ဇင်လင်း - ထိလွယ်ရှလွယ် စကားလုံးများနှင့် ဖြေရှင်း၍ မရနိုင်သည့် ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှု


ဇင်လင်း - ထိလွယ်ရှလွယ် စကားလုံးများနှင့် ဖြေရှင်း၍ မရနိုင်သည့် ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှု 
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၇

ရခိုင်ပြည်နယ်အရေးကိစ္စသည် လက်ရှိမြန်မာအစိုးရ၏ ၁၈ လသက်တမ်းအတွင်း ထိပ်တန်းဦးစားပေး စိန်ခေါ်မှု တစ်ရပ် ဖြစ်လာသည်။ ရခိုင်ပြည်နယ်အတွင် အကြမ်းဖက်မှုများ မပေါ်ပေါက်မီကပင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည် ဖော်ဆောင်ရေးကို အစိုးရက အထူးအလေးပေးဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် ရခိုင်ဒေသအတွင်း နေထိုင်ကြသော လူမှုအသိုက်အဝန်းများ အချင်းချင်း အကြား၌လည်း သဟဇာတဖြစ်ထွန်းမှု မြှင့်တင် ရေးကို အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အမုန်းတရားနှင့် အကြောက်တရား ဖိစီးမှုများသည် လတ်တလော ရခိုင် ပြည်နယ် ပြဿနာ၏ အဓိက အကြောင်းရင်းဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာလ ၁၉ ရက် နေ့ “နိုင်ငံတကာ သံတမန်များအား ရှင်းလင်းပြောကြားသည့် မိန့်ခွန်း” တွင် ဝေဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအား ဘာသာရေး ယုံကြည်မှုများနှင့် တိုင်းရင်းသား မျိုးနွယ်ခွဲခြားမှုများအရ သွေးကွဲသည့် နိုင်ငံတစ်ခု ဖြစ်လာမည်ကို မလိုလား ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ပြောကြားခဲ့သည်။

“နိုင်ငံတကာ သံတမန်များအား ရှင်းလင်းပြောကြားသည့် မိန့်ခွန်း” ကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာကွန်ဗင်းရှင်းစင်တာ (နေပြည်တော်)၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထို အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်သွားသူများထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်ကျေးရွာထက်ဝက်ကျော် ပါဝင်ခြင်းမရှိသည့် အချက်ကို ထောက်ပြပြောဆိုသွားသည်။ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များအား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သဘောတူထားခဲ့သော ၁၉၉၃ ခုနှစ် သဘောတူညီချက်အရ စီစစ်လက်ခံသွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်ဆိုတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လက်ခံဖို့ တောင်းဆိုမှုလည်း ရှိပါတယ်။ ၁၉၉၃ ခုနှစ်ကတည်းက နှစ်နိုင်ငံ သဘောတူညီထားတဲ့ ဒုက္ခသည် စိစစ်ရေး လုပ်ငန်းစဉ်တွေအတိုင်း ဒီ ဒုက္ခသည်တွေကို စိစစ်ဖို့ သဘောတူရင် မြန်မာနိုင်ငံအနေနဲ့ အချိန်မရွေး စိစစ်သွားဖို့ အသင့်ရှိပါ။ စိစစ်ပြီးလို့ မြန်မာနိုင်ငံက ထွက်ပြေးတဲ့ ဒုက္ခသည် မှန်ရင် ၁၉၉၃ ခုနှစ် သဘောတူညီချက်အတိုင်း သူတို့ရဲ့ လုံခြုံရေး အပြည်အ၀ ရရှိဖို့၊ လူသားချင်း စာနာမှု အကူ အညီတွေ ရရှိဖို့၊ ပြဿနာတစုံတရာ မဖြစ်ဖို့ တာဝန်ယူပြီး ပြန်လက်ခံပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ယခုဖြစ်ရပ်များသည် စစ်သွေးကြွ အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ စခန်းများကို အကြမ်းဖက် တိုက်ခိုက် ခဲ့ရာမှ စတင်ခဲ့သည့်အချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားပြောကြားခဲ့သည်။ ဆက်လက်၍ လက်ရှိ ပြဿနာများသည် မြန်မာနိုင်ငံနှင့်သာ တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းအသီးသီးအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို စွမ်းအားရှိသမျှ အားထုတ်လုပ်ဆောင်ပြီး၊ မတည်ငြိမ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးမှုသွားကြရသည့် အကြောင်းဇစ်မြစ် ကို ဦးစွာ စိစစ်ရန်လိုကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးသူများနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စက်တင်ဘာ ၁၉ သံခင်းတမန်ခင်းဆိုင်ရာမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားထားသည်။

၎င်းပြင် နိုင်ငံတကာ ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ယခု အရေးကိစ္စအပေါ် နိုင်ငံတကာ ဝေဖန်ဆန်းစစ်မှုများ ရှိခဲ့လျှင်လည်း မြန်မာနိုင်ငံအနေဖြင့် ကြောက်ရွံ့လိမ့်မည် မဟုတ်ဘဲ၊ ရခိုင်ပြည်နယ်အရေးကိစ္စကို တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ဖြေရှင်း လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

“ပြစ်တင်စွပ်စွဲမှုတွေနဲ့ တန်ပြန်စွပ်စွဲမှုတွေ ရှိနေတာ တွေ့ရတယ်။ အဲဒီ ပြောဆိုစွပ်စွဲချက်တွေ အားလုံးကို ကျွန်မတို့ နားထောင်သွားမှာဖြစ်တယ်။ အရေးယူကိုင်တွယ်မှု တစ်ခုခု မလုပ်ခင်မှာ ဒီ စွပ်စွဲချက်တွေဟာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေပေါ်မှာ အခြေခံရဲ့လား ဆိုတာကို သေချာအောင်ဆန်းစစ်ရမယ။်” ဟု ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။

အမုန်းတရားနှင့် အကြောက်တရား ဖိစီးမှုများသည် လတ်တလော ရခိုင်ပြည်နယ် ပြဿနာ၏ အဓိက အကြောင်းရင်း ဖြစ် သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သုံးသပ်သည်။ မြန်မာနိုင်ငံအား ဘာသာရေး ယုံကြည်မှုများနှင့် တိုင်းရင်းသား မျိုးနွယ်ခွဲခြားမှုများအရ သွေးကွဲသည့် နိုင်ငံတစ်ခု ဖြစ်လာမည်ကို မလိုလားဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

“စက်တင်ဘာလ ၅ ရက်နောက်ပိုင်း မောင်တောဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ စစ်ဆင်ရေးတွေ မရှိတော့ပေမယ့် မွတ်စလင်အမြောက်အများ နယ်စပ်ဖြတ်ကျော်ထွက်ပြေးနေကြတယ်ဆိုတာ ကြားရတဲ့ အတွက် များစွာစိုးရိမ်ပူပန်မိပါ တယ်။ ဘာကြောင့် ဒီလို အလုံးအရင်းနဲ့ ထွက်ပြေးကြသလဲဆိုတာကို သိချင်တယ်။ ထွက်ပြေးကြသူတွေရဲ့ ပြောစကား တွေကိုလည်း ကြားချင်သလို ကျန်ခဲ့သူတွေရဲ့ ပြောစကားတွေကိုလည်း နားထောင်ချင်ပါတယ်။ ဒီနေရာမှာ သိသူနည်းပါး တဲ့ အချက်ကတော့ မွတ်စလင် အများစုဟာ ထွက်ပြေးတဲ့အထဲမပါဘဲ ရခိုင်ပြည်နယ်မှာ ဆက်လက်နေထိုင်နေကြတယ် ဆိုတာပါပဲ။ ငါးဆယ် ရာခိုင်နှုန်းကျော် မွတ်စလင်ရွာသားတွေဟာ သူတို့ရဲ့မူလနေရာတွေမှာဘဲ ဆက်လက်နေထိုင်နေ ကြတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ ပဋိပက္ခ မဖြစ်တဲ့နေရာတွေရှိတယ်၊ အဲဒီနေရာတွေမှာ ဘာကြောင့် ပဋိပက္ခ မဖြစ်သလဲဆိုတာကိုလည်း အဖြေရှာရမယ်။”

အဖြေရှာရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိတ်ဝင်စားမည်ဆိုလျှင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ထိုနေရာများ သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်မေးမြန်းနိုင်စေရန် စီစဉ်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ ဥပဒေမဲ့ အကြမ်းဖက်မှုများ အားလုံးကို ရှုတ်ချကြောင်းနှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး တည်ဆောက်ရန် သန္နိဋ္ဌာန်ချထားသည်ဟုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာ ၁၉ သံခင်းတမန်ခင်းဆိုင်ရာမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။ ၎င်းအပြင် အပြစ်မဲ့ အရပ်သူ အရပ်သားများအား ထိခိုက်မှုမရှိစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကျင့်ဝတ်စည်းကမ်းများကို တိတိကျကျ လိုက်နာကြရန်လည်း ညွှန်ကြားထားကြောင်း ပြောဆိုသည်။

ဤအတောအတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များ သည် ကျောက်တော်၊ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များသို့ စက်တင်ဘာ ၁၈/၁၉ ရက်နေ့များတွင် သွားရောက်လေ့ လာကြမည်ဟု RFA သတင်းက ဆိုသည်။ ၂ ရက်ကြာခရီးစဉ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် လည်း ဆွေးနွေးသွားမည်ဟု အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး က ပြောသည်။

အဆိုပါ ကော်မတီသည် ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင် စစ်ဆေးခဲ့သော ‘မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာ’ နှင့် ‘ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင် စုံစမ်းစစ်ဆေးခဲ့ သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ’ တို့တွင် ပါဝင်သည့် အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်သည်ဟု သိရသည်။ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရာ၌ ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များသည် ရေရှည်အတွက် ကောင်းကျိုး ဖြစ်ထွန်းစေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ သံတမန်များအား ရှင်းလင်းပြောကြားသည့် စက်တင်ဘာ ၁၉ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ကာ အစိုးရအဖွဲ့ ထိပ်ပိုင်းအရာရှိများ ပါဝင်သော ကော်မတီတစ်ရပ်ကို စက်တင်ဘာ ၁၂ ရက်စွဲနှင့် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည်။ နေပြည်တော် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံး၌ စက်တင်ဘာ ၁၄ ရက်နေ့က အစည်းအဝေး ကျင်းပခဲ့စဉ် ကော်မရှင် အကြံပြုချက်များအနက် ရခိုင်ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့် အချက်များကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

"ဒီအကြံပြုချက်အားလုံးအပေါ်မှာလည်း အကုန်လုံးကို အကောင်အထည်ဖော်စရာလည်းမလိုဘူး၊ အကုန်လုံး အကောင်အထည်ဖော်ရမယ်လို့လည်း မဟုတ်ဘူး၊ ဒါပေမဲ့ ကျနော်တို့နိုင်ငံနဲ့ ကျနော် တို့ ပြည်သူအတွက် အကျိုးရှိမယ်၊ ရခိုင်တိုင်းရင်းသားတွေ ရခိုင်ဒေသအတွက်အကျိုးရှိမယ်၊ ရခိုင်ဒေသမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ပိုပြီးတော့ ငြိမ်းချမ်းကောင်းမွန်သွားအောင်ပေးမယ်၊ ကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေဟာ လက်ရှိမြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေ နဲ့ ဆောင်ရွက်လို့ရတယ်၊ ကိုက်ညီတယ်၊ အကျိုးရှိမယ့်ကိစ္စတွေဆိုရင် ဆောင်ရွက်မယ်" ဟု
ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့၏ အကြံပြုချက် ၈၈ ချက်ရှိသည်ဟု သိရသည်။ ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက် ၄၈ ချက်ရှိသည်ဟု ဆိုသည်။ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတွင် ဝန်ကြီးဌာန ၁၀ ခုကျော်တို့ ပါဝင်၍ မြေပြင်ကွင်းဆင်းမှုကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စမည်ဖြစ်သည်ဟု သတင်းများက ဆိုသည်။

“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ” အား လိုအပ်သော အကြံဥာဏ် များပေးနိုင်ရန် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ အတွေအကြုံရှိသူများနှင့် အကြံပေး အဖွဲ့ကို အားဖြည့်ဖွဲ့စည်းသွားမည်ဟုလည်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ထားသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ဒုက္ခသည်အရေအတွက် ၄ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံက လက်ခံထားရသည်ဟု ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် ထွက်ပြေး တိမ်းရှောင် ဒုက္ခသည်ဦးရေ အတိအကျ ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။ နိုင်ငံသားစိစစ်လက်ခံရေး ကိစ္စအတွက် မြန်မာအစိုးရက အစီအစဉ်ရေးဆွဲ လုပ်ဆောင်နေသော်လည်း၊ အချို့သော လူမှုအသိုက်အဝန်းများက စိတ်မပါသကဲ့သို့ ရှိသည်ကို တွေ့နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြား ထားသည်။

“နိုင်ငံသား စိစစ်ရေးနဲ့ ပတ်သက်လို့ တိကျတဲ့ ဗျူဟာနဲ့ အချိန်သတ်မှတ်ချက်ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းဟာ အသိုက်အ၀န်း အားလုံး ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ သူတို့အားလုံး ပါဝင်လာအောင် စည်းရုံး ပေးနိုင်မယ်ဆိုရင် ကျေးဇူးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ မိန့်ခွန်း၌ ပြောကြားထားသည်။

မကြာသေးမီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် စက်တင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးံH.E. Mr. Tateshi Higuchi အားလည်းကောင်း၊ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri အားလည်းကောင်း ဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးသတင်းစဉ် အရ သိရသည်။ တွေ့ဆုံစဉ် ဂျပန်သံအမတ်ကြီးက မောင်တောဒေသ အကြမ်း ဖက်မှုများကြောင့် ပြည်သူများအသက်ဆုံးရှုံးမှု၊ ဒဏ်ရာရရှိမှုများအတွက် ဂျပန်နိုင်ငံ အနေဖြင့် အကြမ်းဖက်သမားများ အပေါ် ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း၊ လုံခြုံရေးပြန်လည်ရရှိရေးအတွက် တာဝန်ရှိ ဌာနအဖွဲ့ အစည်းများ၏ အားထုတ်ဆောင်ရွက်မှုကို အသိအမှတ်ပြုကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် အကူအညီများ ပေးလိုပါကြောင်းနှင့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏အကြံပြုချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ် အတွက် ဂျပန်နိုင်ငံ အစိုးရက ကူညီဆောင်ရွက်ပေးလိုကြောင်း စသဖြင့် ပြောကြားသည်ဟု သိရသည်။

ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကလည်း နယူး ယောက် ကုလသမဂ္ဂအစည်းအဝေးတွင် ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ၏အမြင်မှာ ပြင်းထန်လွန်းသည်ဟု သုံးသပ်ပြောဆိုခဲ့သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် မိတ်ဆွေ အခက်အခဲဖြစ်ချိန်တွင် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ပြောကြားသည်။ အရေးပေါ် အကူ အညီအတွက် အမေရိကန်ဒေါ်လာတစ်သန်းကူညီမည်ဟု ဆိုသည်။ ထို့ပြင် တစ်ဖက်နိုင်ငံသို့ ရောက်သွားသူများ ပြန်လည် နေရာချထားရေး လုပ်ငန်းတွင်လည်း ကူညီမည်ဟု သိရသည်။ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းစဉ်တွင်လည်း ကူညီမည်ဖြစ်ကြောင်း၊ ဦးစားပေးလုပ်ငန်းစဉ်များနှင့် လိုအပ်သည့် အကူအညီများကိုလည်း သိရှိလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံ သံအမတ်ကြီးက အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေရင်းချာနိုင်ငံဖြစ်ကြောင်း၊ မောင်တောဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးပြီးချင်း အကြမ်းဖက်မှု အပေါ် ရှုတ်ချသည့် ပထမဆုံးသော နိုင်ငံဖြစ်ပါကြောင်း၊ ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပါကြောင်း၊ ဆက်လက်ရပ်တည်သွားမည်လည်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ ပူးပေါင်းကူညီဆောင် ရွက်လိုပါကြောင်း စသဖြင့် ပြောကြားသည်ဟုသိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံ ဝန်ကြီး ချုပ် ချစ်ကြည်ရေးခရီးစဉ် လာရောက်လည်ပတ်ခဲ့သည့်အတွက် နှင့် မောင်တောဒေသ ဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအနေ ဖြင့် မိတ်ဆွေကောင်းပီသစွာ ရပ်တည်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် ခွဲခြားမှုမရှိဘဲ လိုအပ်သူများအား အကူအညီပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာမှ အကူအညီများကိုလည်း လက်ခံလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး အတွက် ကော်မတီဖွဲ့စည်းပေးထားပြီး စတင်ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊ ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံ ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင် ဘာ ၁၉ မိန့်ခွန်းပါ ပြောကြားချက်များအား ထပ်လောင်းပြောကြားခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတကာ အသိုက်အ၀န်း အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံပေးရန် ထည့်သွင်းပြောကြားခဲ့ကြောင်း တွေ့ရသည်။

ထို့ပြင် လက်ရှိ ရခိုင်ပြည်နယ် အခြေအနေသည် အလွန်ရှုပ်ထွေးပြီး ကြုံတွေ့ရသည့် စိန်ခေါ်မှုများသည်လည်း ကြီးမား ကြောင်း၊ သို့သော် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဘက်စုံ အမျိုးသား မဟာဗျူဟာတစ်ရပ်ကို ချမှတ်ထားပြီး ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် လိုအပ်သည့် ရေရှည်မဟာဗျူဟာစီမံချက် ချမှတ်ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အကြမ်းဖက် လှုပ်ရှားမှုများက ဟန့်တားနှောင့်ယှက်နိုင်မှု မရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။ ဒုတိယသမ္မတက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရေးကော်မတီ ဖွဲ့စည်းထားရှိမှု၊ ပြည်တွင်းနှင့် နိုင်ငံတကာက ထင်ရှားသည့်ပုဂ္ဂိုလ်များ ပါဝင်သော အကြံပေး ဘုတ်အဖွဲ့ ဖွဲ့စည်းသွားမည့် အခြေအနေတို့ကိုလည်း ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။ ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ရေးကော်မတီက လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်ကာ လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်နေပြီဟုလည်း ပြောကြားခဲ့သည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိမိတို့၏ လုပ်ငန်းအစီအစဉ်များကို ကိုယ်တွေ့မျက်မြင်လာရောက် ကြည့်ရှုရန် လေ့လာသူများကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သူ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို သုံးသပ်ကြည့်ပါက စိန်ခေါ်မှုများကြီးမားသကဲ့သို့ အခွင့်အလမ်းများလည်းရှိနေဆဲ ဖြစ်ကြောင်း မြင်ရသည်။ နိုင်ငံတကာ ဖိအားများ ရှိသည်ဆိုသော်လည်း မိမိဘက်က ရပ်တည်လျှက်ရှိသည့် မိတ်ဆွေနိုင်ငံ များလည်း ရှိနေသည်ကို တွေ့နိုင်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်လည်း မြန်မာ့အရေးကို နားလည်ထောက်ခံ သည့် နိုင်ငံများရှိနေပြီး၊ ရခိုင်အရေးကိစ္စကို အကြောင်းပြ၍ နိုင်ငံရေးအမြတ်ထုတ်ရန် မဖြစ်နိုင်ပေ။ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင် ပံ့ပိုးပေးခြင်းသည်သာ အကောင်းဆုံးကူညီနိုင်မည့်နည်းလမ်းဖြစ်ကြောင်း နိုင်ငံတကာအသိုက်အ၀န်းအား “NLD အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန” က စက်တင်ဘာ ၁၁ ရက်တွင် တိုက်တွန်းခဲ့ပြီးလည်း ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို သာမက အပြစ်မဲ့ အရပ်သားများကိုပါ ပစ်မှတ်ထားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများအား တညီတညွတ်တည်း ရှုတ်ချ ရမည်ဖြစ်ပြီး အကြမ်းဖက်လုပ်ရပ် မှန်သမျှကို မည်သည့်အကြောင်း ပြချက်နှင့်မျှ ခွင့်လွှတ်နိုင်မည် မဟုတ်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ကြေညာချက်တွင် ဖေါ်ပြထားသည့် အချက်မှာလည်း လက်ရှိအနေအထားအရ ကြောင်းကျိုးညီညွတ်ပေသည်။

ယခု နောက်ဆုံးအခြေအနေမှာ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၄ ရက် နေ့တွင် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီး၌ ရှာဖွေတူးဖော် တွေ့ရှိခဲ့ကြောင်း ကြားသိရပြီး၊ ထို ဟိန္ဒူဘာသာဝင် များ မည်သို့မည်ပုံ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည်ကို နိုင်ငံတကာ သတင်းနယ်ပယ်အထိ အထောက်အထား အချက် အလက် ခိုင်မာစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ရန် လိုအပ်ပေသည်။ အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးက သတင်းမီဒီယာ လွတ်လပ်ခွင့်တံခါးကို ကျယ်နိုင်သမျှ ကျယ်စွာ ဖွင့်ပေးထားဖို့လိုပေသည်။ ရခိုင်ကိစ္စ ယခုအခြေအနေအထိ ရောက်ရှိခဲ့ရ သည့် အကြောင်ရင်းများတွင် သတင်းစာလွတ်လပ်ခွင့် မှောင်ချခံထားရခြင်းသည်လည်း အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်သည်။

အနှစ်ချုပ်ရလျှင် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ဥာဏ်အမြော်အမြင်ကြီးမားသော နိုင်ငံရေးခေါင်းဆောင် ရှိနေခြင်းကြောင့် ယခုပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖွယ်ရှိသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ဘက်က စစ်ဆေးမှုများကို ခံယူရဲကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရဲရဲရင့်ရင့် ပြောကြားထားသည်။ ရခိုင်ပြည်နယ် အတွင်း အဆင်ပြေပြေ အတူတကွ လက်တွဲနေထိုင်နိုင်ရေးကို အဖြေရှာရာ၌ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း နိုင်ငံတကာ သံတမန်များအား ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်သည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ထိလွယ်ရှလွယ်ဖြစ်သဖြင့် စကားလုံးများနှင့်ဖြစ်စေ၊ လက်နက်ဖြင့်ဖြစ်စေ၊ စိတ်ခံစားချက်များဖြင့်ဖြစ်စေ အချင်းချင်း ရန်လိုသော သဘောဖြင့် ထိုးနှက်တိုက်ခိုက်နေခြင်းသည် မည်သို့မျှ အကျိုးမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာသို့ ရည်ညွှန်းပြောကြားခဲ့သည်။ ခြုံငုံသုံးသပ်ရလျှင် သံခင်း တမန်ခင်းဆိုင်ရာ ဤမိန့်ခွန်းသည် ရခိုင်ပြည်နယ် အရေးအတွက် အဖြေရှာရာတွင် အရေးပါသော နိုင်ငံရေးခြေလှမ်း တစ်ရပ်ဟု ဆိုရပေမည်။။။။

Comments