စိန်ဝင်း ● မြန်မာ့ပုံရိပ် ကမ္ဘာ့မီဒီယာမှာ ဘယ်လိုပြောင်းမလဲ

စိန်ဝင်း ●  မြန်မာ့ပုံရိပ် ကမ္ဘာ့မီဒီယာမှာ ဘယ်လိုပြောင်းမလဲ
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၇

ဘူးသီးတောင် မောင်တော ပဋိပက္ခနဲ့ပတ်သက်ပြီး သီတဂူဆရာတော်ကြီးရဲ့ တရားပွဲတခုမှာ ဟောပြောထားတဲ့ ဗီဒီယိုအတိုလေးကို ကြည့်လိုက်မိတော့ မြန်မာတွေအကြား ယုံမှားမှုတွေ ဘယ်လောက်တောင် အမြစ်တွယ်နေတယ်ဆိုတာ သိလိုက်ရတယ်။

ဒီအရေးအခင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းဌာနတွေရဲ့ သတင်းတင်ဆက်ပုံကို နာကြည်းခံစားချက်တွေ ဖြစ်နေတာကို နားလည်လို့ရပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ သတင်းတွေမှာ ပျောက်ဆုံးနေတဲ့အချက်တွေရှိနေတာမို့ပါ။  အဲဒီအကျိုးဆက်က နိုင်ငံတကာသတင်းမီဒီယာတွေ ဘက်လိုက်တယ်၊ မတရားဘူးဆိုတာမြင်ယုံတင်မကဘဲ တချို့က ကုလားတွေ ၀ယ်ထားတာဆိုတဲ့ အပြောတွေပါတွေ့ရတာပါ။  သာမန်လူတွေ ပြောတာက လျစ်လျူရှုလိုက်လို့ ရပေမယ့် ဆရာတော်က “ဘီဘီစီကို မူဆလင်က ၀ယ်ထားတယ်” လို့ဆိုတဲ့အခါ ကိုယ်နဲ့လည်း မဆိုင်ပေမယ့် ဒီစာကို ရေးဖြစ်ပါတော့တယ်။  ဆရာတော်ထင်တာ လုံးလုံးမှားနေပါတယ်လို့ ကျွန်တော့်လေ့လာမှုနဲ့ ရဲရဲကြီး ပြောရဲပါတယ်။

ဘီဘီစီရဲ့ ငွေကြေးရရှိပုံကို အဲဒီဝက်ဘ်ဆိုက်တွေမှာ အတိအလင်းဖော်ပြထားပါတယ်။ http://www.bbc.com/news/world-radio-and-tv-12760872

http://www.bbc.co.uk/mediaaction/about/funding ဖတ်ကြည့်ပါ။

https://en.m.wikipedia.org/wiki/BBC_World_Service

သူတို့ရေးတာမို့ မယုံကြည်သေးဘူးဆိုရင် တခြားသော သတင်းဌာနကြီးတွေ ရေးသားထားတာတွေရှိပါတယ်။  ဖတ်ရှုလို့ရပါတယ်။

ဘီဘီစီဟာ နိုင်ငံပိုင် သို့မဟုတ် နိုင်ငံကနေ ထိန်းချုပ်တဲ့ သတင်းဌာနတောင် မဟုတ်သလို ပုဂ္ဂလိကပိုင်လည်း မဟုတ်ပါဘူး။  သဘောကတော့ အစိုးရကလည်း ပိုက်ဆံမပေးသလို ဘာသတင်းတွေတော့ လုပ်ဟေ့၊ ဘာသတင်းတော့ မလုပ်နဲ့ဟေ့၊ ဘယ်သတင်းကို ဘယ်လိုအသုံးအနှုံးသုံးဟ၊ ဘယ်သတင်းကို ဘယ်လိုရေးဟ စသဖြင့်ပေါ့ အစိုးရက ၀င်ရောက်လွှမ်းမိုးခွင့်လည်း မရှိပါဘူး။  သတင်းခန်းလွတ်လပ်ခွင့်ကို အပြည့်ပေးထားရပါတယ်။ ဘီဘီစီဟာ Public Service ပြည့်သူ့ဝန်ဆောင်မှု သတင်းဌာနပါ။

(တချို့ကလည်း မြန်မာပြည်မှာ နိုင်ငံပိုင်မီဒီယာကို ပြည်သူ့ဝန်ဆောင်မှုပြောင်းမယ် ပြောင်းမယ်ဆိုပြီး ဘာမှမပြောင်းသွားတော့ အဲဒီအဖြစ်မျိုးနဲ့ နှိုင်းယှဉ်စဉ်းစားမိပြီး အဲသလိုကြီးလားလို့တော့ ထင်ကောင်းထင်နေပါဦးမယ်။ မတူရေးချမတူပါ။  ဒါမျိုး မော်ဒယ်ကလည်း ကမ္ဘာမှာများများစားစားတော့ မရှိပါဘူး။ ဘီဘီစီ သတင်း အားနည်းချက် မရှိတော့ဘူးလားဆိုရင်တော့ ယတိပြတ်မပြောပါဘူး။ ဒါပေမယ့် ဘယ်နေရာ ဘယ်လိုအားနည်းတာဆိုတဲ့ ပညာနဲ့ သုံးသပ်တာမျိုးပဲ လုပ်လို့ရနိုင်ပါမယ်)။

သတင်းခန်းလုပ်ပိုင်ခွင့်အပြည့်လို့ ပြောလို့ အဲဒီသတင်းခန်းက အယ်ဒီတာတွေကို အိတ်ထဲထဲ့ထားရင်ကော ရေးစေချင်တာ မရေးဘူးလားလို့ မေးသူရှိကောင်းရှိပါလိမ့်မယ်။  အဲသလိုလည်း လုပ်မရအောင် ထိန်းညှိထားတဲ့စနစ်ရှိပါတယ်။  အသေးစိတ်ကို ကြုံကြိုက်တဲ့အခါ ရေးပါ့မယ်။

သတင်းခန်းလွတ်လပ်ခွင့်လို့ပြောရင် နားမလည်သူများတာ သဘာဝကျပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာရဲ့ သတင်းခန်းတွင်း စီမံအုပ်ချုပ်ဖူးသူတွေဆိုရင်တော့ အလိုအလျောက်နားလည်ပါတယ်။  ဒါတောင်မှ စနစ်ကျတဲ့ သတင်းတိုက်ကြီးတွေကိုလုပ်ကိုင်ဖူး၊ လေ့လာဖူးမှ ပိုအသေးစိတ်နားလည်ပါတယ်။ မမေ့ဖို့က မြန်မာပြည်ရဲ့ သတင်းမီဒီယာက နုနယ်နေသေးတာဆိုတော့ သတင်းသမားတွေထဲမှာကို ဒီအတွေးအခေါ်၊ အယူအဆနဲ့ လုပ်ကိုင်လည်ပတ်ပုံကို ဝေေ၀၀ါးဝါးဖြစ်တာ မနည်းလှပါဘူး။

ဘူးသီးတောင် မောင်တောအရေးအခင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာတွေ သတင်းတင်ဆက်ပုံကို ဘာလို့ မကြိုက်လဲ။

(၁) ARSA အဖွဲ့ဘက်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ မပါတာ သို့မဟုတ် သတင်းမှာမှေးမှိန်နေတာ

(၂) ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာနေတဲ့ မူဆလင်မဟုတ်တဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေ၊ (ရခိုင်၊ မြို၊ ခမီ စသဖြင့်)၊ ဟိန္ဒူဘာသာဝင်တွေထွက်ပြေးတိမ်းရှောင်ရတာကိုတော့ သတင်းထဲ မပါတာ သို့မဟုတ် မှေးမှိန်နေတာ

(၃) ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေအကြောင်းကိုပဲ သတင်းလုပ်တာ

(၄) မူဆလင်မဟုတ်တဲ့ ဒေသခံတွေရဲ့ အသံတွေမပါတာ

(၅) ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးသုံးတာ

(၆) အကြမ်းဖက်ဆိုတဲ့ စကားလုံးမသုံးတာတွေရယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။

အဲဒီအချက်တွေထဲမှာ နံပါတ် (၁) ကနေ (၄) ကတော့ သာမန် မြန်မာအရပ်သားတွေတောင် မြင်သာတဲ့ မပြည့်စုံမှုဖြစ်ပြီး (၅) နဲ့ (၆) အပေါ် အငြင်းပွားမှု သီးခြားကိစ္စပါ။


ဘာဖြစ်လို့ အချက်အလက်တွေ ပျောက်ဆုံးတာဖြစ်လဲ

ပြောရရင်တော့ အခင်းဖြစ်ပွားရာနေရာကို သတင်းထောက်တွေကို ပေးမသွားတာကြောင့် တချက်ပါပါတယ်။

နောက် မြန်မာပြည်ဆိုတာ ကျွန်တော်တို့အတွက် အကြီးကြီးပေမယ့် ကမ္ဘာ့နိုင်ငံအများစုအတွက်က ဂရုတောင် မပြုမိကြတာများပါတယ်။  နိုင်ငံခြားမှာ အရပ်သားတယောက်ကို မြန်မာလို့ပြောရင် တရုတ်နဲ့ အိန္ဒိယအကြားမှာရှိတာ၊ ထိုင်းဘေးနားကနိုင်ငံ စသဖြင့် ရှင်းပြရတာအမောပါဗျာ။

မြန်မာပြည်သားထဲမှာ ကမ္ဘာက သိတာ တယောက်ပဲရှိတယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ အရပ်သားမပြောနဲ့ သတင်းထောက်မှာတောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတလို့ ထင်တဲ့သူတွေရှိတယ်။  အဲသလိုဆိုတော့ မြန်မာပြည်သတင်းဟာ ပုံမှန်အချိန်မှာ သတင်းယူ cover လုပ်လေ့မရှိပါဘူး။  အများအားဖြင့်က Wire Service ၀ိုင်ယာဆားဗစ်လို့ခေါ်တဲ့ သတင်းအေဂျင်စီတွေဖြစ်တဲ့ အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာတို့ကပဲ သတင်းရုံးခွဲလေးတွေထားပြီး သတင်းဖြစ်ထွန်းမှုကို စောင့်ကြည့်ကြ၊ သတင်းလုပ်ကြတာပါ။

ကမ္ဘာမှာ ၀ိုင်ယာဆားဗစ် ၁၅ ခုလောက်ရှိမယ်ထင်တယ်။ မြန်မာပြည်မှာ အဲဒီဝိုင်ယာဆားဗစ်အကုန်လုံးရဲ့ ရုံးမရှိပါဘူး။ ရှိတဲ့ ၀ိုင်ယာဆားဗစ်တွေကလည်း ၀န်ထမ်းနည်းနည်းပဲ ခန့်ထားတာပါ။

ကမ္ဘာ့သတင်းဌာနကြီးတွေရဲ့ အဓိက သတင်းစောင့်ကြည့်တာက အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဥရောပ စသဖြင့်ပေါ့။  အမေရိကန်မှာ မုန်တိုင်းတခုတိုက်ရင် သတင်းက မပြီးတော့ဘူး။ တပြိုင်ထဲ ကမ္ဘာတခြားနေရာမှာဖြစ်နေတဲ့ မုန်တိုင်းတွေ သုံး၊ လေး၊ ငါးလုံး ရှိဦးတော့ အမေရိကန် မုန်တိုင်းမှမုန်တိုင်းပဲ။  အကောင်ကြီးတော့ လူတိုင်းအာရုံစိုက်တယ်ဆိုတာမျိုးပေါ့။

ပြောချင်တာ အခုမှလာမယ်။ အဲဒီတော့ မြန်မာပြည်သတင်းနဲ့ပတ်သက်ပြီး လုပ်ရင် ဘာတေးလစ်တနာတို့လို စွဲစွဲမြဲမြဲလေ့လာစောင့်ကြည့်တဲ့သတင်းသမားက နည်းလိုက်တာမှ လက်ချိုးရေလို့ရတယ်။  အများအားဖြင့်က အရေးအကြောင်းအကြီးကြီးပေါ်ပြီဆိုမှ အယ်ဒီတာက တာဝန် အဆိုင်းမန့်ချလို့ လိုက်တဲ့သတင်းထောက်တွေပဲ။

အဲသလိုပြောလို့ သူတို့ ကျင့်ဝတ်ဖောက်ဖျက်လို့ရမယ်လို့တော့ မထင်ပါနဲ့။ ချက်ခြင်းအလုပ်ပြုတ်သွားမှာပါ။ အဲဒါမျိုးတွေမဖြစ်အောင် သတင်းအဆင့်ဆင့်စစ်ဆေးတည်းဖြတ်မှုယန္တရားတွေရှိပါတယ်။

ဒါပေမယ့် ဘူးသီးတောင် မောင်တောပြဿနာကို ဘာတေးလစ်တနာသိသလို သူတို့မသိဘူး။ သတင်းက ကျွမ်းကျင်မှု skills၊ ကျင့်ဝတ် Ethics တင်မကဘူး၊ Knowledge ဗဟုသုတ အစာလည်းလိုတယ်။

ရိုဟင်ဂျာတွေကို မွတ်ဆလင်သာ သိတယ်။ ဘာမွဆလင်လည်းဆိုတာ ၁၀ ယောက်မေး ၉ ယောက် မသိဘူး။

အရေးအခင်းဖြစ်ပြီဆိုတော့ မြန်မာပြည်ဘက်ကပေးမ၀င်ရင် သွားလို့ရတဲ့အနီးဆုံးနေရာကို သွားရတယ်။ အင်တာဗျူးလုပ်လို့ရတဲ့သူရှာရတယ်။ သတင်းသမားဟာ Facts တွေပေါ်ပဲ ရေးရတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးလာတဲ့ ဒုက္ခသည်တွေတွေ့တယ်။ တကယ်လည်း ဆင်းရဲဒုက္ခကြီးတာကိုတွေ့တယ်။ အဲဒီမှာ မွဆလင်တွေဘက်က သဘောထားတင်းမာသူ ARSA တွေရဲ့ ၀ါဒဖြန့်တာတွေ ရောပါပါတယ်။

မြန်မာအစိုးရကို ဆက်သွယ်ဖို့ ဘယ်နားရှာရမှန်းမသိဘူး။

အစိုးရသတင်းထုတ်ပြန်ချက်ဆိုတာက သတင်းသမားတိုင်း သံသယထားတယ်။ သူတို့မှမဟုတ်ဘူး။ ကျွန်တော်တို့လည်း တခြားနိုင်ငံသွား သတင်းလုပ်တဲ့အခါ အစိုးရထုတ်ပြန်ချက်ဆိုတာကို ဦးစားမပေးဘူး။ သတင်းစာရှင်းလင်းပွဲမေးလို့ရရင် မေးတယ်။ အင်တာဗျူးသီးခြားလုပ်လို့ရရင် မေးတယ်။ အလေးထားမှုပိုတယ်။

လူတချို့က ထင်တာရှိသေးတယ်။ ဒီသတင်းတွေ အကုန် ဒီလိုပဲ ရေးတာ တိုင်ပင်ထားကြလားပေါ့။ ဒါ အနောက်နိုင်ငံတွေရဲ့ အာဂျင်ဒါ ဆိုတာမျိုး အတွေးလွန်တာတွေလည်း ရှိတယ်။ တကယ်က ၀ါရှင်တန်ပို့စ်က ဂါးဒီယန်းကို မင်းဘာရေးမလဲဆက်မေးမနေဘူး။  ဧရာဝတီက အလဲဗင်းကို ဆက်မေးမနေဘူး။ ဘီဘီစီက ဗီအိုအေကို ဆက်မေးမနေဘူး။  သူ့သတင်းခန်း သူ့ဘာသူ ပြိုင်တောင် ပြိုင်ကြရတော့ သတင်းကို တတ်နိုင်သမျှ မသိအောင်လိုက်ကြတယ်။ သတင်းကောင်းလေ လျှို့ဝှက်လိုက်လေပဲ။

အခုလက်ရှိအခြေအနေကတော့ မြန်မာရဲ့ပုံရိပ်ဟာ ကမ္ဘာမှာ အတော်ဆိုးဆိုးဝါးဝါးကြီးကို ဖြစ်နေတာ။ မြန်မာတွေဟာ လူရမ်းကားတွေ၊ မွတ်ဆလင်တွေကို ဒုက္ခပေးနေတယ်ဆိုတာပဲ မြင်နေတော့တာ။ သာမန်အရပ်သားတွေကြားမှာပေါ့။  ဒါကို နိုင်ငံရေးအရ အမြတ်ထုတ်တဲ့သူရှိသလို ပြည်တွင်းဖိအားကြောင့် ရှုတ်ချကြတာတို့၊ ကန့်ကွက်ကြတာတို့တွေလည်း တွဲပါလာတာပေါ့။ ထိုင်းမှာ မြန်မာကလေးနှစ်ယောက် လူသတ်မှုနဲ့ဂွင်ဆင်အဖမ်းခံရတော့ ကျွန်တော်တို့တွေ မခံမရပ်နိုင်ဖြစ်ကြသလိုမျိုးဖြစ်ချိန်မှာ အစိုးရလည်း မနေသာတော့ ထိုင်းအစိုးရနဲ့ စကားပြောရသလိုပေါ့။

ဒါ့အပြင် မားကက်တင်းဆင်းတဲ့ အယ်လ်ကိုင်ဒါးလိုမျိုး ဂျီဟတ်လုပ်ကြဟေ့လို့ ပြောတာမျိုးလည်းတွဲပါလာတာပေါ့။ လောလောဆယ်မှာတော့ ကမ္ဘာ့အကြမ်းဖက်မှု ခြိမ်းခြောက်မှုအန္တရာယ်မရှိပေမယ့် ရေရှည်သွားရင် မကောင်းဘူး။ အခါသင့်ရင် ရေးပါ့မယ်။

ARSA ကို ပါကစ္စတန်အရာရှိတွေ လေ့ကျင့်ပေးထားတာပါ။ ချေချင်းတွေက ဘာသာရေးနဲ့ တော်လှန်မှု စိတ်ပြင်းပြတယ်။ တိုက်ရည်ခိုက်ရည်မှာ ISIS မှာကို နာမည်ကျော်တယ်။ ကျွန်တော်တို့ကံကောင်းတာက ဘင်္ဂလားဒေ့ရှ်မှာ ဟာဆီနာအစိုးရတက်နေလို့ပါ။ မြန်မာပြည်ဘက် အကြမ်းဖက်မှုဖြစ်ရင် သူ့ဘက်မှာလည်း အကြီးအကျယ် ဒုက္ခရောက်နိုင်သမို့ (နိုင်ငံရေးပါတီတွေနဲ့ အကြမ်းဖက်ဆက်စပ်မှုဖြစ်သွားမှာ) မဖြစ်အောင် လုပ်နေတာမို့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်သဘောကတော့ ဒါကို အမြန်ဆုံး ကုစားဖို့လိုတယ်။ မျိုးချစ်စိတ်နဲ့ ဖေ့စ်ဘွတ်မှာ ကွန်မင့်တွေပေးတာ အပြစ်မပြောလိုပါဘူး။ ဒါပေမယ့် ထိရောက်မယ်လို့ မထင်ဘူး။ မာလာလာကို မြန်မာလိုဆဲနေလို့ လေးထောင့်ကွက်တွေပဲမြင်နေမယ်။

ကြုံလို့ပြောရရင် ဘာသာရေးကိုင်ပြီး ဆဲနေတာတွေ ရပ်ကြစေချင်ပါတယ်။ မွတ်ဆလင်ဆိုလို့ တမျိုးထဲမဟုတ်ဘူး။ အယ်လ်ကိုင်းဒါးနဲ့ တာလီဘန်လုံးလုံးမတဲ့ဘူး။  ဘုရားရှိခိုးပုံချင်းမတူတဲ့ ရှီးယားနဲ့ ဆွန်နီဆိုတာရဲ့အောက်မှာလည်း ဂိုဏ်းခွဲတွေအများကြီးရှီတယ်။ တခါက ISIS တွေက အီရတ်မှာ လူ ၃ ယောက်ကိုတွေ့တော့ ရှီးယားလား၊ ဆွန်နီလားမေးတယ်။ ဟိုလူတွေကလည်း ကြောက်တော့ ဆွန်နီပါပေါ့။ အဲဒီတော့ မေးခွန်းတွေထပ်မေးတယ်။ ဘုရားရှိခိုးပုံမေးလိုက်တာ ပေါ်သွားပြီး ၃ ယောက်လုံး ပစ်သတ်ခံရတယ်။

အဲဒီပုံရိပ်ကို အဖတ်ဆယ်တဲ့နည်း တခုပဲရှိတယ်။ သတင်းသမားတွေကို အခင်းဖြစ်ပွားရာကို ဖိတ်ခေါ်ပါ။ မှန်ပါတယ်။ နိုင်ငံတကာမီဒီယာထဲက သတင်းသမားထဲမှာလည်း လူဆိုးရှိနိုင်ပါတယ်။ သတင်းတိုက်ထဲမှာလည်း အသုံးမကျတဲ့ စုံးပြူး ရှိတယ်။ အဲဒီတော့ ဂုဏ်သိက္ခာရှိတဲ့သူ၊ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်ရေးတဲ့သူကို ဖိတ်ပါ။ ဘယ်သူတွေဖိတ်ရမယ်ဆိုတာ ကျွန်တော်တို့သိတယ်။ သတင်းသမားဆို နားလည်တယ်။ အဲသလိုလူက မြန်မာပြည်နဲ့ပတ်သက်ရင် ၁၀ ယောက်တောင်ရှိပါ့မလားပဲ။ သူတို့ကို နာမည်နဲ့ဖိတ်ပါ။ လွတ်လွတ်လပ်လပ်ရေးခွင့်ပြုပါ။ ကျွန်တော်တို့ကို ဝေဖန်လို့ရတယ်။ ဆင်ဆာမရှိပါဘူး။ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ တခုပဲ လုံခြုံရေး ယူပေးပါ့မယ်။ သတင်းကိုနှောက်ယှက်ဖို့မဟုတ်ပါဘူး။ တခုခုဖြစ်ရင် ကျွန်တော်တို့ခေါင်းပေါ်ကျမှာမို့လို့ပါဆိုတဲ့ အာမခံချက်ပေးပြီး ခေါ်လိုက်စမ်းပါ။

အဲသလိုဖိတ်ကြားရင် ဖြစ်မှာတွေက

(၁)လုံခြုံရေးတပ်ဖွဲ့တွေက ပစ်တဲ့ခတ်တဲ့ကိစ္စတွေ၊ လက်လွန်ခြေလွန်ဖြစ်တာတွေ ပေါ်လာပါလိမ့်မယ်။ ဒါဟာလည်း အထက်က အမိန့်နဲ့ခိုင်းလို့လား၊ ပြောရရင်တော့ ပေါ်လစီလား။ တဘက်ကတိုက်ခိုက်လာလို့ ပစ်ရတာကနေ ဖြစ်သွားတာလားဆိုတာ ကွဲပြားပါသေးတယ်။

(၂) ARSA က သတ်ဖြတ်မှုတွေလည်း ပေါ်လာပါလိမ့်မယ်။ မွဆလင်တွေထဲမှာလည်း ရခိုင်တွေနဲ့ပေါင်းတယ်ဆိုပြီး သဘောထားပျော့ပြောင်းသူတွေကို သဘောထားတင်းမာသူ အကြမ်းဖက်သမားတွေက သတ်ဖြတ်မှုတွေရှိနေခဲ့ပါတယ်။ ဒါတွေပေါ်လာမှာပါ။

(၃) ဒုက္ခသည်မျက်နှာစာမှာ ARSA က ကျူးလွန်တာခံရသူတွေနဲ့လည်း သတင်းသမားတွေ တွေ့ကြမှာပါ။ (စောဒကတက်ပါလိ့မ်မယ်။ ပြည်တွင်း မီဒီယာတွေမှာ ရေးတာပဲလို့။ ဒီလိုအနေအထားမှာ သံသယကြီးပါတယ်။

(၄) လုံခြုံရေးဘက်က အမြင်၊ သဘောထားမှတ်ချက်တွေကို နိုင်ငံတကာ သတင်းသမားတွေ သိခွင့်ရပါလိမ့်မယ်။

ဒုတိယလုပ်ငန်းစဉ်တခုအနေနဲ့ Press Council၊ အတွေ့အကြုံရှိတဲ့သတင်းသမားတွေ- နိုင်ငံခြားမီဒီယာတွေမှာ လုပ်ဖူးသူတွေရှိပါတယ်။  သတင်းသင်တန်းကျောင်းတွေ- ဥပမာ ကိုရဲနိုင်မိုး၊ ကိုမိုက်ကယ်စသဖြင့် သူတို့ကို ဖိတ်ခေါ်ပြီး မီဒီယာဗျူဟာတခုရေးဆွဲပါ။

လုပ်ငန်းစဉ်အကောင်အထည်ဖော်ပါ။ ပြည်တွင်း ဝေဖန်ခွင့်၊ ဆွေးနွေးငြင်းခုံခွင့်တွေလွှတ်ပေးပါ။ ပြည်ပဖိအားဆိုတာ သိသိသာသာကျဆင်းသွားပါလိမ့်မယ်။

တိုင်းပြည်အတွက် စိတ်မကောင်းလို့ ပြောချင်တာတော့ အများကြီးပဲ။ စာရှည်လွန်းနေလို့ ဒီလောက်ပဲ ရပ်ရတယ်။

စိန်ဝင်း
စက်တင်ဘာ ၇၊ ၂၀၁၇


Photo credit : The independent 

Comments