ခင်မင်းဇော် ● ပုရွက်ဆိတ်ကလေးတွေလိုပါပဲ မောင်

ခင်မင်းဇော် ● ပုရွက်ဆိတ်ကလေးတွေလိုပါပဲ မောင်
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၇

ပုရွက်ဆိတ်ကလေးတွေရဲ့သွားလာမှုကို စောင့်ကြည့်ဖူးလားမောင်။ ပုရွက်ဆိတ်တွေရဲ့ ဦးခေါင်းက အနံ့ခံအမျှင်လေးတွေဟာ သူတို့ချင်း နှုတ်ဆက်ကြ သတင်းစကားလက်ဆင့်ကမ်းကြတဲ့အရာလည်း ဖြစ်တယ်ဆိုတာ မောင်သိရဲ့လား။ သူတို့အချင်းချင်း ဘယ်လိုဆက်သွယ်အချက်ပေးတယ်ဆိုတာကို ကျမ နားလည်ခဲ့ တယ်ဆိုတာပြောပြရင် မောင်ရယ်ချင်မလားမသိတော့ပါဘူး။

ရှိခဲ့တယ်။ အချိန်ပိုတွေ အများကြီးနဲ့ဘဝကိုကန့်သတ်မှုတွေ ကြားက ဖြတ်သန်းခဲ့ရချိန်တုန်းကပေါ့လေ။

တနေ့တနေ့ ဘာမှထူးခြားမှုမရှိတဲ့ နံရံလေးဘက်ကြားမှာ တခါတလေတော့ အခန်းထဲက နံရံမှာ ဆင်းလိုက်တက်လိုက် လုပ်နေကြတဲ့ ပုရွက်ဆိတ်လေးတွေကို ကျမ ငေးမောကြည့်နေခဲ့ဖူးတယ်။ တခါတရံတော့လည်း ကြမ်းပြင်ပေါ်မှာ စားစရာ အစအနလေးတွေကို သယ်ယူချီမသွားတဲ့ ပုရွက်ဆိတ်အုပ်စုလေးတွေကို ကျမ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ဖူးတယ်။

တနေ့ထက် တနေ့ပုရွက်ဆိတ်လေးတွေကို ရင်းနှီးလာပြီး တခါ တလေ စကားတောင် ပြောဖြစ်ခဲ့ဖူးတယ်။ တယောက်တည်း နေထိုင်မှုတွေမှာ သူတို့ဓလေ့နဲ့ကျွမ်းဝင်လာရင်း သူတို့ဟာ ကိုယ်လိုလို ကိုယ်ဟာ သူတို့လိုလိုတောင် ထင်ယောင်မိတဲ့ အဖြစ်မျိုးပေါ့။

မရယ်ပါနဲ့မောင်ရေ။ တခါတလေ သူတို့မလာရင်တောင် သူတို့လာအောင် ကိုယ်စားတဲ့ မုန့်တချို့နဲ့ ဖြားယောင်း ခေါ်ယူခဲ့မိ သေးတယ်ဆိုတာ ဝန်ခံပါရစေ။

ပုရွတ်ဆိတ်ကလေးတွေမှာလည်း ကိုယ်ပိုင်ဘဝ ရှိတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတယ်သိလား။ သူတို့ချင်းနားလည်တဲ့ ဘာသာစကားရှိတယ်။ သူတို့ချင်းနားလည်တဲ့ ချစ်ခြင်း မေတ္တာ တွေ ရှိကြတယ်။ ဒါကြောင့်လည်း ပုရွက်ဆိတ်ကလေးတွေ မျိုးရိုး မတိမ်ကောတာပေါ့။

ပုရွတ်ဆိတ်ကလေးတွေမှာ တကိုယ်ကောင်းဆန်တဲ့ စိတ်မရှိဘူး မောင်။ ကိုယ်ပိုင်အုပ်စုဖွဲ့မှုရှိတယ်။ တအုပ်စုနဲ့တအုပ်စုလည်း ရောထွေးသွားတာမရှိဘူး။ သူတို့ရဲ့မျိုးစိတ်တွေကို သူတို့ ဘယ်လိုမှတ်ထားတယ်မသိပေမယ့် မျိုးစိတ်မတူရင် တအုပ်နဲ့ တအုပ် အသေအကြေတိုက်ခိုက်ကြတယ်ဆိုတာလည်း တရွေ့ရွေ့သွား လာသယ်ယူနေတဲ့ ပုရွက်ဆိတ်အုပ်စု ၂ စုရဲ့ တိုက်ပွဲတွေကို တနေကုန်ထိုင်ကြည့်ရင်း ကိုယ်သိခဲ့တာပေါ့။

အဲဒီလိုတိုက်ပွဲတွေမှာ သူတို့ရဲ့ ခါးသေးလေးတွေကို အသေကိုက်ပြီး တိုက်ပွဲဝင်ကြတာမောင်။ ပုရွက်ဆိတ်အကြေလေး တွေအဖြစ် ကျရှုံးသွားတဲ့အုပ်စုကိုမြင်ရင် ဘယ်လိုကြေကွဲမိလဲမသိလောက်အောင် ခံစားမိသေးတာ။ တခါတလေ ကိုယ် မဟုတ်ပဲ တချို့သူတွေလည်း အဲလိုတိုက်ပွဲတွေဖန်တီးပြီး ကြည့်ကြတယ်လို့ အပြင်ရောက်လို့ အတွေ့ အကြုံဖလှယ် ကြရင်း ပြောပြတာ ကြားဖူးတယ်။

ပုရွက်ဆိတ်ချင်းတူပေမယ့် မျိုးစိတ်ကွဲတာနဲ့ ရန်သူအဖြစ် သတ်မှတ်ကြတဲ့ပုရွက်ဆိတ်ကလေးတွေရဲ့ခံယူချက်ကရော ဘာ လို ပါလိမ့်လို့ ကိုယ် တခါတလေ စဉ်းစားမိသေးတယ်။

အဲဒီအချိန်ကျရင်လေ ရည်ရွယ်ချက်ပန်းတိုင်တူပေမယ့် အဖွဲ့ အစည်းကွဲတာနဲ့ အပြန်အလှန်တိုက်ခိုက်ကြတဲ့ ကိုယ်တို့ လူ တွေလိုပဲ ဖြစ်မယ်ထင်ပါရဲ့လို့ ဖြေတွေးရတော့တယ်။

လူဟာလည်း သတ္တဝါပဲမဟုတ်လားမောင်။ ပုရွက်ဆိတ်လေးတွေလည်း သတ္တဝါပဲဆိုတော့ အခြေခံတူသွား တာပဲဖြစ်မယ် နော်။

ပုရွက်ဆိတ်ချင်းတိုက်တဲ့အသေခံတိုက်ပွဲတွေကို မုန့်နဲ့မျှားပြီး ဖန်တီးဇိမ်ခံကြည့်ကြတဲ့သူတွေကိုရော မောင်ဘယ်လိုမြင်လဲ သိချင်သေးတယ်။ ကိုယ်ကတော့ အဲလိုလူတွေကို ကြည့်တောင် မကြည့်ချင်ဘူး။ ကိုယ်ပျော်ဖို့သူများသတ္တဝါလေးတွေကို သက်သက်သေခိုင်းသလိုပဲလို့တွေးရင်း လက်ဝှေ့ပွဲတွေ၊ နွား ရိုင်းပွဲတွေကိုတောင် မြင်ယောင်မိသေးတယ်။ ဒါကတော့ မြင်ရတွေ့ရတဲ့ ကစားနည်းမို့မြင်တာပါ။ ဒါပေမဲ့ လူ့လောကထဲ မှာတော့ ကိုယ့်အချင်းချင်း အကျိုးစီးပွားတွေ ယုံကြည်မှုတွေ ရပ်တည်မှုတွေအတွက် တိုက်ပွဲတွေ ဖန်တီးသွေးထိုးနေတာ မျိုးတွေလည်း ရှိတာပဲမဟုတ်လားမောင်။ စကားပုံလို တောင် တင်စားတာမျိုးလေ။

အိမ်ကြက်ချင်းအိုးမည်းသုတ်ခွပ်ခိုင်းတယ်ဆိုတာမျိုးနဲ့ ဆင်တူမယ် လို့ထင်တာပဲနော်။

အံမယ် သူတို့တိုက်ပွဲတွေတင်မကပဲ သူတို့ကို လူပေါ် လူဇော် လုပ်နည်းလည်း ကိုယ်တတ်ခဲ့တယ်နော်။
အဲဒါက တခြားလူတွေလည်း အသုံးဝင်မယ့်တွေ့ရှိချက် သုတေ သနပေါ့။

ကိုယ့်သုတေသနကို စာတမ်းတင်ရင်တောင် ကောင်းမလား အဲဒီတုန်းက စဉ်းစားသေးတယ်။ ကိုယ်လည်း တခါတလေ ကြောင်ကြည့်ချင်သေးတာကိုး။
သုတေသနတခုက အများသိပြီးသားဖြစ်တဲ့ပုရွက်ဆိတ် မတက် အောင် ထားနည်းတွေထဲက တခုပါပဲ။

ပုရွက်ဆိတ်မတက်စေချင်ရင် ရေဇလုံတခုမှာ ရေထည့်၊ ပန်းကန် လုံးအလွတ်ပေါ်ဖြစ်ဖြစ် မတက်စေချင်တဲ့မုန့်ကို တင်တာမျိုးပေါ့။ ကိုယ့်နည်းက အဲ့နည်းဆင်ဆင်ပေမယ့် နံရံလေးဘက်မှ တခါ တလေ မုန့်တွေကများပြီး သူ့ထည့်တဲ့ ရေဇလုံလုပ်ဖို့ ရှားပါးခဲ့ရင် အဝတ်စတခု အဝတ်ကြိုးတခုကို ရေနစ်နေအောင်စိမ်ပြီးမှ ပုရွက်ဆိတ်မတက်စေချင်တဲ့မုန့်တွေကို အလယ်မှာစုထားလိုက်။

ပတ်လည်က ခုနရေစိုအဝတ်တွေကို ကာရံထားလိုက်တာပဲ။ အဲလိုဆို ပရွတ်ဆိတ်တွေက ရေအနံ့နဲ့တင် အဲဒီအဝတ်ကို မဖြတ်တော့ဘူးလေ။
ဘယ်လောက်ပိုင်လည်း နော်။

နောက်တနည်းကကျတော့ ပုရွက်ဆိတ်တက်သွားပြီးတဲ့ ကိတ်မုန့်လို ပေါင်မုန့်လို ချောင်ထဲထိရောက်ပြီး ပြန်ထုတ်ဖို့ ခက်ခဲတဲ့ မုန့်တွေမှာ ပုရွက်ဆိတ်တက်ရင် ထုတ်နည်းပေါ့ မောင်ရဲ့။

အဲဒါလည်း မခက်ဘူး။ ခုနလိုပဲ ရေဇလုံတခုရဲ့အလယ်မှာ နောက် ထပ် ဇလုံတခုထားဖို့ပဲ။ အလယ်ကဇလုံအတွင်းကတော့ ခြောက် သွေ့နေအောင် သုတ်ထားပေါ့။ ပြီးရင် ပုရွက်ဆိတ်ပြန်ထုတ်ချင်တဲ့ မုန့်ကိုတခုချင်းဖြစ်ဖြစ် အထုတ်လိုက်ဖြစ်ဖြစ် တင်ထားလိုက်ရုံပဲ။

ရေကျုံးလုပ်ထားသလိုပေါ့။ သူတို့က ဘေးကရေနံ့ရတော့ ဘယ်မှ မပြေးတတ်ဖြစ်ပြီး အချင်းချင်းအချက်ပေးလိုက်ကြတယ်။ ပြီး ဘာမှ မစားကြတော့ပဲမုန့်ထုတ် ဒါမှမဟုတ် အောက်ကဇလုံ တနေရာမှာ အုပ်စုဖွဲ့နေလိုက်ကြတယ်။ ကိုယ်က အဲ့ချိန်ကျမှ မုန့်ကို ယူလိုက်ပြီး ပုရွက်ဆိတ်အစုအဝေးကို လွှင့်ပစ်လိုက်ရုံပဲ။ ကဲ ဘယ်လောက်ပိုင်လည်း မောင်ရဲ့။ အဲဒါသေချာ လေ့လာ ဆန်းစစ်ပြီး ရလာတဲ့ပုရွတ်ဆိတ် ထုတ်နည်းပဲ မဟုတ်လား။

မောင်မယုံရင် စမ်းကြည့်နိုင်တယ်နော်။ အဲဒီနည်းက အာမခံ တယ်။ ပုရွက်ဆိတ်ကလေးတွေက ရေထဲက ဖြတ်ရင် သူတို့ မသွားနိုင်တော့ပဲ သေမယ်ဆိုတာသိကြတယ်နော်။ ဒီတော့ တနေရာထဲမှာ စုစည်းထားကြပြီး တစုံတခုဖြစ်သွားရင်တောင် တူတူရင်ဆိုင်မယ်ဆိုတဲ့သဘောပေါ့ကွယ်။ ကိုယ်လေ ပုရွက် ဆိတ်လေးတွေကို နေ့တိုင်းကြည့်နေရင်း ချစ်သွားလိုက်တာများ ငယ်ငယ်က ကိုယ့်ကိုကိုက်ရင်ခြေမွပစ်ခဲ့မိတာကိုတောင် နောင်တ ရမိသေးတာ။ ခု ကိုယ့်အခန်းလေးထဲ ပုရွက်ဆိတ်အုံနဲ့တူတူ နေပေမယ့် တခါမှအကိုက်မခံရဘူးမောင်ရဲ့။ သူတို့ဆာမှာ စိုးလို့တောင် တခါတလေ မုန့်တွေ ချကျွေးမိသေးတာလေ။

မျိုးတူပုရွက်ဆိတ်လေးတွေ အုပ်စုဖွဲ့နေတဲ့ ကိုယ့်အခန်း ထောင့် လေးမှာ တခါတုန်းက ပုရွက်ဆိတ်ဥလေးတွေ အများကြီး တွေ့မိတော့ ကိုယ်ပျော်လိုက်တဲ့ဖြစ်ခြင်း။ တခြားလူတွေကိုတောင် ခေါ်ပြမိသေးတာလေ။ ဒါက ဘာဆန်းလို့လဲလို့ အပြောမစောနဲ့ ဦးမောင်ရေ။ ထူးခြားတာ ဆက်ပြောမလို့ပလ္လင်ခံထားတာ။

တခါမှာတော့ပုရွက်ဆိတ်ရဲ့ချစ်ခြင်းမေတ္တာကို တွေ့ခဲ့သေးတာပေါ့။ အဲဒီတုန်းက ပုရွတ်ဆိတ်တန်းလေး ၂တန်း တတန်းက အရှေ့ကိုသွားနေချိန် နောက်တတန်းက အနောက်ဘက်ကို သွားနေတာ။ မျိုးစိတ်လဲ တူပုံရတယ်။ သူတို့ တကောင်နဲ့တကောင်တွေ့ရင် နှုတ်ဆက်ပြီး ဆက်သွားကြတာပဲ။ အဲဒါကို ကြည့်နေရင်း ထူးထူးဆန်းဆန်း ပုရွက်ဆိတ်လေး နှစ် ကောင်က ချက်ချင်းနှုတ်ဆက်ထွက်မသွားပဲ တော်တော်ကြာ ကြာပဲ ခေါင်းချင်းတိုက်လိုက် အနံ့ခံအမျှင်လေးချင်း တိုက်လိုက်နဲ့ ပွတ်ကာသီကာ နွဲ့နေကြတာလေ။ ကိုယ်ဖြင့် ကြည့်နေရင်း အမယ် ဒီဘက်က ပိန်ပိန်လေးက ပုရွက်ဆိတ်အမလေးများလား။ ဟိုဘက်က ဗိုက်ပူဝတုတ်ကလေးက ကိုယ့်အမလေးကို ဘာများ ချွဲနေလဲဆိုပြီးလေ တဟီးဟီးနဲ့သဘောတွေကျ အသံထွက်ရယ်နဲ့။

အဲ့အချိန်မှာကိုယ်က သူတို့ထဲကတကောင်ကောင်ဟာ တဖက်ကို လိုက်သွားမယ်လို့ထင်ခဲ့တာလေ။ ကိုယ့်လိုပဲ အချစ်နောက်ကို လိုက်သွားမယ်ထင်ခဲ့တာ။

သူတို့ကိုတခြားအကောင်လေးတွေက တိုးတိုက်သွားတာ ကျော် တက်သွားတာတွေ ရှိသေးတယ်။ ဒါပေမဲ့ မောင်ရေ၊ ကိုယ်အတွေးလွဲပြီး ကိုယ်ဝမ်းနည်းရမယ့် ဖြစ်ရပ်က တကယ်ဖြစ် သွားတယ်။ ပုရွက်ဆိတ်အထီးလေးရော အမလေးရောဟာ သူတို့ပါဝင်ခဲ့တဲ့ အုပ်စုရဲ့လမ်းကြောင်းအတိုင်းပဲ ဆက်လိုက် သွားကြတယ်ကွယ်။ ကိုယ်ဖြင့် အဲဒီအချိန်တဒင်္ဂလေးမှာ ငိုင်ကျ သွားခဲ့ရတယ်။ ခုန ရယ်မောပျော်ရွှင်ခဲ့တဲ့အချိန်လေးမှာ ဖမ်းဆုပ် ရမိခဲ့တဲ့ စိတ်ချမ်းမြေ့မှုဟာ ခဏလေးအချိန်တွင်းမှာပဲ ကြေကွဲ ကွယ်ပျောက်သွားခဲ့ရတယ်။

အသီးသီးလမ်းခွဲသွားတဲ့ ပုရွက်ဆိတ်လေးတွေကို ကြည့်ပြီး ကိုယ် တို့ဘဝကို အစားထိုး ထိတ်လန့်မိတယ်။ ကွဲပြားကွာခြားတဲ့ ဝန်းကျင်တွေကနေ ပေါက်ဖွားလာခဲ့ကြတဲ့ မောင်နဲ့ကိုယ်ဟာ မထင်မှတ်ပဲဆုံတွေ့ပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ရယ်မောပျော်ရွှင် နေပေမယ့် တချိန်ချိန်မှာဖောက်မထွက်နိုင်ပဲ ကိုယ့်ကို လမ်းခွဲ ထားခဲ့လေမလားလို့လည်း ကိုယ်သံသယဝင်ခဲ့မိပြီလေ။

နံရံလေးဘက်ထဲမှာ စိတ်မှန်းနဲ့ရော်ရမ်းချစ်ရတဲ့ မောင့်ကို ဖောက် ထွက်မလာနိုင်ဖူးလို့ ကိုယ်ခံစားသိရှိခဲ့တာ ကိုယ်မှားလား။ မမှားဘူးလား မောင့်ကိုမေးရင် အရူးမ ပုရွက်ဆိတ်နဲ့လူ တူနိုင် လားလို့ ခပ်ငေါက်ငေါက် ပြန်ပြောမှာလည်း မြင်ယောင်မိ သေးတယ်။
----
-------
----------
------------------
လက်တွေ့မှာတော့ ပုရွက်ဆိတ်ကလေးတွေလိုပါပဲမောင်။
ကျမတို့ခဏလေးတွေ့ခဲ့ကြတယ်။
ပြီးတော့ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြရတာပဲမဟုတ်လား။
ဒါပေမဲ့ မောင့်ကို ချစ်ခဲ့ဖူးတယ်ဆိုတာနဲ့တင် ကျမဘဝက နေပျော်ခဲ့ပါတယ် အံ့ကလေးရေ။ ။

(ခင်မင်းဇော်)
၀၅ သြဂုတ်၂၀၁၇

Comments