ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း

ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း
(မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၇

မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ၂၀၁၇ တွင်လည်း ဖော်ပြပြီး ဖြစ်သည်။

ကျွန်တော့်ဘကြီး ဦးရွှေအုတ်ကို လူ့ခွစာကြီးလို့ အမည်တပ်ရမလား၊ သူထင်ရာကို တုတ်ထိုးအိုးပေါက် ပြောတတ်ဆိုတတ်၊ လုပ်ကိုင်တတ်တဲ့လူကြီးလို့ပဲ ဆိုရမလား မသိပါဘူး။

သူက နယ်မှာ အနေများပေမယ့် သူ့စရိုက် သူ့သဘာဝကို ရပ်ရွာကလူတွေလာရင် အမြဲကြား နေရပါတယ်။ ဖိုးရွှေအုတ်ကြီးက တော့ ဘာလုပ်လိုက်ပြန်ပြီ၊ ဘယ်သူ့ကိုတော့ သာသာနဲ့နာနာ နှက်လိုက်ပြန်ပြီ၊ လုပ်ချလိုက်တာကတော့ အဆန်းကြီးပဲ ဆို တဲ့ သတင်းတွေကတော့ မွှေးမှ မွှေးပါပဲ။

အမွှေးဆုံး သတင်းတွေကတော့ သူနဲ့ ရပ်ရွာအာဏာပိုင်တွေနဲ့ ခဏခဏ ကတောက်ကဆဖြစ်တတ်တဲ့ သတင်းတွေပေါ့။ ရပ်ရွာအစည်းအဝေးတွေ ရှိတဲ့အချိန်ဆိုရင် သူတို့နဲ့ ဦးရွှေအုတ်နဲ့က နောင်ဂျိန်ဖြစ်နေကျ။

“လူကြီးလာရင်တော့ ခြံစည်းရိုးတွေကို ခဏခဏ ဆေးသုတ်တယ်။ ရွာထိပ်က ဘုရားကျတော့ ပစ်ထားတယ်။ ဘုရားလည်း အားနာပါဦး” လို့တမျိုး၊

“လုပ်အားပေးခေါ်ပြီဆိုရင် တရွာလုံး ချွေးတဒီးဒီးကျအောင် လုပ်ကြရတယ်။ ဥက္ကဋ္ဌတို့မိသားစုကတော့ ဖုန်မှုန့်တောင် မကပ် ဘူး” လို့တဖုံ၊

“ရပ်ရွာမှာ ကွမ်းတောင်ကို ချောပေ့ လှပေ့ဆိုတဲ့ အလှပဂေးက ကိုင်ကြရတာမဟုတ်ဘူးလား။ ခု ကွမ်းတောင်က ဥက္ကဋ္ဌသမီး လက်ထဲ ဘယ့်နှယ်ရောက်နေရတာလဲ” လို့တသွယ် စသဖြင့် ကြားကြားနေရတော့ ဘကြီးဦးရွှေအုတ် ဘယ်နေ့  ရွာက ပြေး ရမလဲ တွေးနေမိပါတယ်။

အဲဒီလို တွေးနေတုန်း တညမှာတော့ သူဟာ မြို့ကို ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါတော့တယ်။ “လမ်းမှာ မော်တော်ပျက် နေလို့ ခုမှပဲရောက်တော့တယ်၊ မော်တော်စက် ပြန်မကောင်းရင်တော့ လက်ပစ်ကူးလာမလို့တောင် စဉ်းစားနေတယ်” ဆိုပဲ။

ဘကြီး ရောက်လာချိန်ကလည်း အတော်နောက်ကျနေတော့ ကျွန်တော့်မှာ ရပ်ကွက်ရုံးသွားပြီး ဧည့်စာရင်းတိုင်ဖို့ အချိန်မရ တော့ဘူး။ နောက်ရက်မှပဲ တိုင်ရတော့မယ်၊ ဒီညတော့ ဧည့်စာရင်း မစစ်လောက်ပါဘူးလေ လို့ ဖြေတွေးတွေးပြီး အိပ်ရာ ၀င်လိုက်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့် အတွေးက ညသန်းခေါင်ရောက်တော့ မှားမှန်းသိလိုက်ရတယ်ခင်ဗျ။ ခွေးဟောင်သံ တွေ၊ တံခါးခေါက်သံတွေ၊ လူသံသူသံတွေကြားလိုက်ရပြီး ခဏမှာပဲ တာဝန်ရှိသူတွေ ကျွန်တော်တို့အိမ် ရောက်လာကြ ပါ တယ်။ မတတ်နိုင်ဘူး၊ မီးစင်ကြည့်ကရတော့မှာပဲ ဆိုတဲ့အတွေးနဲ့ အိမ်ထောင်စုစာရင်း စာရွက်လေးထုတ်ပြီး ဧည့်စာရင်း စစ်တဲ့သူတွေကို အိပ်ချင်မူးတူးနဲ့ ရင်ဆိုင်လိုက်တယ်။ ပုံမှန်လောက်ပဲ မေးမြန်းတာဆိုရင်တော့ ဧည့်သည်မရောက်ဘူး လို့ ပြောလိုက်ရင်ကောင်းမလား စိတ်ကူးနေတုန်းမှာပဲ -

“မောင်ဆောင်း၊ ဘယ်သူတွေတုံးကွဲ့” ဆိုတဲ့အသံနဲ့အတူ ခြင်ထောင်ကိုမပြီး ထွက်လာသူက ဘကြီးဦးရွှေအုတ်။ ဧည့်စာရင်း စစ်သူတယောက်က - “ဟင် ဟိုလူက ဘယ်သူလဲ၊ ဧည့်သည်ရောက်နေတာလား” ဆိုပြီးမေးတော့ ကျွန်တော်က -

 “ညည့်နက်မှ ရောက်တော့ ဧည့်စာရင်း မတိုင်လိုက်ရဘူး” လို့ ဖြေရှင်းချက်ပေးလိုက်ရတယ်။ ဒါပေမဲ့ ဆရာသမားတယောက်က -
“ဘယ်လိုပဲ ဖြစ်ဖြစ်၊ မတိုင်ထားဘူးဆိုရင်တော့ ခင်ဗျားနဲ့ ခင်ဗျားဘကြီး ရုံးခဏလိုက်ခဲ့” တဲ့။ အဲဒီမှာ ဘကြီးက စ တော့တာပဲ။

“ဒီမယ်မောင်ရင်၊ မောင်ရင်တို့ ဧည့်စာရင်းတိုင်စေ့ချင်ရင် ရပ်ကွက်ရုံးကို ၂၄ နာရီ ဖွင့်ပြီး ၀န်ဆောင်မှု ပေးမှရမယ်။ ဘကြီးတို့ လာတိုင်မှာပေါ့။ ခုက လမ်းမှာ မော်တော်ပျက်လို့ အချိန်မတော်မှ ရောက်လာရ တာ။ ပြီးတော့ ဘကြီးက မောင်ဆောင်းရဲ့ ဘကြီးအရင်းပါကွာ။ လူဆိုးသူခိုး မဟုတ်ပါဘူး”

ဘကြီးက ဒီလိုပြောတော့ ဟိုဘက်ကလည်း မခေဘူးခင်ဗျ။

“အမျိုးအရင်း ဘယ်လိုပဲ ဖြစ်နေပါစေ၊ အိမ်ထောင်စုစာရင်းမှာ ဘကြီးအမည်မပါတဲ့အတွက် ဧည့်သည်ပါပဲ။ ကဲ ရုံးကိုသာ လိုက်ခဲ့ကြပါ”

ကျွန်တော်နဲ့ ဘကြီးလည်း ရုံးကို မသက်မသာနဲ့လိုက်သွားပြီး ဒဏ်ငွေအလှူတော်မင်္ဂလာကို ရေစက်ချ လှူဒါန်းလိုက်ရပါတယ်။ ဘကြီးကတော့ ကိုယ်က မဟုတ်မဟတ်လုပ်တဲ့ လူလည်း မဟုတ်၊ နောက်ကျ သွားတဲ့အတွက်သာ စည်းကမ်းဖောက်သလို ဖြစ်သွားရတာကို ဒဏ်ငွေဆောင်လိုက် ရတဲ့အတွက် တော်တော်ကို မကျေမချမ်း ဖြစ်နေတဲ့ပုံပါပဲ။ ဒါကြောင့် ရပ်ကွက်ရုံးက ပြန်ထွက်တော့ အဲဒီက လူတွေကို -

“ဘကြီးက ဒီက အိမ်ထောင်စုစာရင်းမှာ မပါတာတော့ မှန်ပါတယ်ကွယ်။ အိမ်ထောင်စုစာရင်းမှာသာ မပါတာ၊ ‘ပြည်ထောင်စု စာရင်း’ မှာတော့ ဘကြီးပါသကွဲ့။ ဘကြီးက ဒီနိုင်ငံရဲ့ နိုင်ငံသားပါ။ ဧည့်သည်မဟုတ်ဘူးနော” တဲ့။

ဘကြီးက ဒီလို ကလိတော့ ရပ်ကွက်ရုံးက လူကြီးဆိုသူတွေ သပြေသီးရောင် မျက်နှာကြီးတွေဖြစ်ပြီး အောင့်သက်သက်နဲ့ ကျန်ခဲ့ကြလေရဲ့။
0