မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး - အပိုင်း ၁

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး - အပိုင်း ၁
(မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်ချက်)
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၇

● ငြိမ်းချမ်းရေး၏ အလွဲများ
၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် ပေါ်ထွက်လာခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သော်လည်းကောင်း၊ မူလရှိပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သော်လည်းကောင်း၊ နဝတသည် အပစ်အခတ်ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးဆိုသည်ကို တည်ဆောက်ထားနိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်အတွင်းမှစ၍ ၂၀၀၉ ခုနှစ်အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း အလယ်ပိုင်းတို့တွင် အဓိကအားဖြင့် အပစ်ရပ်ထားနိုင်ခဲ့သည်။ ထိုကာလများတွင် စစ်မက်သည် ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင်သာ ဖြစ်ပွားခဲ့သည်။

ထိုစဉ်ကာလက အပစ်ရပ်ရေး ကတိကဝတ်များတွင် ပါဝင်သည့် အချက်တချက်မှာ လက်ရှိကာလတွင် အပစ်အခတ်ရပ်ထားပြီး စစ်အုပ်ချုပ်ရေးလွန်မြောက်၍ အရပ်သားအစိုးရပေါ်ပေါက်လာချိန်တွင် နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းရေးဖြစ်ခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ် အခြေခံဥပဒေရေးဆွဲပြဌာန်းပြီး ၂၀၀၉ ခုနှစ်တွင် ထိုအခြေအနေသည် ပြောင်းလဲသွားခဲ့သည်။ အပစ် ရပ်ထားသော လက်နက်ကိုင်တပ်ဖွဲ့များ နယ်ခြားစောင့်တပ် Boder Guard Force BGF ဖွဲ့စည်းရန်၊ အတွင်းပိုင်းရှိအဖွဲ့အ ချို့အား ပြည်သူ့စစ်ဖွဲ့စည်းရန် နအဖကတောင်းဆိုလာခဲ့ပြီး ယင်းသို့ဖွဲ့စည်းရန်အတွက် အချိန်သတ်မှတ်၍ ရာဇသံပေးမှု ပြု လုပ်လာခဲ့သည်။

ဤသို့ပြုလုပ်ခဲ့ခြင်းကြောင့် နအဖအတွက် တစုံတရာ ရည်မှန်းချက်ပေါက်မြောက်ခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။ ကချင် ပြည်နယ် ပန်ဝါအခြေစိုက် ဇခုံတိန့်ယင်းဦးစီး NDAK သည် BGF အဖြစ်လည်းကောင်း၊ ကယားပြည်နယ်မှ ဦးထွန်းကျော်ဦးစီး ကလလတသည် BGF အဖြစ်လည်းကောင်း၊ ကရင်ပြည်နယ်မှစောချစ်သူဦးစီး DKBA အင်အားအချို့သည် BGF အဖြစ်လည်း ကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ် ကောင်းခါးအခြေစိုက် မထုနော်ဦးစီး KDA သည် ကောင်းခါး ပသစ အဖြစ်လည်းကောင်း၊ SSPP/SSA မှ အင်အားအချို့ကွဲထွက်ပြီး တပ်မဟာ ၃ သည် စိန်ကျော့ ပသစအဖြစ်လည်းကောင်း တပ်မဟာ ၇ သည် ကာလိပသစအဖြစ်လည်းကောင်း၊ ကယားပြည်နယ်မှ ဦးသန်းစိုးနိုင်ဦးစီး ကယန်းပြည်သစ်ပါတီသည် ပသစအဖြစ်လည်းကောင်း၊ ဦးအောင်ခမ်းထီဦးစီး PNO အဖွဲ့အား ပအို့ဝ် ပသစအဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ သည်ကို တွေ့ရသည်။

BGF ဖွဲ့စည်းရေးကို ငြင်းဆန်သည့် ဖုန်ကြားစင်းခေါင်းဆောင်သည့် ကိုးကန့် MNDAA အဖွဲ့အား အင်အားသုံးဖိအားပေးဖယ်ရှားခဲ့ပြီး ၎င်းအဖွဲ့မှကွဲထွက်၍ လာရောက်ပူးပေါင်းသည့် ပယ်စောက်ချိန်၊ ဝေစမ်းတို့အဖွဲ့အား ကိုးကန့် BGF အဖြစ်လည်း ကောင်း ဖွဲ့စည်းပေးနိုင်ခဲ့သည်။ ထိုဖြစ်စဉ်၌ တိုက်ပွဲအချို့ဖြစ်ပွားပြီး ကိုးကန့်သားလူဦးရေထောင်နှင့်ချီ၍ ဒေသကိုစွန့်ခွာ ထွက်ပြေးခဲ့ရသည်။

ဤဖြစ်စဉ်တွင် အင်အားနည်းပါးသည့် အဖွဲ့အချို့နှင့် နိုင်ငံရေး စစ်ရေး အကြပ်အတည်းရှိသည့် အဖွဲ့အချို့အား သိမ်းသွင်းနိုင် ခဲ့သကဲ့သို့ SSPP/SSA နှင့် DKBA တို့အားသဘောထားကွဲ အင်အားများကွဲစေခဲ့သည်ကို တွေ့ရသည်။ သို့သော် အင်အား တောင့်တင်းသော သို့မဟုတ် နိုင်ငံရေး စစ်ရေးအရ တောင့်ခံနိုင်သော အဖွဲ့များကို သိမ်းသွင်းနိုင်ခဲ့ခြင်းမရှိပေ။ ထို့ပြင် ထိုအဖွဲ့များနှင့်ယုံကြည်မှုပျက်ပြားပြီး စစ်ရေးတင်းမာမှုများစတင်ခဲ့ပေတော့သည်။

အကယ်၍သာ အဆိုပါ BGF ပြဿနာမပေါ်ဘဲ အရပ်သားအစိုးရ (ဦးသိန်းစိန်အစိုးရ) လက်ထက်ရောက်မှ မူလကတိကဝတ် များအတိုင်း နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ပါက စစ်ပွဲများကို ရှောင်ရှားနိုင်ရုံသာမက ယုံကြည်မှုနှင့် နားလည်မှုကို ပိုမိုတည် ဆောက်နိုင်ပြီး သဘောတူညီချက်များ ပိုမိုရရှိစေနိုင်မည်ဟု ဆိုရမည်။ သို့ဖြစ်ရာ ၂၀၀၉ ခုနှစ် BGF နှင့် ပသစ အသွင်ပြောင်း ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ဆိုလျင် ပထ မဆုံးအလွဲဟု ဆိုရပါမည်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှ စတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂၀၁၅ ခုနှစ်တွင် တစုံတရာ သဘောတူညီမှုဝါ အခြေခံသဘောတူညီမှု ရရှိလာသည်ဟု ဆိုရမည်ဖြစ်သော်လည်း နောက်ဆုံးသဘော တူညီချက် ရယူခါ နီးတွင် တိုင်းရင်းသားများဖက်မှ ဆွေးနွေးသည့် ကိုယ်စားလှယ်အဖွဲ့ NCCT အစား SD ကို အစားထိုးလိုက်ပြီးနောက် ဆွေး နွေးပွဲသည် တစုံတရာထစ်ငေါ့သွားပြီး သဘောတူညီချက်များ၌ ကြေလည်မှုရရန် အခြေအနေ တစုံတရာကြွင်းကျန်သည်ဟု ယူဆရပေသည်။

သို့သော်လည်း MPC နှင့် SD သဘောတူညီမှုရရှိခဲ့ပြီဟု ဆိုခဲ့ပြီးနောက် NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ သမတ ဦးသိန်းစိန်နှင့် UNFCထိပ်သီး ပါတီ ၅ ခု (KIO/SSPP/KNU/KNPP/NMSP) တို့မှ ခေါင်းဆောင်များ ၂၀၁၅ ခုနှစ် စက်တင် ဘာလ ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ဆွေးနွေးသည့် အဓိကအကြောင်းအရာမှာ NCA ပါအချက် အလက်များမဟုတ်ဘဲ NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးပြသနာဖြစ်နေခဲ့သည်။ အဓိကအားဖြင့် NCA လက်မှတ် ထိုးရာတွင် TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ပါဝင်ရေးအား UNFC ကတောင်းဆိုပြီး အစိုးရနှင့် တပ်မတော်ဘက်မှ လက်မခံ ခဲ့ပေ။

ထိုအခြေခံပေါ်မှ UNFC သည်လည်း သဘောထားကွဲသည်။ NCA လက် မှတ်ထိုးပြီး အားလုံးပါဝင်ရေးကို ဆက်လက်ဆောင် ရွက်မည်ဟူသော အဖွဲ့ များနှင့်အားလုံးပါဝင်မှ NCA လက်မှတ်ထိုးမည်ဟူသော အဖွဲ့များ သဘောထားကွဲလွဲကြသည်။ သို့နှင့် KNU အပါ အဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုးပြီး KIO ခေါင်းဆောင်သည့် UNFC ၇ ဖွဲ့နှင့် TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်ခဲ့ပေ။ ဤနေရာတွင် မတူသောအမြင်များအရ NCA ထိုးပြီး အားလုံးပါဝင်ရေး ကြိုးစားသင့်သည် သို့မဟုတ် အားလုံးပါဝင်မှ NCA လက်မှတ်ထိုးသင့်သည်ဆိုသည်တို့မှာ ဝိဝါဒကွဲပြားမှု ဟုဆိုနိုင်သော်လည်း လက်တွေ့ရလဒ်မှာ များစွာကွာခြားသည်။

အကယ်၍သာ သမတဦးသိန်းစိန်အစိုးရလက်ထက်က အဆိုပါ ၃ ဖွဲ့ ကိုသာ NCA လက်မှတ်ထိုးခွင့်ပြု ခဲ့ပါက လက်ရှိ NCA ထိုးထားသော အဖွဲ့ ၈ဖွဲ့အပြင် UNFC ၇ ဖွဲ့နှင့် အဆိုပါ ၃ ဖွဲ့ စုစုပေါင်း ၁၈ ဖွဲ့သည် ၂၀၁၅ ခုနှစ်အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ရေးထိုးပြီးဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုပါက NCA လက်မှတ်မထိုးသေးသောအဖွဲ့များအဖြစ် UWSA/NDAA မိုင်းလားနှင့် NSCN (K) အဖွဲ့ ၃ ဖွဲ့သာကျန်ပေမည်။ NSCN (K) နာဂ အဖွဲ့သည်မြန်မာအစိုးရအား ဦးတည်တိုက်ခိုက်နေခြင်း မရှိဘဲ အိန္ဒိယအစိုးရနှင့်သာလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေရာ သီးခြားပြသနာအဖြစ် စဉ်းစားလုပ်ကိုင်၍ ရသည်။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲဖြစ်စဉ်မှ ဖယ်ထား၍ရသည်။ အလားတူပင် UWSA နှင့် NDAA မိုင်းလားတို့မှာ သူ့နယ်မြေ သူ့တပ်နှင့်ရှိနေပြီး တပ်မတော်နှင့် နယ်မြေအချင်းပွားမှုနှင့်တိုက်ပွဲများမရှိ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် သီးခြားပုံစံရှိနေသည် ဖြစ်ရာ ၎င်းအဖွဲ့ ၂ ဖွဲ့အား အတင်းအကြပ် NCA ထိုးခိုင်းစရာမလိုဘဲ နိုင်ငံရေးဆွေးနွေးမှုနှင့်ပတ်သက်၍ သူ၏ထူးခြားချက်နှင့် အညီ သီးခြားဖြေရှင်းနိုင်သည်ဖြစ်သည်။

သို့ဖြစ်ရာ မည်သို့ဖြစ်စေ ၂၀၁၅ ခုနှစ်က TNLA/MNDAA/AA ၃ ဖွဲ့သာNCA ထိုးခွင့်ပြုခဲ့ပါက အဖွဲ့ ၁၈ ဖွဲ့ လက်မှတ်ထိုးပြီးဖြစ် မည်။ စစ်ပွဲများအားလုံးမရပ်တန့်တောင်မှ စစ်ပွဲကြီးများ လျော့ချနိုင်မည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းစပွင့်မည်ဟု ဆိုနိုင် မည်။

သို့ဖြစ်ရာ အဆိုပါ မြောက်ပိုင်း ၃ ဖွဲ့အား NCA တွင် လက်မခံခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဒုတိယအလွဲဟု ဆို နိုင်ပါသည်။ ထိုအလွဲသည် ၂၀၁၇ အထိ သက်ရောက်နေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လေ့လာသူအဖြစ် ပါ ဝင်နေသော တရုတ်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါဝင်လာခြင်းသည်လည်းကောင်း၊ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ပေါ်လာခြင်းသည်လည်းကောင်း ထိုလွဲချော်မှုမှဆက်တိုက်ဖြစ်ပွားလာခဲ့သော အကျိုဆက်ဟု ဆိုနိုင်သည်။

မိမိတို့အနေနှင့် ပြီးခဲ့သော ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ခြင်းသည် တရားခံရှာလို၍ မဟုတ်ပေ။ အလွဲများကို မည်သို့ပြန်လည်တည့်မတ်မည်နည်းဆိုသည့် လမ်းစရှာဖွေရန်သာ ဖြစ်သည်။

သို့ဖြစ်ရာ ပြီးခဲ့သောဖြစ်စဉ်များမှတွေ့ရသည်မှာ မြေပြင်ဖြစ်စဉ်အရဆိုလျင် မြောက်ပိုင်း ၃ ဖွဲ့ ပါဝင်ရေးသည် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင် အခရာကျခဲ့ကို တွေ့ရသည်။ မူဝါဒပိုင်းအရဆိုလျင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ပြဿနာ ငြိမ်းချမ်းရေး ပြဿနာအား ဖိအားပေး၍ မိမိလိုချင်သောပုံစံရရှိရန် ဖန်တီးခြင်းသည် တစိတ်တပိုင်းအရ ရည်မှန်းချက်ပေါက်မြောက်ခဲ့ သည်ဟု ဆိုနိုင်သော်လည်း တခုလုံးအရ အများစုအရ ပြဿနာမဖြေရှင်းနိုင်ဟု ဆိုရပါမည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCA လက်မှတ်မထိုးသူများ
၂၀၁၅ အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ထိုးရာတွင် မပါဝင်ခဲ့သာ KIO ခေါင်းဆောင်သည့် UNFC အဖွဲ့ဝင် ၇ ဖွဲ့၊ NCA လက်မှတ်ထိုးရာတွင်ပါဝင်ရန် ငြင်းဆန်ခံထားရသည့် မြောက်ပိုင်း ၃ ဖွဲ့နှင့် NCA လက်မှတ်ထိုးရန်မလိုဟု ငြင်းဆန် နေသော UWSA နှင့် NDAA မိုင်းလား ၂ ဖွဲ့စသည့် ပုံစံမတူကွဲပြားနေသည့် စုစုပေါင်း အဖွဲ့ ၁၂ ဖွဲ့သည် ၂၀၁၆ ခုနှစ် ဒေါ် အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD အစိုးရတက်လာပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဖြေရှင်းရမည့် ပြသနာတခုအဖြစ်တည်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာပြီးနောက် NRPC၊ ငြိမ်းချမ်းရေးကော်မရှင်စသည့် အင်စတီကျူရှင်းများ ဖွဲ့စည်းပြီး ပထမအကြိမ် ၂၁ ပင်လုံညီလာခံကို ခေါ်ဆိုသည်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အစိုးရသစ်နှင့်အတူ အပြောင်းအလဲတခုကို မျှော်လင့်ခဲ့ကြသည်။ ပထမအကြိမ် ၂၁ ပင်လုံအဖွင့်တွင် NCA ထီးရိပ်အောက်မှ သွားမည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်နောက်ပိုင်းတွင် အစိုးသစ်နှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အပြောင်းအလဲမပါကြောင်း စတင်သဘောပေါက်ခဲ့ကြရသည်။

နိုင်ငံရေးဆွေးနွေးပွဲတွင် ကျန်သေးအဖွဲ့များပါလာရန် NCA လက်မှတ်ထိုးရန် လိုအပ်သည်ဆိုသည့် မူဘောင်သတ်မှတ် ချက်အောက်တွင် ကျန်အဖွဲ့၁၂ ဖွဲ့အတွက် NCA လက်မှတ်ထိုးရေးသည် ရှေ့တန်းရောက်သည့်ပြဿနာဖြစ်လာခဲ့သည်။ NLD အစိုးရတက်လာပြီးနောက် ဖြေရှင်းရမည့် ပြသနာလည်းဖြစ်သည်။ သို့သော် NCA မူဘောင်အတိုင်းသွားမည်ဆိုသော်လည်း မြောက်ပိုင်း ၃ ဖွဲ့အား NCA ထိုးရာတွင် ပါဝင်ခွင့်ပြုမည် မပြုမည်ဆိုသည်မှာ ယနေ့တိုင် ရှင်းလင်းမှုမရှိပေ။ UWSA နှင့် NDAA မိုင်းလားကတော့ သူတို့အနေနှင့် NCA ထိုးရန် မလိုအပ်ဟု အစဉ်တစိုက် ငြင်းဆိုခဲ့ကြသည်။ UNFC အဖွဲ့ဝင်များကို NCA လမ်းကြောင်းအတိုင်းသွားမည်ဟုဆိုသော် NCA အားဖြည့်စွက်ပြင်ဆင်ရန် အချက် ၉ ချက်တင်ပြလာခဲ့သည်။ ထိုအ ချက်များထဲတွင်တပြည်လုံးအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံတကာအကဲခတ်များစောင့်ကြည့်ရေးသည် အရေးပါခဲ့သည်။

NCA လက်မှတ်မထိုးသူများသည် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ခြင်းမရှိပေ။ ချွင်းချက်အနေနှင့် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် NCA လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါတိုင်းရင်းသားအဖွဲ့များသည် (TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့မှအပ) မိမိတို့အဖွဲ့အသီးသီး၏ အမြင်များကို တင်ပြခွင့်ရခဲ့ကြသည်။ သို့သော် ထို ညီလာခံတွင် တက်ရောက် အဖွဲ့အသီးသီးမှ ပုဂ္ဂိုလ်များအား ညီလာခံကိုယ်စားလှယ်ဟုမသုံးဘဲ ညီလာခံတက်ရောက်သူများ ဟု သာ သုံးစွဲသည်ကို တွေ့ရသည်။

NLD အစိုးရအနေနှင့် NCA ထီးရိပ်အောက်မှသွားမည်ဆိုသော်လည်း ၎င်းအစိုးရသက်တမ်း ၁ နှစ်ခန့်အတွင်း NCA လက် မှတ်မထိုးသေးသူများအား NCA ထိုးရေး စည်းရုံးဆွေးနွေးမှုမှာ အောင်မြင်မှု မရရှိခဲ့ပေ။ UWSA နှင့် NDAA မိုင်းလားတို့မှာ ၎င်းတို့ အနေနှင့် NCA ထိုးရန် မလိုအပ်ဟု ရပ်တည်ခဲ့ကြသည်။ NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့မှ ဆွေးနွေးခဲ့သော်လည်း ၎င်းတို့သဘောထားအား မပြောင်းလဲနိုင်ခဲ့ပေ။

TNLA/MNDAA/AA မြောက်ပိုင်း ၃ ဖွဲ့အား ပထမအကြိမ် ၂၁ ရာစု ပင်လုံမတိုင်မီက ငြိမ်းချမ်းရေးကော်မရှင်က မိုင်းလား၌ တကြိမ်ဆွေးနွေးခဲ့သည်။ ထိုအကြိမ်ဆွေးနွေးမှုတွင် တွေ့ရသည့်ထူးခြားချက်မှာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးခြင်းမဟုတ်ပေ။ မြောက်ပိုင်း ၃ ဖွဲ့မှ ကြေညာချက်တစောင် ထုတ်ပြန်ရေးဖြစ်သည်ကို တွေ့ရသည်။ တပ်မတော်ဖက်မှ ၂၀၁၅ ခုနှစ် အတွင်း သဘောထား ဖေါ်ပြခဲ့သည့်မြောက်ပိုင်း ၃ ဖွဲ့နှင့် KIA တပ်မဟာ ၄ တို့ လက်နက်စွန့်ရမည်ဆိုသည့် အချက်အစား မြောက်ပိုင်း ၃ ဖွဲ့ အနေနှင့် လက် နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်မည်ဟူသောကြေညာချက်ကို ထုတ်ပြန်ရန် တောင်း ဆိုခဲ့သည်။ ထိုသို့ ကြေညာချက်ထုတ်ပြန်ပါက ပထမအကြိမ်၂၁ ရာစု ပင်လုံညီလာခံ တက်ခွင့်ပြုမည်ဟု ဆိုခဲ့သည်။ မြောက် ပိုင်း ၃ ဖွဲ့ကတော့ ဆွေးနွေးညှိနှိုင်း၍ လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းသွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဆွေးနွေးညိနှိုင်းမှု ပျက်ပြားသွားခဲ့သည်။ ထို့နောက်တွင် အဆိုပါ မြောက်ပိုင်း ၃ ဖွဲ့နှင့် ထပ်မံတွေ့ဆုံညိနှိုင်းနိုင်ခြင်း မရှိတော့ ပေ။

KIO ခေါင်းဆောင်သော UNFC အဖွဲ့ ၇ ဖွဲ့ ကိုယ်စားလည်များနှင့်မူ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ သည်။ ညိနှိုင်းမှုများရှိခဲ့သည်။ မူအရသဘောတူသည်ဟူသည့် ပြောဆိုမှုများ ထုတ်ပြန်မှုများကို တွေ့ရသည်။ သို့သော် လက်တွေ့ကျသည့် သဘောတူညီမှုတော့ ရရှိခြင်းမရှိပေ။ ချုပ်၍ဆိုလျင် NLD အစိုးရတက်လာပြီးနောက် NCA ထီးရိပ်အတိုင်းသွားမည်ဟုဆိုခဲ့သော်လည်း NLD အစိုးရသက်တမ်း ၁ နှစ်ကျော်သည်အထိ NCA လက်မှတ်ထိုးသည့် အဖွဲ့ တိုးလာခြင်း မရှိ။ NCA လက်မှတ်မထိုးသေးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အင်အားမှာ စုစုပေါင်းတိုင်းရင်းသားလက်နက်ကိုင်အင်အား၏ ၈၀ % ခန့်ရှိနေသည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ပြည့်စုံခြင်းမရှိနိုင်သေးပေ။ ထို့ကြောင့်လည်း NCA အား၎င်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားလည်းကောင်း၊ ပြန်လည်သုံးသပ်ရန် (review) လုပ်ရန် လို အပ်သည်ဟုဆိုလာကြခြင်းဖြစ်သည်။ ထို့အတူ NCAသည် dead lock ဖြစ်နေပြီလော မေးခွန်းထုတ်လာကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA မထိုးသေးသူများ မပါဝင်နိုင်သေးခြင်းသည် NCA ထိုးပြီးသော အဖွဲ့များအတွက်လည်း အခက်အခဲဖြစ်နေသည်။ NCA ထိုးပြီးသောအဖွဲ့များအနေနှင့်လည်း နိုင်ငံရေးအရရှေ့ဆက်ရန် NCA မထိုးသေးသော အဖွဲ့ များပါဝင်ရန်လိုအပ်နေသည်။ KNU ခေါင်းဆောင်များသည်လည်း ကျန်သောအဖွဲ့များပါဝင်နိုင်ရေးအတွက် အကြိမ်ကြိမ်ပြော ဆိုခဲ့ကြပြီး NCA လက်မှတ်ထိုးထားသောအဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံခွင့် တောင်းဆို တင်ပြခဲ့ကြသည်။ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ဆုံးဖြတ်ချက်များ ရယူကြရာ၌ လက်မှတ်မထိုး သေးသောအဖွဲ့များ ပါဝင်ရန်လိုအပ်သည်ဆိုသည်ကို NCA ထိုးထားသော KNU/RCSS တို့ ပိုမိုပြောဆိုရပ်ခံလာသည်ကို တွေ့ရပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်းရှိ နိုင်ငံရေးဆွေးနွေးပွဲများ၌ NCA မထိုးသေးသူများ ပါဝင်ခွင့်မရှိဟူ၍ ဆုံးဖြတ်ထားသည်ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်နိုင်ရေး နိုင်ငံရေးသဘောတူညီချက်ရယူရေးအတွက် NCA အားကျော်ဖြတ်ရန်လိုအပ်နေသည်။ လောလောဆယ်တွင် တိုင်းရင်းသားအားလုံး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင် သဘောတူညီချက်ယူရေးထက် NCA ကပိုအရေးကြီးနေသည်ဟု ဆိုရမည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Comments