ကျော်ထင် ● ကုက္ကိုသားတွေထဲမှာ မကောင်းဆိုးဝါးတွေ

ကျော်ထင် ● ကုက္ကိုသားတွေထဲမှာ မကောင်းဆိုးဝါးတွေ
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၇

၁။
၁၉၉၀ ကျော်ကာလတွေတုန်းက ရပ်ကွက်ထဲကလူတွေအားလုံးလိုလို စီးပွားရေးကြပ် ကပ်စိုက်နေကြတာ။ ဘာမှ လုပ်စား စရာလည်း မရှိကြဘူး။ ၁၉၈၈ အုံကြွမှုကြီးပြီးစ လူနေမှုဘဝတွေမှာ အထာမကျဘူး ဖြစ်နေတာ။ အရင်ကတည်းကလည်း အထာမကျခဲ့တာဆိုတော့ အခုလို ခေတ်ပျက်အလံထူတဲ့ကာလမှာ ပိုဆိုးတာပေါ့။

အိမ်မှာကတော့ ကျနော်က မင်္ဂလာပွဲတွေမှာ သတိုးသား၊ သတို့သမီးနာမည်တွေ စာလုံးထွင်းပေးနေရလို့ ဝင်ငွေရပြီး တော် နေသေးတာ။ တပွဲကို နှစ်ဆယ်၊ အစိတ်ရတယ်။ နတ်တော်လနဲ့ ဝါဆိုပြီဆိုရင်တော့ အဲ့ဒီ့ဝင်ငွေက မင်္ဂလာမဆောင်ကြလို့ ဝါမကျွတ်မချင်း မရှိပြန်ဘူး။ မမ်မမ် တူတူပုန်းလေမလား။ ဒါပေမဲ့လည်း ဟိုတံတားဖွင့်ပွဲ၊ ဒီလမ်းဖွင့်ပွဲတွေနဲ့ သြဝါဒခံယူပွဲတွေ ဆီက ကြိုကြားကြိုကြားငွေဝင်နေသေးတော့ မဆိုးဘူးပြောရမယ်။

ရာသီစာအလုပ်လေးတွေကိုလည်း ကျနော်က မရွေးပါဘူး။ ကြုံရင်ကြုံသလို လုပ်လိုက်တာပဲ။ သီတင်းကျွတ်ကာလတွေမှာ မီးပုံးလေးတွေလုပ်တယ်။ အိမ်တွင်းလက်မှုပညာပေါ့။ ကျနော်လုပ်တဲ့အပိုင်းက ဆီစိမ်စက္ကူတွေကို မီးပုံးရုပ်လေးတွေပေါ်မှာ ကိုယ့်စိတ်ကူးနဲ့ကိုယ် စပ်ဟပ်ကပ်ပေးရတာ။ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်၊ အပြာရောင်အစုံပါပဲ။

ဟယ်လီကော်ပတာရုပ်လေးတွေ၊ ယုန်ကလေးက နားရွက်ထောင် အရုပ်လေးတွေ၊ ဂျစ်ကားပုံစံလေးတွေ၊ သင်္ဘောပုံတောင် ပါသေး။ အရုပ်လေးတွေအားလုံးကို ဂျပန်ဖိနပ်ဟောင်းတွေနဲ့ ဘီးလုပ်ပြီး ဝါးတုတ်တံရှည်လေးတွေ တပ်ထားပေးတယ်။ တွန်းရတယ်။ တွန်းလိုက်တဲ့အခါ ဖိနပ်ဘီးနဲ့ဆက်ထားတဲ့ ဝါးတုတ်တံလေးက သူ့ရှေ့မှာတပ်ထားတဲ့ အိန္ဒိယဆေးမွှေးဘူးလေး ကို သွားသွားခေါက်တယ်။ တတောက်တောက်နဲ့။

ကလေးတွေ နားဝင်ချိုတဲ့အသံပေါ့။ သီတင်းကျွတ်ရဲ့အသံလေးတွေပေါ့။ ညဆိုရင်တော့ အဲ့ဒီ့မီးပုံးတွေကို မီးထွန်းပြီးလမ်း ပေါ်မှာ တွန်းကြတာ။ ရောင်စုံပဲ။ အရောင်ရယ်၊ အသံရယ်၊ ကလေးလေးတွေရယ်။ အဲ့ဒါ သီတင်းကျွတ်ရဲ့ နေနဲ့လ၊ ရွှေနဲ့မြ ပေါ့။

၂။
အဲ့ဒီလို အကျပ်အတည်းကာလမှာပဲ ရှမ်းတရုတ်လား၊ ဝလား၊ ကျနော်တော့ မကွဲဘူး။ အဲဒီ့ စကားဝဲဝဲတွေ ရပ် ကွက်ထဲရောက် လာတာတွေ့ရတယ်။ အိမ်ရှေ့ကအိမ်မှာ အဝင်အထွက် သိပ်စိပ်လာတယ်။ သူတို့တတွေ၊ လက်နက်ကိုင်အုပ်စုတွေ ၁၉၈၉ လောက်က တရားဥပဒေဘောင်ထဲဝင်လာတယ်လို့ စစ်အစိုးရကြေညာထားတာကိုတော့ ကြားခဲ့ရပါတယ်။

ဒါပေမဲ့ ဒီဘက်ထဲထိ ဝင်လာကြလိမ့်မယ်လို့တော့ မထင်မိခဲ့ဘူး။ မြို့ထဲကလမ်းတလမ်းမှာ ဝ တွေ ကက်စီနို ဆိုင်ဖွင့်ထားတယ်။ စီးပွားရေးလုပ်တာတဲ့။ ခပ်လှမ်းလှမ်းမြို့ပြင်မှာတော့ အနှိပ်ခန်း။ အခု အိမ်ရှေ့က အိမ်ကိုလာတဲ့သူတွေကတော့ ပန်းပုတဲ့ ပန်းပုရုပ်တွေ ဝယ်ဖို့တဲ့။ ကျနော် နည်းနည်းတော့ ဒေါင်ချာစိုင်းသွားတယ်။ ပန်းပုရုပ်တွေက ဘယ်မှာဝယ်မှာလဲ။ ဘယ် လောက်တောင် ဝယ်မှာလဲ။

သေချာတာကတော့ အဲ့ဒီ့အိမ်မှာ ဘာပန်းပုရုပ်မှမရှိတာပဲ။ အဲ့ဒီ့အိမ်က နိုင်နိုင်ဆိုတာ ကျနော်နဲ့ တခင်တမင်ရှိလှတယ်။ သူ ငယ်ချင်းတော့မဟုတ်ဘူး။ သွားဖော်လာဖက်လို့တော့ ပြောလို့ရတယ်။ သူက ကျနော့်အောက် ငါးနှစ်လောက်ငယ်တယ်။ ဒီကောင့်မှာ ဘာအနုပညာမှ ဝါသနာပါတယ် မတွေ့မိဘူး။ အဲ့ဒီ့ခေတ် ဗွီဒီယိုကြည့်တာလောက်၊ ရုပ်ရှင်ကြည့်တာလောက်ပဲ အနုပညာနဲ့ပတ်သက်ခဲ့ဖူးတာ။

သူ့အဖေကလည်း မြို့နယ်သမဦးစီးမှာ အလုပ် လုပ်ခဲ့တဲ့သူ။ အနုပညာတွေ မတီးခေါက်တတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီ့အိမ်မှာ ဝ တွေ ဝင်ထွက်ပြီးကတည်းက ငွေလေးကြေးလေး သုံးစွဲလည်ပတ်လာတာကို တွေ့ရလို့ဝမ်းသာတယ်။ ဆင်းရဲကျပ်တည်းလွန်းတဲ့ရပ်ကွက်ထဲက မိသားစုတွေ အဆင်ပြေနေတာ၊ ချောင်လည်နေတာကို မြင် ချင်တယ်လေ။

မကြာပါဘူး။ သစ်သားတုံးတွေ သယ်လာတာတွေ့တယ်။ ဒါကတော့ မထူးဆန်းပါဘူး။ ပန်းပုထုမယ်ဆိုရင် သစ်သားတုံး လိုမှာပေါ့။ ထူးဆန်းတာက နိုင်နိုင်တို့သားအဖတွေ ပန်းပုထုကြတော့မယ့်ကိစ္စပါ။ သူတို့တွေ ပန်းပုထုတတ်နေတာကိုတွေ့ရလို့ အံ့သြတယ်။ ဘယ်အချိန်တုန်းက သင်လိုက်တာတုန်းဆိုတော့ …လွန်ခဲ့တဲ့ တပတ် ဆယ်ရက်လောက်ကတဲ့။ ပန်းပုက အဲ့ဒီ့ လောက်ပဲ လွယ်လား။ လွယ်တယ်ပဲထားဦး အနုပညာကော မြောက်ပါ့မလား။ အနုပညာဈာန်ကော ဝင်စားနိုင်ပါ့မလား။

ဆရာပါရဂူရဲ့စာတအုပ်မှာ ပရိနိဗ္ဗာန်စံတော်မူတဲ့ပန်းပုကိုထုဆစ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပုံကို ခြယ် မှုန်းထားတဲ့ဝတ္ထုကို စူးစူးနစ်နစ်ဖတ်ဖူးထားတော့ အဲ့ဒီ့ခံစားမှုအရှိန်နဲ့သူတို့တွေရဲ့ပန်းပုတွေကို မယုံချင်မိဘူး။ သူတို့ကကော ဘာရုပ်တွေ ထုဆစ် ကြမှာလဲ။ ဝယ်တဲ့သူတွေကကော ဘယ်လိုအကဲဖြတ်ပြီးဝယ်ကြမှာလဲ။ စိတ်ဝင်စားစရာတော့ကောင်းတယ်။

အဲ့ဒါနဲ့ အားရင်ပန်းပုထုတဲ့နေရာ ရောက်ပြီ။ ပန်းပုထုနေတာတွေကို ကြည့်ပြီ။ သူတို့တွေထုတာ ဆင်ရုပ်တွေချည်းပဲ။ ထု တော့လည်း ပုံစံတူတွေချည်းပဲ။ ခြေတဖက်မြှောက်၊ လက်တဖက်မြှောက်တွေချည်းပဲ။ သူတို့ပန်းပုထုတာ မြန်တယ်။ သစ် သားတုံးကို မြေဖြူနဲ့ကောက်ကြောင်းဆွဲပြီး ဗြောင်းဒိုင်း ဗြောင်းဒိုင်းနဲ့ မလိုတဲ့အသားတွေ ရိုက်ထုတ်ပစ်လိုက်တာ၊ ခြေမြှောက်၊ လက်မြှောက် ဆင်တကောင် အသာလေးထွက်လာတယ်။

ထွက်လာတဲ့ဆင်ရုပ်ကြမ်းကို ကော်ပတ်တွေနဲ့တိုက်စားကြတယ်။ မိသားတစုလုံးပဲ။ ဒီအလုပ်ကို တက်ညီ လက်ညီလုပ်ကြ တယ်။ ဆင်ရုပ်တွေများလွန်းလို့ဘေးနားက အလုပ်မရှိ ညီမတွေဆီတောင် အလုပ်အပ်ကြတယ်။ နောက်မှသိရတာက အဲ့ ဒီလို ဆင်ရုပ်တွေထုတာ အိမ်ရှေ့ကအိမ်တင်မကဘဲ မြို့တနှံ့မှာပါ ထုကြတာ။ သူငယ်ချင်းတယောက်ဆို ပန်းပုရုံမှာသွားပြီး အခစား လုပ်ကိုင်ခဲ့သေးတယ်။

ပန်းပုရုပ်တွေကတော့ ဒါမျိုးတွေချည်းပါပဲ။ တပုံစံတည်း၊ ခြေမြှောက်လက်မြှောက် နှာမောင်းထောင်၊  နှာမောင်းချတွေချည်း ပဲ။ ကျနော် တွေ့ရသလောက်တော့ ဘာမှအနုပညာမြောက်လှတယ် မရှိပါဘူး။ ထုဆစ်တဲ့သူတွေကလည်း တကယ့်ပန်းပုဆရာ တွေမှမဟုတ်တာ။ လွန်ခဲ့တဲ့တပတ်၊ ဆယ်ရက်လောက်ကမှ လက်ပူတိုက် သင်ယူထားတဲ့သူတွေ။ ဒါပေမဲ့လည်း သူတို့လက် ရာတွေက ပယ်ပစ်ရတယ်ဆိုတာမရှိဘူး။ သူတို့ထုဆစ်သမျှ အရုပ်ကို အကုန်ယူတာ။ ဆင်ရုပ်တွေသာထုထား။ သုံးလတန် သည်၊ လေးလတန်သည်ခြားပြီး လာလာယူကြတယ်။ ထုထားသမျှ အကုန်သိမ်းကျုံးယူတာ။ စရံဆိုပြီး ပိုက်ဆံတွေလည်း ပေးသွားသေးတာ။ တခါတခါ ပိုတောင်ပေးသွားသေးတယ်တဲ့။ ရင်းနှီးသွားကြတာကိုး။

ကျနော်ကတော့ သိပ်နားမလည်ဘူး။ ဒီပန်းပုရုပ်တွေ ဘယ်နေရာမှာသုံးမှာလဲ။ အိမ်မှူးခန်းမှာ အလှထားရ အောင်ကလည်း လက်ရာတွေက အဲ့ဒီ့လောက် မြောက်လှတာမဟုတ်ဘူးလို့ ထင်တယ်။ မနေနိုင်လို့မေးကြည့်တော့ သူတို့လည်း ဝ တွေ ဝယ် တယ်။ တရုတ်ပြည်ပို့တယ်ပဲ သိတယ်တဲ့။ ဒါဆို ပေါက်ဖော်တွေဟာ ပန်းပုချစ်သူတွေများလား။ မသိဘူး။ ပန်းပုအနုပညာကို တော်တော် ချစ်ကြတယ်ဆို ရမလား။ ဒါလည်း မသိဘူး။

ဆင်နဲ့ပတ်သက်ရင် အစဉ်အလာရှိတဲ့ကျနော်တို့လူမျိုးတွေတောင် ဒီဆင်ရုပ်တုကို ဧည့်ခန်းမှာ အလှပြတင်ထားဖို့ဆိုတာ သိပ်ကို မျှော်လင့်လွန်းအားကြီးနေသလိုပါပဲ။ ကလေးတွေကတော့ လိုချင်ကောင်းလိုချင်ကြမယ် ထင်တယ်။ သူတို့က အရုပ် ချစ်သူတွေလေ။

၃။
တနှစ်လေက်ကြာတော့ သူတို့လက်ရာတွေ ကောင်းလာပါတယ်။ အကောင်တွေလည်း စုံလာတယ်။ သွား   ထိုင်ကြည့်မိသ လောက် ကြံ့တွေ၊ ခြင်္သေ့တွေတိုးပြီးထုဆစ်လာကြတာတွေ့ရတယ်။ အဲ့ဒီလို သူတို့တိုးတက်လာသလောက် တဖက်မှာလည်း လျော့သွားတာတွေ တွေ့ရတယ်။ အဲ့ဒါက လမ်းဘေးကုက္ကိုပင်တွေပါ။ ပန်းပုထုဖို့ဆိုပြီး ကုက္ကိုပင်တွေခုတ်လှဲတာခံရတယ်။

ဘယ်သူတားမြစ်သလဲဆိုတော့ ဘယ်သူမှမတားကြပါဘူး။ မတားရဲတာလည်း ပါမယ်ပေါ့။ သစ်ပင်အကြီးကြီး တွေခုတ်တာကို သာ မျက်စေ့အရသာခံပြီး ကြည့်သွားကြတာများတယ်။ အဲ့ဒီ့ကရတဲ့ကုက္ကိုသားစိုစိုတွေနဲ့ ပန်းပုထုကြတာ။ ဝေဝေစည်စည်ပဲ။ အကြားအမြင်တွေအရလည်း ပေါက်ဖော်ကြီးတို့ဆီပို့တာပဲ သိကြတာ။ ပန်းပုထုတဲ့သူတွေကော၊ ကျနော်တို့လို ဘေးထိုင်တွေ ကောရဲ့အသိမှာ ဒီလောက်ပဲ။ ဒီ့ထက်ပိုပြီး ဘာမှမသိကြဘူး။ အရုပ်တွေ မပြတ်ထုရတယ်။ ဝယ်တဲ့သူ အသင့်ရှိတယ်။ ဝင် ငွေကောင်းလို့ စိုစိုဖတ်ဖတ်လေး ရှိလှတယ်။ ရပ်ကွက်ထဲ အိုးမကွာ၊ အိမ်မပစ် အလုပ်လေးတွေ လုပ်နိုင်ကြတယ်။

ဒါကလွဲရင် ပန်းပုထုတဲ့သူတွေလည်း ဘာမှထပ်မသိတော့ဘူး။ ဒီပန်းပုရုပ်တွေကို ဘယ်လိုအသုံးချလိုက်ကြသလဲ။ လက်ရာ လည်း အမြောက်ကြီးမဟုတ်လှတဲ့အနုပညာကို ဘယ်လိုခံစားကြသလဲ။ ဘယ်သူမှ မစူးစမ်းမိကြဘူး။ ဘယ်သူမှလည်း စိတ် မဝင်စားကြဘူး။ အဲ့ဒီ့ကရတဲ့ငွေနဲ့ စားကြ၊ သောက်ကြ၊ ဝတ်ကြရတာကိုပဲ ဘဝဖြစ်ကြရတယ်။

အဆုံးသတ် ...
ကုက္ကိုသားနဲ့ပတ်သက်ရင် သိထားတာတခုရှိတယ်။ ရုပ်သေးရုပ်တွေလုပ်ရင် ဘယ်တော့မှ ကုက္ကိုသားနဲ့မလုပ်ဘူး။ ကုက္ကို သားဆိုတာ မကောင်းတဲ့ဝိညာဉ်တွေ ပူးဝင်လွယ်တဲ့အသား။ ရုပ်သေးကရတဲ့အချိန်ကလည်း နေဝင်မိုးချုပ်နဲ့ ညဆိုတော့ ကုက္ကိုသားနဲ့ လုပ်လို့မဖြစ်ဘူးတဲ့။

အဲ့ဒါကို ကျနော်စဉ်းစားမရခဲ့ဘူး။ တွေးလို့လည်း သဘောမပေါက်ခဲ့ဖူး။ ကုက္ကိုသားဆိုတာ မကောင်းဆိုးဝါးတွေက ဘာလို့ ဝင်ပူးကြတာတုန်း။ ကျနော်တို့ ကုက္ကိုပင်ကြီးတွေအောက် အမြဲဖြတ်သွားနေကြတာ။ ဘာမှမတွေ့ရပါဘူး။ အရိပ်အရောင် တောင် မမြင်ရပါဘူး။ နည်းနည်းပါးပါးလေးတောင် ထင်သာမြင်သာ မရှိပါဘူး။ ဒါဟာ ခုထိပါပဲ။

ကုက္ကိုသားတွေဟာ တော်တော်ဆန်းကျယ်တာပဲ။ ကုက္ကိုသားနဲ့လုပ်တဲ့အရုပ်တွေအကြောင်းဟာလည်း တော်တော်စဉ်းစားရ ကြပ်တာပဲလေ။

ကျော်ထင်

Comments