သန့်ဇင်စိုး ● ပြန်လည်တမ်းတခြင်း

သန့်ဇင်စိုး ● ပြန်လည်တမ်းတခြင်း
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၇

(၁)
ဘဝမှာ ငါတော့ဖြင့် ဒါကို လုပ်လိုက်နိုင်ပါလျက်နဲ့ မလုပ်လိုက်မိလေခြင်းလို့ လူတော်တော်များများ တွေးမိဖူး ကြပါလိမ့်မယ်။ ငါ အထက်တန်းကျောင်းကသာ စာကို ပိုပြီး ဖိကြိုးစားလိုက်မယ်ဆိုရင် ခုလောက်ဆို ဒီထက် အဆင့်မြင့်တဲ့ အလုပ်မျိုးရမှာပဲ တို့၊ ငါသာ ဒီကောင်မလေးကို ငါ့ဘက်ယိုင်ပြီး အဆင်ပြေနေချိန်က ချစ်ရေးဆိုလိုက်မယ်ဆို ခုလို သူလှလာမှာမျိုးနဲ့ဆို အတော်ပဲဟေ့ တို့ လို နောင်တဆန်ဆန် အတွေးမျိုးဖြစ်ပါလိမ့်မယ်။ ခုမှတော့ အချိန်ခရီးသွားသလို နောက်ပြန်သွားပြီး လုပ်လို့ကလည်းမရ။ စိတ်ထဲဝင်လာတိုင်း သတိရတိုင်း နှမျော သလိုလို ခံစားမှု ပုံစံမျိုး ဖြစ်ပါတယ်။ ကိုရဲနွယ် တစ်ယောက်လည်း အဲဒီလို ခံစားမှုမျိုး ဖြစ်နေမိတယ်။ နောင်တရ သလိုလို၊ အပြစ်ရှိ သလိုလို ခံစားချက်မျိုး။ တခါတလေတော့လည်း "ငါနဲ့ ဘာဆိုင်လို့လဲ။ အနေသာကြီးပဲ" လို့ စိတ်တင်းရင်း ဖြေတွေးသေးတယ်။ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်တိုင်း ပြန်ပြန်တွေးမိပြီး အဲဒီခံစားချက် ပြန်ပြန်ဝင်လာတာပါပဲ။ ကိုရဲနွယ် တစ်ယောက် အချိန်ကို တစ်နှစ်လောက် နောက်ပြန်သွားနိုင်ရင် သူ့မျက်နှာကို ကြည့်၊ လက်မောင်းလေးကို ကိုင်ပြီး "အမေ နေကောင်းရဲ့လား" လို့ တစ်ခွန်းလောက်တော့ မေးမိမယ်ထင်တယ်။ တစ်ခွန်းလောက် "အမေ" လို့ ခေါ်ဖြစ်ခဲ့မယ် ဆိုရင် ပြန်တွေးတိုင်း ခုလောက် စိတ်မကောင်း နောင်တ ဖြစ်မှာ မဟုတ်လောက်ဘူး။

(၂)
ကိုရဲနွယ်အလုပ်လုပ်နေတဲ့ မီဒီယာ ကုမ္ပဏီရဲ့ လုပ်ငန်း အောင်မြင်လာခြင်းက အဲဒီအမျိုးသမီးကြီးနဲ့ သူ တွေ့ဖို့ အကြောင်းဖန် လာတာပေါ့။ ကိုရဲနွယ်က မီဒီယာရဲ့ ဘာသာပြန် ဌာနမှာ အလုပ်လုပ်တာ။ သူနဲ့ လုပ်ဖော်ကိုင်ဘက် စုစုပေါင်း ငါးယောက်ရှိတယ်။ ကုမ္ပဏီ စီးပွါးရေးအောင်မြင်လာတော့ ထုံးစံအတိုင်း ထပ်ချဲ့၊ ထပ်ချဲ့တော့ ဝန်ထမ်းတွေ ထပ်ခန့်ရတယ်။ ထပ်ခန့်တော့ ရုံးခန်းမှာ နေရာက မလောက်တော့ဘူး။ သူတို့ ကုမ္ပဏီက မြို့လယ်က ကွန်ဒိုတစ်ခုပေါ်မှာ အခန်း နှစ်ခန်းငှားပြီး ရုံးဖွင့်ထားတာ။ ကွန်ဒိုခန်း နှစ်ခန်းမှာ လူခြောက်ဆယ်လောက် ရဲ့ စားပွဲတွေ၊ ကွန်ပြူတာတွေနဲ့ အတော်လေး ကျပ်လာတယ်လို့ ဆိုရမယ်။ ဝန်ထမ်းတွေ နေရာ မလောက်တဲ့ ကိစ္စကို လတ်တလော ဖြေရှင်းဖို့အတွက် အစည်းအဝေးခေါ်တော့ နောက်ဆုံး ဆုံးဖြတ်ချက် ထွက်လာတယ်။ ဘာသာပြန်ဌာနကို အခန်းသတ်သတ်ငှားပေးမတဲ့။ ဘာသာပြန်သမား ငါးယောက်အတွက်ပဲ အခန်းသတ်သတ် ငှားပေးနိုင်မယ်လို့တော့ ကိုရဲနွယ်မထင်ပါ။ အစီအစဉ် အသေးစိတ်ထွက်လာတော့ သူတွေးထားတဲ့ အတိုင်းပင်။ အခန်းကို အသစ်ငှားပေးမှာ မဟုတ်။ သူတို့ ရုံးဘေးက သင်တန်းကျောင်းတစ်ခု ထဲမှာ အခန်းတစ်ခန်း လွတ်နေတယ်။ အဲဒီအခန်းကို သူတို့ မီဒီယာက ငှားသုံးမယ်ဆို ရုံးမှာ ဝန်ထမ်းတွေ ကျပ်နေတဲ့ ကိစ္စလည်း အထိုက်အလျောက် အဆင်ပြေ၊ ဟိုဘက်က သင်တန်းကျောင်းကလည်း အခန်းစရိတ် သက်သာ။ ကိုရဲနွယ်တို့ အဖွဲ့ကတော့ စားပွဲတွေ၊ ကွန်ပြူတာတွေ စာအုပ်စာတမ်းတွေ သယ်ပြီးတော့ ရုံးအသစ်လို့ ခေါ်ရမယ့် သင်တန်းကျောင်းထဲက အခန်းငယ်တစ်ခုကို ချီတက်ကြရတယ်။ သင်တန်းကျောင်းထဲက သီးသန့်အခန်းဆိုပေမဲ့ ကျောင်းဝန်ထမ်းတွေ၊ သင်တန်းသားတွေ နဲ့တော့ တွေ့တွေ့နေရတာပါပဲ။ လူသစ်တွေလို ဖြစ်နေပေမဲ့ တစ်လလောက် ကြာတော့လည်း ကျောင်းက ဝန်ထမ်းတွေ၊ ဆရာတွေနဲ့တောင် ခင်နေပြီ။ ဒီနေရာမှာ သင်တန်းကျောင်း သန့်ရှင်းရေး ဝန်ထမ်း အကား အကြောင်းကို ထည့်ပြောရပါမယ်။ အကား က ခပ်သွက်သွက် အသက် ၄၅ လောက် ဟိန္ဒူအမျိုးသမီး တစ်ယောက်ပါ။ ကွမ်းလေးမြုံ့ပြီး ကျောင်းထဲမှာ သန့်ရှင်းရေး လုပ်၊ နေခင်းဆို သင်တန်းကျောင်း ဝန်ထမ်း ကောင်မလေးတွေနဲ့ စကားပြောနေလေ့ရှိတယ်။ ကိုရဲနွယ် တို့ အခန်းကိုတော့ လုံးဝသန့်ရှင်းရေး မလုပ်ပေး။ သူ့ အလုပ်ရဲ့ ပိုင်နက်မဟုတ်တာ သိလို့ နေပါလိမ့်မယ်။ ကိုရဲနွယ်တို့ မီဒီယာရုံးက သန့်ရှင်းရေး သမားကလည်း သူများသင်တန်းကျောင်းထဲမို့ မလာပါဘူး။ သင်တန်းကျောင်းက သန့်ရှင်းရေး အကား ကလည်း သူ့အလုပ်မဟုတ် တော့ ဝင်ပြီး သန့်ရှင်းရေးမလုပ်။ ကိုရဲနွယ်တို့ ဘာသာပြန်တွေကလည်း ဖြစ်သလို နေတတ်တဲ့ ယောင်္ကျားလေး တွေပီပီ ပွရှုပ်နေတဲ့ စားပွဲတွေနဲ့ပဲ အလုပ်လုပ်နေကြတာပါပဲ။ ကိုရဲနွယ်ဆို ရုံးမှာ တစ်ခါတစ်လေ အိပ်တတ်တာမို့ အပိုယူလာတဲ့ အဝတ်တွေတောင် နံနေပြီ။ တံခါးကြားကို ပစ်ထားလိုက်တယ်။ လုပ်ဖော်ကိုင်ဘက် တွေကလည်း "မင်းပုဆိုးတွေ ချဉ်စော်နံတယ်ဟေ့" ဆိုတာလောက်ပဲ ပြောပြီး မေ့မေ့ပျောက်ပျောက် ပါပဲ။ တစ်နေ့ကျတော့ အကား သင်တန်းကျောင်းကို မလာတော့ဘူး။ ကျန်းမာရေး မကောင်းလို့ တစ်လ ခွင့်ယူတယ်ပြောကြတယ်။ အကား အစား သန့်ရှင်းရေး တစ်ယောက် အစားဝင်မယ် လို့လည်း ကြားတယ်။ အကား သာ နေမကောင်းမဖြစ်ခဲ့ရင် ကိုရဲနွယ်လည်း ခုလို နောင်တရနေရမှာ မဟုတ်ဘူး။
(၃)
ရုံးမြေညီထပ်က ဓာတ်လှေကား ရှေ့ကို ရောက်တော့ အင်္ကျီအဝတ်အစား ခပ်နွမ်းနွမ်းနဲ့ အသက် ၅၀ ကျော် ၆၀ နီးပါးလောက် အမျိုးသမီးကြီး တစ်ယောက် ရပ်နေတယ်။ ကိုရဲနွယ်ကိုတွေ့တော့ "အတော်ပဲ ဆရာရေ၊ ကျွန်မ ဒါကြီးကို ဘယ်လိုစီးရမှန်းမသိလို့" တဲ့ ပြောတယ်။ တကယ်တော့ ဓာတ်လှေကားက ခေါ်စရာ မလိုပါဘူး။ မြေညီထပ်မှာပဲ ရှိနေပြီးသား။ အတက်ခလုတ်လေး နှိပ်လိုက်ရင် အလိုလို တံခါးကပွင့်သွားမှာ။ ကိုရဲနွယ် လည်း ဝတ်ကျေတန်းကျေ ပြုံးပြလိုက်ရင်း ဓာတ်လှေကား တံခါးကို ဖွင့်ဝင်လိုက်တော့ သူလည်း လိုက်လာတယ်။ ကိုယ်သွားမယ့် ငါးလွှာခလုတ်ကို နှိပ်လိုက်ပြီး ခဏနေတော့ ဓာတ်လှေကားက ငြိမ့်ကနဲ တက်သွားတယ်။ တစ်လွှာ နှစ်လွှာ လောက်ရောက်မှ သတိရတယ်။ အဒေါ်ကြီး ဘယ်အလွှာကို သွားမှာလဲ သူမမေးလိုက်ရသေး။ "အဒေါ် ဘယ်အထပ်ကို သွားမှာလဲခင်ဗျ"

စက္ကန့်အနည်းငယ်ကြာတဲ့အထိ ဘာမှ ပြန်မပြောတော့ ကိုရဲနွယ် သူ့ကို လှမ်းကြည့်လိုက်တယ်။ အဒေါ်ကြီး က ကိုရဲနွယ်ကို ကြောင်ပြီး ကြည့်နေတယ်။ တစ်ခုခုတွေးနေလို့ သူ့ကို သတိမထားမိဘဲ စိုက်ကြည့်နေတာမျိုး မဟုတ်။ ကိုယ့်ကို ကြည့်နေကြောင်း သိသာတဲ့ အကြည့်မျိုး။

"အဒေါ် ကျွန်တော်က ငါးလွှာကို သွားမှာ။ အဒေါ်က ဘယ်နှစ်လွှာကို သွားမှာလဲ။ ဒီအထဲမှာ ခလုတ်ထပ်နှိပ်ရ သေးတယ်ဗျ"
"အော်.. ငါးထပ်ပဲ သားရေ ငါးထပ်ပဲ။ အင်္ဂလိပ်စာတွေ သင်တဲ့ကျောင်းကို သွားမှာလေ"

ခုကျတော့ ဆရာ လို့ မခေါ်တော့ပါလား။ ကိုရဲနွယ် သူ့ကို အကဲခတ်ကြည့်လိုက်တယ်။ အရွယ်ကတော့ သူ့အမေ ထက် နည်းနည်းလောက်တော့ ငယ်မယ်။ ဆံပင်က ဖြူမည်းကြား။ အင်္ကျီက တော်တော်နွမ်းနွမ်းပေမဲ့ သပ်သပ်ရပ်ရပ် ဝတ်ထားတယ်။ ဂျေးနည်းနည်း တက်နေတဲ့ ခြင်းတောင်းထဲမှာ ထမင်းချိုင့်နဲ့ ရေဘူးနဲ့။ ပိုက်ဆံ အိတ်လား ဘာလားမသိတဲ့ လက်ဆွဲကျန်ကျောင်းအိတ်တစ်ခုကို ခေါက်ထည့်ထားသေးတယ်။ အမယ် ရေဘူးက စစ်သားတွေ သုံးတဲ့ ဒန်ရေဘူးပါလား။ ကျောင်းမှာ တစ်ခါသုံးခွက်တွေနဲ့ ရေကြိုက်သလောက် သောက်လို့ရတာ သိဟန်မတူဘူး။ ဓာတ်လှေကားထဲကထွက်တော့ ကိုရဲနွယ် စပ်စုကြည့်တယ်။

"အကား အစား အလုပ်လာလုပ်တာလား အဒေါ်က"

"မရွှေဝင်း ကို ပြောတာထင်တယ်။ ဟုတ်တယ် သားရေ။ အမေက  မရွှေဝင်းတို့ အိမ်ဘေးမှာနေတာ။ သူချိတ်ပေးလို့ နေ့စားခရအောင် လာလုပ်တာ။ သက်တော့သက်သာတယ်ကြားတယ်။ သူနားနေတုန်း အစားဝင်မှာပါ"

ဟုတ်ကဲ့ လို့ တစ်ခွန်းထဲပြောရင်း ကိုယ့်အခန်းထဲ ကိုယ်ဝင်ခဲ့လိုက်တယ်။ ကွန်ပြူတာဖွင့်၊ နိုင်ငံတကာသတင်း စာမျက်နှာတွေ လိုက်ကြည့်၊ facebook ဖွင့် လိုက်နဲ့ လုပ်နေရင်း ဓာတ်လှေကားထဲက အကြည့်ကို ခေါင်းထဲ ပြန်ရောက်လာတယ်။ ဒီအဒေါ်ကြီးဟာ စိတ်မှကောင်းရဲ့လား မသိ။ facebook ကနေ စကားလာပြောနေတဲ့ ချစ်သူ ကိုတောင် သန့်ရှင်းရေး အသစ်ရောက်တယ်လို့ မဆီမဆိုင်ပြောပြလိုက်သေးတယ်။ သူကလည်း အင်း လို့ပဲ ပြန်ပြောတယ်။ မအားဘူးထင်တယ်။

ခဏနေတော့ အခန်းတံခါး ခေါက်သံကြားတယ်။ တံခါးက စေ့ထားတာပဲ။ "ဝင်ခဲ့ပါ" လို့ ကိုရဲနွယ် လှမ်းပြောလိုက်တယ်။ ကိုရဲနွယ်တို့ လုပ်ဖော်ကိုင်ဘက်တွေက တံခါးခေါက်လေ့မရှိ။ ဒါ သင်တန်းကျောင်းက ဝန်ထမ်းတစ်ယောက်ယောက်ဖြစ်လောက်တယ်။ ဝင်လာပါပြီ မနက်က အဒေါ်ကြီး။ တံမြက်စည်းတစ်လက်၊ ဂေါ်ပြားတစ်လက်နဲ့။ "သားရေ..။ သန့်ရှင်းရေး လုပ်မယ်နော်" တဲ့။ ခက်ပြီ။ သူတို့သင်တန်းကျောင်းနဲ့ ကိုရဲနွယ် တို့ ဘာသာပြန်သတင်းခန်းနဲ့က မဆိုင်ဘူးဆိုတာ ရှင်းပြရပြီ။ လုပ်ငန်းမတူကြောင်း၊ ဒါကြောင့် ဒီအခန်းဟာ ကျောင်းသန့်ရှင်းရေးဝန်ထမ်းအနေနဲ့ ဝင်လုပ်ပေးဖို့ မလိုကြောင်း ပြောပြရတယ်။ အဒေါ်ကြီးက ကိုရဲနွယ် သိုင်းဝိုင်းပြီး ရှင်းပြနေတာကို ပြုံးပြီး ကြည့်နေတယ်။ မင်း ပြောချင်ရာ ပြောစမ်း ချာတိတ်ကလေး ဆိုတဲ့ မျက်နှာမျိုးနဲ့။ ဘာလို့မှန်းမသိဘူး သူ အဲဒီလို ပြုံးပြီး ကြည့်နေတာကို မကြိုက်ဘူး။ အိမ်ပြန်ဖြစ်တဲ့နေ့ အမေ့ကို လစာထဲက ငွေတစ်ချို့အပ်ရင် အမေလည်း သူ့ကို အဲဒီလို ကြည့်ဖူးတယ်ထင်တယ်။ သူကတော့ တစ်ခွန်းထဲ ပြောတယ်။ "အို..တစ်ခန်းလောက် တံမြက်စည်း ပိုလှည်း လိုက်တာ ဘာဖြစ်မှာ မို့လို့လဲ။ ဟိုရုံးတွေ ဒီရုံးတွေ နားရှုပ်စရာကြီး" ဆိုပြီး သူ့ဘာသာ သူသတ်မှတ်လိုက်တဲ့ အလုပ်ကို စလုပ်နေတော့တယ်။ တကယ်ဆို "ဆရာ ရယ်။ အပန်းမကြီးပါဘူး ကျွန်မလှည်းလိုက်ပါ့မယ်" ဆို ကိုရဲနွယ် ကျေးဇူးတောင်တင်ဦးမယ်။ သူတို့အခန်းက သန့်ရှင်းရေးမလုပ်ဖြစ်တာ ပြောင်းလာကတည်းက ကိုး။ အဒေါ်ကြီး ဟာ တံမြက်စည်းလှည်းနေရင်းလည်း ပါးစပ်က အငြိမ်မနေ။ "ယောင်္ကျားလေးတွေချည်းပဲထင်တယ်။ ဘာလို့များ ယောင်္ကျားလေးတွေဟာ ညစ်ပတ် ကြသလဲ မသိဘူးနော်" ဆိုပဲ။ သူ့ကို အာရုံထဲမထားတော့ဘဲ ချစ်သူကို စကားလှမ်းပြောမယ်ဆိုပြီး ကွန်ပြူတာကို ကြည့်လိုက်တော့ offline ပြနေပြီ။ ညနေဖောင်ပိတ်အတွက် ကောင်းမယ့် သတင်းတွေကို လိုက်ရွေးနေလိုက်တယ်။

"သားက ဘယ်မှာနေတာလဲကွ"

"အောင်မလေး လန့်လိုက်တာဗျ" ကိုရဲနွယ် လန့်သွားတယ်။ အာရုံက ရိုက်တာသတင်းဌာနရဲ့ အင်တာနက် စာမျက်နှာထဲမှာ ရောက်နေတုန်း သူ့စားပွဲကို ကာထားတဲ့ အလူမီနီယမ်ခြံအကာလေးပေါ်ကနေ ရုတ်တရက် ခေါင်းကြီးပေါ်လာပြီး မေးလိုက်တာကြောင့်ပါ။ တော်တော်စကားများတဲ့ အဒေါ်ကြီးပဲ။ ဒီနေ့မှ သိကြတာကို။ နောင်ဘယ်လို ကင်းကင်းနေရင် ကောင်းမလဲ ဆိုပြီး စိတ်ထဲတွေးလိုက်တယ်။

"လှည်းတန်းခင်ဗျ"

"လှည်းတန်းတွေ၊ လှေတန်းတွေလည်း မသိပါဘူးကွာ။ သားတို့ ရန်ကုန်က နားတွေလည်းငြီး၊ ပူလည်းပူတယ်" လို့ ပြောပြီး လှည်းပြီးသားအမှိုက်တွေကို ပြန်သိမ်းရင်းထွက်သွားတယ်။

(၄)
တနင်္လာနေ့မနက် ကိုရဲနွယ် ရုံးအလာနောက်ကျတယ်။ နောက်ကျဆို ညတုန်းက အခန်းအတူနေ သူငယ်ချင်းတွေနဲ့ မန္တလေးရမ် သောက်တာ နှစ်တောင့်တောင် ကုန်တာကိုး။ အိပ်ရာနိုးတော့ မနက် ၉ နာရီခွဲ။ အစည်းအဝေးလည်းမမှီတော့။ ခေါင်းကလည်း ကိုက်သလိုလို အမူးပဲ မပြေသေးသလိုလို။ ရုံးပေါ်ရောက်ပြီး အခန်းထဲဝင်လိုက်တော့ အစည်းအဝေးနေ့မို့ ထင်တယ် ဘာသာပြန်အယ်ဒီတာတွေ အကုန်လူစုံနေတယ်။ ကိုကျော်ကြီး က လှမ်းပြောတယ်။ "ဟိတ်ရောင်..။ မင်းအမေ မင်းကို လိုက်ရှာနေတယ်ကွ"

ကိုရဲနွယ် ကြောင်သွားတယ်။ အမေနဲ့ မနေ့ကမှ ဖုန်းဆက်ဖြစ်သေးတယ်။ ပြီးတော့ အမေက မြို့ထဲဘက် ရောက်လို့ ရုံးကို ဝင်မယ်ဆို သူ့ကို အရင်ဖုန်းဆက်နေကျ။ ဘာများဖြစ်လို့ပါလိမ့်။

"မင်းအမေဆိုတာ မင်းအမေကို ပြောတာမဟုတ်ဘူး ရဲကြီးရေ။ သန့်ရှင်းရေးအသစ် အဒေါ်ကြီးကို ပြောတာ။ မနက်ထဲက မင်းစားပွဲကို လက်ညှိုးထိုးပြီး ဆရာရေ ဒီနေရာက သား မလာသေးဘူးလားလို့ ငါတို့ကို မေးနေတာ နှစ်ခါတောင် ရှိပြီကွ"

ဘာဖြစ်လို့ပါလိမ့် တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီအဒေါ်ကြီးကို ကြည့်ရတာ တမျိုးပဲ။ သူကြည့်တဲ့ မျက်လုံးတွေက စူးစူးစိုက်စိုက်ကြီး လိုလို ရီဝေဝေကြီး လိုလို။ ပြီတီတီကြီးတော့ မဟုတ်။ ဆေးလိပ်သောက်ဖို့ အပြင်ထွက်လာခဲ့လိုက်တယ်။ ဆေးလိပ်သောက်လိုက်မှ ခေါင်းက ပိုပြီး ကိုက်လာသလိုလို ရှိတယ်။ သင်တန်းကျောင်းထဲ ပြန်ဝင်လိုက်တော့ ဟော တွေ့ပါပြီ ကိုယ့်အဒေါ်ကြီး။

"သားရေ ကျောင်းမှာ ကော်ဖီမှုန့်တွေ အများကြီးပဲ။ ကော်ဖီသောက်မလား အမေ ဖျော်လိုက်မယ်လေ"

သူ့ကိုယ်သူ အမေ ဆိုပါလား။ ကော်ဖီကိုတော့ ကိုရဲနွယ် စိတ်ဝင်စားသွားတယ်။ ခေါင်းက ကိုက်နေတာကိုး။ "နို့မှုန့် မထည့်နဲ့ သကြားလျှော့နော် အဒေါ်။ ကျေးဇူးပဲဗျ" လို့ ပြောလိုက်တယ်။ ထုံးစံအတိုင်း အကြည့်တစ်ခု နဲ့ အပြုံးတစ်ခုတော့ ရလိုက်သေးတယ်။ ခဏကျတော့ စားပွဲကို ကော်ဖီတစ်ခွက်လာပို့တယ်။ ကိုကျော်ကြီး က နောက်နေသေးတယ်။ "အဒေါ်က ဘက်လိုက်တယ်နော်။ ကျွန်တော်တို့ကျတော့ မတိုက်ဘူး" လို့ ပြောတော့ "ဆရာတို့သောက်ချင်ရင်ပြောလေ ကျွန်မ ဖျော်ပေးပါ့မယ်" လို့ ပြောသွားသေးတယ်။ ကော်ဖီက အကောင်းကြီး မဟုတ်ပေမဲ့ အတော်ကောင်းတယ်လို့ ဆိုရမယ်။ ခေါင်းကြည်သွားတယ် ထင်ရတယ်။ အဲဒီ ကော်ဖီ က အစပြုလို့ နောင်ခဏခဏ ဝင်ဝင်လာပြီး တစ်ခုပြီး တစ်ခုကျွေးတော့တယ်။ "သားရေ သင်တန်းဆင်းပွဲက လက်ဘက်တွေ ပိုလို့ ထမင်းနဲ့ နယ်ထားတယ် စားကြည့်စမ်း" တို့၊ "သားရေ မင်း ဆေးလိပ်သောက်တာ များတယ်လို့ မထင်ဘူးလားကွ" တို့ "သားခဏ ထပါလား။ မင်းစားပွဲက ရှုပ်ပွနေတာပဲ အမေရှင်းစမ်းမယ်" တို့ ဆက်တိုက်ကြုံရတော့တယ်။

တစ်ရက်ဘာပြောတယ်မှတ်လဲ။ "သား ဒီအဝတ်ပုံကြီးက မင်းဟာ မဟုတ်လား။ အမေအိမ်ယူသွားပြီး လျှော်လို့ ရမလား" တဲ့။

"မယူပါနဲ့ဗျာ။ ကျွန်တော် ဆိုင်ပို့မှာပါ။ မအားသေးလို့ပါ"

"မပို့နဲ့တော့ ဒီနေ့ယူသွားမယ်။ သန်ဘက်ခါ မီးပူတိုက်ပြီး ပြန်ယူခဲ့မယ်"

ကိုရဲနွယ် အဲဒီမှာ တစ်ခုသွားပြီး စဉ်းစားမိတယ်။ ဆိုင်ပို့လည်း ပိုက်ဆံပေးရမယ့်အတူတူ အဒေါ်ကြီးကို ပေးလိုက်ရင် သူလည်း အဝတ်လျှော်ခ ရမယ်။ ကိုရဲနွယ်လည်း ဘိုကလေး ဈေးလမ်းအထိ သွားစရာ မလိုတော့ဘူးပေါ့။

"ဒါဆိုလည်း ယူသွား အဒေါ်ရာ ဟောဒီမှာ ဆပ်ပြာဖိုး" ဆိုပြီးတော့ ငွေလေးထောင်ကို ထုတ်ပေးလိုက်တယ်။ သူက စေတနာနဲ့ လျှော်ပေးမယ် ပြောနေတော့ ကိုယ်က အဝတ်လျှော်ခယူ ဆိုပြီး ပေးလို့ကလည်း မဖြစ်။ "အိမ်မှာ ဆပ်ပြာရှိသားပဲ" ဆိုပြီး ခံတံတံ လုပ်နေလို့ ဆပ်ပြာဖိုးမယူရင် အဝတ်တွေ မယူသွားရဖူး ပြောလိုက်တာ "ငါ့သားလေး ကျန်းမာပါစေ၊ ချမ်းသာပါစေ" ပြောပြီး ငွေလေးထောင်ကို ယူသွားတယ်။ ပိုက်ဆံအပ်ရင် ဆုပေးတဲ့ အမေ့ကိုတောင် သတိရသေး။ တစ်ခုတွေးမိတာက ဒီအဒေါ်ကြီး က သူ့ဆီက ငွေချူဖို့များ အရောလာဝင်နေတာလားမသိဘူးလို့။ "အညာသူ တွေက လူလည်တွေကွ" ဆိုပြီး အမေ့ကို မကျေနပ်ရင် ပွစိပွစိ လာပြောနေတဲ့ အဖေ့စကားသံကို ကြားယောင်မိသေး။

ဆိုင်မှာ အဝတ်တွေအပ်ရင် ပလက်စတစ်အိတ်လေးနဲ့ အသစ်လို ထုပ်ပိုးပေးတာတို့၊ အမွှေးရည် အကောင်းစား တွေ ဖြန်းပေးလိုက်တာတို့ ဝန်ဆောင်မှုတွေ မရတော့ပေမဲ့ အဒေါ်ကြီး လျှော်ပေးတဲ့ လက်ရာက သပ်ရပ်တယ်။ မီးပူလည်း သေချာတိုက်ပေးထားတယ်။ နောက်ပိုင်းကျတော့ သူ့အဝတ်တွေ ယူသွားရင် ကိုရဲနွယ်ကိုတောင် မပြောတော့။ "သား ကော်ဖီ သောက်မလား" လို့လည်း မမေးတောဘူး ။ နေ့ခင်းဆို ကော်ဖီ တစ်ခွက်ကတော့ ပုံမှန် ရောက်လာတယ်။ တခါတခါ အပြင်က ဝယ်ထားတဲ့ မုန့်တွေဘာတွေ ပါလာလို့ သွားပြောရသေးတယ်။ "အဒေါ်ကြီး ပိုက်ဆံအကုန်ခံပြီး မုန့်တွေဘာတွေ အပြင်က မဝယ်ပါနဲ့ဗျ။ ကျွန်တော်က နေ့ခင်း မုန့်မစားဘူး"

"အေးပါကွာ။ မစားချင်ရင် မထည့်ပေးတော့ပါဘူး ကိုကြီးကျယ်ရယ်"

"ကြီးကျယ်တာ မဟုတ်ပါဘူးဗျာ။ ပိုက်ဆံကုန်မှာ စိုးလို့ပါ" လို့ ပြောတော့ မကြားတကြား "ပိုက်ဆံကုန်တာများ" လို့ ပြောပြီးထထွက်သွားတယ်။ အဲဒီလို အဒေါ်ကြီးက။ သီတင်းပတ် သုံးပတ်လောက်ကြာတော့ အဒေါ်ကြီးကို ကိုရဲနွယ်လည်း တော်တော်ခင်လာတယ်။ ရုံးမှာထားတဲ့ အဝတ်တွေအပြင် အိမ်ကလျှော်မယ့် အဝတ်တွေတောင် ရုံးကို ယူယူလာပြီး အဒေါ်ကြီးကို တမင်ပေးတယ်။ ပိုလျှော်တော့ ပို ပိုက်ဆံပေးလို့ ကောင်းတာပေါ့။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဘက်တွေက မင်းအမေရော တို့ မင်းအမေလာရှာတယ်တို့ မင်းအမေ ခေါ်လိုက်ပါဦး တို့ ပြောလာရင်တော့ ပါးစပ်က ထုတ်မပြောပေမဲ့ စိတ်ထဲမှာ သိပ်မကျေနပ်။ ဘာဖြစ်လို့ မကျေနပ်မှန်းလည်း သေချာတော့မသိဘူး။ ဖြစ်နိုင်တာက သန့်ရှင်းရေးမိန်းမကြီးကို မင်းအမေလို့ ပြောတာကို စိတ်ထဲက မကျေနပ်တာ ဖြစ်လောက်တယ်။ ဒါကြောင့်ထင်တယ်။ အဒေါ်ကြီးနဲ့ စကားပြောတိုင်း "အဒေါ်" ဆိုတဲ့ အခေါ်အဝေါ်ကို ပိုပိုသာသာ လေး ခေါ်လိုက်တာပဲ။ သူကတော့ "သားရေ" "အမေ ကလေ" ဆိုတဲ့ အသုံးအနူံးတွေကို အေးအေးဆေးဆေးပဲ ပြောနေတယ်။ ကိုရဲနွယ် အလုပ်ကိစ္စတစ်ခုနဲ့ ခရီးမသွားရခင် အထိပေါ့။

(၅)
သင်တန်းကျောင်း ဝင်ပေါက်နားက ထိုင်ခုံမှာ ကွမ်းလေးတမြုံ့မြုံ့ နဲ့ အကား ကို တွေ့လိုက်ရတယ်။

သတင်းရေးဖို့ အချိန်နောက်ကျနေလို့ ကိုရဲနွယ်လည်း ခပ်သုတ်သုတ်ပဲ နူတ်ဆက်လိုက်ပါတယ်။

"နေကောင်းသွားပြီလားဗျ"

"ဟုတ်ကဲ့ ကောင်းသွားပြီရှင့်။ ရုံးပြန်တက်နေတာတောင် ၃ ရက်လောက်ရှိပြီ"
ကိုရဲနွယ်လည်း ကိုယ့်အခန်းထဲက အလုပ်စားပွဲကိုရောက်မှ ထိုင်ခုံပေါ် တင်ထားတဲ့ အဝတ်ထုပ်ကြီးကို တွေ့တယ်။ လျှော်ဖို့ အဒေါ်ကြီးကို အပ်ထားတဲ့ အဝတ်တွေပဲ။ သပ်သပ်ရပ်ရပ် သူ့အမျိုးအစားအလိုက် မီးပူတိုက်ထားတာ ကော့လို့။ အဝတ်တွေကို မြင်မှ အဒေါ်ကြီးကို သတိရသွား တယ်။ အကား ရုံးပြန်တက်ပြီဆိုတော့ သူမလာတော့ဘူးပေါ့။ ကော်ဖီတောင် သောက်ချင်လာသလိုလိုပဲ။ အဝတ်တွေ လျှော်ဖို့ အပ်ရတာ အဆင်ပြေပါတယ်ဆိုမှ အဒေါ်ကြီးက မရှိတော့ဘူး။ နောက်ဆို ဘိုကလေးဈေးလမ်းထဲထိ သွားရတော့မယ်။ အကား က အခန်းထဲကို သန့်ရှင်းရေးဝင်လုပ်မှာ မဟုတ်တော့ နောင်ဆို ပြန်ပွတော့မှာပဲ လို့လည်း တွေးမိတယ်။

ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမယ်လို့ ထင်ပေမယ့် တစ်ချက် တစ်ချက် ထူးထူးဆန်းဆန်း အဒေါ်ကြီးကို သတိရတတ်တယ်။ သန့်ရှင်းရေး အလုပ် မလုပ်ရတော့ဘူးဆိုတော့ သူအဆင်မှ ပြေပါ့မလား။ သူက သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ပေမယ့် အဝတ်အစားလေးတွေ ဝတ်လာတာ နွမ်းဟောင်းနေတော့ ချို့တဲ့သူမှန်း သိသာပါတယ်။ သူရုံးနောက်ဆုံးလာတဲ့နေ့က ကိုရဲနွယ်သာ ရုံးမှာရှိရင် မုန့်ဖိုးအဖြစ် တစ်သောင်း၊ တစ်သောင်းခွဲလောက်တော့ ပေးလိုက်မိမယ်ထင်တယ်။  သူအကျင့်လုပ်ပေးသွားတာ နေ့ခင်းဆို ကော်ဖီ တောင် သောက်ချင်လာတတ်နေပြီ။ ပွနေတဲ့ စားပွဲကို ကြည့်ပြီး အဒေါ်ကြီးသာရှိရင် ပိုင်စိုးပိုင်နင်းနဲ့ စားပွဲကို အတင်းဝင်ရှင်းတာကို သတိရမိတယ်။ တစ်ရက်တော့ အဒေါ်ကြီး အကြောင်းကို အကား ဆီမှာ သွားမေးလိုက်တယ်။ အဲဒီနေ့က အကား က ထုံးစံအတိုင်း ကျောင်းဝင်ပေါက်ဘေးက ခုံကလေးမှာ ထိုင်လို့။ ကျောင်း ဧည့်ကြိုကောင်တာမှာ ဝန်ထမ်းကောင်မလေးက ဖုန်းထိုင်ပွတ်နေတယ်။

"သူက ကျွန်မ နဲ့ သိပ်အခင်ကြီးမဟုတ်ပါဘူး။ ကျွန်မတို့ ရပ်ကွက်ထဲက သူ့အမျိုးအိမ်ကို နယ်ကနေ လာလည်ရင်း ကျွန်မ ရက်ရှည် အလုပ်နားတော့ သူဝင်လုပ်ပေးမယ်ဆိုပြီး လာတာပဲ။ အလုပ်ကပြန်လာရင် ကျွန်မ ဖို့ မုန့်တွေဘာတွေ ဝယ်လာတယ်။ ကျွန်မကြောင့်သာ ဒီသန့်ရှင်းရေးခ ရတာဆိုပြီး ပြောတယ်။ မဝယ်လာပါနဲ့ ဆိုလည်းမရဘူး။ ခုတော့ အညာဘက်ပြန်သွားပြီ။ ပြောပါတယ်..ဘာမြို့ဆိုလား။ ကျွန်မလည်း မခေါ်တတ်ဘူး။ ကိုရဲနွယ် က ဘာဖြစ်လို့လဲ"

အကား ရဲ့ ရှည်လျားတဲ့ ပြောပြချက်ပြီးတော့ ကိုရဲနွယ်လည်း ဘာပြန်ပြောရမှန်းမသိဘူး။ "ဒီလိုပါပဲ မေးကြည့်တာ။ သူက သဘောကောင်းတယ်လေ" ဆိုပြီး ပြီးစလွယ် ပြောလိုက်တယ်။ အဲဒီမှာ ဧည့်ကြိုကောင်တာ ပေါ်က ကောင်မလေး က ဖုန်းကနေ မျက်နှာခွါပြီး ဝင်ပြောတော့တာပဲ။

"ဒေါ်ကြီးအေးဝေ က ကိုရဲကြီး ကို နူတ်ဆက်သွားတယ်လို့ ပြောပေးပါတဲ့ ပြောသွားသေးတယ်။ သူဘယ်နေ့ ပြန်လာမှာလဲဆိုပြီး အစ်ကို တို့ ရုံးဘက်တောင် သွားမေးနေသေးတယ်။ ဒေါ်ကြီး က ကိုရဲကြီးကို သိပ်ချစ်တာပဲ"
အကား ကလဲ ဝင်ပြောတယ်။ "ဟုတ်တယ် ဟုတ်တယ်။ ရပ်ကွက်ထဲပြန်လာလို့ ကျွန်မနဲ့ တွေ့ရင်လည်း ကိုရဲနွယ် အကြောင်းတွေပဲ ပြောပြနေတာ။ ကိုရဲနွယ် ဘယ်လိုညစ်ပတ်တဲ့အကြောင်း၊ စိတ်ကောင်းရှိတဲ့ အကြောင်း၊ ကိုရဲနွယ် စားပွဲပေါ်က ဓာတ်ပုံထဲက ကောင်မလေးပုံ ချောတဲ့အကြောင်း စုံနေတာပဲ။ ကျွန်မ ကတောင် အစ်မကို သင်တန်းကျောင်းသန့်ရှင်းရေးလုပ်ခိုင်းတာနော်။ ဟိုမီဒီယာ မှာ လုပ်ခိုင်းတာမဟုတ်ဘူးလို့ ပြောလိုက်ရသေးတယ်" ကိုရဲနွယ်လည်း အဟဲ ဆိုပြီး ရယ်ပြပြီး အူကြောင်ကြောင်ဖြစ်နေတယ်။ သင်တန်းကျောင်း ဧည့်ကြိုကောင်မလေး ဝင်ပြောမှ အကြောင်းရင်းကို သိတော့တယ်။

"ကိုရဲကြီးကို ဒေါ်ကြီး က ဘာဖြစ်လို့ ချစ်တာလဲ သိလား"

"တို့ အယ်ဒီတာ ကြီးက ခန့်ချောကြီးမို့ နေမှာပေါ့" လို့ အကား က ဝင်နောက်တယ်။

"ဘယ်ကလာ။ သမီး ကို တစ်ရက်ပြောပြတယ်။ ရဲကြီး က သူ့သားနဲ့ သိပ်တူတာပဲတဲ့။ မျက်နှာသာ တူတာမဟုတ်ဘူးတဲ့။ ရယ်လိုက်ရင် မျက်စိပိတ်သွားတာ၊ နူတ်ခမ်းမွှေးထိုးထိုးထောင်ထောင်နဲ့ နေတာလည်း တူတာပဲတဲ့။ မတူတာက သူ့သားက ကိုရဲကြီးလို ပညာတတ်မဟုတ်ဘူးတဲ့။ "

အော် အဲဒါကြောင့် သူပြုံးပြီးကြည့်တဲ့ပုံက အိမ်က အမေရဲ့ မျက်လုံးတွေနဲ့ တူနေတာကိုး။ ကိုရဲနွယ် နည်းနည်းတောင် စိတ်မကောင်းဖြစ်သွားတယ်။ အေးပေါ့လေ။ သူ့သားနဲ့ တူတော့ အလွမ်းပြေ ပြုစုပေးတာ နေမှာပေါ့။

"သူ့ရဲ့ အဲဒီသားတော်မောင် က ဘယ်ရောက်သွားတာ တဲ့လဲ"။ ဟုတ်တယ်လေ မေးရမယ်။ ကိုယ့်အမေသာဆို သူများနေရာမှာလာပြီး သန့်ရှင်းရေးမလုပ်ခိုင်းပါဘူး။ လိုအပ်တာတော့ ပြည့်စုံအောင်ထောက်ပံ့ပေးပြီး အနားယူ ခိုင်းမှာ။

"သူ့သား က ဆုံးသွားပြီးလေ။ စစ်သားတဲ့ ။ တိုက်ပွဲကျသွားတာ ကချင် ဘက်မှာဆိုပဲ။ သူ့ယောင်္ကျားကလည်း စစ်သားပဲတဲ့ သူလည်း တိုက်ပွဲကျပြီး သေတာတဲ့။ သမီးကို အဲလိုပဲ ပြောပြတာ"

ကိုရဲနွယ်ရော အကားရော ခဏ တိတ်ဆိတ်သွားတယ်။ ကောင်မလေး ကတော့ သူ့ဖုန်းကို ဆက်ပွတ်နေတယ်။ ကိုရဲနွယ်ရင်ထဲမှာ ဘာမှန်းမသိတာကြီး ခံစားရပြီး ဝမ်းနည်းသလို၊ နောင်တ ရသလို ဖြစ်လာတယ်။ သူသာ ခပ်စိမ်းစိမ်း မဆက်ဆံဘဲ ဒီထက် နွေးနွေးထွေးထွေး ဆက်ဆံခဲ့ရင်၊ ဒါမှမဟုတ် "အမေ" လို့ ခေါ်ပြီး ဆက်ဆံခဲ့ရင် သားဖြစ်သူကို လွမ်းနေတဲ့ အဒေါ်ကြီး သိပ်ကို ပျော်မှာ။ ကိုရဲနွယ် ဆေးလိပ် သောက်ချင်လာတယ်။

(၆)
ကိုလံဘီယာ လက်ဝဲသူပုန်များနှင့် အစိုးရတပ်များ ပြင်းထန်စွာတိုက်ပွဲဖြစ်၊ နှစ်ဘက်အကျအဆုံးများပြား
ဘိုဂိုတာ၊ စက်တင်ဘာ ၂၅

သတင်းခေါင်းစဉ် တပ်လိုက်ပြီးမှ ကိုရဲနွယ် စာဆက်မရေးနိုင်ဘူး။ အဒေါ်ကြီးကို သတိရတာပေါ့။ သေသွားတဲ့ ကိုလံဘီယာ သူပုန်တွေနဲ့ အစိုးရတပ်သားတွေမှာ အဒေါ်ကြီးလို အမေတွေ ရှိမှာ သိပ်သေချာတာပဲ။ ဒါဆို အဲဒီလို အသည်းကွဲပြီး လွမ်းနေတဲ့ မိခင်တွေ ဘယ်လောက်တောင်မှ ရှိလိမ့်မလဲ။ စစ်ပွဲတွေမရှိရင် မိန်းမကြီးတွေ အသည်းမကွဲ ရတော့ဘူး။ အဒေါ်ကြီးလည်း သူ့သားကို လွမ်းနေရမှာ မဟုတ်ဘူး။ ဒါဆို ကိုရဲနွယ်လည်း "အမေ" လို့ မခေါ်ဖြစ်လိုက်တဲ့အတွက် စိတ်မကောင်းဖြစ်နေစရာ မလိုတော့ဘူး။

သန့်ဇင်စိုး

Comments