ကိုသန်းလွင် ● ဧကစာရီ

 ကိုသန်းလွင် ● ဧကစာရီ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂ဝ၁၇


(၁)
“လူ့ဘဝအတွက် လိုအပ်ချက်များမှာ များများစားစားမရှိ ဒုက္ခ၊ သုက္ခများနှင့် စိုးရိမ်ပူပန်ရမှုများမှာ လူတို့၏အလို လိုအပ်ချက် ကိုမှန်မှန်ကန်ကန်မသိရှိမှု များကြောင့် ဖြစ်ပေါ်ရသည်” လူ့ဘဝအတွက် အခြေခံလိုအပ်ချက်များအထိ လျော့ချလိုက်သော အခါမှ လူသည် မလိုအပ်ဘဲ ဒုက္ခများကို ဖန်တီးယူသလိုဖြစ်နေကြောင်းပေါ်ပေါက်လာသည်။

ဤသည်မှာ ဟင်နရီဒေးဗစ်သူရူး (Henry David Thoreau) ၏ရေးသားချက်များဖြစ်ပါသည်။ သူသည် ၁၈၅ဝပါတ်ဝန်းကျင် က အမေရိကန်ပြည်တွင် နေထိုင်သွားခဲ့သူဖြစ်သည်။ သူ့ဘဝအတွေ့အကြုံကို စာအုပ်ရေး၍တင်ပြခဲ့ရာ နှောင်းလူတို့လက်စွဲ ပြုရမည့်စာအုပ်ဖြစ်လာသည်။ သူသည် ဝေါလ်ဒင် (walden) ရေကန်ကြီး၏ဘေးမှာ အိမ်ဆောက်၍နေခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း၂ဝဝခန့်ကမူ သူ့နေရာဝန်းကျင်တွင်တောကြီးမျက်မဲဖြစ်ပါလိမ့်မည်။ သူ့အိမ်သည် အနီးဆုံးလူနေရပ်ကွက်နှင့်တစ် မိုင် ကျော်ကျော်ဝေးသည်။ သူသည် ထိုအိမ်တွင် တဦးတည်း နှစ်နှစ် နှင့် နှစ်လကြာအောင် နေထိုင်ခဲ့ပါသည်။

သူ၏ဖီလိုဆိုဖီမှာ ပါတ်ဝန်းကျင်နှင့်အဆက်အသွယ်ဖြတ်ခါ လူ့ဘဝအတွက် အခြေခံလိုအပ်ချက်များနှင့်သာဖြစ်အောင် နေ သွားရန်ဖြစ်သည်။ နှစ်နှစ်လုံးလုံး တစ်ယောက်တည်းနေထိုင်ပြီး ဖြစ်သလိုစား ဖြစ်သလိုနေထိုင်ခဲ့သည်။ သူသည် နေစဉ် ကာလ အတွင်း နေ့စဉ်ဂျာနယ်တခုကို အမြဲဒိုင်ယာယီအဖြစ် ရေးမှတ်ပြီး သူ၏ အတွေ့အကြုံများကို စာအုပ်အဖြစ် ရွေးချယ် ထုတ်ဝေခဲ့ပါသည်။

သူ့ဂျာနယ်မှာ အဘယ်မျှပြည့်စုံသနည်းဆိုသော် ပန်းများပွင့်ပြီဆိုသည်နှင့် ဘယ်ရာသီရောက်ပြီ၊ နွေဦးရာသီ၊ ဆောင်းဦး ပေါက်ရာသီသို့ရောက်ပြီ စသည်ဖြင့် ပြောနိုင်ခဲ့သည် ဆိုပါသည်။ ထိုစဉ်က ဒါဝင်၏သီအိုရီမှာ စာအုပ်အဖြစ် ထွက်ရှိလာ သောအခါ ဒါဝင် နှင့်သူကို နှိုင်းယှဉ်၍ Naturalist အဖြစ် ပြောကြပါသည်။

လူ့ဘဝအတွက် အရေးကြီးဆုံးမှာ ခန္ဓာကိုယ် နွေးနွေးထွေးထွေးထားနိုင်ရန် အပူကို လိုအပ်ခြင်းပင်ဖြစ်သည်။  “ Liebig” ဆိုသောလူ၏ ရေးသားချက်များအတိုင်းဆိုသော် လူသည် မီးဖို နှင့်တူသည်။ အစားအစာသည် လူအတွက်လောင်စာပင်ဖြစ် ၏၊ ချမ်းအေးသောရာသီတွင် အစားအသောက် ပို၍လိုသည်။ ပူနွေးသောရာသီတွင်လိုအပ်သောအပူကိုရရှိရန်အစာအနည်း ငယ်ကိုသာစားရန်လိုသည်။ ကျွန်တော်တို့ အစာစားရန်လိုအပ်ခြင်းမှာ ထိုအပူဓါတ်ကြောင့်ပင်ဖြစ်သည်။ တိရစ္ဆာန် များတွင် အပူငွေ့လိုသည်မှာပိုမိုထင်ရှားပြီး၊ အစာသည်သတ္တဝါတို့ကို နွေးနွေးထွေးထွေးရှိ စေရန်ဖန်တီးပေးသည်။

ထိုအပူအတွက် လူတို့သည် ဒုက္ခအများကြီးရောက်ရပုံကို အေးအေးဆေးဆေး စဉ်းစားကြည့်နိုင်ပါသည်။ ကျွန်တော်တို့ အတွက် လိုအပ်ချက်မှာ Food and Shelter ဆိုသည့်အတိုင်း ကျွန်တော်တို့အိပ်ရန်အိပ်ရာနှင့် အင်္ကျီအတွက်ပူရသည်။ ငှက်များကိုကြည့်လျင် သူတို့၏ အသိုက်များနှင့် အသိုက်ကိုနွေးနွေးထွေးထွေး ဖြစ်စေရန်စီမံရခြင်းဖြစ်သည်။ အချို့အရပ် ဒေသများတွင် နေရောင်ခြည်သည်လိုအပ်သော အပူကိုပေးသည်။ ထိုနေရောင်ခြည်ကပင် အပူဓါတ်နှင့်အသီး အရွက် များကိုနွေးထွေးစေပြီး လူကိုစားစရာစီစဉ်နိုင်သည်။

ထိုသို့လူကိုသက်တောင့်သက်သာဖြစ်စေရန်စီစဉ်ပေးသောအရာများသည် လူ့ဘဝအတွက်မရှိမဖြစ်လိုအပ်သည်သာမဟုတ် သေး၊ လူကိုအပိုအလုပ်များဖြင့် ရှုတ်ထွေးစေသည်။ အတိုင်းအတာကို မသိဘဲ ထိုအရာများ၏နောက်သို့လိုက်ရင်း လူ့ဘဝ ကိုတိုးတတ်အောင်ပြုလုပ်ရေး၌ အဟန့်အတားဖြစ်စေတတ်သည်။ ထို့အယူအဆကြောင့် ဟိန္ဒူများ၊ ပါရှန်များ၊ ဂရိ တွေးခေါ် ပညာရှင်များသည် လူတို့၏အသုံးအဆောင်ပစ္စည်းများကိုပယ်ခဲ့ကြသည်။ သူတို့သည်ဘဝအတွင် မရှိလျင်မဖြစ် အရာများ နှင့်သာချိုးခြံစွာနေခဲ့ကြသည်။ အပြင်အနေဆင်းရဲသော်လည်း စိတ်တွင်းက ဖြစ်နေသောအရာမှာမဖေါ်ပြနိုင်လောက်အောင် ပြည့်စုံချမ်းသာကြသည်။

လူသည်သက်တောင့်သက်သာဖြစ်ပြီးနွေးသွားသည်နှင့် ဘာတွေဆက်လက်လိုအပ်ပါသေးသနည်း၊ သေချာသည်မှာပိုပြီး နွေးသောအရာကိုသုံးချင်လာသည်။ အစားအစာကို ပို၍ပို၍ကောင်းသော အစားအစာ ဖြစ်စေလိုသည်။ ပိုမို၍ကြီးမားသော ပိုမို၍ပြည့်စုံသော အိမ်ကြီးအိမ်ကောင်းများကို ရှာဖွေလာသည်။ ပို၍ကောင်းသော ပို၍ပြည့်စုံသော အဝတ်အစားတွေကို ဝတ်ချင်လာသည်။

တယောက်ထည်းနေရဖြင်း၏ အကျိုးကျးဇူးအဖြစ် သူသည်ညနေခင်းတခုကိုဖော်ပြရာတွင် သူ့တကိုယ်လုံးကြည်နူးမှုများဖြင့် လွှမ်းခြုံနေပြီး သူ့ခန္ဓာကိုယ်ရှိ အပေါက်ကလေး များမှ ပျော်ရွှင်မှုသည် စီးဝင်လျှက်ရှိသည်။ သို့ပါသော်လည်း ရေကန်ကြီး၏ နဘေးမှကျောက်တုံးကျောက်ခဲကလေးများကိုမြင်ရသည်။ သူသည်သဘာဝကြီး၏ အစိတ်အပိုင်းတခုအဖြစ်ကြည်လင်သော ခံစားမှုတခုကို စံစားရသည်။ တိမ်ထူထပ်ပြီး လေနုအေးကလေးတိုက်နေသော်လည်း မည်သည့်အရာကမှ သူတို့စိတ် လှုပ်ရှားသွားအောင် မဆောင်ရွက်နိုင်ပါ၊ ကန်၏ငြိမ်းအေးလှသောပါတ်ဝန်းကျင်က သူ့ကိုပိုမိုအေးချမ်းငြိမ်သက်စေပြီး သူ့ရင် ထဲဝယ်ကန်ရေပြင်၏လှိုင်းကလေးများကသူ့ရင်ကိုလှိုင်းထပျက်စီးစေသည်မဟုတ်ပါ၊ မြေခွေး၊ တောဝက်၊ ယုန်စသော သတ္တဝါ ကလေးများ လွတ်လပ် စွာပြေးလွှားနေကြသည်။ ကြောက်ရွှံ့စရာမလို၊ သူတို့သည် သဘာဝကြီးကို စောင့်ရှောက် နေသူများဖြစ်သည်။

သူ့ဘဝသည်အရာရာပြည့်စုံကြွယ်ဝ၍နေ၏၊ သူ့မှာကိုယ်ပိုင်နေမင်း၊ လမင်းနှင့်ကြယ်တာရာများရှိ၏၊ သူပိုင်သောစင်္ကြာဝဠာ မှာအခြားလူများနှင့်ဘာမျှမထူး၊ အပြင်လူ၏အကူအညီမလိုဘဲရပ်တည်နိုင်သည်။ လူတို့အတွက် ဧချမ်းတည်ငြီမ်မှုကို သဘာဝ (Nature) ပစ္စည်းများတွင်တွေ့ရ၏၊ သဘာဝပစ္စည်းများသည် အမြဲတန်းမပြောင်းလဲသော တည်ငြိမ်သောအတွေ့ အထိ ကိုဖြစ်စေနိုင်ပါသည်။ တခါတရံလူကိုမုန်းတီးသူများ၊ လူဖြစ်ရခြင်းကိုမုန်းတီးသူများ ကိုပင်သဘာဝကြီးကဧချမ်း တည်ငြိမ်မှုကိုပေးနိုင်ပါသည်။

သူ့အတွက်စိတ်ချမ်းမြေ့ဘွယ်အကောင်းဆုံးအချိန်များမှာမိုးကြီးသည်းထန်စွာရွာသွန်းသဖြင့် အပြင်ကိုမထွက်နိုင်ဘဲ အိမ် တွင်းမှာသာနေရသောအချိန်များဖြစ်ပါသည်။ တခါတရံ တညနေခင်းဖြစ်စေ တခါအရံ နေမွန်းမတည့်မှီ အချိန်များမှ အစ ပြု၍ဖြစ်စေ၊ တနေကုန် အိမ်တွင်းမှာသာနေရ၏၊ မိုးရေစက်များကလည်း တဆက်တည်းတဖြောက်ဖြောက် ကျနေကြသည်။ သူသည် တွေးချင်ရာတွေး ဖြစ်နေတတ်သည်။ သူအတွေးများမှာ တောင်အောက်ရောက်လိုက်၊ တောင်ပေါ်ရောက်လိုက်၊ အတွေး ပါတ်ချာရမ်းနေတတ်သည်။

“ကျွန်တော်ဟာ တယောက်ထဲနေတဲ့အကျင့်ကိုရခဲ့ပါတယ်၊ တယောက်ထဲနေရတယ်ဆိုတာထက်ကောင်းတဲ့မိတ်ဆွေမရှိပါ တော့ပါဘူး” ဟူ၍ပြောခဲ့သည်။ “တဦးထည်းနေတဲ့အကျင့်ဟာကောင်းပါတယ်၊ လူတွေကြားမှာအလုပ်လုပ်နေလဲ ကိုယ်စိတ် ကူး နဲ့ကိုယ်နေတတ်ရင်ရပါတယ်၊ လယ်သမားကြီးကွင်းပြင်ထံမှာ တယောက်ထည်းအလုပ်လုပ်နေရင်လဲ တယောက်ထဲ လုပ်နေတာဘဲ၊ တခြားလူတွေနဲ့ လုပ်နေရင်လဲ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ဘဲ “ ဟုဆိုသည်။

တစ်ဦးတည်းနေခြင်းကို ချီးချီးပပပြောဆိုခဲ့သောနောက်တဦးရှိပါသေးသည်။ အိန္ဒိယမှကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုး (Rabindranath Tagore) ဖြစ်၏၊ သူသည်အသက် ၂၅နှစ်အရွယ်တွင် ဂင်္ဂါမြစ်လမ်းအနီးမှ Boat house တခုတွင် တဦး တည်းနေခဲ့ဘူးသည်။ သူ့တွင်မိတ်ဆွေဆို၍ ဟိမဝန္တာတောအုပ်မှ ပျံသန်းလာသော Wild duck များသာရှိသည်ဟုရေးခဲ့၏၊ “ကျွန်ုပ်သည်လေဟာပြင်ကျယ်၌ နေရောင်ခြည်နဲ့အတူ ပိုလျံစီးကျလာသော ဝိုင်အရက်ကို သောက်ရသလို” ဖြစ်နေခဲ့၏ “မြစ်ကြီး၏တီးတိုးပြောသံမှာ သဘာဝကြီး၏လျှိုဝှက်ချက် များကို တမျိုးပြီးတမျိုးမရိုးရအောင်ပြောကြားနေသလို” ဖြစ်နေ တော့သည်။

တဦးတည်းနေရခြင်း ကြောင့် အဖေါ်ဖြစ်သူကဖန်တီးမည့် ပြဿနာမှန်သမျှမှာ ပပျောက်သွားတော့သည်။ ကိစ္စတခုအတွက် မည်သူကိုမျှဝေဖန် နေစရာမလို မိမိကိစ္စကိုမိမိ ဖါသာဖြေရှင်းရသည်။ ဘဝ၏ပြဿနာများမှာ သိသိသာသာကြီး အံ့သြစရာ ကောင်းလောက်အောင် လျှော့ကျသွားပါသည်။

(၂)
သိပ္ပံခေတ်တွင် လူတို့၏ဦးတည်ချက်မှာ အနာဂါတ်၏သားကောင်းများကိုရွေးချယ်ရန်အတွက် ပါတ်ဝန်းကျင်အလိုကျပေါင်း သင်းနေထိုင်တတ်သူများကိုရွေးထုတ်ပေးရန်ပင်ဖြစ်သည်။ လူလောကပတ်ဝန်းကျင်တွင်အောင်မြင်မှုရနိုင်ရေးအတွက် လူ သည် ပတ်ဝန်းကျင်နှင့် ပေါင်းသင်းနေထိုင်တတ်စေရန်အရေးကြီးသည်။ ထိုအချိန်တွင်ပါတ်ဝန်းကျင်ကို အဆက်ဖြတ်စေ ရန်ပြော နေခြင်းမှာခေတ်ကိုနောက်ပြန်ဆွဲနေသလိုဖြစ်နေပေသည်။ ပညာရှိကြီး ကွန်ဖြူးရှပ်ကပြောဖူးသည်မှာ “လူတွေရဲ့ တန်ဘိုးဆို တဲ့အရာဟာ မိဘမဲ့ကလေးလို အထီးကျန်ဖြစ်မနေရဘူး၊ အသိမိတ်ဆွေတွေ ဟာရှိကိုရှိရမယ်” ဟူ၍ဖြစ်သည်။ ဤနေရာတွင် ရည်ရွယ်ချက်ခြင်းမတူခြားနားပုံကိုသတိပြုရမည်။

ဗုဒ္ဓရှင်တော်ဟောကြားခဲ့သောတရားတော်များတွင် လူသည်တရားကိုသာ စူးစိုက်၍ အလုပ်လုပ်တော့မည်ဆိုပါလျင် လူတို့ နှင့် ဘာမှမဆိုင်တော့သော အရာဆယ်မျိုးကို ပယ်ရှောင်ရမည်။ ထိုအရာများကို ပလိဗောဓဟုဆိုပြီး ဆယ်မျိုးဟော ကြားခဲ့ သည်။၊ အာဝါသပလိဗောဓ သည် ကျောင်းနေရာအရိပ်အာဝါသအတွက် စိုးရိမ်ပူပန်ရခြင်း၊ ကုလပလိဗောဓ သည် အလုပ် အကျွေးအစေအပါး၊ ဒါယိကာ၊ ဒါယိကာမအတွက် ပူပန်ရခြင်း၊ လာဘပလိဗောဓ၊ ဂဏပလိဗောဓ၊ ကပ္ပပလိဗောဓ အစရှိ သဖြင့် ဆယ်ပါးမျှ ရွေးထုတ်ပြခဲ့၏။

ထိုဆယ်ပါးကိုကြည့်ပါလျင် လူသည် အပူဓါတ် လိုသည်။ ထိုအပူဓါတ်ကို ပို၍ကောင်းအောင်၊ ပို၍ပြည့်စုံအောင် ရှာဖွေသူလို ဖြစ်နေသည်။ ထိုမလိုလားအပ်သောတရားများကို ပယ်သတ်ရန်နည်းမှာ မလိုဘူးဟူ၍သဘောပေါက် ရန်ပင်ဖြစ် ပါသည်။ လူတွင်ဖြစ်ပေါ်လေ့ရှိသော အပူအငွေ့ဓါတ်ဖြစ်ပေါ်လာသည်နှင့် တနည်းဆိုသော် ဝမ်းမီးငြိမ်းပြီဆိုပါက အသက်ရှင် နေထိုင် ဖို့သည် မပူပင်ရတော့ပေ၊ ဤသို့ဆိုလျင် စိတ်သည် အေးချမ်းတည်ငြိမ်ပြီး တရားဘာဝနာကို အားထုတ်နိုင်မည်ဖြစ်၏။

လူတို့၏အမျိုးအနွယ်၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေဆိုသည်မှာ အပိုသက်သက်သာဖြစ်တော့သည်။ သဘာဝကြီး ကဖန်တီးပေးသော လူ့လောက၌ ထိုပါတ်ဝန်းကျင်သည် မလိုအပ်ပေ၊ ထိုပါတ်ဝန်းကျင်မှ ဖယ်ခွာ၍သာတရားအားထုတ် ပါ ဟုဆိုလိုသည်။

တရားကိုဆက်တိုက်မထိုင်နိုင်ဘဲ တနည်းမဟုတ်တနည်း ဖြတ်လိုက်ရခြင်းမှာ ထိုပလိဗောဓတရားများကြောင့်ဖြစ်ပေသည်။ ပလိဗောဓကပယ်သတ်ရန်မှာ မစ္စတာသူရူးပြောသကဲ့သို့ လူ့ဘဝတွင် အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်သာ ဖြစ်ပါ သည်။ 
       
ကိုသန်းလွင်

Comments