မောင်လူရေး - တစုံတယောက်မှ တစုံတရာဆီ


မောင်လူရေး - တစုံတယောက်မှ တစုံတရာဆီ
(မိုးမခစာအုပ်စင်) စက်တင်ဘာ ၃၊ ၂၀၁၇

စံရည်မမှီသည့် အုပ်ချုပ်စီမံပုံတွေက ကျင့်ဝတ်နှင့် လူ့တန်ဖိုးကို အဖက်ဖက်က ဆုတ်နစ်ပျောက်ကွယ်သွားအောင် နင်းချေ ကြိတ်မှုန်းပြီးနောက် မြန်မာ့လူ့အဖွဲ့အစည်းသည် ရွံရှာစက်ဆုပ်ကြောက်လန့်ဖွယ် အမနုဿများ = လူရည်လူသွေးပျက်နေသူများကို မွေးထုတ်ပြီးသား ဖြစ်သွားလေပြီ။
ယင်းအမနုဿများက ကြားသူ မြင်သူစိတ်နှလုံးကို ထိတ်လန့်တုန်လှုပ် ညှိုးချုံးသိမ်ငယ်သွားစေနိုင်သည့် ပြစ်မှုကြီးများကို လွယ်လင့်တကူ နေ့တဓူဝ ကျူးလွန်နေကြသည်။


သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝန်းများ၊ မှီခိုရှင်သန်နေထိုင်ခြင်းများကို ချေမွဖျက်စီးပစ်သည့် လူ့မျိုးဆက်လိုက် မြှင်းသတ်သည့် ကျောက်စိမ်းတွင်းကြီးများ၊ သတ္တုတွင်းကြီးများတူးဖော်မှု၊ သစ်တောကြီးတွေလိုက် ခုတ်ထွင်မှု၊ အဆိပ်လွှမ်းနေသည့် ရွှေတူးဖော်မှု တောတောင်ဖြိုချမှုလုပ်ငန်းများ၊ ဥပဒေမဲ့ ရက်ရက်စက်စက် ယုတ်ယုတ်ကန်းကန်းလုပ်ပိုင်ခွင့်များ၊ ပေးကမ်း ညှိနှိုင်း ဖုံးဖိ ရှောင်တိမ်းခြင်းများဖြင့်သာ ဖြေရှင်းနေသည့် တရားဥပဒေပျက်သုဉ်းမှုများ၊ မြေယာဓါးပြတိုက်မှုများ၊ နေ့စဉ်သုံး အစားအစာထုပ်လုပ်ရောင်းချသည့်နှယ် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကြီးများ၊ သောက်ရေသန့်နှင့် အရေအတွက်ယှဉ်ပြိုင်ချက်လုပ်နေသည့် အရည်အသွေးစံသတ်မှတ်ချက်မရှိ အရက်ထုတ်လုပ်ဖြန့်ချီနေမှုများ၊ အဖိုးအဖွား မိန်းမသားနှင့် ကလေးငယ်များ၏ ငတ်မွတ်သေကြေ ဒုက္ခပင်လယ်ဝေမှုကို ကျည်ထိုးပြီး တိုက်နေသည့် စစ်ပွဲများ၊ အလုံပိတ်လူ့အဖွဲ့အစည်းအတွင်း အလွှာမျိုးစုံ အရွယ်မျိုးစုံတွင် အခိုင်အမာ နေရာယူထားသည့် အပြာဇာတ်လမ်းများ၊ နိုင်ငံ့အဆင့်ချီ လာဘ်ပေးလာဘ်ယူမှုကြီးများ၊ မြန်မာ့လူ့အဖွဲ့အစည်းတရပ်လုံးနီးနီး နေ့စဉ်ယဉ်ပါးနေသည့် ခိုးမှု လုယက်သတ်ဖြတ်မှု အာရုံလွန်ကျူးမှု သောက်စားရမ်းကားမှု မူးယစ်ဆေးသုံးစွဲမှု လိမ်လည် ဆဲဆို မောက်မာ စော်ကားမှုများ ဘယ်သူသေသေ ငတေမာပြီးရော စိတ်အနေများသည် ကျွန်ုပ်တို့နိုင်ငံ၏ ယန္တယားဖြစ်နေပြီ။
သက်ငယ်မုဒိမ်းသည် ယင်းအဓမ္မ အယုတ်မာများက တစတစ ပုံဖော်လာသည့် လူ့ဂုဏ်ပျက်ရွဲမှုနှင့် လူ့ဘုံအက်ကွဲမှု၏ ရုပ်ကြွင်းဖြစ်လာရာ မကြံအပ်မစည်ရာအရွယ် ကလေးငယ်များအပေါ် မကြားဝံ့မနာသာ ပြုကျင့်ပုံ သတင်းဆိုး သတင်းယုတ်တွေလည်း နေ့စဉ်နှင့်အမျှ ကြားနေ မြင်နေရသည်။


ယင်းအခြေအနေများကြားတွင် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတော်ကြီးကို မည်သို့ ပုံဖော် မြင်မျှော် ကြည့်ရမည်နည်း။ ကျွန်ုပ်တို့၏ လုံခြုံမှု လူ့ဂုဏ်သိက္ခာ၊ ကျွန်ုပ်တို့ကလေးများ၏ ရုပ်ပိုင်းစိတ်ပိုင်းလုံခြုံမှုနှင့် ကလေးဘဝသည် မရေရာတော့ပေ။ ကလေးတို့၏ နေ့စဉ်ဘဝတွင် သူအမှီသဟဲပြုနေရသည့် သူ့ဝဲယာအသိုင်းအဝန်းကိုပင် သံသယဖြစ်နေရမည်ဆိုလျှင်တော့ ဘယ်မျှ အော့နှလုံးနာဖွယ် ကောင်းလိုက်မည်နည်း။ ကလေးငယ်တယောက်အဖို့ ပျော်ရွှင်ကြည်နူးစရာမကောင်းသော ဆုတ်ယုတ်ပျက်ယွင်းနေသော အကျင့်စာရိတ္တ ဆင်းရဲနုံချာလှသော လိင်မဖွယ်မရာပြုမူနေသော အမိန့်အာဏာများဖြင့် ပြည့်နှက်နေသော ကလေးငယ်များစကားကို အရာမသွင်းသော ရက်စက်သော ယုတ်မာသော တရားမဲ့သော လူမှုအသိုင်းအဝန်း၊ လူနေမှုပုံစံတရပ်ဆီက ဘာကိုရော မျှော်လင့်ရမည်နည်း။ ကျွန်ုပ်တို့ကရော ယင်းသို့ ကြီးပြင်းလာရသော ကလေးငယ်တွေဆီက ဘာကို မျှော်လင့်ကြမည်နည်း။


ပန်းကလေးတွေကြား ခိုးခိုးခစ်ခစ်ရယ်သံလေးများဖြင့် ပေါ့ပေါ့ပါးပါး ပြေးလွှားနေကြသည့် ကလေးငယ်များကို မြင်ယောင်ကြည့်သည်ဆိုပါစို့။ မြူးကြွလန်းဖြာ ကျမ်းမာပျော်ရွှင် ကြည်လင်မျက်နှာဖြင့် ပညာသင်နေသည့်ကလေးငယ်များကို မြင်နေရသည်ဆိုပါစို့။ ကျွန်ုပ်တို့၏ မျှော်လင့်မှုအတွက် ကျွန်ုပ်တို့ပင် ဖေါ်ဆောင်ရမည်ဖြစ်ရာ မသိနိုးနားဖြစ်နေမှုများစွာတို့တွင် ကလေးသူငယ်များအပေါ် လိင်မဖွယ်မရာပြုမှုနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏ အမှုမဲ့ဥပေက္ခာကို လှုပ်နိုးသည့်အနေဖြင့် ဆရာမကျွန်း၏ " တစုံတယောက်ကသာ နှုတ်ဆိတ်မှုကို ဖြိုခွင်းခဲ့လျှင်" ဆိုသည့် ဤဘာသာပြန်စာအုပ်ကို ထုတ်ဝေပါသည်။ 

ယင်းစာအုပ် သင့်လက်ထဲရောက်လာလျှင် အခြားသူများကို လက်ဆင့်ကမ်းဖတ်စေခြင်း၊ အခြားသူများနှင့် ဆွေးနွေးခြင်း၊ ကလေးငယ်၊ အထူးသဖြင့် အမျိုးသမီးငယ်လေးများကို ဖတ်ပြ ဆွေးနွေးခြင်း၊ ယင်းစာအုပ်ပါ ဖြစ်ရပ်များကို မြေဝိုင်းသရုပ်ဖော်တင်ဆက်မှုများဖြင့် ရပ်ထဲ ရွာထဲ ပျံ့နှံ့စေခြင်း၊ ရိုက်ကူးပြသခြင်းစသည့် မိမိတို့ စိတ်ကူးရသည့် ပုံသဏ္ဍာန်မျိုးစုံဖြင့် နှုတ်ဆိတ်မှုထုထည်ကြီးကို မိမိတို့ကိုယ်တိုင်မှ စတင် ဖြိုခွဲဖို့ မေတ္တာရပ်ပါသည်။

လူ့အဖွဲ့အစည်း၏ စာရိတ္တချွတ်ခြုံကျမှုကို လူမှုအချိပ်အဆက်များဖြင့် ကာကွယ်ဖြည့်တင်းကြရုံမှတပါး အခြားမရှိ။


ရွှေခြင်္သေ့ကလေးစံဌာနေနှင့် သာသည့်မြေ

Comments