မောင်ဖေသက်နီ ● ကဗျာဆရာ ချိုစိမ့်ရဲ့ နောက်ဆုံးခရီးထွက်ခြင်း


မောင်ဖေသက်နီ ● ကဗျာဆရာ ချိုစိမ့်ရဲ့ နောက်ဆုံးခရီးထွက်ခြင်း
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၇

ကဗျာဆရာ (ကို) ချိုစိမ့် ဆုံးသွားပြီတဲ့ .....
ဟုတ်မှဟုတ်ရဲ့လားဆိုပြီး
ကျုပ်လက်ကို ကျုပ်လက်သည်းနဲ့ တို့ဆိတ်ကြည့်ခဲ့ရ .....။

ဆုံးပါးသွားခဲ့တာ ကြာပြီဖြစ်တဲ့
(ကဗျာဆရာကြီး) (ဦး) တင်မိုးက
(သူ မကွယ်လွန်မီက ပြောခဲ့တဲ့စကားရှိခဲ့တယ်)
"ပြည်သူတွေက ချစ်တဲ့သူတွေ အသက်တိုကြသတဲ့ ......"
"ပြည်သူတွေက မုန်းတဲ့သူတွေ အသက်ရှည်ကြသတဲ့ ......"
(ဆရာ ဦးတင်မိုးရဲ့စကားဟာ
အမှန်တကယ်ဖြစ်နေလေပြီပ)။

ပြည်သူပြည်သားတွေရဲ့ ကောင်းကျိုးချမ်းသာအတွက်၊
အလုပ်လုပ်ပေးခဲ့တဲ့ ချိုစိမ့်ဟာ (စစ်အုပ်စုရဲ့ မဟုတ်တမ်းတရား စွပ်စွဲချက်တွေနဲ့
နရသိန်အကျဉ်းထောင်တွေထဲ အဓမ္မအကျဉ်းချခံခဲ့ရ၊
ဒီလိုနဲ့ သူ့ခန္ဓာကိုယ်ထဲ ရောဂါဝေဒနာတွေပူးကပ်ပြီး ဝေဒနာအမျိုးမျိုး စွဲကပ်ခံစားခံခဲ့ရ၊
နရသိန်တွေက လွတ်မြောက်လာခဲ့ပြီး
ယိုယွင်းလာနေတဲ့ သူ့ကျန်းမာရေးကို ကုသနိုင်ဖို့
သူဟာ နိုင်ငံရပ်ခြားကို ထွက်ခွာလာခဲ့ရ၊
သူ့ ဘဝအတွက် တိုင်းတပါးမှာ ခိုလှုံနေခဲ့ရ၊
အဲသလို တိုင်းတပါးမှာ နေထိုင်နေခိုက်မှာ
(သူဟာ) သူ ချစ်မြတ်နိုးခဲ့တဲ့၊ ချစ်မြတ်နိုးနေတဲ့
မြန်မာပြည်နဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့
ကောင်းမွန်တဲ့ အနာဂါတ်ကို ခံစားနိုင်စေဖို့ ကြိုးစားနေခဲ့ရ၊
သူဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖခင်ကြီး
(အဘ) သခင်ကိုယ်တော်မှိုင်းရဲ့ မြေးတော်စပ်သူ
(ကဗျာဆရာ ချိုစိမ့်ဟာ)
စစ်အုပ်စုတွေရဲ့ မတရား ဖမ်းဆီးမှု၊ ဖိနှိပ်မှု ဒဏ်ရာဒဏ်ချက်တွေကြောင့်နဲ့
ရောဂါဝေဒနာတွေကို ခံစားနေခဲ့ရ၊
အဲသည့် ရောဂါတွေကုသ နိုင်ဖို့အတွက်
ဒီလိုနဲ့ နော်ဝေနိုင်ငံ ခိုလှုံနေထိုင်ရင်းနဲ့၊
ဒီလိုနဲ့ လီလီဟမ္မားမြို့မှာ နေထိုင်နေရင်းနဲ့၊
မနေ့က ၂ဝ၁၇ ခုနှစ်  ဇူလိုင်လ ၅ ရက်
(စနေနေ့ ည ၁ဝး၄၅ နာရီမှာ) သူနေထိုင်တဲ့မြို့မှာ
ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ရ။

ကဗျာဆရာ ချိုစိမ့်ဟာ
(သူ့အဖိုး "အဘ သခင်ကိုယ်တော်မှိုင်း" လိုဘဲ
သူချစ်ခင်မြတ်နိုးတဲ့ မြန်မာပြည်သူပြည်သားတွေအတွက်
ကြိုးစားလုပ်ကိုင်နေရင်းနဲ့ ဖမ်းဆီးခံခဲ့ရ၊
မြန်မာပြည်ထဲက နရသိန်ထောင်အများအပြားထဲမှာ ချုပ်နှောင်ခံခဲ့ရ၊
ဒီလိုနဲ့ ပြည်ပမှာ ခိုလှုံနေထိုင်ရင်းနဲ့
(၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၅ ရက် စနေနေ့ညမှာ
သူနေထိုင်ရာ နော်ဝေနိုင်ငံ လီလီဟမ္မားမြို့ရဲ့
ဆေးးရုံတခုမှာဘဲ သူချစ်ခင်မြတ်နိုးတဲ့ သူ့နိုင်ငံ၊
သူချစ်ခင်မြတ်နိုးတဲ့ မြန်မာပြည်သူပြည်သားတွေ၊
သူ့ စာဖတ်ပရိတ်သတ်တွေနဲ့  မြန်မာပြည်သူပြည်သားတွေကို
ထာဝရနှုတ်ဆက်ခွဲခွာခဲ့ရပါပြီ။ ။

(ကဗျာဆရာ ချိုစိမ့်တယောက် ကောင်းရာဘုံဘဝရောက်ပါစေ)

Comments