တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၁၇)

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၁၇)
(သံမဏိကဲ့သို့ ခိုင်မာသော သံသယ)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၇

စက်တင်ဘာ ၁၉ ရက်နေ့က ရှင်းလင်းပြောကြားခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ သံတမန်များအား အသိ ပေး ပြောကြားချက်”ဟာ “ရခိုင်ပြဿနာ” ဖြေရှင်းရေးအတွက် အင်မတန်မှ ပျော့ပြောင်းတဲ့ ကမ်းလှမ်းမှုဖြစ်ပါတယ်။ အတူတကွ လက်တွဲ ဆောင်ရွက်ဖို့ အလေးအနက်ဖိတ်ခေါ်တဲ့ ဖိတ်ကြားကြားချက်လည်းဖြစ်ပါတယ်။ ပြည်ပရော ပြည်တွင်းကိုပါ  ဖိုးကပ်စ်ထားပြီး ပြောသွား တာပါ။

ဒီပြောကြားချက်ထဲမှာ အချက် ၃ ချက် သတိပြုမိပါတယ်။
၁။ အတိုင်ပင်ခံရဲ့ရပ်တည်ချက် [“အားလုံးသိကြတဲ့အတိုင်း လတ်တလောအခြေအနေမှာ စွပ်စွဲမှုတွေနဲ့တန်ပြန်စွပ်စွဲမှုတွေဖြစ် နေပါတယ်။ကျွန်မအနေနဲ့ဘယ်ဘက်ကိုမှလိုက်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကျွန်မယုံကြည်တာကတစ်ဦးနဲ့တစ်ဦးနားလည်မှုနဲ့ သဟဇာတရှိမှုကို မြှင့်တင်ပေးဖို့အတွက် ဖြစ်လို့ပါပဲ” ]

၂။ ပြဿနာကို လက်တွေ့ကိုင်တွယ်ဖြေရှင်းရေးအပိုင်း [ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး - သဟဇာတဖြစ်ရေး - ဖွံ့ဖြိုးရေး ]

၃။ “လူမျိုးရေး - ဘာသာရေး”မျက်နှာစွပ်ထားပြီး “စစ်ရေး”ကိုသာ ဗဟိုပြုကိုင်တွယ်ဖြေရှင်းလိုတဲ့  စဉ်းစားမှုမျိုး(လုံးဝ) မဟုတ် ဘဲ၊ ပြည်တွင်းပြည်ပ အတူတကွပူးပေါင်းအဖြေရှာရေးကို အလေးအနက်ထားတင်ပြထားတဲ့ အချက်တွေပဲဖြစ်ပါတယ်။
ထိုပြောကြားချက်ထဲမှာ အခြားဝိဝါဒကွဲစရာ၊ မေးခွန်းထုတ်စရာအချက်အလက်တချို့ပါရှိနေသော်လည်း အသိပေးပြောချက်ရဲ့ အတွင်းသဘော အနှစ်သာရပိုင်းဟာ ကြိုဆိုလက်ခံနိုင်ပါတယ်။ သို့သော်လည်း

ဒီ “သို့သော်လည်း”ဟာ အတိုင်ပင်ခံ အဆိုပြုလိုက်တဲ့ ပန်ကြားလိုက်တဲ့ သဘောထားနဲ့ပြဿနာဖြေရှင်းမှုတွေဟာ လက်တွေ့ မှာ တကယ်တန်း ထိထိရောက်ရောက်အောင်အောင်မြင် အကောင်အထည်ပေါ်လာဖို့ ဖြစ်နိုင်ပါ့မလား? ဆိုတဲ့ အချက်ကို အလေးထားတဲ့ စိုးရိမ်မှု (ကြီးစွာသော သံသယ)နဲ့ ယှဉ်ပြီး တပြိုင်နက်ထဲပေါ်ထွက်လာတဲ့ “ သို့သော်လည်း” ဖြစ်ပါတယ်။

အဲဒီစိုးရိမ်မှု (ကြီးစွာသော သံသယ)ဟာ အောက်မှာဖော်ပြထားတဲ့ အကြောင်းအချက် ၃ ခုအပေါ်မှာ တည်မှီပြီး အခိုင်အမာ ပေါ်ထွက်လာတဲ့ သံမဏိကဲ့သို့ခိုင်မာသောသံသယ လည်းဖြစ်ပါတယ်။ သမိုင်းကြောင်း နောက်ခံအခိုင်အမာရှိတဲ့ သံသယလို့ ပြောမယ် ဆိုရင်လည်းရပါတယ်။

၁။ ပုံစံမျိုးစုံနဲ့ အုပ်စိုးမှု သက်တမ်းရှည်ကြာလာတဲ့ “ စစ်အုပ်စု ”
၂။ “၂၀၀၈ အခြေခံဥပဒေ”
၃။ အကျင့်ပျက်စရိုက်ပျက် သူတို့လူတွေ အပြည့်အနှက်ရှိနေတဲ့“ဗျူရိုကရေစီယန္တရား” [စစ်ဗျူရိုကရေစီယန္တရားလို့ဆိုမှ ပကတိ အဖြစ်မှန်နဲ့ကိုက်ညီပါလိမ့်မယ်။ လက်ရှိဗျူရိုကရေစီယန္တရားရဲ့ သော့ချက်နေရာမှန်သမျှကို တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်တွေနဲ့ တပ်က ပုံစံမျိုးစုံနဲ့စေလွှတ်ထားတဲ့ စစ်ဗိုလ်(အငြိမ်းစား)တွေက ချုပ်ကိုင်ထားတာဖြစ်ပါတယ်]

အထက်ပါ အကြောင်းအချက် (၃) ခုဟာ  ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ( Forum on Myanmar Democratic Transition) မှာ(နအဖ) စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း (ဗိုလ်) ဦးအောင်ကြည်က (လက်ရှိ PC-  ငြိမ်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ) အုပ်စုသုံးစုအဖြစ် ခွဲခြားပြတဲ့ အထဲက “အတိတ်အုပ်ချုပ်ရေးအပေါ်တွင် အကာ အကွယ်ပေးလိုသည့်အုပ်စု” ဆိုတဲ့  “ဒုတိယအုပ်စု” ပဲဖြစ်ပါတယ်။

အဆိုပါ ဖိုရမ်မှာ (ဗိုလ်)ဦးအောင်ကြည်က “ဒီမိုကရေစီလိုလားသူအုပ်စု” ၊ “အတိတ်အုပ်ချုပ်ရေးအပေါ်တွင်အကာအကွယ်ပေး လို သည့်အုပ်စု”၊ “အခြားအုပ်စု”ဆိုပြီး အုပ်စု ၃ စု ခွဲခြားပြခဲ့ပါတယ်။ ဒါ့အပြင် ယင်းအုပ်စုနှစ်ခု (“ဒီမိုကရေစီလိုလားသူအုပ်စု”နဲ့  “အတိတ် အုပ်ချုပ်ရေးအပေါ်တွင် အကာအကွယ်ပေးလိုသည့်အုပ်စု”) ရဲ့ ပါဝါ ချိန်ခွင်လျှာအရေးကြီးကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ ပါတယ်။

အဲဒီ ဒုတိယအုပ်စုထဲမှာ “ကိုဖီအာနန်အစီရင်ခံစာ” ကို မျက်စေ့မှိတ်ဆန့်ကျင်နေကြသူတွေနဲ့  ကြံ့ဖွံ့ပါတီပူးတွဲကြေညာချက် ထုတ်တဲ့ နိုင်ငံရေးပါတီတွေ၊ “ကာလုံ” အစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုသေူတွေပါ ထည့်သွင်းထားရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီ “စစ်အုပ်စု”၊  ဒီ “အခြေခံဥပဒေ”၊ ဒီ “စစ်ဗျူရိုကရေစီယန္တရား” အောက်မှာ “ရခိုင်ပြည်နယ်အရေး”ဟာ ကောင်းမွန် ထိရောက်တဲ့ ဖြေရှင်းမှုတွေ မြန်မြန်ဆန်ဆန်ရရှိလာနိုင်ပါ့မလား ဆိုတာဟာ  အင်မတန်မှ တွေးသင့်တွေးထိုက်၊ မေးသင့်မေးထိုက်တဲ့၊ စိုးရိမ်သင့်စိုးရိမ်ထိုက်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ အတိုင်ပင်ခံမိန့်ခွန်းထဲမှာပါတဲ့ စကားလုံးတွေနဲ့ပြောရရင် ဒီချုပ်ပါတီအစိုးရအဖို့ “လွယ်ကူတဲ့ တာဝန်၊ ရိုးရှင်းတဲ့ စိန်ခေါ်မှုတွေ မဟုတ်ပါဘူး။ ပြဿနာတွေဟာ အင်မတန်မှ နက်နဲရှုပ်ထွေးပါတယ်”။
  
ရခိုင်ပြဿနာဟာ အခြေခံအားဖြင့် ၂ ပိုင်း ခွဲပြီးဖြေရှင်းရမှာပါ။ တပိုင်းက အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဖြေရှင်းရမယ့် အပိုင်း ဖြစ်ပြီး၊ ကျန်အပိုင်းကတော့ ရခိုင်ပြည်နယ်ရေရှည်တည်ငြိမ်ပြီး ဖွံ့ဖြိုးရေးလာစေရေး အပိုင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာကို ကိုင်တွယ်ရာမှာ  နှစ်နိုင်ငံလုံးက လက်ခံနိုင်ပြီး အစဉ်သဖြင့် နှစ်နိုင်ငံပြည်သူတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်မယ့် ဖြေရှင်းနည်းမျိုးနဲ့ အဖြေကောင်းရရှိရေးဆိုတဲ့ဦးတည်ချက်ကို နှစ်နိုင်ငံလုံးက တည်တည် ကြည်ကြည် တည့်တည့် မတ်မတ်ရှေ့ရှုကြဖို့ လိုအပ်ပါတယ်။

 ဒီလိုအရှည်သဖြင့် ပြေလည်မှုမျိုး မရရင် သံမဏိတံတိုင်း ကာရံထားလည်း ဒီတံတိုင်းပြိုလဲသွားမှာ ဖြစ်ပါတယ်။
 ဆန်မရှိဘဲ အစားကြီးသူတွေက “အစ္စရေးကို အတုယူဖို့” ပြောနေပါတယ်။ အစ္စရေးဟာ အာရပ်ကမ္ဘာကို အံတုဖို့ “အမေရိ ကန်စူပါဝါ”နောက်မှာမရှိဘဲ၊ဂန်ကျယ်ရဲမှာ မဟုတ်ဘူးဆိုတဲ့အချက်ကို သူတို့မြင်ပုံမရပါဘူး။ ဒုတိယအချက်က အစ္စရေးလိုချမ်းသာကြွယ် မှုမျိုး မြန်မာပြည်နဲ့ မြန်မာလူထုမှာ မရှိတာပါပဲ။

လတ်တလောလိုအပ်နေတာက လက်ရှိဖြစ်ပွားနေတဲ့ ပဋိက္ခတွေရပ်စဲသွားဖို့နဲ့ ရခိုင်ပြည်နယ်ပြန်လည်တည်ငြိမ်အေးချမ်း၊ လုံခြုံ လာစေဖို့ပဲ ဖြစ်ပါတယ်။ ဒါကို စစ်ရေးနည်းလမ်းတစ်ခုထဲ ဘယ်လိုမှ မရနိုင်ပါဘူး။ “မျိုးချစ်စိတ်” တစ်ခုထဲရှိနေရုံနဲ့လည်းဘယ်လိုမှ မရနိုင် ပါဘူး။

ဒါကြောင့် “ရခိုင်အရေး” ဖြေရှင်းရှာမှာ ၁၉၉၃ ခုနှစ်ကတည်းက (နဝတ-နအဖစစ်အစိုးရ)လုပ်ခဲ့တဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်း စဉ်ကို မူတည်ပြီး  ပြန်လာချင်တဲ့ဒုက္ခသည်တွေကို လက်ခံဖို့အဆင့်သင့်ရှိကြောင်း၊ “အဲဒီအချိန်က သဘောတူညီထားတဲ့ သတ်မှတ်ချက် များကို တိကျစွာလိုက်နာမှာဖြစ်ပါတယ်” ဆိုတဲ့ တချိန်က နှစ်ဖက်သဘောတူညီ အကောင်အထည်ဖော်ခဲ့တာကို မိမိဘက်က တိကျစွာ လိုက်နာမယ်လို့ ကြိုတင် ကမ်းလှမ်းအဆိုပြုလိုက်တဲ့ အချက်ဟာ အင်မတန်မှ ပျော့ပြောင်းညင်သာပြီး သံတမန်လူကြီးလူကောင်းဆန်မှု ဖြစ်ပါတယ်။

ဒါ့အပြင် ပိုပြီးသေချာတိကျအောင် “အမျိုးသားလုံခြုံဆိုင်ရာအကြံပေးပုဂ္ဂိုလ်ပြောကြားထားတဲ့အတိုင်း အဆိုပါအချက်အလက် တွေနဲ့ကိုက်ညီတဲ့ မြန်မာနိုင်ငံမှဒုက္ခသည်လို့ ဆန်းစစ်အတည်ပြုနိုင်တဲ့သူတွေအားလုံးကို ပြန်လည်လက်ခံဖို့အသင့်ရှိပါတယ်” လို့ အခိုင် အမာ တာဝန်ယူစကားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ရှိသူများထံ ပါးထားပါတယ်။

လက်ရှိမှာ ပြည်တွင်းမှာရော ပြည်ပမှာပါ အဆက်မပြတ်တဲ့ မြူတွေလို၊ မှိုင်းတွေလို ထူထပ်အုံ့ဆိုင်းနေတဲ့ “ စွပ်စွဲမှု - တန်ပြန် စွပ်စွဲမှုတွေ”(allegations and counter-allegations) နဲ့ ပတ်သက်ပြီးတော့ “ခိုင်မာတဲ့အကြောင်းအရာရှိဖို့” လိုတယ်လို့ ထောက်ပြ ထားပါတယ်။

အရေးယူမှုတွေလုပ်တဲ့အခါ “ဘာသာ၊လူမျိုး၊ ရာထူး စတာတွေကို ငဲ့ညှာမှာ မဟုတ်ဘဲ ဒီမြေရဲ့ ဥပဒေကို ဆန့်ကျင်သူများ၊ လူ့အခွင့်ရေးချိုးဖောက်သူများကို အရေးယူမှာလို့” လည်း ပြတ်ပြတ်သားသားအသိပေး ကြေညာထားတာတွေ့ရပါတယ်။

ရခိုင်အရေးတစ်ခုထဲ ကွက်ပြီး မစဉ်းစားဖို့နဲ့တနိုင်ငံလုံး အတွက်လည်း ခြုံငုံစဉ်းစားဖို့ အသိပေးသွားပါတယ်။

အဲဒီလို အတိုင်ပင်ခံရဲ့ သဘောထား၊ လမ်းညွန်မှု၊ ဖြေရှင်းနည်းတွေထဲမှာ  အင်မတန်ပညာဆန်ပြီး ကျယ်ပြန့်တဲ့အမြော်အမြင် တွေအမှန်ပင် ပါရှိနေသော်ငြားလည်း ပကတိတည်ရှိနေတဲ့  “စစ်အုပ်စု၊ ၂၀၀၈ အခြေခံဥပဒေ၊ စစ်ဗျူရိုကရေစီယန္တရား” ဆိုတဲ့ အချိန် မရွေးခြိမ်းခြောက်နှောင့်ယှက်နေတဲ့ မကောင်းဆိုးဝါးသုံးကောင် တည်ရှိ၊ တွင်ကျယ်၊ လွှမ်းမိုးနေသမျှ “ရခိုင်အရေး သို့မဟုတ် တပြည်လုံး ပြဿနာဖြေရှင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” စတဲ့စတဲ့ ပြဿနာတွေဟာ လက်တွေ့အကောင် အထည် ဖြစ်မှ ဖြစ်လာနိုင်ပါ့မလား ဆိုတဲ့ သံမဏိကဲ့သို့ခိုင်မာသော သံသယဟာ ကျနော့်ရဲ့ နားသယ်ကို ခပ်စပ်စပ်ကလေး ရိုက်နှက်မြဲ ရိုက်နှက် လျက်ရှိနေပါတယ်။

စစ်နဲ့ အာဏာ - ဥစ္စာဓန ကြွယ်ဝလာသူတွေ၊ စစ်နဲ့ စီးပွားဖြစ်လာသူတွေကတော့ အရာရာကို စစ်နဲ့ ဖြေရှင်းချင်ကြမှာဓမ္မတာ ပါပဲ။ စစ်ဟာသူတို့ရဲ့ အာဏာသက်ကို ပိုပြီး ရှည်ကြာစေခဲ့တယ်။ ခိုင်မြဲစေခဲ့တယ်။ စစ်ဟာသူတို့အတွက်  ဥစ္စာဓနတိုးပွားစရာ၊ ထိန်းသိမ်း စရာ၊ ခိုင်မာစရာ၊ ကိုးကွယ်စရာ  ဖြစ်သော်လည်း၊   စစ်ဟာ တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံပြည်သူများကို ဆင်းရဲသည်ထက်ဆင်း ရဲစေခဲ့ပြီ၊ မွဲပြာ ကျသထက် ကျစေခဲ့ပြီ။

 ဒီအချက်တွေသွေးထွက်အောင်မှန်ကြောင်း လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ် သမိုင်း၊ ရာစုနှစ်ဝက်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ စစ်အာဏာရှင်စနစ်တည်ရှိနေမှုသမိုင်းတို့က အခိုင်အမာ သက်သေပြပြနေခဲ့ပါပြီ။

ဒါကြောင့် ပြဿနာမှန်သမျှကို စစ်နဲ့ဖြေရှင်းချင်ကြတဲ့ စစ်သွေးဆာနေသူတွေ၊ စစ်သွေးကြွနေသူတွေ၊ စစ်အာဏာငမ်းဖမ်း နေသူတွေ၊ စစ်လှုံ့ဆော်နေသူတွေ၊ စစ်နဲ့သွေးဆောင်ဖြားယောင်းနေသူတွေ၊ “လူမျိုးရေး၊ဘာသာရေးနဲ့မှိုင်းတိုက်ပြီး တိုင်းပြည်ကို မီးလောင်တိုက်သွင်းနေသူတွေကို တိုင်းချစ်ပြည်ချစ်စိတ်ရှိကြတဲ့ တပ်မတော်သားတွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ရဟန်းသံဃာတွေ၊ လူမျိုးပေါင်းစုံပြည်သူတွေအနေနဲ့တစိတ်ထဲတဝမ်းထဲ ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ အထူးလိုအပ်ပါ တယ်။

ဒီလို အရေးတော်ပုံမှာ နိုင်ရာ၊ စွမ်းရာအခန်းကနေ ပါဝင်ကြခြင်းကသာလျှင် တိုင်းပြည်နဲ့ ပြည်သူကိုကယ်တင်နိုင်တဲ့ တကယ့် မွန်မြတ်တဲ့ အမျိုးသားရေးလုပ်ငန်းတာဝန်ကို ထမ်းဆောင်ရာ ရောက်ပါလိမ့်မယ်။


ညွန်း -
- (၁၃-၈-၂၀၁၇) ကြေးမုံသတင်းစာ၊ စာမျက်နှာ ၈ ငြိမ်းချမ်းရေးကော်မရှင်၊ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၏ ဆွေးနွေးချက်

- (၁၉-၉-၂၀၁၇) Myanmar State Counsellor Office  - “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် အစိုးရမှ ဆောင် ရွက်လျက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် စပ်လျဉ်း၍ သံတမန်များအား အသိပေးပြောကြားချက်” (အလွတ်သဘော ဘာသာပြန်ဆိုချက်)

Comments