မောင်ကျော်မော် - ခိုင်ထူး လည်း ကျော်ဖြတ်နိုင်ပါစေ - ကျနော်တို့လည်း ကျော်ဖြတ်ကြမယ်

Art - Than Htay Maung, Collection by Aung Min


မောင်ကျော်မော် - ခိုင်ထူး လည်း ကျော်ဖြတ်နိုင်ပါစေ - ကျနော်တို့လည်း ကျော်ဖြတ်ကြမယ်
မိုးမခ။ (၂၀၁၇ ခုနှစ်၊ သြဂုတ် ၉ ရက်)


အဆိုတော်ခိုင်ထူး အသည်းအသန်ဖြစ်နေတဲ့ သတင်းတွေကြားရပြီး ပေါ်လာတဲ့ အတွေးနဲ့အမြင်ကို တင်ပြတာပါ။ စာဖတ်သူ များနဲ့ သဘောထား အမြင်ညှိနှိုင်းတဲ့ သဘောနဲ့ ရေးသားတင်ပြတာပါ။

ခိုင်ထူး ကျန်းမာရေးအခြေအနေကြားရတော့ စိတ်မကောင်းဘူး။ ကိုယ်နှစ်သက် သဘောကျတဲ့အဆိုတော်တစ်ယောက် မဟုတ်လား။ ခိုင်ထူးရဲ့လူပုဂ္ဂိုလ်အနေအထားကို ကျနော် သေချာမသိပါဘူး။ “ခိုင်ထူးသီချင်း”အများစုကို (ကြီးကြီးကျယ်ကျယ်ပြော ရရင် ခိုင်ထူးအနုပညာ) ကျနော်ကြိုက်တယ်။ ဒါဟာ ရိုးရိုးရှင်းရှင်းကိစ္စပါ။

ခိုင်ထူးသီချင်းတွေကို ကြည့်တော့ သူကိုယ်တိုင်ရေးတာပါတယ်၊ ကိုမောင်မောင်(အဉ္ဇလီ)၊ ကိုနေဝင်း၊ ဂျေမောင်မောင်၊ ရာပြည့်တို့ရေးတာတွေက အများစု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ သီချင်းတွေက သီချင်းတွေထဲက အဘိဓမ္မာတွေက ဘဝကိုဖြစ်ဖြစ် ၊ အချစ်ကိုဖြစ်ဖြစ် ပေါက်ကွဲထားတာ၊ စကားလုံးတွေက မိုက်တယ်။ ဥပမာပြရရင် ဒီလိုစာသားမျိုးတွေပေါ့ -

“ လိမ္မာတတ်အောင် မိုက်မဲဖူးရမယ် --- ချစ်ခင်တတ်အောင် မုန်းမေ့ဖူးရမယ် --- ဒါဟာ လောကရဲ့သစ္စာတရား --- မပြေလည်တာတွေ မမျှတတာတွေ အကြား ဖျောက်ပစ်ချင်တာ ဘဝတစ်ခုပါ ဘဝထဲမှာ လူတွေထဲမှာ လောကရဲ့သစ္စာတရား ရှိနေတယ်”

ဒီလိုစာသားတွေကို ခိုင်ထူးက သူ့ရဲ့ အသံနဲ့မာန်ပါပါ အော်ဟစ်ပေါက်ကွဲပစ်တာဖြစ်ပါတယ်။

ဒီတေးသံ၊ ဒီတေးသံထဲမှာပါတဲ့ အဘိဓမ္မာတွေက ကျနော် တို့ လူငယ်တွေရဲ့ ရင်ကိုလာရောက် ထိမှန်တာပါ။

ဒါဟာ အနုပညာဖန်တီးသူ (တေးရေး) သီဆိုသူ (အဆိုတော်) ခံစားသူ (ပရိတ်သတ်) တို့ တထပ်တည်းပေါင်းစည်းမိ သွား တာပါ။ ဒီအချက်ကပဲ အနုပညာရှင်တွေအတွက် “အောင်မြင်မှု” ကို သယ်ဆောင်လာတာပဲ မဟုတ် ပါလား။

ကျနော့်အမြင်မှာတော့ ခေတ်နဲ့လူငယ်တွေ(ရင်ခုန်သံခံစားမှု)ဟာ ကဗျာနဲ့သီချင်းထဲမှာ အများဆုံးရှာဖွေတွေ့နိုင်မယ့် နေရာလို့ ကျနော်မြင်တာပါပဲ။ အခြားနေရာတွေမှာလည်းရှိမှာပါ။ ဒါပေမယ့် လူငယ်တွေရဲ့ခေတ်ပြိုင်ခံစားမှုကိုတော့ ကဗျာနဲ့တေးသီချင်း တွေထဲမှာ အများဆုံးရှာဖွေတွေ့နိုင်မယ်လို့ ကျနော်တော့ ယုံကြည်နေတာပါပဲ။

ဒါဟာ လူငယ်တွေမျက်မှောက်ပြုထားတဲ့ ကမ္ဘာလောကလို့ဆိုရမှာပါပဲ။ အဲဒီကမ္ဘာလောကထဲမှာ လူငယ်တွေရဲ့ အသံမျိုးစုံ အဆက်မပြတ်မြည်းဟည်းပေါက်ကွဲနေပါတယ်။ လောကကြီးကို သရော်တာ၊ နှစ်လို ဖွယ်ရာ၊ စက်ဆုတ်နေတာ၊ မြတ်နိုးချစ်ခင်နေတာ ဒါမှမဟုတ် အချစ်ကို ဖွဲ့နွဲ့ပြနေတာ ...

 “ ကိုယ့်ချစ်သူ ဆွဲလွဲလေးလို ရယ်သံချိုတဲ့အခါ မွန်းတည့်ချိန် နေလည်း ပူတယ်မထင်ခဲ့မိပါ အင်အား မဟာ ရူးသွပ်ချင်းလို့ ခေါ်ချင်ခေါ်တော့ကွယ် --- ပန် မဖြစ်တယ် အချစ်ရဲ့အရိပ်ကလေးတွေ ရင်ထဲမှာ တစ တစစီကြွေ ---”။
ကျနော်တို့ ထိုသို့ ဝေခဲ့၊ ကြွေခဲ့ကြတာပဲ မဟုတ်ပါလား။ “ မကျေနပ်ဘူး၊ သိလား ” ဆိုတဲ့စကားကိုပြောနေသမျှ ကျနော်တို့ဟာ “ခိုင်ထူး” ကို အမှတ်ရနေကြအုံးမှာပါ။ ဒီအခွေ (မကျေပ်ဘူး၊သိလား) ဟာ “ခိုင်ထူး” ကို ခိုင်မာ ထူးခြားစေခဲ့တာပဲမဟုတ်ပါလား။

ဒီနေရာမှာ ကျနော်သတိပြုမိတဲ့ အချက် ၂ ချက်ကိုတင်ပြချင်ပါတယ်။ ဒီ ၂ ချက်က အနုပညာသမားတွေ မကင်းနိုင်တဲ့ မရှောင်နိုင်တဲ့ အကြောင်းအချက် ၂ ခုပါ။ (အခွန်ပေးခြင်းနဲ့ သေခြင်းတရား ကို လူတိုင်းမကင်းနိုင်သလိုပါပဲ)
ပထမတစ်ခုက အလွန်အားနာစွာနဲ့ပြောရင် (အရက်အပါအဝင်) မူးယစ်ဆေးဝါးနဲ့ မကင်းနိုင်တဲ့ အဖြစ်ပါ။

ဒုတိယတစ်ခုက အုပ်စိုးသူများရဲ့ “အနုပညာပေါ်တာဆွဲခြင်း” ခံကြရတဲ့ အဖြစ်ပါ။

ဒီနှစ်ခုကိုလည်း အနုပညာရှင်တွေ မကင်းနိုင်ကြပါဘူး။ ဒီနှစ်ခုဟာ သက်ဆိုင်ရာ အနုပညာရှင်ရဲ့ “အသက်နဲ့အောင်မြင်မှု” ကို အကြင်နာကင်းမဲ့စွာ အဆုံးစီရင်ပြစ်တတ်တယ်ဆိုတဲ့ တူညီတဲ့ထူးခြားချက်ရှိမှုကိုလည်း သတိပြုမိပါတယ်၊ ဒီအချက်တွေကို သက်ဆိုင် ရာနေရမှာ ထည့်သွင်းရေးသားပါ့မယ်။

အနုပညာသမားနဲ့ (အရက်အပါအဝင်) မူးယစ်ဆေးဝါး
ကဗျာနဲ့ဂီတဟာ လူငယ်တွေအတွက် စိတ်ကို ပြောင်းလဲစေနိုင်သလိုပါပဲ။

ဂီတလောကက ကြယ်ပွင့်တွေဟာ (နိုင်ငံတကာမှာပဲဖြစ်ဖြစ် ပြည်တွင်းမှာပဲဖြစ်ဖြစ်) မူးယစ်ဆေးဝါးနဲ့ မကင်းနိုင်တာကို သတိပြုမိပါတယ်။

အနုပညာလောက (အထူးသဖြင့် တေးဂီတနယ်ပယ်မှာ) လူငယ်တွေဟာ ဆံပင်ရှည်တာနဲ့မကင်းသလို မူးယစ်ဆေးဝါးသုံးစွဲမှု ဘက်ကိုလည်း တိမ်းလွယ်ညွတ်လွယ်တာကို သတိပြုမိပါတယ်။ ထို့အတူ ကိုယ့်ကိုယ် အဆုံးစီရင်မှုတွေနဲ့ မကင်းတာလည်း ငြင်းပယ်ခြင်း ငှာ မစွမ်းသာတဲ့ နာကျင်ဖွယ် အဖြစ်မှန်တစ်ခုပါပဲ။ ဒါဟာ နိုင်ငံတကာမှာရော မြန်မာပြည်မှာပါ တူညီတဲ့အချက်တစ်ခုပါ။ မူးယစ်ဆေးဝါး ရဲ့နွံထဲမှာ အချိန်မတိုင်မီ နစ်ကျွံကျသွားကြရတဲ့ အနုပညာရှင်တွေကို ကျနော် ဆွတ်ဆွတ်ကြင်ကြင် နှမျောပါတယ်။

ဂီတနဲ့မူးယစ်စေတတ်သောဆေးဝါး မခွဲနိုင်မခွာရက် ပေါင်းစပ်နေမှုဟာ ကျနော့်အဖို့တော့ ဒီနေ့အထိ အဖြေရှာမရနိုင်သေးတဲ့ အိပ်မပျော်သောညတစ်ညရဲ့ပုစ္ဆာတစ်ပုဒ်ဖြစ်နေဆဲပါ။

သေချာတဲ့အချက်ကတော့ မူးယစ်ဆေးဝါးက ကျနော်တို့ချစ်ခင်မြတ်နိုးတဲ့ အနုပညာရှင်တွေကို အနက်ဆုံးတွင်းထဲကို ခေါ်ယူ သွားတာနဲ့ အဆုံးသတ်ကြရတာချည်းပါပဲ။ ( ဒီနေရာမှာကျနော်သိလိုတဲ့ မေးခွန်းက အနုပညာဖန်တီးမှုမှာ မူးယစ်ဆေးဝါးရဲ့ အရေးပါ မှုဟာ ဘယ်လောက်အတိုင်းအတာအထိပါဝင်နေပါသလဲ။ ဒါကို ဆေးပညာ/စိတ်ပညာရှုဒေါင့်ကပါ စနစ်တကျ အဖြေရှာသင့်ပါတယ်) ဒီလိုရေးလိုက်လို့ အနုပညာရှင်တိုင်း မူးယစ်ဆေးဝါးနဲ့မကင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

အနုပညာသမားနဲ့အုပ်စိုးသူအစိုးရ
အဆက်ဆက်သော အုပ်စိုးသူတွေဟာ လူငယ်တွေနဲ့ရင်ခုန်သံ၊ လူငယ်တွေရဲ့တေးဂီတ (အထူးသဖြင့် ကဗျာနဲ့သီချင်း) ကို နားကလောခဲ့ကြတာပါပဲ။ ကြိုဆိုအားပေးခြင်းမရှိဘဲ။ ဆန့်ကျင်ရှုံ့ချခဲ့ကြတာချည်းပါပဲ။ သရုပ်ပျက်တေးဂီတတဲ့။ ထိုသို့ (မဆလ) တိုက်ပုံ ဝတ်လူကြီးလူကောင်းများဟာ သရုပ်ပျက်တေးဂီတလို့သာ တဖက်မှာ မေးငေါ့ သရုပ်ဖျက် ကန့်ကွက်ခဲ့ကြပေမယ့် သူတို့နိုင်ငံရေးအတွက် မှိုင်းတိုက်ဝါဒဖြန့်ချိဖို့ရာမှာတော့ (သူတို့အခေါ်) “သရုပ်ပျက်တေးဂီတ” ကို အသုံးတော်ခံစေဖို့ နဲနဲမှ မပျက်ကွက်ခဲ့ကြပါဘူး။

ရုပ်ရှင်ဂီတအနုပညာရှင်တွေကို သူတို့ ဝါဒဖြန့်ချိရေးတွက် ပေါ်တာဆွဲခဲ့ကြပါတယ်။ အသုံးချခဲ့ကြပါတယ်။

ဟိုးခေတ်တုန်း(မဆလ)က ( မဲရုံကို မဲရုံကို လာကြ လာကြ မဲပေးကြမယ်ကွာ ) တဲ့။

ဒီဘက်ခေတ်(နဝတ-နအဖ) မှာတော့ ( ညည်း ၁၈ နှစ်ပြည့်ပြီလား) တဲ့။

ရုပ်ရှင်နဲ့ဂီတနယ်ပယ်က ပိုပြီးအသုံးချခံတာဟာ ဒီအနုပညာရဲ့ထူးခြားချက်ဖြစ်တဲ့ လူထုနဲ့တိုက်ရိုက်ထိတွေ့ပြီးသြဇာ သက် ရောက်စေနိုင် တဲ့ ထူးခြားချက်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ဟာ အုပ်စိုးသူက အာဏာနဲ့ဆင့်ခေါ်တာကို ဗြောင်ငြင်းဆန်နိုင်ဖို့ သိပ်ကို ခက်ခဲပါတယ်။ အုပ်စိုးသူဟာ သူတို့အနုပညာတင်ဆက်ခွင့်ဖြော်ဖြေခွင့်ကို ဆိုတဲ့ “အသက်နဲ့ အညှာ” ကိုကိုင်ထားပြီး အနိုင်ကျင့်အသုံးချ တာပါ။ ဒါကြောင့် တချို့အနုပညာသည်တွေဟာ အုပ်စိုးသူအစိုးရရဲ့ ဒီလို အနုပညာပေါ်တာဆွဲတာကို မလူးသာမလွန့်သာပဲ ခံကြ ရရှာပါတယ်။ ဒီအခါမှာ လက်တွေ့အကျိုးဆက်ကတော့ ပြည်သူလူထုရဲ့အချစ်ပျယ်ခြင်းကို ခံကြရတာပါပဲ။

တချို့ဟာ “နိုင်ငံတော်အဆိုတော်ကြီး”အဖြစ် (စိတ်ရောကိုယ်ပါ) သက်ဆုံးတိုင်အသုံးတော်ခံသွားသူတွေရှိသလို၊ တချို့က လည်း မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေအောက်မှာ အုပ်စိုးသူရဲ့ “အနုပညာပေါ်တာ” ထမ်းကြရပါတယ်။

ယတိပြတ်သဘောမေးလာရင်တော့ ကျနော်ဟာ “မေ့ကွက်ကို ရှာ” သူ ဘက်မှာရပ်တည်မှာပါ။

“တကျော့နှစ်ကျော့တေးကို သီ ” မယ့်သူ လုံးဝ မဟုတ်ပါဘူး။

အုပ်စိုးသူအစိုးရအတွက် စိတ်ရောကိုယ်ပါအမှုတော်ထမ်းကြတဲ့ အနုပညာရှင်ဆိုသူတွေကိုတော့ ကျနော်တို့ဟာ အုပ်စိုးသူတွေ အပေါ်သဘောထားသလို သဘောထားလိုက်ရုံပါပဲ။ အဲဒီလို အနုပညာရှင်ဆိုသူတွေက သူတို့အနုပညာတွေကို အရေအတွက်နဲ့ မျက်နှာ လိုအားရဖော်ပြပြောဆိုကြပါတယ်။ နိုင်ငံတော်အတွက်အကျိုးပြုသီချင်းဘယ်နှပုဒ်ရေးစပ်ခဲ့တယ်တဲ့။ ဒီလိုအပြောအဆိုမျိုးဟာ အင်မတန် စက်စုတ်ဖွယ်ရာပါ။ ကျနော်အဖို့တော့ အနုပညာဆိုတာ အရေအတွက်သက်သက်ကိစ္စမဟုတ်ပါဘူး။ “အရည်အချင်း” ကိစ္စပါ။ “ဘယ်သူ့ အတွက်အကျိုးပြုသလဲ” ဆိုတဲ့ ကိစ္စပါ။

ဒါပေမယ့် မလွန်ဆန်နိုင်တဲ့ အကြောင်းတရားမျိုးစုံအောက်မှာ အနုပညာပေါ်တာထမ်းကြရတဲ့ အနုပညာသမားတွေအပေါ် မှာတော့ ခွဲခြားမှုမရှိ၊ နားလည်စာနာမှုနည်းနည်းမှ မပြုတော့ဘဲ၊ အုပ်စိုးသူတွေရဲ့အသုံးတော်ခံတွေ၊ အလုပ်အကျွေး တွေဆိုပြီး တဖက် သတ်တွန်းပို့ပစ်တာဟာ မဆီလျော်ဘူးလို့ယူဆပါတယ်။ ခွဲခြားမှုရှိရှိနဲ့ အသိအမှတ်ပြုရမှာပါ။

စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီအောက်မှာဆိုရင်တော့ ဘယ်လိုအနုပညာနယ်ပယ်က အနုပညာသမားပဲဖြစ်ပါစေ သူကိုယ်ပိုင်ရွေး ချယ်တဲ့နိုင်ငံရေးလမ်းကြောင်းကနေ သူ့အနုပညာနဲ့ ဖျော်ဖြေတင်ဆင်နိုင်ခွင့်၊ အလုပ်အကျွေးပြုနိုင်ခွင့်ရှိပါတယ်။ သူနှစ်သက်ရာ နိုင်ငံရေး နဲ့နိုင်ငံပါတီကို မဲပေးနိုင်ပါတယ်။ အဲဒီပါတီအောင်နိုင်ရေးမှာ သူ့အနုပညာနဲ့သူတတ်စွမ်းသလို ဆောင်ရွက်နိုင်ခွင့် ရှိပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးလမ်းကို လျှောက်လှမ်းနေတဲ့ ကာလမျိုးမှာတော့ ပြည်သူတွေဘက် စစ်မှန်တဲ့ဒီမိုကရေစီအရေးတော်ပုံ ဘက်ကပဲ ရပ်တည်စေချင်တာကတော့ ကျနော်ဆန္ဒနဲ့သဘောထားပါပဲ။

ရွေးချယ်လျှောက်လှမ်းတာ မလျှောက်လှမ်းတာကတော့ သက်ဆိုင်ရာ အနုပညာရှင်ရဲ့ရွေးချယ်မှုပဲဖြစ်ပါလိမ့်မယ်။

“အနုပညာ” ဆိုတာ သမိုင်းခေတ်ကာလနဲ့ ပြည်သူလူထုရဲ့ခံစားမှုနဲ့အသံကို ထင်ဟပ်ဖော်ထုတ်ပေးဖို့ စုစည်းပေါင်းစပ်ပေးဖို့ အားမာန်ကိုပေးဖို့ လို့ ကျနော်ယူဆပါတယ်။ “ခံစားမှု” ဆိုတာဟာလည်း နံ့သာထုံတဲ့ ညတစ်ညကနေ ခေတ်ပြောင်းတော်လှန်ရေးအထိ ကျယ်ပြန့်နက်ရှိုင်းတယ် မဟုတ်ပါလား။

ခိုင်ထူးရဲ့သီချင်းနဲ့နိဂုံးချုပ်လိုက်ပါတယ်။

“ဘယ်အမှောင် ဘယ်လိုမှောင်လည်း တစ်နေ့တော့လင်းရမယ် အားမလျှောနဲ့လေ အားလုံးကို ကျော်ဖြတ်ရမယ်” တဲ့။

ဘယ်လို မှောင်မိုက်မှုမျိုးပဲဖြစ်ဖြစ် “ခိုင်ထူး” လည်း ကျော်ဖြတ်နိုင်ပါစေ။

ကျနော်တို့လည်း ကျော်ဖြတ်ကြမယ်။

ရိုသေစွာဖြင့်
မောင်ကျော်မော်
၉ သြဂုတ်


0