တိုးနှောင်မိုး ● သမ္မတကြီးခင်ဗျာ

 တိုးနှောင်မိုး ● သမ္မတကြီးခင်ဗျာ
(မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၇

ကျေးဇူးတော်များအတိုင်း
သံခင်တမန်ခင်း ကောင်းကင်အခင်းအကျင်းမှာ
စစ်လက်နက်မပြည့်စုံရင် လူမှုဘဝစာမျက်နှာများ
အင်ဂျင်ဝိုင်ယိုမယ်
စက်ဟမ်းမယ် ဗိုင်းရပ်စ်ကိုက်မယ်
တဦးနဲ့တဦး အဟတ်ခံရတော့မယ်ဆိုတော့
ပွင့်လင်းမြင်သာတဲ့ မုန့်ဟင်းခါးတွေ
နံနံပင်ကိုလမ်းခွဲသွားသလို ငြိမ်းချမ်းရေးကလည်း
အစပ်အဟတ်တည့်ဖို့လို
ပန်းပွင့်တိုင်း A B C D မတတ်ဘူး
ဟမ်းဆက်တလုံးပြီးတလုံး ဇွန်သဉ္စာတွေဖြစ်နေပြီ
ဇွန်သဉ္ဇာတွေတလုံးပြီးတလုံး
ငါတို့ခေတ်ကို မူးအောင်သောက်ရ
တော်လေးဝဟာ ပေါက်တောဝမှာ ဂိတ်ဆုံးတယ်ဆိုတော့
ပျားလည်းစွဲသာ ရှဥ့်လည်း လျောက်သာ ဖွဲ့စည်းပုံ
ငါတို့အခြေခံဥပဒေက တဖက်ပိတ်ဆည်လား
စီဆီဖတ်ရဲ့ချွေးလား
ဖြစ်စဉ်တွေ လီဗာမြှင့်ထားတယ်
မြို့ပြဟာ အဆိပ်မိနေသလား
အပျိုဖေါ်ဝင်လာတဲ့ ပြုပြင်ပြောင်းလဲရေးက
ကိုယ်ဝန်ရှိသလိုလို
သွေးလုံးလိုလို
ဒွိဟများရွာသွန်း
သေးပေါက်သလိုငိုနေတဲ့ကာလပေါ်များ
မလှူတတ်သူကြွယ်လည်း လွယ်ရင် သူခိုးဖြစ်
နာရီရယ် ဒါလီရယ် ကြာကူလီရယ် ဆန္ဒရှိတဲ့အတိုင်း
အသားစိုင်တွေဟာ လူမှုကွန်ယက်မှာ နေရာယူ
အမှားဟာ အမှန်ကို နောက်ကျောက ချောင်းလိုက်တယ်
ထမင်းချိုင့်တလုံးရဲ့သမိုင်းဟာ အသံတိတ်ခေတ်ဆီ
ခုတော့
တဖြည်းဖြည်းဆန့်ကျင်ခဲ့တာပဲ
တိတ်တိတ်လေးတိတ်နေတဲ့အတွေးဟာ
မနက်ဖြန်ညရှစ်နာရီသတင်း
အလင်းဝဝရှူပါသမ္မတ
ဇော်က,ကပါသမ္မတ
ဝိုင်နီသောက်ပြီး စိတ်ပေါ့ပါးအောင် နိုက်စ်ကလပ်တက်ပြီး ဒန့်လိုက်ပါသမ္မတ
ဦးရွှေရိုးနဲ့ ဒေါ်မိုး ကလိုက်ပါသမ္မတ
ထုတ်ဆီးထိုးပါ ခြင်ခပ်ပါ စာတိုပေစဖတ်ပါ
စာကြည့်တိုက် တတိုက်ထောင် တထောင်တည်ဆောက်ပါ
ပေါင်ချိန်ပါ သွေးချိန်ပါ အချိုလျော့စားပါ လမ်းလျှောက်ပါ
အချိုမှုန့်မစားပါနဲ့
တရားလည်းနာရမှာပဲ
အဲ့လို မိန်းမတယောက် ကိုယ်ဝန်ဆောင်ကလေးမွေးသလို
နိုင်ငံတော်ကို မွေးမြူနိုင်မှ
အချစ်ကို သိရမယ်
စစ်ကိုကြည့်ရမယ်
ကြာကြာဝါးမဲ့အခါး သွားကြည့်ရှောင်သလို
ကင်ဆာဆဲလ်တွေပွားသလို
ပွင့်နေတဲ့ပန်းတွေကို ဘယ်တော့မှ ပိတ်မချလိုက်နဲ့
ဓါးဟာ အလင်းတဆုံး ပန်းဘဲဖိုက ထွက်ရှိလာပါပြီ။   ။

တိုးနှောင်မိုး
ဖေဖော်ဝါရီ ၅၊ ၂၀၁၇

Comments