မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၁)

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၁)
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇

ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ်ဖြေရှင်းမည်ဆိုပါက ဘင်္ဂါလီအရေးကို ဖယ်ထုတ်စဉ်းစား၍မရနိုင်ပေ။ ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာ၏ပါဝင်ပတ်သက်မှု ဖိအားပေးမှုတို့ကလည်း ယနေ့အချိန်တွင် သောသောညံနေသည်ဟုဆိုရပါမည်။ နိုင်ငံတကာရပ်ဝန်းကတော့ လူ့အခွင့်အရေး ဆိုသည့် အမြင်ဘက်က ရပ်တည်၍ ကြည့်ရှုသည်။ သို့သော် ဤသို့ကြည့်ရှု မှုသည် လုံလောက်မှု မရှိပေ။ တကယ်တမ်းအားဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးသည် လူ့အခွင့်အရေးပြဿနာ သက် သက်မဟုတ်ဘဲ သမိုင်းဆိုင်ရာ ပြဿနာလည်းဖြစ်သည်ဆိုမှသာ ပြည့်စုံခြင်း ရှိပေလိမ့်မည်။ သို့မှသာ ပြဿနာကို မှန်ကန်စွာဖြေရှင်းနိုင်ပေလိမ့်မည်။ ရခိုင်ပြည်နယ်ရှိဘင်္ဂါလီမွတ်စလင်များ၏ပြဿနာကို သုံးသပ်ဖြေရှင်းမည်ဆိုပါက သမိုင်းကြောင်း အား ထည့်သွင်းစဉ်းစားအဖြေရှာမှသာ မှန်ကန်ပေလိမ့်မည်။

သို့သော် လက်ရှိရခိုင်ပြည်နယ် ဘင်္ဂါလီအရေးကို ပြောဆိုကြလျင် မျက်မှောက်ခေတ်ကာလအခြေအနေကိုသာ ကြည့်မြင်သုံး သပ်၍ လူ့အခွင့်အရေးရှု ဒေါင့်မှ ရှေ့တန်းတင်ပြောဆိုကြသည်။ ထို့ပြင် မျက်မှောက်ခေတ်အခြေအနေကို သုံးသပ်လျင်လည်း အခြေအနေအားလုံးအား၎င်း ဘက်ပေါင်းစုံအားလည်းကောင်း၊ ထည့်သွင်းစဉ်းစားသုံးသပ်ရန် လိုအပ်သည်။ ဆိုရလျင် တ ဖက်ကို မှောင်ချ၍ တဖက်ကိုသာဇောင်းပေးပြောဆိုသုံးသပ်ပါက အခြေအနေမှန်အား သုံးသပ်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဤပြဿနာသည် ရခိုင်ပြည်နယ်၌ နှစ်ပေါင်းရှည် ကြာစွာအမြစ်တွယ်နေသည့် ပြဿနာတရပ်ဖြစ်ပေရာ သမိုင်းဆိုင်ရာပြဿနာတရပ်အဖြစ်လည်းကြည့်မြင်ရန် လိုအပ်သလို ဘက်ပေါင်းစုံက ကြည့်မြင်ရန်လည်း လိုအပ်ပေသည်။

● ရခိုင်ပြည်နယ်တွင်း လက်ရှိဘင်္ဂါလီမွတ်စလင်များ ပျံ့နှံ့နေထိုင်မှု
လက်ရှိ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီမွတ်စလင်ဘာသာဝင်များ အများဆုံးရှိနေသည့်မြို့နယ်များမှာ ၂၀၁၄ ခုနှစ်စာရင်းများအရ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ မောင်တောမြို့ နယ် ၄၅၀၀၀၀ ကျော်ခန့်
၂။ ဘူးသီးတောင်မြို့ နယ် ၂၅၀၀၀၀ ခန့်
၃ ။ စစ်တွေမြို့ နယ် ၁၅၀၀၀၀ ခန့်
၎။ သံတွဲမြို့ နယ် ၈၀၀၀၀ ခန့်တို့ဖြစ်ပြီး ရသေ့တောင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ ၊ ရမ်းဗြဲမြို့ နယ်များတွင်လည်း အနည်းငယ်ဆီ ပျံ့နှံနေထိုင်နေထိုင်ကြသည်။ ၂၀၁၄ ခုနှစ် အနီးစပ်ဆုံးစာရင်းများအရ ရခိုင် ပြည်နယ်တွင် ဘင်္ဂါလီ လူဦးရေ ၁၀ သိန်းမှ ၁၁ သိန်းထိရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

လူဦးအချိုးအစားအရ ဘင်္ဂါလီနေထိုင်မှု မြင့်မားသည့်မြို့နယ် ၃ ခုမှာ မောင်တောမြို့နယ် ၉၄ ရာခိုင်နှုန်းခန့် ဘူးသီး တောင်မြို့နယ် ၈၄ ရာခိုင်နှုန်းခန့်နှင့် စစ်တွေမြို့နယ်တွင် ၅၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။ ထို ၃ မြို့နယ်တွင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် မြို့ပေါ်အထိပါ ဘင်္ဂါလီလူဦးရေများပြားပြီး စစ်တွေ၌ မြို့ပေါ်ထက် ကျေးရွာများတွင်ပို၍များပြားပါသည်။

သို့သော် အထက်ပါကိန်းဂဏန်းများမှာ ၂၀၁၄ ခုနှစ်စာရင်းများကို အခြေပြု ဖေါ်ပြထားခြင်းဖြစ်ပြီး ယခုအချိန်တွင် ယခုထက် ပို၍ များပြားနိုင်သည်ဟု ဆိုကြသည်။ ရခိုင်ပြည်နယ် လူဦးရေ ၃ သန်းကျော်ခန့်တွင် ဘင်္ဂါလီလူဦးရေ ၁ သန်းကျော်ခန့် ရှိ နေသည်မှာ မျက်မှောက်အခြေအနေဖြစ်ပြီး မျက်ကွယ်ပြု၍မရသည့်အခြေအနေလည်းဖြစ်သည်။

● မှန်တမ်းမကျသည့်အခြေအနေ
ယနေ့တွင် နိုင်ငံတကာ၌ မြန်မာပြည်နှင့်ပတ်သက်လျင် ဘင်္ဂါလီအရေးသည် ရှေ့တန်းရောက်သည့် ပြဿနာဖြစ်သည်။ အ များစိတ်ဝင်စားသည့်ပြဿနာလည်းဖြစ်သည်။ အချို့က နိုင်ငံတကာမီဒီယာများကို အသုံးချနိုင်၍ရောက်သည်ဟု ဆိုသည်။ အချို့က ငွေကြေးပံ့ပိုးမှု အားကြောင့်ရောက်ဟုဆိုသည်။ ထိုအကြောင်းအချက်များလည်း ပါဝင်နိုင်သော်လည်း တကယ်တမ်း နိုင်ငံတကာမျက်နှာစာပေါ် ရောက်နေသည်မှာ ၎င်းတို့ကြည့်မြင်မှုအရ မှန်တမ်းမကျသည့်အခြေအနေများ ဘဝင်မကျစရာ အခြေအနေများကြောင့်ဟု ဆိုရပါမည်။

နိုင်ငံတကာကရှုမြင်သည့် မှန်တမ်းမကျသည်ဟုယူဆသည့် အခြေအနေများမှာ အောက်ပါတို့ဖြစ်ပုံရပါသည်။ ပထမအချက် မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားသော ရခိုင် ဘင်္ဂါလီအရေးအခင်းတွင် ဒုက္ခသည်စခန်း IDP camp များသို့ရောက်ရှိနေသော ဘင်္ဂါ လီများအား ပြန်လည်နေရာချ ထားပေးနိုင်ခြင်းမရှိသည့်ပြဿနာဖြစ်သည်။ ၂၀၁၂ မှ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်ရှိ IDP စခန်းများမှာ ....
၁။ စစ်တွေမြို့ နယ် စခန်း ၁၂ ခု လူဦးရေ ၉၀၀၀၀ ခန့်
၂။ ရသေ့တောင်မြို့နယ် ၂ ခု။ ၃၀၀၀ ခန့်
၃။ ပေါက်တောမြို့နယ် ၄ ခု။ ၁၀၀၀၀ ကျော်ခန့်
၎။ ကျောက်တော်မြို့ နယ် ၁ ခု။ ၅၀၀ ခန့်
၅။ မြေပုံမြို့ နယ် ၁ ခု။ ၃၀၀၀ ခန့်
၆။ ကျောက်ဖြူမြို့နယ် ၁ ခု။ ၁၂၀၀ ခန့်
၇။ ရမ်းဗြဲမြို့နယ် ၁ ခု။ ၃၀ ခန့် ဖြစ်ကြပြီး စုစုပေါင်း IDP စခန်း ၂၂ ခုနှင့် ဒုက္ခသည်လူဦးရေ ၁ သိန်းကျော်ခန့် ရှိသည်။ အား လုံး ဘင်္ဂါလီစခန်းများဖြစ်သည်။ အခင်းဖြစ်ပွါးပြီး ၅ နှစ်ကြာသည်အထိ ရခိုင်ဒုက္ခသည်စခန်းပြဿနာသာဖြေရှင်းနိုင်ပြီး ဘင်္ဂါ လီဒုက္ခသည်စခန်းပြဿနာမဖြေရှင်းနိုင်ခြင်းသည် နိုင်ငံတကာအဖို့ ဘဝင်မကျသည့်ပြဿနာတရပ်ဖြစ်နေပေသည်။ ဤနေ ရာတွင် ရခိုင်ဒုက္ခသည်ပြဿနာကိုသာ လျင်မြန်စွာဖြေရှင်းနိုင်ခြင်းမှာ လူမျိုးအရ ဘက်လိုက်ကြောင့်မဟုတ်ပေ။ ရခိုင်ဒုက္ခ သည်များမှာ နိုင်ငံသားဖြစ်မှု ပြဿနာမရှိခြင်းကြောင့်ဖြစ်သည်။

ဒုတိယအချက်မှာ ထိုဆယ်သိန်းကျော်ခန့်ရှိသည့် ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်မှု ပြဿနာဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲအမီ ထုတ်ပေးထားသော ခါတော်မှီ white card များ ပြန်လည်သိမ်းယူပြီးနောက် ထိုဘင်္ဂါလီများတွင် နိုင်ငံသားကဒ်မရှိပါ။ ထို့အတွက်ကြောင့် မောင်တော ဘူသီးတောင်အစရှိသည့် မြို့နယ်များမှ ဘင်္ဂါလီများသည် ၎င်းတို့မြို့ နယ်အတွင်းမှအပ အခြားမြန်မာပြည်တွင်း နယ်များသို့ နယ်ကျော်သွားလာခွင့်မရှိပါ။ စစ်တွေ မြို့ နယ်တွင်းတွင် စစ်တွေမြို့ အနောက်မြောက်ဖက် ဘုမေ၊ သဲချောင်းတလျောက်တွင်ရှိသော ဘင်္ဂါလီရွာများနှင့် IDP စခန်းများမှ လူဦးရေ သိန်းနှင့်ချီသော ဘင်္ဂါလီများသည် စစ်တွေမြို့တွင်းသို့ လာခွင့်မရှိပါ။ ထို့ပြင် စစ်တွေမြို့တွင်း မင်းဘာကြီးလမ်းမပေါ်ရှိ ဘင်္ဂါလီများနေထိုင်ရာ အောင်မင်္ဂလာ ရပ်ကွက်မှ ဘင်္ဂါလီများသည် မြို့ထဲထွက်ခွင့်မရှိပါ။ ရဲကင်းများဖြင့် စောင့်ကြပ်တားဆီးထားပါသည်။ သွားလာရန် လိုအပ်မှု ရှိပါက ရဲအစောင့်အရှောက်ဖြင့် သွားခွင့်ပြုသည်ဟု ဆိုသည်။ ဘူးသီတောင် မောင်တောမှအပ စစ်တွေအပါ ကျန်ဘင်္ဂါလီရှိ သည့်မြို့နယ်များတွင်ရှိကြသည့် ဘင်္ဂါလီများသည် သက်ဆိုင်ရာမြို့ပေါ်သို့ သွားလာခွင့်ပိတ်ပင်ထားပါသည်။ ထို့ပြင် ရခိုင် ပြည်နယ်တွင်းရှိ ဘင်္ဂါလီအများစုကြီးမှာ မှတ်ပုံတင်မရှိကြသဖြင့် ထိုသူများသည် အမ်းမြို့ သို့မဟုတ် တောင်ကုတ် တောင် ကြားမှ ပြည်မသို့ဝင်ရောက်ရန်ကြိုးစားပါက ခိုးဝင်ဘင်္ဂါလီအဖြစ်သတ်မှတ်၍ အစိုးရတာဝန်ရှိသူများမှ ဖမ်းဆီးပါသည်။

ဤအခြေအနေသည် ၂၀၁၂ အရေးအခင်းမှ စတင်ဖြစ်ပွါးခဲ့ပြီး ၅ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤသို့သောအခြေအနေများ အောက်တွင် ရခိုင်တွင်ရှိနေသော ဘင်္ဂါလီများသည် လူ့အခွင့်အရေးချိုးဖေါက်ခံနေရသည်။ လူမျိုးတုန်းအန္တရာယ်နှင့်ကြုံ နေရသည်ဟူသော ကြည့်မြင်ပုံသည် နိုင်ငံတကာတွင်လွှမ်းမိုးနေသည်။ ဤသို့ကြည့်မြင် ယူဆချက်များကြောင့် IDP စခန်း ၂၂ ခုရှိ ဘင်္ဂါလီဒုက္ခသည် ၁ သိန်းကျော်ကိုသာမက ရခိုင်ပြည်နယ်ရှိ ကျန်ဘင်္ဂါလီအားလုံးကိုပါ လူ့အခွင့်အရေးချိုးဖေါက်ခံနေရသူများအဖြစ်သတ်မှတ်ကာကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အအစည်းများက ကူညီထောက်ပံ့မှုများ ပြုနေခဲ့ကြသည်။

● ရခိုင်ပြည်ရှိ UN နှင့် NGO အဖွဲ့အစည်းများ
တကယ်တမ်းအားဖြင့်ဆိုလျင် ရခိုင်ပြည်နယ်ရှိ UN နှင့် နိုင်ငံတကာNGO အဖွဲ့အစည်းများသည် ၂၀၁၂ နောက်ပိုင်းတွင် ဘင်္ဂါလီများကို ကူညီပံ့ပိုးကြသည် မဟုတ်ပေ။ ၂၀၁၂ အရေးအခင်းမတိုင်မီကတည်းက အကြောင်းအမျိုးမျိုးဖြင့် ရခိုင်ပြည် နယ်တွင်းရောက်ရှိနေကြသော UN နှင့် NGO အဖွဲ့အစည်းများသည် ရခိုင်များထက် ဘင်္ဂါလီများကို ကူညီကြသည်ဟု ရခိုင် လူထုက ယူဆကြသည်။ ထို့ကြောင့်လည်း ၂၀၁၂ အရေးအခင်းကာလက ဘင်္ဂါလီများကို တဖက်သတ်ကူညီသည်ဟု ရခိုင် လူထု ယူဆခံရသည် နိုင်ငံတကာကူညီရေးအဖွဲ့အစည်းများ တိုက်ခိုက်ခံခဲ့ရပေသည်။

၂၀၁၂ ခုနှစ်အရေးအခင်းနောက်ပိုင်း IDP စခန်းများပေါ်ပေါက်လာသည့်ပြင် ဘင်္ဂါလီများ၏ နိုင်ငံသားပြဿနာလည်း ထိပ် တက်လာပြီး ထိုအခြေအနေအောက်တွင် နိုင်ငံတကာ၏ဝေဖန်မှု မြင့်တက်လာပြီး UN နှင့် နိုင်ငံတကာ NGO အကူအညီများ ရခိုင်ရှိ ဘင်္ဂါလီများထံ စီးဝင်ခဲ့တော့သည်။

လက်ရှိ ရခိုင်၌တွေ့ရသော UN နှင့် NGO တို့မှာ အောက်ပါအတိုင်းဖြစ်သည်။

စစ်တွေအခြေစိုက် UN အဖွဲ့အစည်းများမှာ ....
၁။ FAO Food Agriculture Organization
၂။ International Organization of Migration
၃။ UNRC Office of United Nations Resident Coordinator
၎။ UNICEF United Nations Children Funds
၅။ UNDSS United Nations Department of Safety and Security
၆။ UNDP United Nations Development Programme
၇။ UNHCR United Nations High Commissioner for Refugee
၈။ UNOPS United Nations Office for Project Service
၉။ UNOCHA United Nations Office for the Coordination of Humanitarian Affairs
၁၀။ UNPF United Nations Population Fund
၁၁။ WFP World Food Progamme
၁၂။ WHO World Health Organization နှင့်
၁၃။ ICRC International Committee of the Red Cross တို့အပါ UN အဖွဲ့အစည်း ၁၂ ခု နိုင်ငံတကာကြက်ခြေနီ ၁ ခု စုစုပေါင်း ၁၃ ခုရှိပါသည်။ အမေရိကားအခြေစိုက် UN ရုံးအသေးလေးတခု ရခိုင်ပြည်နယ် စစ်တွေ၌ တွေ့မြင်ရသည်ဟု ဆို ရပါမည်။

စစ်တွေအခြေစိုက် နိုင်ငံတကာ NGO အဖွဲ့အစည်းများမှာ ....
၁။ ACTED
၂။ ACF Action Contre La Faim
၃။ BAJ Bridge Asia Japan
၎။ CDN Consotium Dutch NGO's
၎။ CARE Care Myanmar International
၅။ DRC Danish Refugee Council
၆။ HD Humantarian Dialouge Centre
၇။ IRC International Rescue Committee
၈။ LWF Lutheran World Foundation
၉။ MA-UK
၁၀။ MM Mercy Malaysia
၁၁။ MSF Medicines Sans Frontioner , Holland
၁၂။ NRC Norwegian Refugee Council
၁၃။ Oxfam
၁၄။ Plan Plan International
၁၅။ Relief International
၁၆။ SCI Save the Children International
၁၇။ SI Solidarities International စသည်ဖြင့် စုစုပေါင်း ၁၇ ခုရှိပါသည်။

မောင်တောတွင်လာရောက်ရုံးဖွင့်ထားသော UN နှင့် INGO အဖွဲ့များမှာ
၁။ UNHCR
၂။ WFP
၃။ UNICEF
၎။ ACF
၅။ BAJ
၆။ CARE
၇။CSFI
၈။ ICRC
၉။ MSF
၁၀။ Malteser စသည့် အဖွဲ့ ၁၀ ဖွဲ့ဖြစ်ပြီး ဝန်ထမ်းအင်အား နိုင်ငံခြားသား ၂၅ ဦး ဒေသခံ ၁၀၃၄ ဦး စုစုပေါင်း ဝန်ထမ်းအင် အား ၁၀၅၉ ဦးဖြင့် လည်ပတ်နေပါသည်။

ဘူးသီးတောင်တွင် လာရောက် ရုံးဖွင့်ထားသော INGO များမှ ....
၁။ MHDO
၂။ CARE
၃။ ACF
၎။ Malteser
၅။ CDN အဖွဲ့ ၅ ဖွဲ့ဖြစ်ပြီး ဝန်ထမ်းအင်အား နိုင်ငံခြားသား ၇ ဦး ဒေသခံ ၃၁၂ ဦး စုစုပေါင်း ဝန်ထမ်းအင်အား ၃၁၉ ဦးဖြင့် လည်ပတ်နေပါသည်။

ဘူးသီးတောင် မောင်တောတွင် လာရောက် ရုံးဖွင့်လုပ်ကိုင်နေသည် INGO  အချို့မှာ စစ်တွေတွင် ရုံးဖွင့်လုပ်ကိုင်ကြသော်လည်း အချို့အဖွဲ့များဖြစ်သည့် CSFI/Malteser /MHDO အဖွဲ့များမှာ စစ်တွေတွင် ရုံးဖွင့်လှစ်ခြင်းမရှိဘဲ မောင်တောနှင့်ဘူးသီး တောင်တို့တွင် တိုက်ရိုက်ရုံးလာဖွင့်ထားသည်ကို တွေ့ရသည်။ ၂၀၁၂ အရေးအခင်းကာလ စစ်တွေအခြေစိုက် INGO အချို့ တိုက်ခိုက်ခံရပြီးနောက် စစ်တွေ၌ ရုံးခန်းမဖွင့်တော့ဘဲ မောင်တောနှင့် ဘူးသီးတောင်တွင် တိုက်ရိုက်လာရောက်ရုံးခန်းဖွင့် လုပ်ကိုင်ကြသည်ဟုဆိုသည်။ အထက်ပါစာရင်းများသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စာရင်းများဖြစ်ပါသည်။

အဆိုပါ စစ်တွေ မောင်တော ဘူးသီးတောင် အခြေစိုက် UN နှင့် INGO အဖွဲ့အားလုံးသည် လက်ရှိအချိန်တွင် အဓိက ဘင်္ဂါလီလူမျိုးအား ကူညီထောက်ပံ့ပေးနေသည့်အဖွဲ့များဖြစ်သည်။ သူတို့ကူညီသည်မှာ IDP စခန်းမှသူများသာမက ကျန် ဘင်္ဂါလီအားလုံးကိုပါ ကူညီပေးနေသည်ကို တွေ့ရသည်။ အစာရိက္ခာ ဆေးဝါး အဝတ်အစားမှစ၍ ထောက်ပံ့ပေးမှု များစွာ ဆောင်ရွက်ကြသည်။ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အစီအစဉ်နှင့်ပင် တနှစ်လျင် ဆန်တန်ချိန် ၆၀၀၀ မှ ၁၀၀၀၀ ကြားအား ၂၀၁၂ ခုနှစ်မှစ၍ ဘင်္ဂါလီများအား ဖြန့်ဖြူးထောက်ပံ့သည်ကို တွေ့ရှိရသည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင်းရှိ ၂၀၁၂ မှအစပြုသည့် ဘင်္ဂါလီဒုက္ခသည် တသိန်းကျော်အား UN နှင့် နိုင်ငံတကာ NGO များ ၏ ကူညီမှု အလေးထားမှုများသည် ၂၀၁၁ မှအစပြုသည့် ကချင်ပြည်နယ်တွင်ရှိသော စစ်ဘေးဒုက္ခသည် တသိန်းကျော်နှင့် ပတ်သက်၍ ကူညီအလေးထားမှုနှင့်နှိုင်းယှဉ်လျင် လွန်စွာကွာခြားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီဒုက္ခသည်များအား UN နှင့် INGO များ၏ကူညီမှုသည် သာမန်ဒုက္ခသည်ကူညီမှုထက်ပိုသော အဓိပ္ပါယ်ဆောင်နေ သည်ဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

(ဧရာဝတီမြန်မာပိုင်းတွင် ဇူလိုင် ၁၇၊ ၂၀၁၇ နေ့က ဖော်ပြပြီးဖြစ်သည်။)
 Photo Credit : Tomas Munita (The New York Times)

Comments