မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၄ဝ)

မောင်မောင်စိုး  ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၄ဝ)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၇


● ကောက်ကွတ်သင်တန်းကျောင်းတွင်း တာဝန်ခွဲဝေမှုများ
တကယ်တမ်းအားဖြင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များမှာ အချို့သားရေးရည်မှန်းချက်များနှင့် တိုက်ပွဲဝင်နေကြသောတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တပ်ဖွဲ့များသာဖြစ်သည်။ မိမိတိုင်းရင်းသားလူချို့ကိုသာ ကိုယ်စားပြု ကြသည်။ CPB တခုတည်းသာလူတန်းစား အလံလွှင့်၍ တပြည်လုံးလက္ခဏာဆောင်သည့် ပါတီရှိသည်။ ပြည်မရှိ လက်ဝဲအနွယ်များ ဒီမိုကရက်များ၏ ထောက်ခံမှု ရထားသည်။

ဘာသာရေးကိုင်းရှို င်း၍ အချို့သားရေးအလံလွှင့်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် ကွန်မြူ နစ်ဝါဒကို လက်ခံရန်ခက်ခဲပေသည်။ သို့သော် CPB နှင့်မဟာမိတ်ဖွဲ့ခြင်း၌ အခြားသဘောတူချက်တခုအဖြစ် လက်နက်ခဲယမ်းထောက်ပံ့ရန်ဟူသည့် အချက်ပါရှိပေရာ လက်နက်ခဲယမ်း ရရှိရန် ခက်ခဲနေသည့် တိုင်းရင်းသားလက်နက်ကိုင်များအတွက် CPB နှင့်ပူးပေါင်းရန် အရေးပါသောအချက်ဖြစ်သည်။ ကချင်ပြည်နယ်မှ ထိုင်းနယ်စပ်ထိ အသွားအပြန် လနဲ့ချီ သွားရောက်၍ လက်နက်ခဲယမ်းသယ်နေရသည့်KIA အတွက် အရေးပါသော ထွက်ပေါက်ဖြစ်ခဲ့သည်။

CPB အနေနှင့် ထိုအခွင့်လမ်းကောင်းအား အမိအရ ဆုပ်ကိုင်၍KIA အား ပြည်ဒီမိုကရေစီတော်လှန်ရေး သဘောတရားအားပို့ချ ရန် အခွင့်အရေးရယူခဲ့သည်ဟု ဆိုနိုင်သည်။

ကောက်ကွတ်သင်တန်းကျောင်း၌ အဓိက သင်တန်းပို့ချ သူမှာ စိုင်းအောင်ဝင်းဖြစ်သည်။ မုံလုံကျောင်း ကျောင်းအုပ် ဗိုလ်သန်းရွှေပြု စုသောပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနှင့် ပတ်သက်သော စာတမ်းများကို ဦးဆောင်ဆွေးနွေးသည်။ စိုင်းအောင်ဝင်း၏ ပို့ချ ချက်များအား ကော်မတီဝင်တဦးဖြစ်သူ ရဲဘောဇော်တူး ကချင်လိုဘာသာပြန်ပေးရသည်။ တနင်္လာနေ့၌ တပ်ရင်းတခုလုံးစုစည်း၍ စိုင်းအောင်ဝင်းက ပို့ချ ချက်တခုစတင်ပို့ချ သည်။ အင်္ဂါမှကြာသာပတေးအထိ ရဲဘောဇော်တူးအပါ သင်တန်းဆရာများက တပ်စုတပ်ခွဲအလိုက် အုပ်စုခွဲ၍ ပြန်ရှင်းလင်းဆွေးနွေးကြသည်။ သင်တန်း သားများကလည်း အပြန်အလှန်ဆွေးနွေးကြသည်။ သောကြာနေ့တွင် အားလုံးပြန်လည်စုစည်း၍ စိုင်းအောင်ဝင်းက တပတ်စာဆွေးနွေးချက်များကို ပြန်လည်သုံးသပ်နိဂုံးချုပ်ပြု လုပ်သည်။

တနင်္လာမှ သောကြာအထိ နေ့စဉ်နံနက်ပိုင်းနှင့် စနေနေ့သည် စစ်သင်တန်းအချိန်များဖြစ်ပြီး တနင်္ဂနွေနေ့ကတော့ အားလပ်ရက်နေ့ဖြစ်သည်။ စိုင်းအောင်ဝင်းလက်အောက်၌ နိုင်ငံရေးသင်တန်းများကို ရဲဘော်ဇော်တူးက ခေါင်းဆောင်ပြီး စစ်သင်များကို ရဲဘော်ချီလတန်က ခေါင်းဆောင်သည်။ လက်ထောက် သင်တန်းဆရာများကတော့ နိုင်ငံရေးရော စစ်ရေးပါ သင်တန်းနည်းပြများအဖြစ်ဆောင်ရွက်ရသည်။

KIA ကိုနည်းပြရမည့် သင်တန်းနည်းပြဆရာများကို ဒေသခံကချင်ရဲဘော်များထဲမှ ရွေးချယ်ထားသည်။ ၁၉၇၅ အောက်တိုဘာလတွင် ပြု လုပ်သည့် အရှေ့မြောက်စစ်ဒေသ၏ ၇၅၁ဝ စီမံကိန်းအတွင်း ကွတ်ခိုင်ခရိုင် ခရိုင်တပ်အား တပ်ရင်း ၃ ရင်းပါ တပ်မဟာ ၆ဝဝ အဖြစ် ဖွဲ့စည်းခဲ့သည်။ ထိုတပ်တွင် ကွတ်ခိုင်ခရိုင်အတွင်းရှိ ဒေသခံ ကချင် ရှမ်း ပလောင် တရုတ်များပါဝင်ခဲ့သည်။ သို့သော် တပ်သားစုဆောင်းသည့်ပုံစံမှာ တအိမ်တယောက် စစ်ထဲမဝင်မနေရ စစ်မှု ထမ်းစနစ်ကို ကျင့်သုံးသည်ဖြစ်ရာ တပ်သားအတော်များများမှာ တပ်ထဲတွင်မနေချင်ကြ။ လယ်လုပ်ငန်းစချိန် တောင်ယာခုတ် စပါးရိတ်ချိန်တို့တွင် အိမ်သို့မဖြစ်မနေပြန်လိုကြသည်ဖြစ်ရာ တပ်ဖွဲ့ မတည်ငြိမ်သကဲ့သို့ လူအင်အားလည်း တစတစ လျော့နည်းလာသည်။

ထိုသို့သောအခြေအနေအောက်တွင် ကွတ်ခိုင်ခရိုင် တပ်မဟာ ၆ဝဝကိုဖျက်၍ ရင်း ၆ဝ၁ တရင်းသာပြန်လည်ဖွဲ့စည်း၍ တပ်ခွဲတခွဲအား KIA တပ်ပေါင်းစုသင်တန်းကျောင်း လုံခြုံ ရေးတပ်ခွဲအဖြစ်၎င်း အဆင့်ဆင့်ကေဒါများအား သင်တန်းဆရာများ အဖြစ်၎င်း ပို့ပေးခဲ့သည်။ အထူးသဖြင့်သင်တန်းဆရာများအဖြစ် ကချင်ရဲဘော်များကို ရွေးချယ်ပြီး KIA အားသင်တန်းပေး ရန်ပြင်ဆင်ခဲ့သည်။

စိုင်းအောင်ဝင်း၏ လက်အောက်ရှိ သင်တန်းဆရာများအနက် ရဲဘော်ဇော်တူး နှင့် ရဲဘေည်ချီလတန်တို့မှာ တပ်မဟာအဆင့်ကေဒါများဖြစ်သည်။ရဲဘော်ဇော်တူးက ယခင်ဗိုလ်နော်ဆိုင်းတပ်မှဖြစ်ပြီး ရဲဘော်ချီလတန်ကတော့တရုတ်ပြည်မှ ကချင်ချို့ နွယ်စုဝင် အဇီးတယောက်ဖြစ်သည်။ ကျန်သူများကတော့ ဒေသခံများဖြစ်သည်။ တပ်ရင်းအဆင့်ဖြစ်သည့် ရဲဘော်မရန်ကမ်၊တပ်ခွဲအဆင့်ကေဒါများဖြစ်သည့် ရဲဘော်ဇော်ဂမ် (မုန်းယား) ရဲဘော်မာရော် (နမ်ဆူ) တပ်စု တပ်စိတ်မှူးများဖြစ်ခဲ့ကြသည့် ရဲဘော်လတောင် (မိုင်ဖန်) ရဲဘော်အင်ခွန်နော်ဂျာ (မုန်းပေါ်ဈေးရွာ) ရဲဘော်လတန် (ဖေါင်းဆိုင်) ရဲဘော်မာမွန်း (ယခု မုန်းပေါ် အစိုးရ ပသစ) စသည့် ကချင်ရဲဘော်များဖြစ်သည်။

ခက်ခဲသည်မှာမိမိတို့ဘက်မှ ဒေသခံကချင်ရဲဘော်များမှာတပ်တွင်းအတွေ့ အကြုံ ရှိကြသော်လည်း သင်တန်းဆရာများအဖြစ်လေ့ကျင့်ထားခြင်းမရှိပေ။မိမိတို့ CPB ဘက်မှလိုအပ်ချက်ဖြစ်သည်။ ထို့ပြင် သင်တန်းဆရာအများစုသည် KIA အားပေး သော နိုင်ငံရေးသင်တန်းတွင် အစုအဖွဲ့အလိုက် ရှင်းလင်းပြောကြားရသူများဖြစ်သော်လည်း ၎င်းတို့ကိုယ်တိုင် နိုင်ငံရေး သင်တန်း တက်ခဲ့ဘူးကြခြင်းမရှိပေ။ သို့သော် CPB တပ်ဖွဲ့တွင်း ပါတီကော်မတီ ပါတီ ကလပ်စည်းအစည်းအဝေးများ၊ တပ်စိတ် တပ်စု တပ်ခွဲ တပ်ရင်း တပ်မဟာအလိုက် နိဂုံးချုပ်အစည်းအဝေးများ အတွေ့အကြုံများ ရှိကြသည်ဖြစ်ရာ ထိုအတွေ့အကြုံ များအခြေခံပေါ်က သင်တန်းဆရာများလည်း ရုန်းကန်ခဲ့ကြရပေသည်။

တကယ်တော့ သင်တန်းကျောင်းအတွက် အခရာမှာ KIA တပ်ဖွဲ့ဝင်များအားသင်တန်းပေးခြင်းဖြစ်၍ မိမိတို့ဖက်အနေနှင့်ဆိုရ လျင် စိုင်းအောင်ဝင်းနှင့် သင်တန်းဆရာများသည် အဓိကကျသူများဖြစ်သည်။ ကျန်သည့် ရိက္ခာ အပါ ထောက်ပံ့ရေး လုံခြုံ ရေးနှင့် ဆေးအဖွဲ့တို့မှာ ဝိုင်းဝန်းပံ့ပို့သူများဖြစ်ကြ သည်။ ဆေးအဖွဲ့တွင် ကော်မတီဝင် ဆရာဝန်ရဲဘော်ခမ်းသာ (ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်ဟောင်း) နှင့် မုန်းကိုးဒေသခံ ရဲဘော်မာတူးနှင့်ရဲဘော်မာထုတို့လင်မယား သူနာပြု ရဲဘော်မ များပါဝင်ကြပြီး နေ့စဉ်ဆေးခန်းဖွင့်ပေးထားရပြီး မိမိတို့ရဲဘော်များရော KIA တပ်ဖွဲ့ဝင်များကိုပါ ကြည့်ရှု ကုသပေးကြရ သည်။ ပြင်းထန်သည့် KIA တပ်ဖွဲ့ဝင်များကို ဆေးခန်းနှင့်တွဲရက် ယာယီဆေးကုဆောင်တွင် တင်၍ ကုသပေးကြရသည်။ လုံခြုံ ရေးတာဝန်ခံ ရဲဘော်ဖိုးချို (စစ်ချွမ်းရဲဘော်ဟောင်း) ၏ လက်အောက်တွင် တပ်စုမှူး ပလောင်ရဲဘော်အိုက် နှင့် တပ်စုတစုရှိပြီး နေ့စဉ် ၂၄ နာရီ ကင်းတာဝန်နှင့် လုံခြုံ ရေးတာဝန်များကို ယူကြရသည်။

မိမိတာဝန်ယူရသည့် ထောက်ပံ့ရေးဌာနကတော့ ကော်မတီဝင် ဦးမြရင်လက်အောက်တွင်ရှိသည်။ ရိက္ခာနှင့်ပတ်သက်၍ မိမိတပ်ဖွဲ့ဝင်များရိက္ခာရုံနှင့် KIA သင်တန်းများရိက္ခာရုံဟူ၍ နှစ်ခုခွဲထားသည်။ ရိက္ခာရုံတခုစီအတက်ရိက္ခာမှူး တ ယောက် စီတာဝန်ယူသည်။ မိမိတပ်ဖွဲ့ရိက္ခာရုံက လူအင်အား ၁ဝဝအောက်တွင်သာရှိ၍ ရိက္ခာမှူးကပင် ရိက္ခာဝယ်ယူပြီး နေ့စဉ် ဟင်းလျာကိုစီစဉ်သည်။ KIA ရိက္ခာရုံက လူများသဖြင့် ရိက္ခာမှူးအပြင် ရိက္ခာထိမ်းသိမ်း၍နေ့စဉ်ဟင်းလျာ စီစဉ်သူထပ် ထားရသည်။ ထို့ပြင် လက်နက်ခဲယမ်းဂိုဒေါင်နှင့် ယူနီဖေါင်းဝတ်စုံများ ဂိုဒေါင်များအတွက် ဂိုဒေါင်တာဝန်ခံများ ထားရှိရသည်။ လက်နက်ခဲယမ်းက မိမိတပ်ဖွဲ့အတွက် သိပ်မလိုအပ်ပေ။နောက်တန်းဖြစ်နေ၍ ပစ်ရန်ခတ်ရန်မလိုအပ်။ KIA သင်တန်း သားများအတွက် လေ့ကျင့်ရေးသုံးချို့သုံးကျ ည်၊ လက်ပစ်ဗုံး၊ ဘဇူကာကျည်နှင့်မော်တာကျည်ဆံများ လိုအပ်သည်။

တကယ်တမ်းဆိုလျင် အရှေ့မြောက် CPB သည် ထိုစဉ်က တရုတ် CPC၏ထောက်ပံ့မှုနှင့် ဘဏ္ဍာအင်အားလည်းတောင့် တင်းသည်။ လူသူလည်းအင်အားလည်းတောင့်တင်းသည်။ သင်တန်းကျောင်းဖွင့်လှစ်ရေးအတွက် KIA နှင့် သဘောတူညီ ချက် ယူထားသည်မှာလည်း ၁၉၇၆ ခုနှစ် နှစ်လည်ကထဲက ဖြစ်သည်။ သို့သော် သင်တန်းကျောင်းဖွင့် လှစ်ရေးအတွက် ပြင်ဆင်မှုကတော့ အတော်လေးလိုအပ်ချက်များလှသည်။ သင်တန်းအတွက် လိုအပ်သည့်အဆောင်များဆောက်လုပ်ရာ တွင် ဖွင့်လှစ်အချိန်မှီ မပြီးစီးပေ။ နမ့်ခမ်းခရိုင်ပါတီကော်မတီ၏ အကူအညီနှင့် ဒေသခံရှမ်းလူထုက အတော်လေး ဝိုင်းဝန်းခဲ့ ရသည်။ သင်တန်းစဖွင့်သည်အထိ KIA အတွက် အဆောင်များသာ ဦးစားပေးဆောက်ပြီးသည်။ မိမိဘက်က အဆောင်များက သင်တန်းစချိန် ဆောက်လုပ်နေရဆဲဖြစ်သည်။ သင်တန်းကျောင်းအတွက် လိုအပ်သည့် ကေဒါရဲဘော်များ စုစည်းတာဝန် ပေးမှုကလည်း မပြည့်စုံ ။ သင်တန်းကျောင်းစဖွင့်နေသော်လည်း မိမိဘက်က တာဝန်ယူရမည့်သူများ လိုအပ်နေဆဲဖြစ်သည်။

အလိုအပ်ဆုံးမှာ သင်တန်းဆရာများစုစည်းမှု ဖြစ်သည်။ သင်တန်းစသည်အထိ သင်တန်းဆရာများ မစုံနိုင်သေး။ ထို့ပြင် ထိုသင်တန်းဆရာများကို စုစည်း၍ မည်သည့်သင်တန်းကို မည်သို့ပေးမည်ဆိုသည့် စုစည်းပို့ချ နိုင်ခြင်းမရှိပေ။ စစ်သင်တန်းနှင့်ပတ်သက်၍ စနစ်ဇယားဆွဲမထားနိုင်။ ရဲဘောချီလတန် လက်တန်းရေးဆွဲထားသည့်အတိုင်း သင်တန်းပို့ချ နေရသည်။ နိုင်ငံ ရေးနှင့် ပတ်သက်၍လည်း ကြို ၍ ပြက်မထားနိုင်ခဲ့။ တဖက်က KIA အား သင်တန်းကျောင်းဖွင့်ရင်း တဖက်ကလည်း မိမိသင်တန်းဆရာများအား သင်တန်းပေးနေရသည်။ သင်တန်းဆရာအဖြစ် တာဝန်ယူကြသည့် ကေဒါ ရဲဘော်များမှာလည်း တပ်အတွေ့အကြုံ ရှိသော်လည်း သင်တန်းပေးသည့် အတွေ့အကြုံ မရှိကြ။ သို့နှင့် KIA သင်တန်း ပထမပတ်တွင် မိမိတို့ CPB ဘက်တာဝန်ယူသူများကြား အတော်လေး လုံးလည်ခြာလည် လိုက်နေသည်ဟုဆိုရပါမည်။

မိမိတို့ KIA ရိက္ခာရုံဖက်မှာလည်း အိုးနင်းခွက်နင်းဖြစ်နေဆဲ။ ချက်ပြုတ်ရေးတာဝန်ယူထားသည့် ဒေသခံတိုင်းရင်း သူရဲ ဘော်မများမှာ လူမှန်းသိတတ်စကထဲက တောင်ယာဆင်း လယ်ထဲဆင်း မနက်စောစောထ၍ စပါးထောင်း ထမင်းဟင်းချက် စသဖြင့် လုပ်ကိုင်လာကြသူများ ဖြစ်သဖြင့် ချက်ရေးပြုတ်ရေးသည် သုမတို့အတွက် မခက်လှဟုဆိုနိုင်သည်။ သို့သော် လက်တွေ့တွင် အခက်အခဲများစွာရှိနေသည်။ သူမတို့အိမ်တွင်ချက်ရသည်က မိသားစု လေးငါးဆယ်ယောက်စာသာ ဖြစ်သည်။ ဟင်းချက်သည်ကလည်း သုမတို့လူမျိုးအလိုက် ကချင်/ရှမ်း/တရုတ် ဓလေ့အလိုက် ချက်ပြု တ်ရခြင်းဖြစ်သည်။ယခု KIA ရိက္ခာရုံတွင် ချက်ရသည်က လူ ၃၅ဝ ကျော်စာ အိုးကြီးချက်ဖြစ်သည်။ နေ့စဉ် မနက်/ည အလှူ ကျွေးသလို ချက်ရ သည်ဖြစ်ရာ သူမတို့နှင့် အကျွမ်းမဝင်။ ဟင်းလျာကလည်း အများစာ စီစဉ်ရ၍ သူမတို့နှင့် အကျွမ်းတဝင်ရှိသော ဟင်းလျာများ မဟုတ်ကြချေ။

မိမိစရောက်သည့် ဖြေရှင်းနေရသည်မှာ ထမင်းချက်သည့်ပြဿနာဖြစ်သည်။ မိုးဗြဲဒယ်များနှင့် ထမင်းချက်သည်ကို အသားမကျ၍ နေ့စဉ်ထမင်းပျော့တူးမနပ်ဖြစ်နေသည်။ နေ့စဥ ထမင်းဂျိုးများပစ်နေရသည်က မနည်းလှ။KIA အတွက် ရိက္ခာဆန်ကို လိုသလောက်ထုတ်ပေးထား၍ တော်သေးသည်။ မိမိတတပ်ကဲ့သို့ အကန့်အသတ်နှင့် ထုတ်ပေးချင် အခက်ကြုံ ရနိုင်သည်။ သိုသော်လည်း အလေအလွင့်များလှပေသည်။တရုတ်ထမင်းပေါင်းအိုး နှင့် ပေါင်းရန်လည်းအသင့်ဝယ်၍ ရသည်က လူ ၅ဝ စာမျှသာရှိနေသည်။ နောက် ဆုံးတယောက်က စဉ်းစားတည်ထွင်လိုက်မှ အဆင်ပြေသည်။ ပေပါပုံးကို ထမင်းပေါင်းအိုးလုပ်လိုက်ခြင်းခြင်းဖြစ်သည်။ ပေပါပုံးအတွင်း အောက်ခြေ တတောင်ခန့်အားလေးဒေါင့် သစ်သားစင်ရိုက်ပြီး သစ်သားစင်ပေါ်မှ အပေါက်ဖေါက်ထားသောသံပြားကိုတင်သည်။ သစ်သားစင်ထည့်ထားသော ပေပါအောက်ခြေတွင် ရေထည့်ရသည်။ သံပြားပေါ်တွင် ပိတ်ပါးစတင်၍ ဆန်ထည့် ပြီးလျင် ပေပါအောက်ခြေမှမီးမွှေးပြီး ပေပါပုံးကို တခါတည်း ထမင်းပေါင်းအိုး လုပ်လိုက်ရသည်။ သို့သော် တခါတည်းပေါင်း၍မရ။ဆန်ကို တညကြို ရေစိမ်းထားရ သည်။ တနာရီခန့်ပေါင်းပြီးလျင် ထိုပေါင်းထားသည့် ဆန်ကို ဇလုံကြီးများထဲပြန်ခပ်ထည့်ပြီး ရေနွေးပူပူလောင်း၍ သမအောင် ပြန်မွှေပေးရသည်။ပြီးလျင်ပေပါပုံးထဲ ပြန်ထည့်ပြီး ပြန်ပေါင်းရသည်။ သို့မှ သာ ထမင်းနပ်သည်။ လူ၃၅ဝ စာဆိုတော့ ပေပါ ၃ လုံးခန့် ပေါင်းသည်။ ချက်ရေးပြု တ်ရေး အကျွမ်းတဝင်ရှိသည့် ရဲဘော်မများဖြစ်၍ အမြန်အသားကျသွား၍ တော်သေးသည်ဟုဆိုရမည်။

မိမိလည်းခက်သည်။ ကျောင်းသားဘဝမှ တော်လှန်ရေးထဲရောက်လာမိမိသည် ထမင်းလည်း မချက်ဘူး ဟင်းလည်းချက်ဘူး သည် မဟုတ်ပေ။ သို့သော်လည်း စိုင်းအောင်ဝင်းက မိမိအား ဆီပြန်ဟင်းလေး ဗမာဟင်းလေးချက်စမ်းပါဟု ခဏခဏ ဆိုနေသည်။ KIA သင်တန်းသားများကို ၅ ရက်တခါအသားဟင်းအပြည့်ကြွေးသည်။ အရောအနှောမပါဟုဆိုလိုခြင်းဖြစ်သည်။KIA သင်တန်းသား ၃၅ဝ ဆိုတော့ တယောက် ၁ဝ ကျပ်သားနှုန်းဖြင့် ၃၅ ပိသာဆီပြန်ဟင်း ချက်ရမည်။ ဒေသခံရဲဘော်မများကလည်း မချက်တတ်။ မိမိလည်း ဟိုမေးဒီမေး မေး၍ ချက်ရတော့သည်။ အသားတပိသာလျင် ဆီ ၁ဝကျပ်သား ကြက်သွန်နီ ၁ဝကျပ်သား ကြက်သွန်ဖြူ ၅ ကျပ်သား ခရမ်းချ ဉ်သီး၁ဝ သား ဂျင်း အသင့်အတင့် ငရုတ်သီး အသင့်အတင့် စသဖြင့် ဟိုလူပြောဒီလူပြောအတိုင်း ရဲဘော်မများအား ညွှန်ကြား၍ ချက်ရသည်။

မိုးဗြဲဒယ် ၃ လုံး နှင့် တဒယ်လျင် အသား ၁၂ ပိသာခန့်ထည့်သည်။ ဆီကိုပိုပိုလျံ လျံ တပိသာခွဲခန့်ထည့်သည်။ ကျန် ကြက်သွန်နီ ကြက်သွန်ဖြူခရမ်းချ ဉ်သီး ဂျင်း ငရုတ်သီး ဆား အချို့မှုန့် များအား အပေါ်အညွှန်းတိုင်းထည့်၍ ဆီပြန်ဟင်းချက်ရတော့သည်။ အသားကို ရေဆေးထားသည့် ရေအခံကလည်းပါ ဆီကလည်းများဆိုတော့ မိုးဗြဲဒယ်အား မီးမြှင်းမြှင်းပေးထားသည့်အောက်တွင် ရေထပ်ထည့်စရာမလိုဘဲ အသားနူးတော့သည်။ အပေါ့အငံသာ မြည်းစရာလိုသည်။ စားကြသူအားလုံးက ကောင်းသည်ဟု ဆိုသည်။ စိုင်းအောင်ဝင်းကလည်း ကောင်းသည်ဟုဆိုသည်။ မိမိကတော့ တယောက်တည်း ပြုံး၍သာ နေမိသည်။ အဆာပလာ ဗုံးဘောလအောနှင့် ထင်ရာစိုင်းခဲ့သည် အိုးကြီးချက် ဆီပြန်ဟင်းဖြစ်သည်။ တခါမှ ဟင်းမချက်တတ်သူက မိုးဗြဲဒယ် ၃ လုံးနှင့် ခပ်တည်တည်ချက်ခဲ့သော ဆီပြန်ဟင်းလည်းဖြစ် သည်။

မုန်းကိုးနိုင်ငံရေးဌာနတုန်းက ချာပါတီလုပ်စားခဲ့သည်ကို သတိရသည်။ရန်ကုန်က ရောက်လာသည့် ကိုတင်အောင်ကား တာမွေဖက်မှ မွတ်စလင် တဦးဖြစ်ပေရာ ချာပါတီကောင်းစွာလုပ်တတ်သည်။ သို့နှင့်လကုန်အသေးသုံးထုတ်ရက်တွင် ရဲဘော်များ ပိုက်ဆံစု၍ ကြက်သားကုလားပဲဟင်းနှင့် ချာပါတီလုပ်စားကြသည်။ ဝါးဘိုးဝါး အဆစ်ပိတ်တခုဖြင့် ငရုတ်သီး ကြက်သွန်နီကြက်သွန်ဖြူ ဂျင်းစသည့် အဆာပလာစုံအောင်ထောင်းပြီး ကြက်သား ကုလားပဲဟင်းချက်ကြသည်။ ထိုစဉ်ရှိသည့် ငွေပမာဏနှင့် အဆာပလာလေးစုံအောင်စုရသည်။ အဆာပလာလေး စုံမှကောင်းမည်ဟု တသကြသည်။ နေ့စဉ်စားသည့် ဘုံရိက္ခာရုံမှာ ရိက္ခာငွေ အကန့်အသတ်ကြောင့် ဟင်းထဲတွင် ဂျ င်းလေး ကြက်သွန်ဖြူ လေး လေးငါးတက်သာ ရိုက်ပြား၍ ထည့်နိုင်သည် မဟုတ်ပါလား။

ထိုနေ့က မုန်းကိုးနိုင်ငံရေးဌာနရှိ မိမိတို့ဗမာရဲဘော်များ ချာပါတီနှင့်ကြက်ပဲဟင်းကို မြိန်ရည် ရှက်ရည်စားကြသည်။ အားလုံးက ကောင်းသည်ဟုချီး ကြူးကြသည်။ တကယ်လည်း ကောင်းသည်ဟု ခံစားရသည်။ ချက်ပြု တ်ရေးတာဝန်ယူသည့် ကိုတင်အောင်တယောက်လည်း မျက်နှာကြီးတဖြဲဖြဲနှင့်ပြုံးပြုံးကြီး ပီတိဖြစ်နေသည်။ ညနေပိုင်း ကုတင်အောက်က ဖိနပ်လှမ်းယူရင်း အဆာပလာပေါင်းစုံထောင်းထားသည့် ဝါးဘိုးဝါးအဆစ်ပိတ်ကို တွေ့လိုက်ရသည်။ အဆာပလာ အပြည့်နှင့်ဖြစ်သည်။ အဆာပလာထောင်းပြီးဘေးကလူများ ခလုတ်တိုက်မိမှာစိုး၍ ကုတင်အောက်သို့ရွှေ့ထားရင်း ဟင်းထဲထည့်ဖို့ မေ့သွားခြင်းဖြစ်သည်။ ထိုအခါမှ မိမိတို့လည်း တဝါးဝါးရီမောမိတော့သည်။ ဘာအဆာပလာမှ မပါဘဲချက် လည်း အသားဟင်းလည်းဖြစ်ငတ်နေသောအချိန်ဖြစ်တော့ ကောင်း၍သာနေပေတော့ဟုဆိုရသည်။ ဤသို့ပင် ကောက် ကွတ်ကျောင်း၍ မိမိ၏အသားဆီပြန်ဟင်းသည် ကောင်း၍နေပေတော့သည်။ မသိသောသူက မတတ်သောသူများ အား ဆရာလုပ်၍ ချက် သောဆီပြန်ဟင်းချက်နည်းအား ရိက္ခာရုံက ရဲဘော်မများ သုံးလေးခါချက်ပြီး ကောင်းစွာတတ်မြောက် သွားပေရာ နောင်ဆီပြန်ဟင်း ချက်ရာတွင် မိမိဝင်ပါစရာတော့သည်အထိ လက်လွှတ်ခဲ့နိုင်တော့သည်။

ဤသို့နှင့် သင်တန်းဆရာမလုပ်ဘူးသူများ သင်တန်းဆရာလုပ်ကြပြီး၊ ထမင်းဟင်းမချက်တတ်သူများ ချက်ပြုတ်ကျွေး မွေးခြင်းဖြင့် ကောက်ကွတ် ပထမပတ် KIA သင်တန်းကျောင်းကြီး စတင်လည်ပတ်ခဲ့ပေတော့သည်။တိုက်ရင်းလေ့ကျင့် လေ့ကျင့်ရင်းတိုက်ဟု ဆိုသည်မဟုတ်ပါလော။

ဆက်လက်ဖေါ်ပြပါမည်။
0