မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၃၉)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၃၉)
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၇

● ကောက်ကွတ်သို့
မုန်လုံတွင် သတင်းပို့ပြီးနောက် ကောက်ကွတ်သင်တန်းကျောင်းသို့သွားရောက်ရန် စေလွှတ်သဖြင့် ထပ်မံခရီးဆက်ရသည်။ စတင်တောခိုစဉ်ကလာခဲ့သော ခရီးဖြစ်၍ လမ်းခရီးစဉ်အား သိရှိသော်လည်း လမ်းကြောင်းတလျောက် ကောင်းစွာမမှတ်မိ သေးသဖြင့် အတူခရီးသွားရဲဘော်ရှာရသည်။ကျန်သည့်နေရာက သိပ်ပြသနာမရှိ။ ကြူကုတ် ပန်ဆိုင်းမှထွက်၍ ၂ နာရီခန့် လမ်းလျောက်ပြီးလျင် ရွှေလီမြစ်ကမ်းဘေးရှိ ကောင်းခန်ရွာ (ရှမ်းရွာ) သို့ ရောက်သည်။ ထိုရွာရောက်လျင် ရွှေလီမြစ်ကမ်းပါးသို့ ဆင်း၍ မြစ်အား ဖေါင်ငယ်ဖြင့် ကူးရန်လိုသည်။ ကောင်းခန်ရွာသည် မိမိအခြေခံဒေသအဆုံးဖြစ်သည်။ ဤနေရာ၌ မြစ်အား မကူးဘဲ လမ်းအတိုင်းဆက်သွားပါက နှစ်ဖက်တပ်ဝင်ရောက်လှုပ်ရှားသည့် နမ့်စွမ်း နန့်ပန်းစသည့် ရွာများကိုဖြတ်၍ မူစယ် အဝင် ကားလမ်းပေါ်သို့ ရောက်သွားမည်ဖြစ်သည်။ မူစယ်ကားလမ်းပေါ်သို့ ကောင်းခန်မှ တနာရီကျော်မျှ လမ်းလျောက်ရ သည်ဖြစ်ရာ လမ်းမှားသွားပါက အင်းစိန်တောရသို့ ကိုယ်စားရိတ်နှင့်ကိုယ် ပြန်ရောက်သွားနိုင်သည်။

သို့သော် နမ့်ခမ်းခရိုင်ရုံးရှိရာ မန်ရှိုးသို့ ကြူကုတ်ပန်ဆိုင်းသို့ အသွားအလာမပြတ်၍ လမ်းခရီးဖေါ်ရဲဘော်ရှာရတော့ မခက် လှပေ။ သို့နှင့် ခရီးဖေါ်ရဲဘော်နှစ်ဦးနှင့် ပန်ဆိုင်းမှ မန်ရှိုးသို့ ခရီးဆက်ရသည်။ နောင်အခါ တဦး တည်းသွားလာ တတ်အောင် လမ်းခရီးတလျောက် ရွာစဉ်မှတ်ရသည်။ တောကြော တောင်စွယ်များကိုမှတ်ရသည်။ ထူးခြားသည့်သစ်ပင်ကြီးများကို မှတ် ရသည်။ မြစ်ချောင်းတို့ကို မှတ်ရသည်။ ရောက်ခါစ ဘာသာစကားက မပေါက်သေး၍ ပို၍သတိထားရသည်။ ဒေသခံများ က ဗမာစကားမတတ်၍ လူတွေ့လျင်တောင် လမ်းမေး၍ အဆင်မပြေနိုင်သေးရာ ခေါင်းထဲတွင် မြေပြင်အခြေအနေကို အ သေအခြာမှတ်ရသည်။ သေနတ်မပါ ကျောပိုးအိတ်တလုံးနှင့် ချမ်းအေးသောဇန္နဝါရီလတွင် လမ်းလျောက်သည်ပင် တကိုယ် လုံး ချွေးတို့နှင့် ရွှဲနစ်နေသည်။

မန်ရှိုးရှိ နမ့်ခမ်းခရိုင်ရုံးရောက်တော့ လမ်းဖေါ်ရဲဘော်များက သူတို့ခရီးဆုံးပြီဖြစ်၍ ကျန်နေခဲ့ကြသည်။ မိမိအား ကောက် ကွတ်ရွာသို့ သွားမည့်လမ်းအားပြပြီး ရွာမရောက်မီလေးတွင် စခန်းကိုတွေ့ရမည်ဟု ညွှန်လိုက်သည်။ သို့နှင့် မန်ရှိုးမှ ကောက်ကွတ်အထိ တနာရီနီးပါးကြာမြင့်သည့် ခရီးအား တကိုယ်တော်ခရီးနှင်ခဲ့သည်။

မန်ရှိုးကွင်းသည် ရွှေလီမြစ်ဘေးက မြေပြန့်လွင်ပြင်ဖြစ်သည်။ မြောက်ဖက်တွင် တရုတ်ပြည်နှင့် နယ်နမိတ်ချင်းထိစပ်နေသည်။ တောင်ဖက်တွင် ရွှေလီမြစ်က ဖြတ်သန်းစီးဆင်းနေသည်။ ရွှေလီမြစ်တဖက်ကမ်းတွင် အစိုးရ၏ထိမ်းချုပ်မှု အောက်တွင်ရှိ သည့် မူစယ်နမ့်ခမ်းကားလမ်းရှိသည်။ ထိုကားလမ်းတလျောက်တွင် လူသိများသည့် ရာဇဝင်ထဲက စောမွန်လှ၏ ဇာတိရွာ ဖြစ်သည့် ဆယ်လန့်ခေါ် ကျယ်လန့်ရှမ်းရွာကြီးရှိသည်။ ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်) အပါအဝင် အရှေ့မြောက်စစ်ဒေသသို့ ရောက်လာကြသည့် မိမိအပါအဝင် ရဲဘော်များကားပေါ်ဆင်းကြသည့် မန်ဟိုင်းရွာသည်လည်း ထိုကားလမ်းပေါ်၌ရှိသည်။

ရွှေလီမြစ် ဤမှဘက်ကမ်း မန်ရှိုးကွင်းကိုတော့ အရှေ့မြောက်စစ်ဒေသနမ့်ခမ်းခရိုင်က ထိမ်းချုပ်ထားသည်။ မန်ရှိုးကွင်းထဲတွင် မန်ရှိုး၊ တိန်ဟေးခါးလျံ၊ ကောက်ကွတ်၊ ဘမ်ခွမ်၊ နောင်မ၊ ကွန်ဟိုင်းစသည့် ရှမ်းရွာကြီးများ ၂ဝ ကျော်ရှိသည်။ နယ်ချင်းထိစပ် နေသော တရုတ်ပြည်ဖက်တွင်လည်း ရှမ်းရွာကြီးများရှိသည်။ တိုင်မောဝ် ခေါ် မောရှမ်းတို့ဒေသဖြစ်သည်။

မန်ရှိုးကထွက်လာတော့ ညနေစောင်းပြီ။ အအေးဓါတ်က တိုး၍ဝင်လာသည်။ လေကလည်းအေးသည်။ ဟိုမှာ ဒီမှာရှမ်း ရွာကြီးများကို လှမ်းမြင်နေရသည်။ ယိမ်းနွဲ့နေသော ဝါးရုံပင်စိမ်းစိမ်းများကို မြင်တွေ့နေရသည်။ မယ်ဇလီပင်များကို မြင် တွေ့ရသည်။ လယ်ကွင်းပြင်များကတော့ စပါးရိတ်သိမ်းစဖြစ်၍ အချို့ကား ရိုးပြတ်များဖြင့်ပြည့်သည်။ အချို့လယ် ကွင်းများ ၌ကား စားတော်ပဲများပြန်စိုက်ထား၍ စိမ်းလန်းစပြုနေပြီဖြစ်သည်။ ရွှေလီမြစ်တဖက်ကမ်း မူစယ်နှင့်နမ့်ခမ်းကြား မှို င်းပြပြ တောင်တန်းများကို လှမ်းမြင်နေရသည်။ ၂ ရက်ခန့် တနေကုန်လမ်းလျောက်ခဲ့ရသဖြင့် မိမိခြေထောက်များသည် အတန်ငယ် လေးလံနေသည်။ ကောက်ကွတ်ရွာမရောက်မီ မိမိတို့ ရဲဘော်များ လှုပ်လှုပ်ရှားရှားရှိနေသည့် စခန်းကိုတွေ့ရတော့မှ မိမိခြေ လှမ်း အနည်းငယ် သွက်လက်လာပေတော့သည်။

● တော်လှန်ရေးထမင်းချက်
သင်တန်းကျောင်းရောက်တော့ ကျောင်းအုပ်ဖြစ်သူ စိုင်းအောင်ဝင်းထံ သတင်းပို့ရသည်။ "အေးဗျာ ခင်ဗျားရောက်လာတာ အတော်ဘဲ ရိက္ခါရုံဖက်မှာ လူလိုနေတယ်၊ အဲဒီမှာ တာဝန်ယူလိုက်၊ ဗမာဟင်းလေး ဘာလေးချက်ပေါ့ဗျာ" ဆို၍ သင်တန်း ကျောင်း ကော်မတီဝင်ထဲမှ ရိက္ခာဘက်တာဝန်ယူသူ ဦးမြရင်ထံသို့ လွှဲအပ်လိုက်သည်။ ဦးမြရင်က မိမိအား ရိက္ခာဂိုဒေါင်ဘေး အခန်းတခန်းတွင် နေရာချပေးသည်။ မိမိလုပ်ရမည့် အလုပ်ကိုရှင်းပြသည်။

တခုကတော့ သူ၏စာရင်းဇယားများကို ကူညီရမည်ဟုဆိုသည်။ မိမိရောက်သည့် ၁၉၇၇ ခုနှစ် ဇန္နဝါရီလဆန်းသည် ကောက်ကွတ်သင်တန်းကျောင်းစတင်ဖွင့်လှစ်သည်က ရက်ပိုင်းမျှ သာရှိသေးရာ သာမန်ရိက္ခာငွေစာရင်းများအပြင် စခန်းတည် ဆောက်ရေးစရိတ်များ အထွေထွေစရိတ်များ အကုန်အကျများသကဲ့သို့ စာရင်းခေါင်းစဉ်များကလည်း များပြားနေသည်ဟု ဆိုသည်။

ဒုတိယတခုကတော့ KIA ရိက္ခာရုံအတွက် ဝယ်ယူထားသော ရိက္ခာဂိုဒေါင်ကိုင်ရမည်ဟု ဆိုသည်။ KIA အယောက် ၃ဝဝ ကျော်အတွက် ရိက္ခာဝယ်ယူသည့် ရိက္ခာမှူးတဦးရှိသည်။ KIA တို့အတွက် တနေ့ ၂ နပ်စာ ထမင်းဟင်းချက်ပေးရန် အမျိုး သမီးရဲဘော် အယောက် ၂ဝ ကျော်ရှိသည်။ မိမိကား အဆိုပါ ရိက္ခာမှူးဝယ်ယူပို့ဆောင်ပေး၍ ရိက္ခာဂိုဒေါင်ရောက်လာသော ရိက္ခာများအား တနပ်စာစီစဉ်၍ ချက်ပြုတ်ရေးတာဝန်ယူထားသော အမျိုးသမီးရဲဘော်များသို့ နေ့စဉ် တရက် ၂ ခါ ထုတ်ပေးရ မည်ဖြစ်သည်။ စားဖိုဆောင်အား အချိန်မီ ကျွေးမွေးနိုင်ရန် ကြီးကြပ်ရမည်ဖြစ်သည်။

ကောက်ကွတ်၏ ဆောင်းညသည် အေးမြလှသည်။ ဂွမ်းကပ်တထည်ခြုံသော်လည်း အေးစက်နေဆဲဖြစ်သည်။ ညအိပ်ယာ ထဲရောက်တော့ စိုင်းအောင်ဝင်းပြောလိုက်သော ခင်ဗျားက ဗမာဆိုတော့ ဗမာဟင်းချက် ပေါ့ဗျာဆိုသည်ကိုတွေး၍ ပြုံးမိ သည်။ ထမင်းပင် ကောင်းကောင်းမချက်တတ်။ ကြက်ဥပင် ကောင်းကောင်းမကျော်တတ်သော မိမိ မည်သို့ ဗမာဟင်းချက်ရ မည်ကို စဉ်းစားမရနိုင်သေး။ မေးမြန်းပြီး ချက်လိုက်ကြည့်ရတာပေါ့ဟု စဉ်းစားမိသည်။ တက္ကသိုလ်ကျောင်းသားဘဝမှ လက် နက်ကိုင်တိုက်မည်ဟူ၍ အရှေ့မြောက်တောင်တန်းပေါ်ရောက်လာပြီး ထမင်းချက်ဖြစ်လာသော မိမိကိုယ်မိမိ သဘောကျမိ သည်။ ကျရာတာဝန်ပေါ့လေဟု နှလုံးသွင်းရသည်။ ယုံကြည်ချက်တခုအတွက် ဒေါင်လိုက်ကျကျ ပြားလိုက်ကျကျ ခံနိုင်ရည် ရှိဖို့ လေ့ကျင့်ဖြတ်သန်းရပေတော့မည်။ အတွေးများက ယောက်ယက်ခတ်နေသော်လည်း ရာသီဥတုကအေးစက်နေ သော်လည်း တနေကုန် လမ်းလျှောက်လာရသည်မို့ ဖတ်ဖတ်မောနေသည်ဖြစ်ရာ တခဏတွင်း အိပ်ပျော်သွားပေတော့သည်။ အနှီ ကောက်ကွတ်သင်တန်းကျောင်းသည် ၁၉၈ဝ နှစ်ဆန်းပိုင်းအထိ ၃ နှစ်တိုင် မိမိတာဝန်ယူရသည့် နေရာဖြစ်ခဲ့တော့သည်။

● ကောက်ကွတ်၏ ကောက်ကွတ်
၁၉၇၇ ခုနှစ် ဇန္နဝါရီလ၏ ကောက်ကွတ် နံနက်ခင်းသည် နှင်းမြူတို့ဖုံးလွှမ်းနေသည်။ နံနက်စောစော မနက်စာရိက္ခာထုတ်ပေးပြီး နောက် ရိက္ခာဂိုဒေါင်ရှေ့တွင် မီးလှုံနေသော သင်တန်းကျောင်းမှ သင်တန်းဆရာများကြားတွင် ရောပြီးမီးလှုံရသည်။ ရှမ်း ပြည်တွင် တောင်ထိပ်များတွင် ဆောင်းရာသီ၌ နေကို မနက် ၇ နာရီခန့်က တွေ့မြင်ရသော်လည်း မြေပြန့်ကွင်းများတွင်မတော့ နှင်းမြူများဆိုင်းနေ၍ နေကိုမမြင်ရ။ နေရောင်ခြည်မရလည်းပို၍ အချမ်းပိုသည်။ စောစောစီးစီး ခရာတွတ်သံများနှင့် စစ်သင်တန်းပေးရန်သင်တန်းဆရာရဲဘော်များ ထွက်ခွါသွားကြသည်။ မီးဖိုဘေး၌ မိမိတယောက်ထဲကျန်ခဲ့သည်။ ဒေသခံရဲဘော်များ ၏ပြောပြချက်အရ နေ့လည် ၁၁ နာရီခန့်မှ မြူရှင်းပြီး နေကိုမြင်ရကြောင်း ညနေ ၃ နာရီခန့်တွင် မြူများပြန်လည်ဆိုင်းလာပြီး နေကို မမြင်တွေ့ရတော့ကြောင်း ကြားသိရသည်။ ဆောင်းရာသီကလည်း ဖေဖဝါရီလကုန်လောက်ထိဖြစ်ပေရာ ချမ်း၍ ကောင်းပေအုံးတော့မည် ဖြစ်ပေသည်။

သင်တန်းကျောင်းသည် ကောက်ကွတ်ရွာသို့ သွားသည့်လမ်း၏ ဘယ်ညာကို ခွဆောက်ထားသည့် ကောက်ကွတ်ရွာမရောက်မီ မီတာ ၂ဝဝ/၃ဝဝခန့်တွင်ဖြစ်သည်။ မန်ရှိုးမှလာသည့် မြေသားလမ်းသည် မိမိတို့စခန်းအားဖြတ်၍ ကောက်ကွတ်ရွာသို့ လမ်း ခွဲသည်။ မူလလမ်းမကတော့ ဘန်ခွမ်ကွန်ဟိုင်း နောင်မဘက်သို့ဆက်သွားသည်။ ကောက်ကွတ်ရွာသည် တရုတ်နယ်စပ်တွင် တည်ရှိသည့် ရှမ်းရွာကြီးဖြစ်သည်။ ကောက်ကွတ်သည် မြန်မာလို ကွေ့ကိုးကွေ့ဟု အဓိပ္ပါယ်ရသည်ဟု ဆိုသည်။ ကွေ့ ကောက်နေသော နယ်စပ်မျဉ်းတလျောက်တွင်တည်ထားသဖြင့် ကောက်ကွတ်ရွာ အိမ်နောက်ဖေးခြံစည်းရိုးကျော်လိုက် လျင် တရုတ်ပြည်သို့ရောက်သည်။ ကွေ့ကောက်နေသော မြေပြင်အနေအထားတွင် အစဉ်အလာအားဖြင့် မည်သည့်ဖက်က မည်သည့်နေရာအထိပိုင်သည်ကို ဘိုးစဉ်ဘော်ဆက် အခြေချနေထိုင်သူများသာသိနိုင်ကြပေသည်။

မိမိတို့စခန်းမှ လှမ်းကြည့်လျှင် ဝါးပင်အုပ်အုပ်ဆိုင်းဆိုင်းဖုံးအုပ်လျက်ရှိသော ကောက်ကွတ်ရွာထိပ်မှ ဘုန်းကြီးကျောင်းကို လှမ်းမြင်ရသည်။ ရှမ်းရွာများတွင် ခန့်ငြားသည့် ဘုန်းတော်ကြီးကျောင်းများရှိသည်။ ဗုဒ္ဓဘာသာကိုင်း ရှိုင်းကြသည်။ ဤသို့ ဘာသာရေးကိုင်းရှို င်းသော ရှမ်းဒေသတွင် ဘာသာမဲ့ဟု သတ်မှတ်ခြင်းခံရသော ကွန်မြူ နစ်များ အခြေချနေကြသည်။ သို့ သော် ရှမ်းတို့၏ ဗုဒ္ဓဘာသာကိုးကွယ်မှုနှင့် ပွဲလမ်းများကား ရိုးရာမပျက် ခြိမ့်ခြိမ့်သဲကျင်းပခွင့်ရှိမြဲဖြစ်သည်။

ကောက်ကွတ်သင်တန်းကျောင်း၏ ပတ်လည်တွင်တော့ လယ်ကွင်းများ ဝိုင်းရံထားသည်။ သင်တန်းကျောင်းရှိရာ အရှေ့ဖက် အစွန် ဆုံး မြေကွက်လပ်သည် မီတာ ၃ဝဝ ပတ်လည်ခန့် ရှည်လျားသည်။ အရှေ့ဖက်ဆုံးထိပ်တွင် သင်တန်းသား ၃၅ဝ ဆန့် သင်တန်းခန်းမတခုဆောက်ထားသည်။ သင်တန်းခန်းမဖြစ်၍ ဘေးအကာကိုတော့ ၃ ပေ အမြင့်ခန့်သာ ကာထားသည်။ ထိုင်ခုံနှင့်စားပွဲများကတော့ ဝါးနှင့်ပြုလုပ်ထားသည်။ ထို့နောက် အဆိုပါကွင်း၏ပတ်လည်တွင် KIA တပ်ခွဲ ၄ ခွဲစာ ဘားတိုက် အဆောင် ၄ ဆောင်နှင့် ထမင်းဟင်းချက်သည့် ရိက္ခာရုံ ၁ ရုံ ဆောက်လုပ်ထားသည်။ ထိုအဆောင်များ၏အလယ်တွင် စစ် ရေးပြကွင်း ပြုလုပ်ထားသည်။

အဆိုပါ KIA တပ်ရင်းအဆောင်များနှင့်ကပ်ရပ်တွင် စေတီငယ်တဆူနှင့် ခြေတန်ရှည် ဇရပ်ငယ်တဆောင်ရှိသည့် ကွင်းငယ် လေးတခု ရှိသည်။ ထိုကွင်းငယ်လေး၏တဖက်တွင် ဆေးရုံ ဆေးပေးခန်းဆောက်လုပ်ထားသည်။ KIA တပ်ဖွဲ့ဝင်များအား ဆေးကုသပေးရန် ပြင်ပဆေးခန်းရော ဆေးရုံတက်ရန် အဆောင်ပါဆောက်လုပ်ထားသည်။

၎င်း နှင့်ကပ်ရက်ကွင်းငယ်တွင် KIA အတွက် ရိက္ခာဂိုဒေါင် သင်တန်းဆရာများ နေသည့်အဆောင် ၎င်းအဆောင် မျက်နှာချင်း ဆိုင်တွင် မိမိတို့ကင်းတပ်စုနေသည့် ဘားတိုက်တလုံးရှိသည်။ အလယ်တွင် တူတံဇင်အလံနီ တလူလူလွင့်နေသည့် အလံ တိုင်ရှိသည်။ ထိုကွက်လပ်သည် ကောက်ကွတ်ရွာသွားသည့် လမ်းဘေးတွင်ရှိရာ ကင်းတဲတလုံးနှင့် ကင်းရဲဘော်တယောက် အမြဲရှိသည်။

လမ်း၏ တဖက်ခြမ်းတွင် မိမိတို့ရဲဘော်များအတွက် ရိက္ခာရုံနှင့် ထမင်းစားဆောင်ရှိသည်။ ထိုအဆောင်များ၏ အနောက်ဖက် တွင် ထပ်မံ၍ ကွင်းငယ်တခုတွင် ကိုအောင်ဝင်းမိသားစုအတွက် တဲတလုံးရှိသည်။ ကော်မတီဝင်များအစည်းအဝေးပြု လုပ် ရန် တဲတလုံးရှိသည်။ ကော်မတီဝင်များမှာလည်း အိမ်ထောင်သည်များဖြစ်၍ တဲတန်းရှည် ၂ လုံးဆောက်ပြီး အိမ်ထောင်သည် တအိမ်အတွက် အခန်းတခန်းစီကန့်ပေးထားသည်။ ထို့ပြင် အကန့် ၂ ကန့်ပါ ဂိုဒေါင် ၂ လုံးရှိသည်။ တကန့်မှာ ဆေးဂိုဒေါင် ဖြစ်ပြီး တကန့်ကတော့ စစ်လက်နက်ပစ္စည်းများ စစ်ယူနီဖေါင်းများထားရှိသည်။ ထို့ပြင် အမျိုးသမီး ရဲဘော်များအတွက် အဆောင်တဆောင်အား ထိုဖက်ခြမ်းမှာပင် ဆောက်လုပ်ထားသည်။ အဆောင်အားလုံးအား ဝါးကို အဓိကအသုံးပြု ဆောက် လုပ်ထားပြီး အမိုးကတော့ သက်ငယ်ဖြစ်ပေသည်။ စခန်းသည် KIA တပ်ဖွဲ့ဝင်များထားရှိဘက်မှ မိမိတို့ ခေါင်ဆောင်များရှိရာ အဆောင်အထိ မီတာ ၈ဝဝ ခန့်ရှည်လျားပေသည်။

တကယ်တော့ မန်ရှိုးဒေသ ကောက်ကွတ်တွင် သင်တန်းကျောင်းဖွင့်လှစ်ခဲ့ခြင်းမှ KIA ဘက်မှ တောင်းဆိုညှိနှိုင်းမှုကြောင့် ဖြစ်သည်။ CPB နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ၌ အဓိကရင်ဆိုင်ရသည်မှာ KIA တပ်မဟာ ၄ မှဖြစ်ရာ တပ်မဟာ ၄ မှ KIA တပ်သားများကို သင်တန်းစေလွှတ်ပါက မပြေမလည်ဖြစ်မည်ကို စိုးရိမ်မှုရှိကြသည်။ သို့ကြောင့် တပ်ရင်းလိုက်ပေးသည့်
သင်တန်းသို့ ကချင်ပြည်နယ်မှ KIA တပ်ဖွဲ့ဝင်များ စေလွှတ်ရန် စီစဉ်ထားသည်။

ထိုစဉ်အခါက KIA တပ်မဟာ ၃ ရင်း ၁ သည် နမ့်ခမ်း ဗန်းမော် ကားလမ်းအား စိုးမိုးထားနိုင်သည်။ ထိုကြောင့် ကချင်ပြည်နယ်မှ KIA တပ်ဖွဲ့ဝင်များသည် နမ့်ခမ်းမြို့ရှိရာ၏အနောက်ဖက် ရွှေလီမြစ်တဖက်ကမ်းရှိ မန်ဝိန်းကွင်းစပ်အား ညဖက်ဖြတ်၍ မန်  ရှိုးဒေသ ကွန်ဟိုင်း နောင်မရွာများသို့ ဖြတ်သန်းဝင်ရောက်ရန် လွယ်ကူသည်ဖြစ်ရာ KIA တပ်ဖွဲ့ဝင်များ လာရောက်ရန်လွယ်ကူ သည့် မန်ရှိုးဒေသ ကောက်ကွတ်တွင် KIA သင်တန်းကျောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
0