ဂျူနီယာဝင်း - ပြတိုက်ပေါ်တင်လိုက်တဲ့ အိုလီဖင့်၏နိုင်ငံရေးကာတွန်းများ



ဂျူနီယာဝင်း - ပြတိုက်ပေါ်တင်လိုက်တဲ့ အိုလီဖင့်၏နိုင်ငံရေးကာတွန်းများ 

(အတွေးအမြင်၊ စက်တင်ဘာ၊ ၂၀၁၇) မိုးမခ၊ စက်တင်ဘာ ၁၁၊ ၂၀၁၇

ပြတိုက်တွေမှာ နိုင်ငံရေး ကာတွန်းတွေကို ပြသထားဖို့ သဘောတူပါသလား တဲ့။ ဒီမေးခွန်းကို စမေးသူကတော့ အိုလီဖင့်ရဲ့ ကာရီကေးချားပုံများ နှစ်အစိတ်ခရီးဆိုပြီး ပြသခဲ့တဲ့ ၀ါရှင်တန်က အမျိုးသားပြတိုက် - ခေါ် - ပုံတူများပြသခန်း ဥက္ကဌတွေ ဖြစ်ပါတယ်။

အဖြေကတော့ ဒီကာတွန်းတွေဟာတဲ့၊ လူတွေကို စိတ်ပျော်ရွှင်စေတယ်။ နောက်တစ်ချက်က စာဖတ်သူတွေအတွက် သည်လို နိုင်ငံရေးကာတွန်းတွေ ကိုဖတ်ပြီး သူတို့ရင်ထဲက မကျေနပ်မူတွေကို လက်စားခြေလိုက်ရသလို ခံစားမူတွေ ပေးပါသတဲ့။

ဒါပေမယ့် နိုင်ငံရေးကာတွန်းတွေဟာ သည့်ထက်မကသော အခွင့်အရေးတွေကို ပေးနေပါသေးတယ်။ တော်တော်လေး သေသပ်တဲ့ နိုင်ငံေ၇းကာတွန်းများဟာ လူတွေရဲ့ နေပုံထိုင်ပုံတွေရဲ့ အပြစ်အနာအဆာတွေနဲ့ ပတ်သက်ပြီးတော့လည်း သင်ခန်းစာပေးတယ်။ လူတွေကိုစဉ်းစားစရာ၊ တွေဝေစရာ၊ တွေးစရာတွေဟာ ရယ်စရာမောစရာတွေထဲ ရောနှောဝင်ရောက်နေဦးမှာ ဖြစ်ပါတယ်။

သည်လို နိုင်ငံရေးကာတွန်းတွေကို ပြတိုက်မှာ ထားတာဟာ ပြတိုက်ဆိုတဲ့ အဆင့်အတန်းကို မညှိုးနွမ်းစေပါဘူးလို့ ဆိုတယ်။ အဲဒီရဲ့ ဆန့်ကျင်ဖက်တောင် ဖြစ်လိုက်ပါသေးတယ်။ အဲဒီကာတွန်းတွေကနေ ကျွနု်ပ်တို့ သတိမမူမိလိုက်တာတွေကို တွေ့မြင်သွားစေတယ်။ ဒီလိုနဲ့ နိုင်ငံရေးကာတွန်းဘ၀ဟာ သည့်ထက် အဒွန့်ရှည်သွားပါဦးမယ်။

၁၉၆၄ခုနှစ်မှာ ပြခန်းဥက္ကဌများက ပက်ထရစ်အိုလီဖင့်ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ နိုင်ငံရေးကာတွန်း ၄၀ကို စုစည်းခဲ့ကြတယ်။ အဲဒီထဲမှာ သူ့လက်ရာ ပန်းပု ရုပ်တုတွေပါတယ်။ အဲဒီပန်းပုလက်ရာတွေဟာ သူရေးဆွဲတဲ့ နိုင်ငံေ၇းပုဂ္ဂိုလ်များရဲ့ ကယ်ရီကေးချားပုံတွေကနေ ထွက်ပေါ်လာတာတွေဖြစ်ပါတယ်။ ဒါတွေကို ကာတွန်းလက်ရာတွေနဲ့ ယှဉ်တွဲပြထားတာကိုက သူဟာ အနုပညာအလုပ် ၂ခုလုပ်တယ်လို့ ဖော်ညွှန်းရာရောက်နေပါတယ်။ ဒါ့အပြင် သူ့ရဲ့တချို့သော မှတ်စုတွေကိုလည်း ပြသထားပါတယ်။

ဒီဆောင်းပါးကို ရေးနေရင်းနဲ့ ၁၉ ရာစု ပြင်သစ်ကာတွန်းဆရာ၊ ပန်းချီဆရာ အိုနော်ရေး ဒိုမီရေး ဆိုတဲ့ နိုင်ငံရေးသရော်တဲ့ကာတွန်းပညာရှင် တစ်ယောက်ကို သတိရမိတယ်။ သူရဲ့ ပန်းချီလက်ရာ၊ ပန်းပု၊ ပုံဆွဲလက်ရာတွေတင်မက သူ့ရဲ့အနုပညာတွေဟာ လေးနက်မူရှိတယ်ဆိုသောလည်း အိုလီဖင့် ရဲ့ လက်၇ာတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်တော့ အိုလီဖင့်ဖန်တီးထားတဲ့ သရုပ်ဖော်ပုံတွေက အတွေးပေါင်းစုံနဲ့ လူတွေကို စိတ်ကူးတွေအမျိုးမျိုး ပိုပြီး ပေးလိုက်နိုင်ပါတယ်တဲ့။

အိုလီဖင့်ရဲ့ ကာတွန်းလက်ရာတွေဟာ ပြတိုက်မှာ တင်လိုက်ရင် လူတွေဟာ အဲသည် လက်ရာတွေကို ဂရုပြုမိလောက်အောင် ဆွဲဆောင်မူတွေရှိနေတယ်။ သူ့ကာတွန်းတွေက သတင်းစာတို့ မဂ္ဂဇင်းတို့မှာ တွေ့ရတဲ့အခါ ရေးဆွဲသူရဲ့စုတ်ချက်လက်ရာတွေထက် အနုပညာသမားတစ်ယောက်ရဲ့ လှူပ်၇ှားမူ၊ ရွေ့လျားမူတွေဟာ စာမျက်နှာအပြည့်မှာ ဖြန့်ကျက်သက်ဝင်နေတာကို သတိထားမိကြရတယ်။ အဲသည်စာမျက်နှာဟာ သာမန်မဟုတ်တဲ့ ထူးခြားမူကို ပြသသွားတယ်။ နိုင်ငံရေးပုဂ္ဂိုလ်များ (အထူးသဖြင့် အမေရိကန်သမ္မတများ) ရဲ့အတွင်းအပြင်ကို ထဲထဲဝင်ဝင် ရှူမြင်သွားအောင် သူ့စုတ်ချက်ထဲ လှူပ်ရှားသက်ဝင်နေကြတာကိုက လူတွေအတွက် ဖတ်မိကြည့်မိချင်စရာဖြစ်သွားတယ်။

အဲသည် အိုလီဖင့်ရဲ့ လက်ရာမြောက်တဲ့ အရည်အသွေးတွေကို ၀ါရှင်တန် ပြတိုက်က ဆွဲယူ ပုံဖော်ပေးသွားပါတယ်။ လူထုကြားထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသွင်သဏာန်တွေကို ကလီဇာထဲအထိ အတွင်းထဲလှိုက်စားပြရုံတင်မက အဓိပ္ဗါယ်တွေကို အများကြီး ဖွဲ့ဆိုသွားတာကို တွြေ့ကရတယ်။ သူ့ရဲ့လက်ရာများ လူရာဝင်သွားပုံက ကမ္ဘာ့စာကြီးပေကြီးထဲမှာ အိုလီဖင့်ရဲ့ စွယ်စုံကျမ်းလို့တောင် ခေါ်ဝေါ်သုံးစွဲနေခဲ့ရပြီ ဖြစ်ပါတယ်။ သူ့ရဲ့သမိုင်းမှာတော့ နိုင်ငံရေးကာတွန်းဆိုတဲ့ ဘာသာရပ်တစ်ခုကို သူက အရောင်တင်ပေးလိုက်တာပဲလို့ ပြောစမတ်ပြုခဲ့ကြရပါတယ်။

သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာက သူ့အတွက်တော့ ပန်းပုထုခြင်းနဲ့ ပုံဆွဲခြင်းဟာ မတူညီတဲ့ အလုပ်တွေ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် သူရေးဆွဲတဲ့ ရုပ်ပုံတွေကို ကြည့်လိုက်ရင် ခွန်အားရှိတဲ့ သဘောတရားတွေ တွေ့မြင်နေရပြီး ဒါကို ပန်းပုတစ်ခုအဖြစ် ဖန်တီးဖို့ ကြိုးစားချင်တဲ့စိတ်တွေ သူ့မှာဖြစ်ပေါ်လာစေတယ် ဆိုတာ လူတွေက သိမြင်နေကြရပါတယ်။

သူရေးဆွဲလိုက်တဲ့ ရုပ်ပုံတွေက တကယ့်ကို အပြင်ကို ထွက်လာတော့မယ့် ပန်းပုလက်ရာတွေအဖြစ် အသွင်ဆောင်နေပါတယ်။ ကာတွန်းထဲမှာ အလင်းနဲ့အမှောင်ဆိုတဲ့ ဆန့်ကျင်ဖက်နှစ်ခုကို ထူးထူးခြားခြား ရေးဆွဲပြထားတာကိုက သူ့စိတ်တိုင်းကျ ရုပ်တုတစ်ခုကို ထုဖို့ရည်ရွယ်နေသလိုပါပဲတဲ့။ သူဟာ အဖြူနဲ့အမဲအရောင်၂ခုကို ကျွမ်းကျင်စွာ ပိုင်နိုင်မူရှိတယ်။ သူ့ရဲ့ခဲခြစ်ရာတွေဟာ သာမန်မဟုတ်ဘူး။ ဆံပင်၊ အသားအရည်၊ အမွှေးအမြှင်များနဲ့ မျက်နှာပေါ်ကအရေးအကြောင်းတွေကို အသေးစိတ်ပုံဖော်ထားပုံဟာ သူ့ရင်ထဲက အနုပညာကို လေးစားမူ၊ စာဖတ်သူအပေါ်တန်ဖိုးထားမူတွေ ပေါ်လွင်နေပါတယ်။

ထူးခြားတဲ့ လုပ်၇ပ်တစ်ခုကတော့ အမေရိကန်သမတ ဂျယ်ရယ်ဖို့ရဲ့ဦးခေါင်းပုံကို ခဲတံတစ်ချောင်း၊ ခဲဖျက်တစ်ခုနဲ့ ရုတ်တရက် ရေးဆွဲဖြစ်တဲ့အခိုက် ရုပ်တုတစ်ခု ထုဖို့ စိတ်ကူးတွေ ရလိုက်တာဖြစ်ပါတယ်။ ရုပ်ပုံတစ်ခုလုံး ပြီးသွားတော့ မကြာမှီမှာ ရုပ်တုတစ်ခု ထုလုပ်ဖြစ်ဖို့ ဖြစ်လာတယ်လို့ ဆိုရမှာပါ။ ဒါနဲ့ပဲ သူဟာ ပန်းပုပညာရှင်တစ်ယောက်အဖြစ် ကာတွန်းပညာရှင်ဆိုတဲ့ နဘေးမှာ ကပ်ပြီး ပါလာတော့တာပါပဲ။

Patrick Oliphant (ပက်ထရစ်အိုလီဖင့်) (၁၉၃၅ခုနှစ် ဂျူလိုင် ၂၄ ရက်တွင်မွေးဖွားသူ) ကအမေရိကန် သြစတေးလျ နိုင်ငံသား ဖြစ်ပြီး ကာတွန်းဆရာတစ်ယောက်ဘ၀အဖြစ် နေထိုင်လာတာ နှစ်ပေါင်း ၅၀ ကြာပီဖြစ်ပါတယ်။ ၁၉၅၂ခုနှစ်လောက်ကစလို့ အနုပညာအလုပ်တွေ စလုပ်ခဲ့တာဖြစ်ပါတယ်။ အခုအခါ အသက် ၈၁ နှစ်အရွယ်ရောက်ရှိနေပြီး ကာတွန်းများရေးသားနေဆဲ လို့ယူဆရမှာဖြစ်ပါတယ်။ သူ့ကို အယ်ဒီတာ့အာဘော် ဆိုင်ရာ နိုင်ငံရေးကာတွန်းသမားလို့ လူတိုင်း သိကြပါတယ်။ သရော်တော်တော်နဲ့ သူ့ရဲ့စတိုင်ရေးဆွဲမူတွေက စာရေးဆရာ၊ အနုပညာသမား အဖြစ်လူတိုင်းက တံဆိပ်ကပ်ပေးလိုက်တာကို ခံရသူဖြစ်ပါတယ်။ သူ့ရဲ့အမှတ်အသားက Punk ပင်ကွင်းငှက်ကလေးပါ။ တခါတလေ သူ့လက်ရာတချို့မှာ တွေ့ရတတ်ပါတယ်။ ၁၉၉၀ခုနှစ် နယူးယောက်တိုင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ သူ့ကို “ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး သတင်းကာတွန်းသမား ရောက်လာပါပီ“ လို့ရေးသားထားပါတယ်။ ၁၉၆၇ ခုနှစ်မှာ ၁၉၆၆ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ ဖော်ပြခဲ့တဲ့ အယ်ဒီတာ့အာဘော်ဆိုင်ရာ ကာတွန်းဆု အဖြစ် Pultizer Prizeရခဲ့ပါတယ်။

သူ့လက်ရာတွေ လူကြိုက်များသလို အဝေဖန်ခံခဲ့ရတာတွေလည်း ရှိပါတယ်။ သူ့ရဲ့ကယ်ရီကေးချားလက်ရာ များကို “စည်းကျော်တဲ့ လက်ရာတွေ“ လို့အမေရိကန်-အာရှဆိုင်ရာ ဂျာနယ်လစ် အဖွဲ့အစည်းတစ်ခုက စွပ်စွဲခဲ့ပါတယ်။ အမေရိကန်-အာရပ် ဆိုင်ရာ တန်းတူညီမျမူကို ဖော်ဆောင်သော ကော်မတီတစ်ခုကဆိုရင် အိုလီဖင့်ရဲ့ ကယ်ရီကေးချားများဟာ အယူသည်းတယ်၊ အမြင်စောင်းတယ် လို့ဖော်ပြထားကြတယ်။ ဒါ့အပြင် လူတွေကို တလွဲဦးဆောင်နေတယ်လို့တောင် ပြောကြပါတယ်။ သူဟာအစ္စရေးတို့ ဂါဇာတိုက်ပွဲကို ကာတွန်းဆွဲပြီးသရော်ခဲ့သေးတယ်။ အဲသည်ကာတွန်းဟာ အမေရိကန်ဂျူးလူမျိုးတွေကြား မီးပွားစင်သွားတဲ့အထိ ထိရောက်ခဲ့ပါတယ်။ လော့အိန်ဂျယ်လစ်မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ဂျူးလူမျိုးများရဲ့လူ့အခွင့်အရေုးဆိုင်ရာ အဖွဲ့အစည်းဗဟိုဌာနချူပ်တစ်ခု ကပြောရာမှာ သူ့ကာတွန်းဟာဆိုရင် အစ္စရေးကို မကောင်းဆိုးဝါးတွေအဖြစ် သိက္ခာချထားပြီး နာဇီတွေရဲ့လုပ်ပုံလုပ်နည်းတွေကို အတုခိုးထားတဲ့သူတွေအဖြစ် ရေးဆွဲထားတယ် လို့ဆိုတယ်။ အဲဒီတုန်းကဆို နယူးယောက်တိုင်းသတင်းစာနဲ့ မီဒီယာအုပ်စုများကို သူတို့ရဲ့ဝက်ဆိုက်တွေထဲကနေ အဲသည်ကာတွန်းကို ထုတ်ပစ်ဖို့ သတိပေးခံခဲ့ရပါတယ်။

သူက အမေရိကန်သမ္မတများကို ကယ်ရီကေးချားအဖြစ် အသက်သွင်းခဲ့တာ ၁၉၆၄ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၀ါရှင်တန်ပြတိုက်ကနေ တလေးတစားနဲ့ အိုလီဖင့် လက်ရာများကို လူထုကို စုစည်း ပြသပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးဆိုင်ရာ ကာတွန်းဆရာ ပက်ထရစ်အိုလီဖင့်တစ်ယောက် အမေရိကန်သားအဖြစ်နဲ့ မွေးဖွားလာကာ အမေရိကန်သမ္မတများကို သူ့လက်ခုတ်ထဲက ဇာတ်ကောင်တွေအဖြစ် ဖန်တီးနေခြင်းဟာ အမေရိကန်အတွက် ကံဆိုးတာလား၊ ကံကောင်းတာလားဆိုတာ ကာယကံရှင်သမ္မတများပဲ ဖြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

(Ref: Cartoons as teachers; By Eric Gibson (American Weekly Newsletter, 1991) ကို မှီငြမ်း ဘာသာပြန်ထားပြီး Pat Oliphant (2017 American-Australian Editorial Cartoonist Wiki) ကနေဖြည့်စွက်ထားပါတယ်။)


ဂျူနီယာဝင်း
0