လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက် (ရဲဘော်အီလွတ် သို့မဟုတ် မစန်း)

လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက်
(ရဲဘော်အီလွတ် သို့မဟုတ် မစန်း)
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

အချိန်က ၁၉၈၄ ခုနှစ် အစောပိုင်းကာလ ....။
နေရာက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဗဟိုရုံးနဲ့အရှေ့မြောက်စစ်ဒေသတို့ရုံးစိုက်ရာပန်ဆန်း (ယခုအခေါ်-ပန်ခန်း)။

အဲဒီနေ့က ကျွန်မတို့ရဲ့အရှေ့မြောက်စစ်ဒေသဆေးရုံကြီးမှာ သတင်းတရပ်ပျံ့နှံ့လာပါတယ်။ ကိုနိုင်ဦးကြီး ဝတောင်ခရိုင်က ဝ အမျိုးသမီးလေးတယောက်နဲ့ လက်ထပ်လာပြီဆိုတဲ့သတင်းပါ။ ရှေ့တန်းစစ်ဆင်ရေးတာဝန်တရပ်နဲ့ ဝ တောင်ခရိုင်ဘက် ရောက်သွားတဲ့ အရှေ့မြောက်စစ်ဒေသစစ်ဦးစီးဌာနက ရဲဘော်နိုင်ဦးက အီလွတ်ဆိုတဲ့အမျိုးသမီးလေးနဲ့ တွေ့ဆုံ မေတ္တာ မျှခဲ့ပြီး လက်ထပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက တာဝန်အရ ပန်ဆန်းပြန်လာရာမှာ ယောင်နောက် ဆံထုံးပါပြီး အီလွတ် ကလေးပါ ပါလာတာပါ။ ပန်ဆန်းမြို့နယ်ရုံးမှာရောက်နေကြပြီဆိုတဲ့သတင်းကြောင့် ကျွန်မနဲ့ ဆရာမကြီးဒေါ်ငွေ (စစ်ဒေသ ဆေးရုံ၊ ဒုနိုင်ငံရေးမှူး) တို့နှစ်ယောက်သား မြို့နယ်ရုံးသွား ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ဝ အမျိုးသမီးလေးတွေဝတ်ဆင်တတ်တဲ့ အနက်ရောင်သင်တိုင်းနဲ့ ခေါင်းပေါင်းလေးပေါင်းထားတဲ့ အီလွတ်ကိုစတွေ့လိုက်ရက တည်းက အသားညိုစိမ့်စိမ့် မျက်ခုံးကောင်းကောင်း မျက်လုံးတောက်တောက်လေးနဲ့ အညာသူလေးတယောက်ကိုတွေ့လိုက် ရသလို စိတ်ထဲရင်းနှီးသွားလိုက်တာလေ။ သူက ဗမာစကားလေးလည်းတတ်တော့ ပိုပြီးရင်းနှီးသွားပါတယ်။

အနားမှာရပ်နေတဲ့ ကိုနိုင်ဦးကို ခင်ဗျားကြီးက ဘယ်ဆိုးလို့လဲ။ အညာသားက အညာသူလေးတယောက် ရှာတွေ့လာပါလား လို့နောက်လိုက်တော့ သူက တဟဲဟဲနဲ့ သဘောကျနေလိုက်တာ။   အဲဒီအချိန်ကစလို့ အီလွတ်တယောက် ကျွန်မတို့အသိုင်း အဝိုင်းထဲရောက်လာခဲ့ပါတယ်။   ကိုနိုင်ဦးနဲ့ကတော့ ကျွန်မတို့မိသားစုနဲ့က ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ နောက်ပိုရင်းနှီးသွားရတဲ့ အကြောင်းကတော့ သူတို့ရဲ့သမီးဦးလေးကို ကျွန်မမွေးပေးခဲ့ရလို့ပါပဲ။ ဒီနောက်တော့ ကျွန်မတို့တတွေ ဆွေမျိုးရင်းခြာ တွေ လိုနေခဲ့ကြတာ ၁၉၈၉ ပါတီကြီး ကစဥ့်ကရဲဖြစ် ပြေးရလွှားရနဲ့ နောက်ဆုံးကျွန်မတို့လည်း တကွဲတပြားတွေဖြစ်ကုန်ကြပါ တော့တယ်။

ဒီ့နောက်ပိုင်းတော့ အဆက်အသွယ်တွေ ရတချက် ပြတ်တချက်နဲ့ နောက်ဆုံး အီလွတ်ကျန်းမာရေးအခြေအနေကြောင့် ထမင်းဆိုင်လုပ်ငန်းမလုပ်နိုင်တော့ပဲ နားလိုက်ရပြီဆိုတဲ့သတင်းကြားလိုက်ရပါတယ်။ နောက်ပိုင်း ဆက်သွယ်ရေးနည်းနာ ပေါင်းစုံပေါ်ပေါက်လာတော့ ကျွန်မတို့နဲ့အဆက်အသွယ်ပြန်ရလာပြီး ပန်ဆန်းတုန်းကအတိုင်း တရင်းတနှီးပြန်ဆက်ဆံလာ ခဲ့ကြရာက နောက်ဆုံး ၁၇-၅-၂ဝ၁၇ နေ့မှာ သူကွယ်လွန်သွားတဲ့အထိပါပဲ။ လက်ချောင်းလေးတွေမှာ စတင်ခဲ့တဲ့အဆစ်အ မြစ်ကိုက်ရောဂါကစပြီး တကိုယ်လုံးရှိ တခြားအဆစ်တွေပျံ့နှံ့သွားပြီး နောက်ဆုံး ကျောက်ကပ်စွမ်းအင်ကျဆင်းခြင်းတို့၊ အဆုပ်ရောင်ခြင်းတို့ဆိုတဲ့ ရှုပ်ထွေးမှုတွေဝင်လာလို့ဖြစ်ပါတယ်။

ရဲဘော်အီလွတ် (သို့မဟုတ်) မစန်း ကွယ်လွန်သွားပြီးနောက် သူ့အကြောင်း တချို့ရဲဘော်များ သတင်းကွန်ယက်များမှာ အောက်မေ့ဖွယ်စာတမ်းများရေးကြပါတယ်။ သူ့အတွက် သတိရ အောက်မေ့ဖွယ်အခမ်းအနားလေးလုပ်ရာမှာလည်း သူနဲ့ အတူနေခဲ့ဖူးသူများက သူ့အကြောင်းအမှတ်တရတွေပြောကြားတာတွေရှိပါတယ်။ အဲဒီအခန်းအနားလေးမှာ ရဲဘော်များကသူ့အကြောင်းချီးကြူးပြောဆိုကြရာမှာ ကျွန်မစိတ်ထဲစွဲသွားတဲ့အကြောင်းကတော့ မစန်းက ဘယ်သူ့အကြောင်းမှ မကောင်း မပြောဘူးဖူးတဲ့။ အဲဒီအရာလေးကတော့ သူ့ဆီကွကွန်မလေ့လာရမယ့်အချက်ကလေးပါပဲ။

သူ့ဈာပနလေးအကြောင်းရေးထားတဲ့ မောင်လှဝင်း (မြင်းခြံ) ရဲ့စာတန်းထဲမှာ အီလွတ်သည် အနေအထိုင် ရိုးရှင်းသလို စိတ်ဓာတ်လည်း ရိုးရှင်းသည်။ ဘယ်လောက်အခက်အခဲတွေ့တွေ့ ပါတီကို တခါတရံမျှ အပြစ်မပြောခဲ့ဖူးပါ။ ပါတီအစီအမံ အတိုင်းနေထိုင်ရင်း ပါတီကို အမြဲတမ်းယုံကြည်လေးစားနေသည်က သူ့စိတ်ဓာတ်ပင်ဖြစ်သည်လို့ ရေးထားတာ တွေ့ရပါ တယ်။

ဟုတ်ပါတယ်။ အီလွတ် (နောင် မစန်းလို့ နာမည်ပြောင်းခဲ့ပါတယ်) ဟာ ပါတီထဲရောက်တဲ့နေ့ကစပြီး ပါတီရဲ့အနိမ့်အမြင့် အတက်အကျ ခရီးကြမ်းကြီးတလျှောက် ဇွဲနဘဲကြီးမားစွာ ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။ ၁၉၈၉ သူ့ဇာတိမြေကိုခွဲခွာခဲ့ရပြီး အလွန်ခေါင်တဲ့ နှင်းခဲတွေဖုံးနေတဲ့ ကချင်တောင်တန်းများပေါ်မှာ ကိုယ်ထူကိုယ်ထ စိုက်ပျိုးစားသောက်နေထိုင်ခဲ့ရတာ တိုင်း ခြားပြည်ခြားနယ်စပ်မြို့ရွာငယ်လေးတွေမှာ ရရာကျပန်းအလုပ်ကလေးတွေဝင်လုပ်ရတာ နောက်ဆုံးထမင်းဆိုင်လေးတဆိုင်ဖြစ်လာအောင် အလွန်ကြီးမားတဲ့ လုံ့လဝိရိယနဲ့ကြိုးစားခဲ့ရပါတယ်။

အဲသလို ပါတီကြီးအလဲလဲအပြိုပြိုဖြစ်စဉ် အသက်မထွက်အောင် အလွန်ခက်ခဲစွာရုန်းကန်နေရစဉ် အီလွတ်ဟာ ပါတီဝင်ဖြစ် ရေးတောင်းဆိုခဲ့တာပါ။ ဒီအချက်ဟာ အီလွတ်ရဲ့အလွန်ပြတ်သား ခိုင်မာလှတဲ့ နိုင်ငံရေးရပ်တည်ချက်ကိုဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ အများကြီးလေးစားဂုဏ်ယူမိပါတယ်။ (အဲဒီကာလများက ပါတီကနေစွန့်ခွာသွားနေကြတာအများအ ပြားပါ။ ရဲဘော်ထွန်းက မြှုပ်ခါနီးသင်္ဘောကြီးပေါ်ကနေ ကြွက်များဆင်းပြေးနေသလိုလို့ ပြောခဲ့ဖူးပါတယ်။)

ကျွန်မတို့ပါတီမှာ အီလွတ်လို မောင့်မျက်နှာ တရွာမှတ်ထင်ပြီး တော်လှန်ရေးထဲပါဝင်လာသူများ ရှိကြပါတယ်။ အများတ ကာ့အများစုကြီးဟာ ခင်ပွန်းသည်များအပေါ် အလွန်ခိုင်မာလှတဲ့ မေတ္တာ သစ္စာတရားများအပေါ်အခြေခံပြီး ခင်ပွန်းသည်ရဲ့ယုံကြည်ချက်အရေးတော်ပုံများအပေါ်ထားရှိတဲ့ စိတ်ဓာတ်နဲ့ တာဝန်ဝတ္တရားများကို ကူညီပါရမီဖြည့်ခဲ့ကြပါတယ်။ ခေတ် သစ် တော်လေးဝဝင် အမျိုးသမီးများပါပဲ။ အဲသလို အမျိုးသမီးကြီးများကို ကျွန်မတို့ ကျန်ရစ်သူ လွမ်းရစ်သူများက စာ က ဗျာတွေ ရေးဖွဲ့ပြီး မှတ်တမ်းတင် အလွမ်းဖြေကြလေ့ရှိပါတယ်။ သူတို့တတွေရဲ့ဘဝများဟာလည်း လွမ်းမောဘွယ်ရာအပြည့် ဖြစ်နေတာကိုး။

ဒီဆောင်းပါးကိုရေးနေစဉ်အတွင်း စိတ်ထဲပေါ်လာတဲ့ ကဗျာလေးတပုဒ်ရှိပါတယ်။ ကျွန်မမေမေအတွက် (ကို) ဖိုးသံ (လူထု) ရေးပေးတဲ့ ကျွန်တော်တို့ဒေါ်ဒေါ်ဆိုတဲ့ ကဗျာလေးပါ။ မေမေကွယ်လွန်ပြီး (၆) နှစ်မြောက်အထိမ်းအမှတ်အဖြစ်ထုတ်ဝေတဲ့ အလွမ်းစာပန်းခြင်းလေး (နှင်းဆီနီစာပေ) စာအုပ်အတွက်ရေးပေးခဲ့တာပါ။ မေမေအကြောင်း အဓိကရေးတာဖြစ်ပေမဲ့-နောက်ဆုံးအပိုဒ်ကလေးကတော့ အီလွတ်တို့လိုလူမျိုးများနဲ့လည်း သက်ဆိုင်တာဖြစ်လေတော့ အဲဒီကဗျာပိုဒ်ကလေးနဲ့ပဲ ကျွန်မရဲ့ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ။

သြော် ... ဒေါ်ဒေါ်ရယ် ...
တော်လှန်ရေးဆိုတာဟာ
ခေါင်းဆောင်တွေ
သူရဲကောင်းတွေနဲ့ချည်း
ပြီးတာမှ မဟုတ်တာ။

ဂျယ်နီမာက်စ်
ကရွပ်စကားယားနဲ့
ဒေါ်ဒေါ်တို့လိုပုဂ္ဂိုလ်တွေလည်း
တော်လှန်ရေးထဲကနေ
သေခွဲသာ ခွဲသွားကြတာပါ။

ကျန်ရစ်သူတွေအတွက်တော့
ဝမ်းနည်းတာ လွမ်းဆွတ်တာ
အတူတူချည့်ပါပဲ။

နွေလည် နွေမို့
မိုးလည်း မိုးမို့
ဆောင်းလည်း ဆောင်းမို့ ... ။ ။

ရဲဘော်အီလွတ် (မစန်း) တယောက် ငြိမ်းချမ်းစွာအနားယူပါတော့။

လှကျော်ဇော
၁ဝ၊ ၈၊ ၂ဝ၁၇။

မှတ်ချက်။
၁။ ဂျယ်နီမာက်စ် - ကွန်မြူနစ်ဝါဒတည်ထောင်သူ ကားလ်မာက်စ်ရဲ့ဇနီး။        
၂။ ကရွပ်စကားယား - ဆိုဗီယက်ယူနီယံနိုင်ငံကိုတည်ထောင်ခဲ့သူ လီနင်ရဲ့ဇနီး။
၃။ ၁၇၊ ၈၊ ၂ဝ၁၇ နေ့မှာကျရောက်တဲ့ ရဲဘော်အီလွတ်ကွယ်လွန်ခြင်း (၃) လပြည့်အထိမ်းအမှတ်အဖြစ်ရေးဖွဲ့ပါတယ်။
၎။ ဝ တောင်တန်းက လွမ်းပန်းချီ၊ ဆောင်းပါးအမှတ် (၅) ဖြစ်ပါတယ်။
0