ဝေယု ● ဆက်သွယ်မှုဧရိယာပြင်ပတွေ

ဝေယု ● ဆက်သွယ်မှုဧရိယာပြင်ပတွေ
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၇

သွားတွေမပါရင်
ဘာနဲ့ဝါးရမလဲ
ခြေထောက်မပါရင်
ဘာနဲ့လျှောက်ရမလဲ
ဒီမိုကရေစီအကြောင်း
ကဗျာရေးရတာပျင်းတယ်။

မြို့တွေအကြောင်း
တီးမိခေါက်မိရုံပါပဲ
နိုင်ငံရေးအကြောင်း
နေနိုင်လွန်းပါတယ်
ဟိုအရေးဒီအရေးတော့
ကျင်းထဲကြပ်ထဲ နားနားနေနေ
မနေနိုင်တဲ့အကြောင်း။

လမ်းဟာ
ဒလိမ့်ခေါက်ကွေးသွားနေရတဲ့ ပက်ကျိတကောင်အကြောင်းပဲ
အစိမ်းရောင်ရှုခင်းထဲ
မြွေဟောက်တကောင်
ပါးပျဉ်းထောင်လာတယ်။

ဘဝဟာ
ဈေးသွားဈေးပြန်
ချည်မျှင်ချည်ထည်တွေဆီကရလာတဲ့
အနံ့တွေအကြောင်းပဲ။

တဦးနဲ့တဦး
ညီရင်းအကိုတမျှ ချစ်ကြည်ရင်းနှီးကြ
ဒါတောင်မှ
သူ့ဘဝလေး လေထဲ တဲတဲလေးရယ်။

ငါအကြောင်းမပြန်လိုဘူး
ငါ့အကြောင်းနဲ့ငါ ရှိစေတော့
ငါအကြောင်းမပြန်လိုဘူး
မင်းအကြောင်းနဲ့မင်း သာယာချမ်းမြရှိစေတော့။

ရပ်ထဲရွာထဲကျော်ကြားမဲ့အလုပ်ဆိုတာ
ငါမပါတဲ့ ငါ့ဘဝ ငါ့တိုင်းပြည် ငါ့အကြောင်းတွေဆီက လာတာပဲ
မင်းမပါတဲ့ မင်းဘဝ မင်းတိုင်းပြည် မင်းအကြောင်းတွေဆီက လာတာပဲ။         ။

ဝေယု

Comments