မောင်သာမည ● ဂုဏ်သိက္ခာဖြင့် စီးဆင်းနေသော မြစ်တစ်စင်း


မောင်သာမည ● ဂုဏ်သိက္ခာဖြင့် စီးဆင်းနေသော မြစ်တစ်စင်း
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇

မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင် ၂၀၁၇ ထုတ်မဂ္ဂဇင်းမှ ဖြစ်သည်။

ကဗျာဆိုသည်မှာ ဘာလဲ။ ကဗျာဆရာဆိုသည်မှာ ဘာလဲ။ ကဗျာသည် မည်မျှအရေးကြီးသလဲ။ ကဗျာဆရာသည် လူ့အဖွဲ့ အစည်းအတွက် မည်မျှအရေးပါသလဲ။ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် (၂၀၁၇) ဖွင့်ပွဲနေ့၌ ပြသခဲ့သော Burma Storybook မှတ်တမ်း ရုပ်ရှင်တွင် ကဗျာဆရာမောင်အောင်ပွင့်က ယင်းမေးခွန်းများကို ဖြေဆိုထားသည်။

ဆရာမောင်အောင်ပွင့်သည် ဘဝတလျှောက် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသည်။ အသက် ၂၂ နှစ်တွင် တစ်ကြိမ်။ အသက် ၃၃ နှစ်တွင် တစ်ကြိမ်။ အသက် ၄၄ နှစ်မှာ တစ်ကြိမ် (ထိုအကြိမ်က လွတ်အောင်ရှောင်နိုင်ခဲ့သည်)။ အသက် ၅၅နှစ်တွင် တစ်ကြိမ်။ ထောင်ထဲတွင် ဘဝတူ ကဗျာဆရာများ စွာနှင့် တွေ့ရသည်။ အောင်ဇင်မင်း၊ ကြည်တင်ဦး၊ သခွပ်နီ စသည် စ သည်။ ထောင်ထဲတွင် ကဗျာအကြောင်း ပြောဆိုဆွေးနွေးသည်။ ကဗျာတွေရေးသည်။ သို့သော် ကဗျာဆရာသည် သံတိုင် များ၏နောက်သို့သွားစရာ လိုအပ်သလား။ ကဗျာဆရာကို အုတ်တံတိုင်းလေးဘက်ဖြင့် ကာရံထားရန် လိုအပ်သလား။

“အာဏာက လူကို မာန်တဟုန်းဟုန်းတက်စေပေမယ့် ကဗျာကတော့ လူမှာ အကန့်အသတ်ရှိကြောင်း သတိပေးတယ်။ အာ ဏာက လူကို အမြင်ကျဉ်းမြောင်းစေပေမယ့် ကဗျာကတော့ ဘဝဟာ ခမ်းနားကြွယ်ဝစုံလင်လှကြောင်း သတိပေးတယ်။ အာဏာကဖျက်ဆီးပေမယ့် ကဗျာက သန့်စင်ပေးတယ်” ဟု အမေရိကန်သမ္မတ ကနေဒီက ကဗျာဆရာကြီး ရောဘတ်ဖရော့စ် အမှတ် တရပွဲ တခုတွင် ပြောဖူးသည်။ အာဏာနှင့် ကဗျာ၏ခြားနားမှုကို အကောင်းဆုံးသရုပ်ခွဲပြသည့်စကား ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အာဏာကြောင့် ပျက်စီးနေခဲ့ခြင်းများကား သမိုင်းနှင့်အမျှ သက်တမ်းရှည်လှလေရာ သန့်စင် ခြင်း အလုပ်ကိုလုပ်သည့်အတွက် သံတိုင်နောက်ရောက်ရလေသော ကဗျာဆရာများလည်း ခေတ်အဆက်ဆက် ရေတွက်၍ မကုန်နိုင်ပြီ။ ထောင်အကျခံပြီး ကဗျာရေး သော မြန်မာကဗျာဆရာများနှင့် ကဗျာကိုချစ်မြတ်နိုးသော မြန်မာပြည်သူတို့သည် လူ့အဖွဲ့အစည်းကို သန့်စင်စေရန် ကြိုးပမ်းနေသူများဟု ခံစားသိရှိရအောင် Burma Storybook ရုပ်ရှင်က ကြိုးစားထားပါသည်။

Burma Storybook ရုပ်ရှင်သည် ကဗျာဆရာကြီးမောင်အောင်ပွင့်၏ဘဝ ရုပ်ပုံလွှာများကို ဖျတ်ခနဲ ဖျတ်ခနဲလှစ်ပြရင်း အာ ဏာရှင်စနစ်၏ လောင်းရိပ်အောက်က ကဗျာ၏ရှင်သန်မှုကို ဖော်ကျူးပြသည်။ ကဗျာများဖြင့် ရက်ယှယ်ထားသော ပုံရိပ် များက အမှောင်ထုအတွင်း လင်းလက်နေသောကြယ်ပွင့်များကို ရှုမောရသလို ရင်ခုန်ခံစားရစေသည်။

ကဗျာဆရာကြီးမောင်အောင်ပွင့်သည် ဘဝတလျှောက်လုံး ယင်းကဲ့သို့သော ကြယ်ပွင့်များကိုဖန်တီးကာ အမှောင်ထုကို အ လင်းပေးခဲ့သူ ဖြစ်သည်။ အာဏာရှင်ကို ဒူးတုန်စေသော သူ့ကဗျာများအတွက် သူ၏အသက်ဘဝကို အလဲအထပ်လုပ်ရဲသော တကယ့်ကဗျာဆရာ။ သူက မာရ်နတ်ကို မာရ်နတ်မို့ မာရ်နတ်ဟု ခေါ်သည်တဲ့။

....လူတွေကြောက်နေဖို့က
ပိုအရေးကြီးသလား မက္ခရာဗီလီ
ဖလောရင့်မြို့သားတွေကတော့
ခင်ဗျာ့ကိုယ်မှာ
မာနတ်ကိုယ်နံ့ နံဟောင်တယ်တဲ့ဗျ။

.....လူတွေ ကြောက်နေဖို့က
ပိုအရေးကြီးသလား မက္ခရာဗီလီ
ဘယ်သူ့အတွက် ဒါလောက်
အကြောက်ခိုင်းနေရတာလဲ မက္ခရာဗီလီ။

...... မက္ခရာဗီလီရဲ့အဆိုကို
အခုပဲ ငါ ပြောင်းပြန်လှန်ပစ်မယ်
ကြောက်နေဖို့ထက် ချစ်ဖို့က ပိုအရေးကြီးတယ်
ကြောက်နေဖို့ထက် ချစ်ဖို့က ပိုအရေးကြီးတယ်
ကြောက်နေဖို့ထက် ချစ်ဖို့က ပိုအရေးကြီးတယ် ...
(မြစ်များစီးဆင်းတဲ့အကြောင်း)

ပြည်တွင်းစစ်ကြီးအတွင်း အမေပျောက်ဆုံးခဲ့ရသည့် ဆရာမောင်အောင်ပွင့်သည် စစ်အပေါ် ခါးသည်းသည်နှင့်အမျှ ငြိမ်း ချမ်းရေးအပေါ် မျှော်လင့်ချက် ကြီးမားခဲ့သည်။ ထိုကြောင့် သူ့နည်းတူ ငြိမ်းချမ်းရေးကို ဆာလောင်သော တောင်ဇလတ်ဖြူကို လက်တွဲခဲ့သည်။ “ပြည်သူတွေရဲ့ နာကျင်တဲ့ နှလုံးသား အပေါင်းနဲ့၊ ငါ့နှလုံးသားအတူခုန် မင်းလည်း အတူခုန်တယ်၊ ငြိမ်း ချမ်းရေးညစာ ငါဆာသလို မင်းဆာတယ်” ဟု ရေးဖွဲ့သည်။ ဆရာသည်သူ၏မျှော်လင့်ချက်ကို ဖော်ကျူးသည့်အနေနှင့် သားကို မောင်ကြီးငြိမ်းချမ်း၊ သမီးကို လုံမငြိမ်းချမ်း၊ မြေးကို ငြိမ်းချမ်းခေတ်ဟု အမည်ပေးသည်။ မောင်ကြီးငြိမ်းချမ်းက အာ ဏာရှင်ခေတ်ကို တော်လှန်ရန်အတွက် လက်နက်ကိုင်စွဲသည့်အပေါ် ဆရာမောင်အောင်ပွင့်က ကြေကွဲပုံသည်။ သားဖြစ်သူ ငယ်စဉ်ကပင် ကလေးကစားစရာ သေနတ်ကို ဝယ်ပေးခဲ့ ဖူးခြင်းမရှိဟု မျက်ရည်ဝဲလျက် ပြောပြသည်။ သို့သော် ဆရာမောင် အောင်ပွင့်သည် ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ဘယ်သောအခါကမှ စွန့်လွှတ်ခဲ့ခြင်းမရှိ။ အစဉ်အမြဲ အခိုင်အမာ ဆုပ်ကိုင် ထားသည်။

.... ငါ့က ငြိမ်းချမ်းရေး ရမယ့်ဘက်က
မာရ်နတ်ကို မာရ်နတ် မာရ်နတ်လို့ တစာစာခေါ်ရင်
မာရ်နတ် နားမခံသာလို့ ပြေးရော
ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးလို့
ဂါထာရွတ်သလို ရွတ်နေရင်
ငြိမ်းချမ်းရေးက နားဝင်ချိုလို့ ပြေးလာရော
ငါ့ကိုယ်တွင်းမှာ အောက်စီဂျင်နဲ့ ငြိမ်းချမ်းရေး
ရောနှောစီးဆင်းလည်ပတ် တဖျင်းဖျင်း ထနေတယ် ...
(လူမ တောင်ဇလတ်ဖြူ ကဗျာမှ)

“ကဗျာသည် လူ၏စိတ်ကူးဉာဏ်မှ ပေါ်ပေါက်လာခဲ့သည်။ ထိုကြောင့် ကဗျာ မရှိတော့ခြင်းသည် လူ၏စိတ်ကူးဉာဏ်ပျက်သုဉ်း ခြင်းကို ညွှန်ပြသည်။ ကဗျာကို ဥပေက္ခာပြုခြင်းသည် မိမိကိုယ်ကို ဥပေက္ခာပြုလိုက်ခြင်းပင် ဖြစ်သည်။ ကဗျာကိုမေ့ပျောက်ပစ် လိုက်ပါက ကမ္ဘာတည်စ ကသောင်းကနင်း အခြေအနေကို ပြန်ရောက်သွားမည်” ဟု မက္ကဆီကိုကဗျာဆရာ သြတေဗီယို ပက်စ်က ပြောသည်။ မြန်မာ့လူ့အဖွဲ့အစည်း ပျက်သုဉ်းပျောက် ကွယ်သွားခြင်းမရှိအောင် ကဗျာတွေ ရှင်သန်ဖွံ့ ဖြိုးနေဖို့လို သည်။ ယင်းအတွက် မြန်မာကဗျာဆရာများက အသက်ဘဝနှင့်ရင်းနှီးခဲ့ကြောင်း ဆရာမောင်အောင်ပွင့်က သက်သေပြခဲ့ သည်။

အမှောင်ခေတ်တလျှောက် အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသော ဆရာမောင်အောင်ပွင့်က သူ၏ပြစ်မှုမှာ “ဘယ်ဖက် ရင်အုံထဲတွင် နှလုံးသားရှိနေသည့်အမှု” ဟုပြောဖူးသည်။ ကဗျာဆရာသည် လူ့နှလုံးသားကို ပိုင်ဆိုင် ထားသဖြင့် ငြိမ်းချမ်း ရေးကို မြတ်နိုးသည်။ သစ္စာတရားကို တန်ဖိုးထား သည်။ အနုပညာကို တပ်မက်သည်။ ထိုကြောင့်ပင် ဆရာမောင်အောင်ပွင့်၏ ကဗျာများသည် အာဏာရှင်ကို တော်လှန်သောကဗျာများဖြစ်သော်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း၊ သစ္စာတရားကို တန် ဖိုးထားခြင်း၊ အနုပညာကို တပ်မက်ခြင်း စသည့် လူ့ဂုဏ်သိက္ခာများနှင့် လင်းလက်နေခြင်း ဖြစ်မည်။

ဆရာမောင်အောင်ပွင့်က သူ၏ နာမည်ကျော် “ မြစ်များ စီးဆင်းတဲ့ အကြောင်း” ကဗျာတွင် သူ့ကိုယ်သူ ဤသို့ ရည်ညွှန်းရေးဖွဲ့ ထားသည်။

ငါဟာ မြစ်တစင်း ဖြစ်တယ်
ငါ့ကမ်း ဝဲယာတလျှောက်
ဥယျာဉ်တွေ ဖြစ်တယ်
စိုက်ပျိုးမြေတွေ ဖြစ်တယ်
ကဗျာတွေ ပွင့်တယ် သီးတယ်
ထပ် ပြောတယ်
ငါဟာ မြစ်တစ်စင်း ဖြစ်တယ် …

မှန်ပါ၏။ ကဗျာဆရာကြီးမောင်အောင်ပွင့်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့ဂုဏ်သိက္ခာအပြည့်နှင့် စီးဆင်းရှင်သန်နေ သော မြစ်ကြီးတစင်း ဖြစ်ပါ၏။ ။

(ပဉ္စမအကြိမ်မြောက် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် အမှတ်တရ)


သရုပ်ဖော် သန်းဌေးမောင်
0