မင်းညွှန့်လှိုင် ● ရဲဘော် ရှစ်လေးလုံး


မင်းညွှန့်လှိုင် ● ရဲဘော် ရှစ်လေးလုံး
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇

အို ရဲဘော်ရှစ်လေးလုံး
သင်ဟာ
ရာဇဝင်တကွေ့က
အခန်းပြောင်းတီးလုံး
အလှပဆုံးအော်ခက်စတြာ
စွန့်စားရတဲ့ မဟာဂီတ
ငါတို့
ဘာလို့မေ့ပစ်ရမှာလဲ။

ရဲဘော်က
အမှောင်ခါးခါးထဲ
မီးကိုဆောင်ကြဉ်းလာသူ
နှင်းတောထဲ
မီးသွေးပို့ပေးသူ
သရဖူကိုလမ်းဘေးပစ်ချသူ
နွေဦးကို ဝတ်မှုန်ကူးသူ
ရဲဘော်ရဲ့
ဂုဏ် အထူး အထူးကို
ငါတို့ ဦးညွှတ်လိုက်ပါရဲ့။

စနစ်တကျ
ရက်စက်မှုထဲ ဆွဲနှစ်
ကန်ရေပြင်ထဲ ဆွဲနှစ်
သွေးမြစ်ကြီးထဲ ဆွဲနှစ်
မိုးလုံးပြည့်
မုသာဝါဒထဲဆွဲ နှစ်လည်း
ရဲဘော်က
ဘယ်တော့မှ ဦးမညွှတ်တတ်ခဲ့ဘူး။


ခရီးရှည်ချီရာမှာ
မြွေစား ခံရတာလည်းရှိ
လှေကား လန်ကျတာလည်းရှိ
မှော်ရုံတောလည်းကြုံ
ဝဲသြဃလည်း ဆုံရမှာပဲ
ရဲဘော်က
ကောင်းစွာသင်ကြားပေးခဲ့ပြီ။

မည်သို့ပင်ဖြစ်စေ
ချစ်နေဦးမည်
ရဲဘော်ရှစ်လေးလုံး
လှိုင်းဖုံဖုံ ဝိုင်းအုံကြွ
အဓိပတိလမ်းမှ
ဗိုလ်အောင်ကျော်လမ်းမှ
လူထုလမ်းမှ
သွေးစွန်းဖိနပ်တွေ
လမ်းဆက်လျှောက်ကြပေဦးမယ်။

မည်သို့ပင်ဖြစ်စေ
ချစ်သောဝိညာဉ်
မဟာအစဉ်အလာ
ဧရာဝတီထုံး
နှလုံးမူလို့
တပ်ဦးထိပ်က ဦးလည်မသုန်
ချီတက်နေမည် ယုံကြည်တယ်
အိုဘယ့် ရဲဘော်ရှစ်လေးလုံး ...။   ။

Comments