မိုးမခမီဒီယာအမည်ဖြင့် သတင်းထောက်များ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားခြင်းမရှိ


မိုးမခမီဒီယာအမည်ဖြင့် သတင်းထောက်များ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားခြင်းမရှိ
(မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၇

ယမန်နေ့က ဖေ့စ်ဘွတ်စာမျက်နှာအချို့မှာ - ”မောင်တောဒေသအခြေအနေနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်မှဗိုလ်မှူးကြီးကျော်ဟန်နှင့် မိုးမခသတင်းဌာန ဆက်သွယ်မေးမြန်းချက်" ဆိုတဲ့ လုပ်ကြံသတင်း (fake news) ဖြန့်ချိမှုတွေ တွေ့ရှိရပါတယ်။ လက်ရှိ ရခိုင်နယ်စပ် အကြမ်းဖက်မှုအရေးအခင်းမှာ အစွန်းရောက်အကြမ်းဖက်များက အွန်လိုင်းမီဒီယာကိရိယာကို အလွဲသုံးပြီး သတင်းမှားများနဲ့ အစွမ်းကုန် ၀ါဒဖြန့်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရှိနေရပါတယ်။ 

အမေရိကန်မှာ non-profit  မီဒီယာအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားတဲ့ MoeMaKa Media  အနေနဲ့သော်၎င်း၊ မြန်မာပြည်ရှိ လစဉ်မဂ္ဂဇင်းထုတ်ဝေနေတဲ့ မိုးမခမဂ္ဂဇင်းအနေနဲ့သော်၎င်း၊ ရခိုင်ပြည်နယ်တွင်း မည်သည့်ဒေသကိုမှ မိမိအဖွဲ့သား၊ ကိုယ်စားလှယ်၊ သတင်းထောက်များကို စေလွှတ်ထားခြင်း မရှိပါကြောင်း၊ သတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းသတင်းတင်ဆက်ထားခြင်း မရှိပါကြောင်း မိုးမခစာဖတ်ပရိသတ်များကို အကြောင်းကြားလိုက်ပါတယ်။ မိုးမခမီဒီယာအနေနဲ့ MoeMaKa.com ဒိုမိန်း၊ MoeMaKa.Net ဒိုမိန်း နဲ့ https://www.facebook.com/MoeMaKaNews/ တို့နဲ့ တရားဝင် မိုးမခစာနယ်ဇင်း စာမျက်နှာအဖြစ် တင်ဆက်ခြင်း ပြုလုပ်နေတာ ဖြစ်တယ်လို့ ထပ်လောင်း အသိပေးလိုက်ပါတယ်။ မိုးမခကိုယ်စားပြုသူများ၏ အမည်စာရင်းကို  http://moemaka.com/about-moemaka/moemaka-profile-and-team (about MoeMaKa page) မှာ အပြည့်အစုံ စာရင်းပြုထားပြီး ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ အကြမ်းဖက်မှုများ ဖြစ်ပွားသည့်အခါတိုင်း အချိန်တိုင်းမှာ အစွန်းရောက်တွေ အကြမ်းဖက်တွေက ဖေ့စ်ဘွတ်မီဒီယာကနေ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေအားလုံးကြား အထင်အမြင် လွဲမှားစေတဲ့ လုပ်ကြံသတင်းတွေ သွေးထိုးလှုံဆော်မှုတွေ တင်ဆက်နေရုံတင်သာမက လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများ သတင်းဌာနများ၏ အမည်တွေကိုပါ အလွဲသုံးစားလုပ်ပြီး သတင်းမှားတွေ အချက်အလက်အတုအယောင်တွေ ဖန်တီး ထုတ်လုပ်မှုတွေပါ တိုးမြှင့်လာတာကို တွေ့ရှိနေကြရတာကို စာဖတ်သူများအားလုံးက သတိရှိရှိနဲ့ စောင့်ကြည့်ကြပါရန်၊ လိုအပ်ပါက သက်ဆိုင်ရာတွေကိုလည်း အသိပေး အကြောင်းကြားပြီး ဖြေရှင်းချက်တောင်းကြရန် တိုက်တွန်းလိုက်ပါတယ်။



Comments