မောင်လူရေး - တိုင်ကွန်းချိန်ခါ သမယာ


မောင်လူရေး - တိုင်ကွန်းချိန်ခါ သမယာ 

(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၇

မနေ့ညက ကျောင်းထဲက ဆိုင်ကယ်တစီးပျောက်သွားတယ်။ ကျောင်းအဝင်က တံခါးမရှိ၊ ဟောင်းလောင်းဆိုတော့ အလွယ်တကူ ဝင်ယူလို့ရတာပေါ့လေ။ ဟိုတုန်းက သွေးလှူရှင်လာရှာသူတွေ၊ အောက်စီဂျင်ဗူးလာငှားသူတွေ အခက်အခဲတွေ့နိုင်တာနဲ့ ပျက်သွားတဲ့မုခ်သေးကတံခါး ပြန်မတပ်ဖြစ်သလို မုခ်အသစ်ဆောက်သူက တံခါးပြန်တပ်မပေးတော့ မုခ်ကြီးမှာလဲ တံခါးမရှိဖြစ်နေတာကို ဒီအတိုင်းဘဲ ထားလိုက်တယ်။ ခုကတော့ အောက်စီဂျင်ဗူးငှားပေးတာဘဲ ကျန်တော့တယ်။ သွေးကတော့ သူ့နေရာနဲ့သူ အဖွဲ့လေးတွေလဲ ရှိလာကြပြီ။ ရွှေခြင်္သေ့သန့်စင်သွေးအလှူရှင်အသင်းအနေနဲ့ သီးခြားမလုပ်ဖြစ်တော့ဘူး။ အဲဒီအဖွဲ့လေးတွေဆီ ပြန်ပေါင်းထည့်လိုက်ပြီ။ စကားမစပ် သန့်စင်သွေးဆိုတာက သွေးလှူရှင်စုစည်းကထဲက HIVပိုး၊ Bပိုး၊ Cပိုး ကြိုတင်စစ်ခဲ့တဲ့အတွက် သုံးထားတာပါ။ ပိုးတွေက ဝင်ကာစဆို ခုစစ်တဲ့ဟာတွေနဲ့ စစ်လဲ မတွေ့ဘူးဆိုတော့ အဲဒီအတွက် ကာဗာလုပ်ထားတဲ့သဘောပါ။

ဆိုင်ကယ်က ကျောင်းက ကလေးဟာ။ ကျောင်းမှာ သူတို့အလုပ်ကလေးရှိဖို့နဲ့ မြတ်တာလေးကို သူတို့တွေ စားရသောက်ရအောင်ရယ်၊ စားသုံးသူတွေလဲဘဲ ဆီမသန့် မကောင်းလို့ဖြစ်ရတဲ့ ရောဂါဘေးတွေက ဝေးအောင်ပေါ့လေ၊ ဆီစစ်စစ်စားရအောင်ဆိုပြီး ဆီစက်လေးတည်ထားတယ်။ သူတို့ဆိုတာက HIVကြောင့် မိဖမဲ့သွားတဲ့ကလေးတွေကို ပြောတာပါ။ လမ်းပျော်တွေကတော့ နှစ်ယောက်သုံးယောက်ဘဲ ကျန်တော့တယ်။ အလုပ်ခွင် ဝင်သူဝင်ကျ၊ မိဘဆီ ပြန်ရောက်သူရောက်ကျ။ အိမ်ထောင်ကျသူ ကျကြ။ လမ်းပေါ်ပြန်တက်သူတက်ကျနဲ့ သိပ်မကျန်တော့ဘူး။ အလည်အပတ်နဲ့ သိပ်ကျန်းမာရေးမကောင်းရင်တော့ ရောက်လာကြတယ်။

ဆိုင်ကယ်ပိုင်ရှင်ကလေးက ဆီစက်ကို ကိုင်တွယ်လည်ပတ်သူ။ ဆိုင်ကယ်က သူ့လုပ်အားခနဲ့ ဝယ်ထားတာဆိုတော့ တော်တော်နှမျှောနေပုံဘဲ။ မျက်နှာလေးညှိုးလို့။ အရင်ကလဲ သူဖုန်းပျောက်ဖူးတယ်။ ချွေးနဲစာနဲ့ ဝယ်ထားတဲ့ဟာလေးဘဲ။ အဲဒီတုန်းကလဲ သူ့ပြောသံကြားရသေးတယ်။ ငါကတော့ လုပ်လိုက်ရတာ၊ မင်းတို့ကတော့ လွယ်လွယ်လေးဘဲတဲ့။ သူက ဆီစက်လည်ရင်း အားတဲ့အချိန် ဂစ်တာတီးကျင့်တယ်။ အားတဲ့ရက် ဂစ်တာသွားသင်တယ်။ သူ့ဆရာအိမ်က ဝေးတော့ ဂစ်တာသွားသင်တာအဆင်ပြေအောင်ဆိုပြီး ဆိုင်ကယ်ဝယ်ထားတာ မကြာသေး။ ခုတော့ စက်ဘီးလေး ပြန်အားကိုးရုံပ။

ခုတလော ဖုန်းခိုး ဆိုင်ကယ်ခိုးတွေက ယဉ်တိုက်မှုလိုဘဲ သိပ်များနေတယ်။ ခိုးကြတာက လူငယ်လေးတွေများပါတယ်။ ရပ်ထဲ ရွာထဲမလဲ အလုပ်အကိုင်မရှိ ဝေလေလေတွေ မြင်နေ တွေ့နေရတယ်။ လူငယ်လေးတွေ အလုပ်မလုပ်ကြတာက အလုပ်ရှားတာထက် လုပ်ခတွေက နည်းလွန်းပြီး အလုပ်ခိုင်းချိန်သိပ်များတာက အဓိကအကြောင်းဖြစ်မယ်ထင်တယ်။ အဲဒီဝေလေလေ လူငယ်လေးတွေဟာ တကယ်တော့ အလုပ်ခွင်တွေက ပြန်အန်ထွက်လာကြတာတွေပါ။ လမ်းပျော်လေးတွေလဲ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်တွေမှာ သွားလုပ်ကြတယ်။ ပိုက်ဆံကောင်းကောင်းမရ၊ ၁၃/၁၄နာရီလောက်ခိုင်း၊ နေမကောင်းလို့လဲ မနားရ၊ အပြင်ထွက်ရင်လဲ မကြိုက်၊ ဆဲဆိုကြိမ်းမောင်းနေတယ်ဆိုတော့ လမ်းပေါ် ပြန်ရောက်လာကြတယ်။ နောက် အဲဒီရပ်ကွက်ထဲ ဝေလေလေလေးတွေဟာ အရက်သမားလေးတွေလဲ ဖြစ်နေကြတယ်။ တချိန်က သပ်သပ်ရပ်ရပ် တောင့်တောင့်တင်းတင်းလေးတွေ။ ခုတော့ ယိုင်တိုင်တိုင် ပျော့တော့တော့။ အရက်က သူတို့ခွန်အားနဲ့ စွမ်းအားကို တိုက်စားသွားသယောင်။ အလုပ်ခွင် ပြန်ရောက်နိုင်ချေမမြင်။

အရက်ဆိုင်တွေကလဲ သိပ်များလွန်းသကိုး။ လက်ဖက်ရည်ဆိုင်ထက်တောင် ပိုများနေမင့်ဟာ။ အလုပ်အကိုင်မရှိကြပေမဲ့ အသောက်အစား အသုံးအဖြုန်းက ရပ်လို့မရတော့ ခွင်ဖန်ကြတယ်။ ပြီးတော့ ဝမ်း တူး သရီးထိုးကြတယ်။ ပီးတော့ လွယ်တာ ခိုးကြပြုကြတယ်။ ပြီးတော့ ဆေးပြားတွေကလဲ လက်တကမ်းမှာ။ မိနေတဲ့အရေအတွက်တွေသာကြည့်တော့လေ။

ဘိန်းဖြူဆိုလဲ ကောလင်း ဝန်းသို ပင်လည်ဘူးဘက်မှာဆို (၂၀၀) နှစ်ရာဖိုးတောင် ထိုးပေးသတဲ့။ အဲဒီဘက်က HIV ပေါ့စတစ်လေးတွေ ကျောင်း( ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့ )ကို ရောက်ရောက်လာလို့ သိရတာပါ။ ရောက်လာကြတဲ့သူတွေက ဒုတ်ကတဆင့် ကူးကြတာ၊ လူငယ် လူလတ်တွေချည်းပါဘဲ။ တော်တော်များများ အိမ်ထောင်သည်တွေချည်း။ တလောကတော့ ၁၄နှစ်သားတောင် ပါလာသေးရဲ့။ အဲဒီတကြောလုံး HIVပေါ့စတစ်တွေ မရေမတွက်နိုင်အောင် ရှိပါလိမ့်မယ်။ ရွာတိုင်းနီးနီး ဘိန်းဖြူလိုသလောက်ရတာဆိုတော့လေ။ ပီးတော့ HIVနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတော်တော်များများဟာ ပညာပေးလုပ်ငန်းတွေ နားသွားကြပြီမဟုတ်လား။ လုပ်ခဲ့တိုင်းကလဲ ဒီနယ်မြေတွေ ပါခဲ့တာမဟုတ်ဆိုတော့။ ARVကလဲ အဲဒီဘက်မှာ မရသေးတော့ ဆေးထွက်ကုတဲ့သူကလဲ နည်းတယ်။ ခုတော့ ကောလင်းမှာ ပေးနေပြီမို့ အဝေးမသွားရတော့ တော်တော်လေး အဆင်ပြေကြမယ်ထင်ပါရဲ့။ အဲဒီဘက်မှာလဲ ခိုးတဲ့ဝှက်တဲ့သတင်းတွေ အတော်များလာတယ်။ လုတဲ့ ယက်တဲ့သတင်းတွေရောပေါ့။

ပြည်ထောင်စုအစိုးရရော ဒေသဆိုင်ရာအစိုးရတွေပါ အလုပ်ချိန်နဲ့ လုပ်အားခမျှတအောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေါအောင် အထူးအာရုံစိုက်လုပ်စေချင်ပါတယ်။ လူတယောက်ထဲက နှစ်ယောက်စာအလုပ်ချိန်တွေ လုပ်နေရတာဟာ အလုပ်အကိုင်တွေ ရှားရသလို အလုပ်အကိုင်ကိုလဲ ရွံ့မုန်းစေပါတယ်။ အလုပ်ချိန်များ လုပ်အားခနည်းပါးတာဟာ ကောင်းရာမွန်ရာအလုပ်တွေကို ကျောခိုင်းစေသလို ဖြစ်နေပါတယ်။ မိုးလင်း မိုးချုပ် အလုပ်ချိန်တွေဟာ လူတယောက်ရဲ့ လူမှုဘဝပျော်ကွယ်သွားလောက်အောင်ဖြစ်လာတဲ့အတွက် ဘေးထွက်ဆိုးကျိုး အများကြီးရှိပါတယ်။ လူတွေဟာ အလိုလို ကြမ်းတမ်းခက်ထန်လာစေမှာဘဲဖြစ်သလို ကိုယ့်ကိုယ်ကို တန်ဖိုးထားမြတ်နိုးမှုပျောက်ဆုံးသွားစေပါမယ်။ သူတပါးကို တန်ဖိုးထားဖို့ဆိုတာ ဝေးလာဝေးပါဘဲ။ ဒီဒဏ်ရာတွေကို အမြန်ဆုံး မကုစားနိုင်ရင်တော့ လုံခြုံစိတ်ချရတဲ့ နေထိုင်မှုမျိုးရဖို့လဲ ခက်ခဲလိမ့်မည်ဖြစ်ပါကြောင်း။

အင်း ပြောသာ ပြောရတယ်။ ခု ခါသမယကား တိုင်းပြည်ပျက်လောက်အောင် သယံဇာတတွေ တူးဆွခုတ်ဖြတ်သိမ်းဆည်းရောင်းစား လာဘ်ပေးလာဘ်ယူမှုများနဲ့ ကြီးပွားလာကြတဲ့ခရိုနီကြီးတွေကို အညှီနံ့ပျောက်အောင် တိုင်ကွန်းလို့ ပြောင်းလဲခေါ်ဆိုနေတဲ့အချိန်သမယကြီးဖြစ်နေပေသကိုး။

မောင်လူရေး
0