မိုးသီးဇွန်တကိုယ်တော်ပြပွဲ




မိုးသီးဇွန်တကိုယ်တော်ပြပွဲ - ပန်းဆိုးတန်းဂယ်လာရီ - (စက်တင်ဘာ ၂၃ -၂၄ -၂၅ရက်)
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၇
(ဒေါက်တာတင်မင်းထွန်းပေးပို့သည်)

၈- လေးလုံး လူထုအရေးတော်ပုံမှာ ကမ္ဘာသိထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ မိုးသီးဇွန်ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းက ပန်းဆိုးတန်းဂယ်လာရီမှာ စက်တင်ဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ခင်းကျင်း ပြသသွားမယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၃၀ လောက် အမိမြန်မာပြည်နဲ့ဝေးကွာနေပြီး ပြည်ပမှာ နေထိုင်နေရဆဲဖြစ်တဲ့ စာပေအနုပညာနဲ့ ကဗျာ၊ ပန်းချီတို့ပေါ်မှာ တိမ်းညွှတ်မွေ့လျော်ခဲ့သူ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် နိုင်ငံရေးသမားတယောက်ရဲ့ ပန်းချီကား ၁၄ ကားကို အဲဒီ့ ပြပွဲမှာ ခင်းကျင်းပြသမှာဖြစ်ပြီး ဖွင့်ပွဲနေ့မှာတော့ နိုင်ငံကျော် ပန်းချီဆရာ၊ စာရေးဆရာ ဒါရိုက်တာကြီး ( ဦး) ဝင်းဖေက အဖွင့်အမှာစကားပြောကြားပေး မယ်လို့သိရပါတယ်။

မိုးသီးဇွန်က သူရဲ့ တကိုယ်တော် The Death of Two Flowers လို့အမည်ပေး ထားပါ တယ်။ ပန်းချီပြပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့"စကားဦး" ဒီလိုနားထောင်ကြည့်မြင်နိုင်ဖို့နဲ့ သူ့ရဲ့ပန်းချီကားတချို့ကို ဒီနေရာကနေ ဖော်ပြ ပေးလိုက်ပါတယ်။

စကားဦး

ကျနော် ၂ နှစ်သားလောက်မှာ အဖေ အမေနဲ့အတူ ကျုံပျော်မြို့က ရွာလေးတရွာမှာ နေကြတယ်။ အဖေနဲ့အမေက ကျနော်အထက်က အကိုအမတွေကို ရန်ကုန်ကိုပို့ထားတယ်။ ကျနော်တယောက်ထဲ ပျင်းနေတယ်။ ဒီတော့ အမေနားကို အမြဲတန်းကပ်နေတယ်။ တနေ့မှာ ခြံရှေ့က နွားတွေ ဖြတ်သွားတယ်။ အေမေကို နွားတွေကိုကြည့်ပြီး ကျောက်သင်ပုန်းမှာ နွားတကောင်ပုံကို ဆွဲလိုက်တယ်။ ကျနော်အရမ်းသဘောကျသွားတယ်။ အမေဆွဲထားတဲ့နွားကို ဖျက်လိုက်တယ်။ ကျနော် ဆွဲတယ်။ မရဘူး။
အမေကို ပြန်ဆွဲ ခိုင်းတယ်။ အမေက ကပြာကယာပဲ ဆွဲလိုက်တယ်။ နွားဖြစ်လာပြန်တယ်။ ကျနော်ပြန်ဖျက်တယ်။ ကျနော်ပြန်ဆွဲတယ်။ မတူပြန်ဘူး။ မလှပြန်ဘူး။ ပြန်ဖျက်တယ်။ ပြန်ဆွဲတယ်။ ဒီလိုနဲ့ ချာလပတ်ရမ်းနေတော့တယ်။ ကျနော်ပန်းချီဆွဲတတ်ချင်လိုက်တာ မပြောပါနဲ့တော့။

၉ နှစ်မှာ ရုပ်ရှင်ပိုစတာတခုက ကောင်းဘွိုင်မြင်းစီးနေတဲ့ပုံကို တုဆွဲတယ်။ အင်္ဂလိပ်ဆရာမက ချီကျူးတယ်။ အတော်လေး ဘဝင်မြင့်လာမိတယ်။

အိမ်ရောက်တော့ ဒီထက်ကောင်းမယ်။ မနက်ဖန် ဆရာမကိုပြမယ်လို့ ဆင်ခြင်မိတယ်။ ပိုစတာထဲက
ကောင်းဘွိုင်နှစ်ယောက်သေနတ်ချင်းယှဉ်ပစ်တော့မဲ့အနေထား ( Dual Fight) ကို အရမ်း စိတ်ဝင်စားနေ တယ်။ ကူးဆွဲတော့တယ်။ အကြီးအကျယ်ဈာန်ဝင်နေတယ်။ နောက်က အဖေ ကြည့်နေတာ မသိလိုက် ဘူး။

သူက '’ စာမကျက်ဘူး။ ထမင်း ငတ်မဲ့အလုပ်ကိုလုပ်နေတယ်'’ ဆိုပြီး ဇက်ပိုးကို အသားကုန် အုပ်ချလိုက် တယ်။ သူက ဝုန်းဒိုင်းကျဲ ပြီး ဒေါသပုန်ထတယ်။ ကျနော်လည်း ကြောက်သွားမိတယ်။ ပန်းချီဆွဲတဲ့အလုပ်ကို စွန့်လွှတ်လိုက်ရတော့တယ်။

၁၉၈၂ ခုနှစ်မှာ တက္ကသိုလ်ရောက်တယ်။ စာပေယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင်ဖြစ်နေ တယ်။ ရန်ကုန်မှာ ဆရာကြီး ရန်ကုန်ဘဆွေ၊ ဆရာကြီးနန်းဝေ၊ ဆရာကြီး ကြီးမြင့်စော ပန်းချီပြပွဲတွေက ခြိမ့်ခြိမ်သည်းသည်း ဖြစ်နေတယ်။ ယုဒသန်ခန်းမ၊ ရန်ကုန်တကသိုလ် စတဲ့နေရာတွေမှာသူတို့နဲ့ ပန်းချီ ဆရာရဲ့ပြပွဲတွေကိုလိုက်ကြည့်ပြီး ပန်းချီကို ယစ်မူးနေခဲ့တယ်။ ဟိုချစ်ဒီချစ် ဆွဲချင်လာတယ်။


၁၉၈၅ ခုနစ် တနေ့တော့ အာစီထဲမှာ ကြေညာတခုကိုဖတ်ရတယ်။ ကြေညာမှာ ရန်ကုန်ဘဆွေ၊ ဆရာ နန်းဝေတို့က ကြီးမှူးပြီး ရန်ကုန်တကသိုလ်မှာ ပန်းချီပြပွဲလုပ်မယ်။ ပြပွဲတင်ချင်တဲ့သူတွေရှိရင်သူတို့ဆီကို ဆွဲထားတဲ့ပန်းချီကားတွေ ပို့နိုင်တယ်လို့ဆိုတယ်။ ဒါနဲ့ လူလည်း ကတုန်ကယင် ဖြစ်လာတယ်။ ကဗျာရေးတာ ခဏရပ်ပြီး ပန်းချီကားဆွဲမယ်လို့ ကြေညာလိုက်တယ်။

ရင်းနှီးတဲ့သူတွေက တားကြပါတယ်။

အတန်းဖော်သူငယ်ချင်း တယောက်ဖြစ်တဲ့ အတုံး (ခ) မြင့်ခိုင်က အားပေးတယ်။ ဆီးဆေးတွေကို လက် ဆောင်ပေးလာတယ်။ ပန်းချီပညာဆိုလို့ နဂန်း(နားကန်း)တလုံးမသိ။ စနစ်တကျသင်ကြားမှုလည်းမရှိတဲ့ သူကို သူပဲအားပေးတယ်။ မင်း ဆေးကုန်သွားရင် ငါ့ကိုပြောတဲ့။ ဒါနဲ့  ဆီဆေး၂ ကားဆွဲဖြစ်တယ်။

သစ်ခွပန်းခြင်း ( ၁ပေခွဲ ၊ ၂ ပေဆိုက် ) တခုနဲ့ အဖေနဲ့ စကားများခြင်း ( ၂ ပေ ၊ ၃ ပေဆိုက် ) ဆိုတဲ့ မောဒန်ကားတခုကို ဆွဲ လိုက်တယ်။ ပြပွဲကြီး ကြပ်တဲ့သူတွေကို ပို့လိုက်တယ်။

ကျနော့်ပန်းချီကား ၂ ချပ်စလုံးကိုရွေးလိုက်ကြောင်း အကြောင်းပြန်လာတော့ လူလည်း ၁၀ တန်း အောင် စာရင်းထွက်သလိုဝမ်းသာလိုက်တာမပြောပါနဲ့တော့။

ပြခန်းလုပ်တော့ ကိုယ်ပန်းချီကားရှေ့ မှာ ၇ ရက်ပတ်လုံး ရပ်နေလိုက်တယ်။
ပန်းချီပြပွဲ ပြီးတော့ ပန်းချီကားတွေကို အိမ်ကိုမသယ်ရဲဘူး။ အဖေ ဆဲမယ်။
ပန်းချီကားနှစ်ချပ်ကို သူငယ်ချင်း ခင်မောင်ကြည် အိမ်မှာ ခဏအပ်ထားလိုက်တာ ခုထိပြန်မရသေးဘူး။ သူက နောင်မှာ ဗိုလ်မှုးကြီးခင်မောင်ကြည်ဖြစ်သွားတယ်။

၁၉၈၈ ခုနစ် အရေးတော်ပုံကြီးဖြစ်လာတော့ ကျနော်ရဲ့ပန်းချီဆွဲချင်တဲ့ အာသီသတွေဟာ လှုပ်ရှားမှုတွေ အတွင်းထဲမှာ အပြီးတိုင်ကွယ်ပျောက်သွားလေတော့တယ်။

၁၉၉၆ ခုနှစ်မှာနယ်စပ်က ကျနော့်ရဲ့ နယ်စပ်ရုံးခန်းကို ပန်းချီဆရာကြီး ဦးဝင်းဖေ ရောက်လာတယ်။ လေးစားချစ်ခင်ရတဲ့ဆရာကြီးကို အနီးကပ် ပြောခွင့်ရတယ်။ သူက စွယ်စုံပညာရှင်။

နိုင်ငံရေးစနစ်ဆိုးကြီးမကောင်းပုံက သူလိုအနုပညာရှင်က တိုင်းပြည်ကထွက်ခွာလာရတယ်။ သတင်းလောကထဲကိုရောက်နေရတယ်။ ကျနော်အတွက်တော့ သူနဲ့စကား ပြောနေရတဲ့ကာလတွေက အဖိုးအနဂ္ဃတွေပါ။ ပန်းချီဆွဲစဉ်မှာ ကျနော်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေအခက်ခဲတွေ ရှုပ်ထွေးမှုတွေကို သူကို တင်ပြခွင့်ရခဲ့တယ်။ သူက စကားပြောရင် အသံအကျယ်ကြီးနဲ့ အားပါတရ ပြောလေ့ရှိတယ်။

သူပြောတာတွေထဲမှာ မှတ်စရာတွေချည်းဖြစ်နေတယ်။

သူက - '' မြင်တဲ့အတိုင်းဆွဲမနေနဲ့ ခံစားချက်အတိုင်းသာ ဆွဲ '’

နဂိုကျယ်ရတဲ့သူအသံက ကျနော့်နားထဲမှာ ပဲတင်သွားပါတော့တယ်။ ပန်းချီဆွဲဖို့ပိတ်စို့နေတဲ့အရာတွေက ကျနော်အဖေလည်းမဟုတ်၊ နည်းပညာလည်းမဟုတ် ကျနော်နှလုံးသားက အဓိက ဖြစ်နေတာပါလား ဆိုတာ သိသွားတယ်။ ဆရာကြီးကျေးဇူးကြီးပါပေတယ်။ တနေ့တော့ သူက ဆေးတွေ စုတ်တွေကို ဝယ်လာပြီး လက်ဆောင်ပေးပါတယ်။

ကျနော်အများကြီး ဆွဲပါတယ်။ တောပန်းတောင်ပန်းတွေကိုဆွဲတယ်။ တောနဲ့ တောင်စွယ်စမ်းချောင်းတွေ ကို ဆွဲတယ်။ တိမ်တွေကိုဆွဲတယ်။ မိန်းမတွေကို ဆွဲတယ်။ ဒုက္ခသည်တွေကိုဆွဲတယ်။ အရေးတော်ပုံကြီးကိုဆွဲတယ်။ ဆင်းရဲမွဲတေမှုတွေကို ဆွဲတယ်။ ခြစားမှုတွေကိုဆွဲတယ်။ ငရဲသားတွေကိုဆွဲတယ်။ အများကြီးအများကြီး ဆွဲဖြစ်ခဲ့တယ်။

ဒီကားတွေက ပုံဆွဲစက္ကူပေါ်မှာ မဟုတ်ဘူး။ ကင်းဗတ်ပေါ်မှာတော့ မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ။ ဘာဖြစ်လို့လဲဆိုတော့ ၉၆ ကာလများဟာ နယ်စပ်မှာတိုက်ပွဲတွေ ခြိမ့်ခြိမ့်သည်းနေတဲ့ကာလဖြစ်လို့ပါ။ ပန်းချီဆွဲဖို့လက်တွေ မဖြစ်ခဲ့ရပြန်ဘူး။

ပန်းချီဆွဲဖို့ဆိုတာ နေရာ နဲ့ အချိန် ( Time and Space) တွေ အတော်လိုတာကိုး။

၂၀၁၃ ခုနစ်မှာတော့ ရန်ကုန်ပြန်ရောက်တယ်။ နှစ်ပေါင်း ၂၆ နှစ်ကျော်ခွဲခွာခဲ့တဲ့ ကျနော်ချစ်မြတ်နိုးတဲ့ အမိမြေ။

လယ်ကွင်း၊ လွင်ပြင်၊ တောတောင်၊ချောင်းမြောင်း၊ မိုးကောင်းကင်နဲ လူတို့က ကျနော်ကို ခုန်ပေါက်နှု တ်ဆက်ကြတယ်။ ပွေ့ဖက်ကြတယ်။ လက်ပံပင်၊ ထနှောင်းပင်၊ ထနှောင်းပင်တွေ ကြည့်လို့ကို မဝနိုင်ခဲ့ဘူး။ စိတ်ထဲမှာ အလွမ်းစိတ်တွေက ဆေးတွေဖြစ်လိုဖြစ် ကင်ဗတ်တွေဖြစ်လိုဖြစ်ပေါ့။

ဒီတခါတော့ ကျွတ်ချိန်တန်ပြီ။ နိုင်ငံရေးတိမ်တိုက်ကြီးက ကျနော်ကိုခဏ ဖယ်ခွာပေးတယ်။ ပန်းချီကား တွေ စဆွဲတော့တယ်။

ကျနော် အသက် ၅၀ ကျော်ပါပြီ။ ကျနော် ခံစားချက်တွေကို တနေရာမှာ စုထားချင်တယ်။ အကောင်းဆုံး နေရာကတော့ ကင်းဗတ်ဖြူတွေပဲပေါ့။

ကျနော့်ပန်းချီကားတွေကိုပြပွဲဖြစ်အောင်စီစဉ်ပေးလာတဲ့ ကိုအောင်သူငြိမ်း၊ ကိုတင်မင်းထွန်း၊ ကိုအောင်ဖြိုး၊ ကိုမင်းလွင်၊ မလင်းလင်းတို့နဲ့ ကူညီကြသူအားလုံးကို အထူးကျေးဇူးတင် လှပါတယ်။













0