အောင်မော်ဦး ● သူတို့ပုဆိန်တွေ လွတ်ကျခဲ့ကြတယ် မေမေ

အောင်မော်ဦး ● သူတို့ပုဆိန်တွေ လွတ်ကျခဲ့ကြတယ် မေမေ
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇

ရဲဘော်မေမေကြည်ဆိုတဲ့
သစ်ခုတ်သမတယောက်
ပုဆိန်တလက် လွတ်ကျခဲ့ပြီ မေမေ။

ရဲဘော်ချိုစိမ့်ထွန်းဆိုတဲ့
သစ်ခုတ်သမားတယောက်လည်း
သူ့ပုဆိန် လွတ်ကျခဲ့ရပြီ မေမေ။

သူတို့လုပ်နိုင်တာ သူတို့ လုပ်ခဲ့ကြတာရယ်ပါ
ဒါပေမယ့်ဗျာ
သူတို့ ခုတ်ခဲ့ကြတဲ့သစ်တွေနဲ့
စစ်သားရုပ်တွေ တင့်ကားရုပ်တွေတော့
ထုဆစ်မပစ်ကြပါနဲ့လား။

လွတ်ကျသွားခဲ့ကြတဲ့ ပုဆိန်တွေမှာ
ရေးလက်စ တေးတွေပါတယ်
ရွတ်လက်စ ကဗျာတွေပါတယ်
ခဲခဲယဉ်းယဉ်း ဖောက်ခဲ့ကြတဲ့လမ်းကို
ရဲရဲတင်းတင်း လျှောက်ခဲ့ကြတဲ့
ရဲဘော်ရဲဘက် အချစ်တွေပါတယ်။

အညတြတို့ရဲ့ ဈာပနဟာ မထည်ဝါလှပါဘူး
သူတို့ကို အမိန့်ပြန်နေကြပါပြီ
သူတို့ကိုယ်ကို ဒေါင်းအလံနဲ့ အုပ်လိုက်ကြပါပြီ
သူတို့မျက်လုံးတွေကို ပိတ်ပစ်လိုက်ကြပါပြီ
သူ့အဘိုး မြင်မသွားရှာလေတဲ့ ငြိမ်းချမ်းရေးကို
သူ့မြေးလည်း မြင်ခွင့်ရမသွားခဲ့ရှာပါဘူး
အဖိုးအဖွားမှသည် မြေးမြစ်တွေဆီအထိ
ယုံကြည်ခြင်းတွေကတော့ မြစ်တစင်းလို
စီးဆင်းနေဆဲပါပဲ

သူရဲကောင်းပီသစွာ ကျဆုံးသွားကြတဲ့
အညတြတို့ရဲ့ သင်္ချိုင်းမြေဟာ
ငါတို့ရဲ့ ကောင်းကင်ဘုံပဲပ
အဲသည်မှာ
ဒီမိုကရေစီရရပါစေလို၏လို့ ဆုပန်ခဲ့ကြသူတွေရှိမယ်
အဲသည်မှာ ငါတို့ပြည်သူတွေ
လွတ်မြောက်ကြရပါစေလို၏လို့ ဆုပန်ခဲ့ကြသူတွေရှိမယ်
သူတို့အတွက် ကောင်းချီးပေးတော်မူပါ ကိုယ်တော်ရှင်


သင်တို့ သွားလိုရာသို့ သွားနိုင်ကြပြီ ရဲဘော်တို့
သင်တို့သည် ငါတို့နှင့်၊
သင်တို့သည် ငါတို့ကျောင်းသားတပ်မတော်နှင့်၊
သင်တို့သည် ငါတို့အရေးတော်ပုံကြီးနှင့်
လုံးဝမသက်ဆိုင်တော့ပြီ

ထို့ကြောင့်
သင်တို့ သွားလိုရာသို့ သွားနိုင်ကြပြီ ရဲဘော်တို့
သင်တို့အတွက်
ငါတို့ ဂုဏ်ယူ ဝမ်းနည်း ကြပါသည်။

အောင်မော်ဦး
သြဂုတ်၊ ၅၊ ၂၀၁၇။

Comments