ဒီလူည ● ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ

ဒီလူည ● ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ
(မိုးမခ) သြဂတ်စ် ၂၄၊ ၂ဝ၁၇

(00:00:01)
ကျနော့်တွင် ပျော်ရွှင်ခြင်းများ ရှိပါတယ်။ ထိုပျော်ရွှင်ခြင်းများသည် ဝါကျင်ကျင်ဒိုင်ယာရီစာအုပ်လေးထဲက စကားလုံးများ မဟုတ်ပါ။ ချာလီချက်ပလင်၏မျက်နှာပေါ်တွင် မရှိပါ။ ဦးမော့စ်၏စကားသံများတွင် မရှိပါ။ ဝိုင်၊ ဝက်ပေါင်ခြောက်နဲ့ ဒင်နီတို့ သူငယ်ချင်းများတွင် မရှိပါ။ သို့သော် ကျနော့်တွင်ပျော်ရွှင်ခြင်းများရှိသည်ကတော့ အမှန်ပင်ဖြစ်ပါတယ်။

(00:00:10)
နယူတန်သည် ကမ္ဗာ့ဆွဲအားကိုရှာဖွေတွေ့ရှိခဲ့သည်ဖြစ်စေ/မတွေ့ခဲ့သည်ဖြစ်စေ သစ်ပင်ထက်တွင် စိမ်းစိုဝေဆာခဲ့သော သစ်ရွက်တို့သည် တခုသောကာလ၌ မြေပြင်သို့ကြွေကျမည်မှာမလွဲပါဟု ကျေးဇူးကန်းသောအတွေးမျိုး ကျနော့်တွင် မကြာ မကြာ ပေါ်လာတတ်ပါတယ်။ "မရှိရင် မဖြစ်ဘူး" ဆိုသော စာတန်းကို အခန်းထဲကနေ အပြင်ထုတ်ထားခဲ့သည်မှာ အချိန် အားဖြင့် ကြာမြင့်ခဲ့ပါပြီ။ နယူတန်၏တွေ့ရှိချက်သည် သိပ္ပံပညာအတွက်ကြီးမားသော အောင်မြင်မှုနဲ့ အသုံးဝင်မှုရှိသော် လည်း သစ်ပင်လေးတွေအတွက်တော့ မျက်လုံးများရဲ့ စောင့်ကြည့်ခြင်းကိုခံရပြီး လွတ်လပ်သော ခံစားမှုတချို့ ဆုံးရှုံးသွားကြ သည်ဟု ကျနော်ယုံကြည်မိပါတယ်။ ထိုယုံကြည်ချက်မှာ မှားသည် ဖြစ်စေ မှန်သည်ဖြစ်စေ  ထိုယုံကြည်မှုအပေါ် မည်သည့် အခါမှ ကျနော်ဟာသက်သေပြမည်မဟုတ်ပါ။

ယုံကြည်ခြင်းသည် ဆောက်လုပ်ဆွဲသားချက်များဖြင့် အဖြေရအာင်တွက်ထုတ်ရသော ဂျီဩမေတြီပုစ္ဆာမျိုး မဟုတ်ဟု ယူဆ မိသောကြောင့် ဖြစ်ပါတယ်။

(00:01:00)
ကျနော့်တွင် ပျော်ရွှင်ခြင်းများရှိပါတယ်။ ထိုပျော်ရွှင်ခြင်းများသည် သာယာလှပသောကမ်းခြေရှိသဲသောင်ပြင်ပေါ်တံင်မရှိပါ။ ရွှင်မြူးတက်ကြွသည့်သီချင်းများကြား လွင့်ပျံနေသော မီးရောင်များအောက်တွင် မရှိပါ။ မီးကိုတွေ့ရှိခဲ့သော ရှေးဦးလူမျိုးတို့ တွင်လည်း မရှိပါ။ သို့သော်  ကျနော့်တွင် ပျော်ရွှင်ခြင်းများရှိသည် ကတော့ မငြင်းပယ်နိုင်သည့် အမှန်တရားတခုပင်ဖြစ်ပါတယ်။

(00:10:00)
မနေ့ကမိုးလေဝသတိုင်းထွာချက်အရ ဒီနေ့ကောင်းကင်ဟာ တိမ်ထူထပ်နေပါတယ်။ မျက်နှာကြက်မှာအကွက်ဖော်ထားသော မှန်ကွက်ကလေးများဆီက အလင်းရောင်ဟာ ဖျော့တော့စွာ ကျဆင်းနေပါတယ်။ နံရံပေါ်ကအိမ်မြှောင်တကောင်ဟာ သူ့ရှေ့ဖြတ်သွားသောအစာကို လျှာနဲ့ဖမ်းယူလိုက်ချိန်မှာ ကျနော်နိုးလာခဲ့ပါတယ်။ ကျနော့်ဘေးနားမှာ ညကလက်စမသတ်ရ သေးတဲ့ ကဗျာတပုဒ်ဟာ သွေးထွက်လွန်နေပါတယ်။ ပတ်ဝန်းကျင်လေထုထဲမှာညှော်နံ့တွေက ကျနော့်ရဲ့အနံ့ခံအာရုံဆီ အရှိန်ပြင်းပြင်းနဲ့ ဝင်နေပါတယ်။ ကျနော်ဟာ လူသေတယောက်လိုအေးစက်မှုမျိုးနဲ့ ခဏတာ ငြိမ်သက်နေမိပါတယ်။ ယုံကြည်မှုခံ ရသောလူတယောက်ရဲ့ အချို့သောဆုံရှုံးမှုတွေအကြောင်း၊ နေပူထဲကလူထက်ပူပြင်းလှသော အပူဒဏ်ကို ဘယ်သူမှပိုပြီးမသိနိုင်တဲ့အကြောင်း၊ သန်းခေါင်ထက်နက်စရာမရှိတော့တဲ့ညတွေအကြောင်း၊ အချစ်ခံရသူတို့ရဲ့လွတ်လပ်မှု တို့ တိတ်တဆိတ်ပျောက်ဆုံးနေတဲ့အကြောင်းတို့ကို ကျနော်ဟာ မှန်လှောင် အိမ်ထဲကရွှေငါးလေးတွေကိုပြောပြချင်မိပါတယ်။ သူတို့လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ထိုသို့တခုခုမှာ တနေရာရာမှာ တစုံတခုဆံးရှုံးနေတဲ့အကြောင်းတွေကို ကျနော်ဘယ်လိုကာကွယ်ပေးနိုင် မလဲလို့ စိတ်ကြီးဝင်နေခဲ့ပါတယ်။

(01:00:00)
ကျနော့်တွင် ပျော်ရွှင်ခြင်းများရှိပါတယ်။ ထိုပျော်ရွှင်ခြင်းများသည် နေ့စဉ်ထုတ်သတင်းစာတချို့၏စာမျက်နှာများပေါ်တွင် မရှိပါ။ နူးညံ့သိမ်မွေ့သောမိန့်ခွန်းများတွင်မရှိပါ။ တယောက်ကိုတယောက် လက်ဆွဲနှုတ်ဆက်ကြပြီး ထိုးထားသောလက်မှတ်များပေါ်တွင်မရှိပါ။ သို့သော်ပျော်ရွှင်ခြင်းများ ကျနော့်တွင် ရှိပါတယ်။

(10:00:00)
ပြတင်းပေါက်ကိုဖွင့်လိုက်တော့ မြင်ကွင်းဟာ မိုးရွာသွန်းပြီးစသစ်ပင်တွေလို စိမ်းစိုနေပါတယ်။

"ဒီ" ထိုးတမ်းကစားနေတဲ့ကျနော်ပိုင်ဆိုင်ခဲ့ဖူးသော၊ နောင်မှာကျနော်လို့ယူဆနိုင်လာမယ့် ချာတိတ်လေးရဲ့ မျက်နှာဟာ ပြုံးပျော်နေပါတယ်။ ကျနော်လှမ်းခေါ်လိုက်ပေမယ့် ကျနော့်ခေါ်သံကိုကြားပုံမပေါ်ပါဘူး။ ကျနော့်ဘက်ဆီလည်း လှည့် မကြည့်ပါဘူး။ ကျနော်နောက်တကြိမ်ထပ်ခေါ်ဖို့ကြိုးစားနေစဉ်မှာပဲ အတွေး တခုဝင်လာခဲ့ပါတယ်။ ဒါနဲ့လှမ်းမခေါ်ဖြစ်တော့ပဲ ပြတင်းပေါက်နားကနေ လှမ်းကြည့်နေလိုက်မိတယ်။ ချာတိတ်နဲ့သူ့သူငယ်ချင်းတစု ကစားရင်းငြင်းခုံလိုက်နဲ့။ ပြီးတော့ သူတို့ လေးတွေရဲ့မျက်နှာပေါ်မှာပေါ်နေတဲ့ အပြုံးရိပ်လေးတွေကို ကျနော်ငြိမ်သက်စွာငေးကြည့်နေမိပါတယ်။ တော်တော်ကြာလာ တော့ သူတို့ သူငယ်ချင်းတစုခေါင်းချင်းဆိုင်လိုက်တယ်။ နောက်ထပ်ကစားနည်းတမျိုးကိုကစားဖို့ မဲခွဲနေကြပါတယ်။ တ ယောက်ကပြောလိုက်တဲ့သစ်ရွက်ကို ကျန်တဲ့လူတွေက အပြေးအလွှား လိုက်ခူးကြရတယ်။ ပျော်စရာတော့ အကောင်း သားပါပဲ။ တယောက်ပြောတဲ့စကားကိုဝေဖန်ပိုင်းခြားဖို့မရှိဘဲ ကိုယ့်ကိုမမိအောင် အရေးတကြီးလိုက်လုပ်နေကြတဲ့ ချာတိတ် လေးတွေကိုကြည့်ပြီး ကျနော်အသံထွက်အောင် ရယ်လိုက်မိတယ်။ "ကလေးကွက်ဆိုတာ ဒါမျိုးပဲဖြစ်မယ်လို့" လို့ ကျနော် တွေးမိပါတယ်။

ကျနော်ငေးကြည့်နေစဉ်မှာပဲ ပတ်ဝန်းကျင်မြင်ကွင်းဟာ ရုတ်ချည်းပြောင်းလဲလာတယ်။ အလင်းရောင်ဟာမှိန်လာတယ်။ မိုးတိမ်တိုက်တွေဟာ ညိုလာတယ်။ မကြာပါဘူး။ ကောင်းကင်ပေါ်ကနေ ရေတွေစီးကျလာပါတော့တယ်။ ချာတိတ်လေးတွေ ဟာ သစ်ပင်အောက်ကိုပြေးသွားကြပြီး မိုးခိုနေကြတယ်။ ကျနော်သူတို့အတွက် စိတ်မကောင်းဖြစ်မိသွားတယ်။ သူတို့ရဲ့ ရယ်မောပျော်ရွှင် သံတွေဟာ ဒီမိုးကြောင့်တိတ်ဆိတ်သွားတဲ့အတွက်ပါ။ ဒါပေမဲ့ ကျနော့်အတွေးမှားသွားကြောင်း နောက် ထပ် မိနစ် အနည်းငယ်အကြာလောက်မှာ သိလိုက်ရပါတယ်။ ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့ဘောလုံးတလုံး ကို သူတို့တွေမိုးရေထဲမှာဝိုင်းလုနေကြ တယ်။ သူတို့မျက်နှာပေါ်က အပြုံးတွေဟာ မပြောင်းလဲပါဘူး။ ဒီ့အရင်ရယ်သံတွေအတိုင်းပဲ။ "ဂိုး" "ဂိုး" ဆိုပြီး သူတို့ဆီကအသံတချို့ကို ခဏကြာတိုင်းကြားရတယ်။ တဖက်အသင်းကိုဂိုးသွင်းပြီး အောင်ပွဲခံနေပုံကလည်း သိပ်ပြီးထူးထူးခြားခြားမရှိပါဘူး။ သူတို့ဆီကပျံ့လွင့်လာတဲ့ လတ်ဆတ်သင်းပျံ့တဲ့အသံတွေဟာ ကျနော့်အကြားအာရုံမှာ ပဲ့တင် ထပ်နေ တယ်။ မိုးစက်တွေစင်နေတဲ့ ပြပတင်းပေါက်ကိုမပိတ်နိုင်အောင်ပဲ ကျနော်ဟာ အမျိုးအမည်မတပ်နိုင်တဲ့ခံစားမှုတွေနဲ့ ကြည့်နေမိပါတယ်။ အချိန်တော်တော်ကြာလာတော့ ကျနော့်မျက်လုံးကိုလာစင်တဲ့ရေစက် ကြောင့် မျက် တောင်တချက်ခတ်လိုက်မိတယ်။ အဲ့ဒီတိုတောင်းလွန်းတဲ့ အချိန်ခဏလေးမှာပဲ ကျနော် ငေးကြည့်နေတဲ့မြင်ကွင်းဟာ ပြောင်းလဲသွားပြန်ပါတယ်။ အလင်းရောင်ဟာပြန်ပြီး တောက်ပလာပါတယ်။ သူတို့သူငယ်ချင်းတွေဟာ ပျော်ပျော်ရွှင်ရွှင် စွန်လွှတ်နေကြတယ်။

"ဟား ဟား  ဘယ်ရမလဲ ငါ့ကိုလာဖြတ်တဲ့စွန် ခုတော့ပြတ်သွားပြီ"။

အဲ့ဒီအသံကြောင့် ကျနော်ဟာ လေထဲ ဝဲနေတဲ့စွန်တွေဆီ အကြည့်ရောက် သွားပါတယ်။ ဟုတ်ပါတယ်။ နှစ်ရောင်စပ် စွန်ကလေးတကောင်ဟာ ကြိုးတန်လန်းနဲ့ လေနှင်ရာ လွင့်ပါနေပါတော့တယ်။
**

ကျနော့်မှာပျော်ရွှင်စရာများရှိပါတယ်။ ကျနော်ဟာငေးမောနေမိပါတယ်။ နှစ်လိုစရာကောင်းတဲ့မြင်ကွင်းမှရယ်မြူးသံတွေဟာ လသာနေတဲ့ညလေးတညလိုပါပဲ။

(00:00:00)
ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ။  ။

ဒီလူည

Comments