြစ်ခဲ့ပါသည်။
ကျွန်မတို့ကြွေးကြော်ခဲ့သလိုတော့ မဟုတ်ခဲ့။ နံနက်အရုဏ်ဆွမ်း မုန့်ဟင်းခါး အော်ဒါမှာပြီးတော့သာ ကပ်လှူဖြစ်ခဲ့ပါလေသည်။

 ရွာလုံးကျွတ် စားသောက်ရေးအတွက် ဖွယ်ဖွယ်ရာရာစီမံချက်ပြုတ်ပေးနိုင်ခဲ့ကြသူ ရွာတန်းရှည်ရွာလေး၏ ရပ်မိရပ်ဖ ဦးကြီး ဒေါ်ကြီးများကို စိတ်ကူးထဲမှပင် မျက်နှာပြဝံ့စရာ မရှိပါ။ သူတို့၏ ကျေးဇူးတရားများကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပို၍ပို၍သာ ဦးခိုက်ဂါရဝပြုမိပါချေတော့သည်။
0