နရီမင်း - ကျွန်မကို အလှပြင်ပေးသူ


ကျွန်မကို အလှပြင်ပေးသူ
နရီိမင်း

ဒါကို ကဗျာရှည်တပုဒ်အနေနဲ့ပဲ ရေးခဲ့တာပါ။
အခုတော့ စာကြောင်းတွေဖြစ်အောင်လုပ်လိုက်ပြီး စကားပြေအဖြစ်နဲ့ ဖော်ပြလိုက်တယ်။
ကျွန်တော်ရဲ့ fb မိတ်ဆွေ လူငယ်ကဗျာဆရာ တယောက် (ကေဇဝင်း ထင်ပါတယ်) က စကား​ပြေဆန်တဲ့ကဗျာတွေ မကြိုက်ဘူးနဲ့ တူပါ တယ်​။ ဒါတွေက ကဗျာမဟုတ်ဘူး၊ စကား​ပြေကို ဒေါင်လိုက်စီထားတာဆိုတာမျိုး ငြင်းခုံတာ တွေ့ဖူးပါ တယ်။

ဒီနေရာမှာ ကျွန်တော်ကတော့ ကဗျာဟာ စကား​ပြေအဖြစ် လျှောကျသွားတာမဟုတ်၊ အဆင့်တစ်ဆင့် အဖြစ် ပြောင်းလဲဖြစ်တည်သွားတာဆိုတဲ့ ဇော်ဇော်အောင်ရဲ့အဆိုကို ကြိုက်ပါတယ်။

မောင်သာနိုးကလည်း There is no demarcation line between poetry and prose ဆိုပြီး ပြောဖူးပါ တယ်။ စာပေနိုဘယ်ဆုရ ရုရှားက Aleksandr Isayevich Solzhenitsyn ဟာ prose poem လို့ ပေါ်တင် အမည်တပ်ပြီး ကျွန်တော် မမွေးခင်ကတည်းက စကား​ပြေကဗျာကောင်းတွေ ရေးခဲ့ပါတယ်။

ဒါဆို ကဗျာဟာ တခြားစာပေပုံသဏ္ဌာန်တွေကနေ ဘာကွာခြားသလဲ။ ကျွန်တော့်သဘောကတော့ ကဗျာ ဓာတ်လို့ ပြောလေ့ရှိကြတဲ့ poetic sense ပါပဲ။ ဒါပေမဲ့ အဲ့ဒီ poetic sense ဆိုတာမျိုးက ဆုပ်​ကိုင်​ပြောဆို ဖို့ သိပ်ခက်ပါတယ်။ ဒါကို ဆုံးဖြတ်ဖို့ တဦးချင်းရဲ့ aesthetic experience (ရသဆိုင်ရာ အတွေ့အကြုံ) နဲ့ပဲ ဆိုင်တယ်လို့ ယူဆပါတယ်​။ ငြင်းခုံဖို့လည်း ခက်တဲ့ကိစ္စပါ။

ဖန်​တီးသူအပိုင်းကို ပြန်ကြည့်ရင် အဲ့ဒီ poetic sense ဆိုတာ ကျွန်တော်ကတော့ inborn (မွေးရာပါ) လို့ ယူဆပါတယ်​။ ဘယ်လောက် စာဖတ်ဖတ်၊ ဘယ်လောက် ပညာတတ်တတ် အတင်းလုပ်ယူလို့ မရပါဘူး။ inborn ဖြစ်တဲ့ လူတဦးတည်းမှာတောင် poetic sense က ယာယီ ဒါမှမဟုတ်​ ထာဝရငုပ်​လျှိုး ပျောက် ကွယ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

ပြင်သစ်ကဗျာဆရာ အာသာရင်းဘိုးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာကျော်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကဗျာ ကို စွန့်ခွာသွားသူပါ။ မြင်သာအောင် ဘောသမားတွေနဲ့ ဥပမာပေးရရင် လီဗာပူးအသင်းကနေ ငယ်ငယ် ရွယ်ရွယ်နဲ့ လျှမ်းလျှမ်းတောက်ခဲ့တဲ့ တိုက်စစ်မှူးနှစ်ယောက် ရှိပါတယ်​။ စတန်လေကော်လီမိုးနဲ့ ရော်ဘီ ဖောင်လာပါ။

ကော်လီမိုးက အရွယ်ကောင်းတုန်းမှာ ဘောလုံးသမားဘဝကို စွန့်လွှတ်ခဲ့ပေမယ့် ဖောင်လာ ဟာ အသက် ၂၅ နှစ်အရွယ်အကောင်းဆုံးအရွယ်မှာ ခြေစွမ်းကသုံးမရတော့ပေမယ့် ၃၀ ကျော်တဲ့အထိ အဆဲအဆိုခံပြီး ဘောလုံးဆက် ကစားခဲ့ပါတယ်။ တချိန်က ကဗျာကောင်းတွေ ရေးခဲ့ဖူးပေမယ့် အခံကမကောင်းတော့ အမှန်တရားကို ကျောခိုင်းမှုနဲ့အတူ ကဗျာဓာတ်လည်း သွေးဆုံးနေပေမယ့် လန်ကြုတ်ကဗျာတွေ ထုတ်လုပ် နေတဲ့အခါ ခပ်ချာချာခြေစွမ်းနဲ့ ဂိုးသွင်းဖို့ ရုန်းကန်နေရတဲ့ ဖောင်လာကို မြင်ယောင်မိပါတယ်။

ခများဘာသာ ပညာတတ်လို့ ခေတ်အမီဆုံးဆိုတဲ့ နိုင်​ငံခြားကဗျာတွေ ဘယ်လောက်ပဲဖတ်ပြီး တုရေးရေး poetic sense က မရှိ၊ အမှန် တရားကိုကျောပေးထားတဲ့ ကိုယ့်​ကိုယ်​ကိုယ်တောင် ယုံကြည်မှုမရှိတာ အထင်းသားပေါ်နေတဲ့ လန်ကြုတ်ကဗျာဆိုတာမျိုးတွေ ကျွန်တော်ကတော့ မဖတ်ချင်ပါဘူး။

ကျွန်မကို အလှပြင်ပေးသူ

မနက်ခင်းတစ်ခုမှာ ကျွန်မ ခါတိုင်းနေ့တွေလိုပဲ နိုးလာတယ်။
ဒါပေမဲ့ အရင်နေ့တွေနဲ့ မတူတာက ဒီနေ့မှာ ကျွန်မက အပျိုမဟုတ်တော့တာပဲ။
မျက်​နှာသစ်​မယ်လုပ်တော့ ​ရေချိုးခန်းထဲက မှန်ကို ကြည့်မိတယ်။ ဘုရား ဘုရား၊ ကျွန်မ အရမ်းအံ့သြသွားတယ်။ မနေ့က မင်္ဂလာ​ဆောင်​အပြီးမှာ မျက်နှာပေါ်က မိတ်​ကပ်​တွေအားလုံး ကျွန်မ ဖျက်ထားပြီးမှ အိပ်ရာဝင်ခဲ့တာပါ။
ဒီမနက် မှန်ထဲမှာ မြင်ရတဲ့ ကျွန်မမျက်နှာက မိတ်​ကပ်​တွေ အဖွေးသားနဲ့ အကျအန ပြင်​ဆင်ထားပါလား။ အဘွားပြောပြဖူးတဲ့ အိပ်​ရာဝင် နတ်သမီးပုံပြင်တွေထဲကလို ကျွန်မကို အိပ်နေတုန်း ဘယ်သူကများ အလှပြင်ပေးသွားတာပါလိမ့်။ ကျွန်မက စင်ဒရဲလားလေလား။
ပ​ဟေဠိကို အဖြေသိရဖို့ရာ နောက်ညမှာ ကျွန်မဟာ အရမ်းအိပ်ချင်နေတာတောင် အိပ်ချင်ယောင်ဆောင်ပြီး မအိပ်ဘဲ စောင့်ခဲ့တယ်။ ကိုကို မောမောနဲ့ အိပ်သွားပြီးတဲ့နောက် ကျွန်မက မျက်​လုံးကို မှိတ်၊ ခန္ဓာကိုယ်​ကို ဖြေလျှော့ထားပြီး အသက်မှန်မှန်ရှူရင်း အကြာကြီး စောင့်နေခဲ့တယ်။
ဒီညမှာတော့ ကျွန်မက အိပ်မပျော်သွားအောင် ကြိုးစားရင်း ကိုကို့အကြောင်းကို စဉ်းစားတယ်။ ငယ်ငယ်ကတည်းက စာတော်တဲ့ ကိုကိုက ဆယ်တန်းအောင်တော့ စက်မှုတက္ကသိုလ်ကို ရောက်သွားတယ်။ ဒါပေမဲ့ ကိုကို ကျောင်းပြီးအောင် မတက်လိုက်ရပါဘူး။ ၁၉၈၈ အ​ရေးအခင်း တွေကြောင့် ကျောင်းတွေ အကြာကြီး ပိတ်သွားခဲ့တယ်။
ကျောင်းပြီးရင် သင်္ဘောသားလုပ်မယ်ရယ်လို့ ရည်​မှန်းချက်​ ကြီးမားခဲ့တဲ့ ကိုကိုဟာ ကျောင်းပိတ်ထားတဲ့ကာလမှာ ဆောက်တည်ရာမရ ဖြစ် နေခဲ့တယ်။
နောက်ဆုံးတော့ ကိုကိုဟာ သူ့သူငယ်​ချင်းတွေလိုပဲ ဂျပန်ကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိုကို ဂျပန်သွားဖို့ အိမ်ရောင်းလိုက်ရတဲ့အတွက် သူ့မိသားစုလည်း အိမ်ငှားဘဝ ရောက်သွားတယ်။
ကျွန်မ ​မှေးခနဲ အိပ်ပျော်တော့မလိုဖြစ်သွားပေမယ့် ပါးပြင်​ပေါ် နူးညံ့တဲ့ အထိအတွေ့တရပ်ကြောင့် ပြန်သတိရလာတယ်။ ကျွန်မ စောင့်နေတဲ့အချိန် ရောက်လာခဲ့ပြီလေ။ မျက်​လုံးပိတ်လျက်သား ဟန်မပျက်နေဖို့ ကျွန်မ ကြိုးစားတယ်​။
တ​စုံတ​ယောက်ဟာ ကျွန်မကို မိတ်​ကပ် လိမ်းပေးနေတယ်။ တ​စုံတ​ယောက်ဟာ ကျွန်မကို မျက်ခုံးမွေး ဆွဲပေးနေတယ်။ တ​စုံတ​ယောက်ဟာ ကျွန်မမျက်တောင်တွေကို ကော့နေအောင် ပြင်ပေးနေတယ်။ တ​စုံတယောက်ဟာ ကျွန်မကို နှုတ်​ခမ်းနီ ဆိုးပေးနေလေရဲ့။
ကျွန်မသိလိုက်ပါပြီ။ ဘုရား ဘုရား၊ သန်းခေါင်ကျော် တစ်ရေးနိုး ထပြီး ကျွန်မကို အလှပြင်ပေးနေတာ ကိုကိုပါလား။ ကျွန်မ အရမ်းအံ့သြ တုန်လှုပ်သွားတယ်။ နောက်တော့ အရမ်းဝမ်းနည်းလာတယ်။ ကျွန်မ မျက်​ရည်​မကျမိအောင် အရမ်းကို ကြိုးစားခဲ့ရပါတယ်။ ဘာ့ကြောင့်မှန်းမသိ၊ ကျွန်မ သိတယ်​ဆိုတာကို ကိုကို မသိစေချင်ဘူး။
ကိုကိုက ဒီထူးဆန်းလွန်းတဲ့အမူအကျင့်ကို ဘယ်လိုရခဲ့တာလဲ။ နောက်တနေ့မှာပဲ ကိုကို့သူငယ်ချင်းတွေဆီကနေ ကျွန်မ ရအောင် စုံစမ်းခဲ့ တယ်။ တကယ်တော့ ဂျပန်ကနေ ပြန်လာတဲ့ ကိုကို့မှာ ပိုက်​ဆံအတော်များများ ပါလာတာသာသိပြီး ဂျပန်မှာ ကိုကို ဘာတွေလုပ်ခဲ့လဲဆိုတာ ကျွန်မ မသိခဲ့ပါဘူး။
ဂျပန်ဟာ ပထမကမ္ဘာ။ ဂျပန်ဟာ တိုးတက်လွန်းတဲ့ နိုင်ငံ။ ဂျပန်ဟာ ချမ်းသာတဲ့ နိုင်ငံ။ ဂျပန်ဟာ ပညာတတ်​လွန်းတဲ့ နိုင်ငံပါ။ ကိုကိုတို့သူငယ်ချင်းတသိုက်ဟာ ဂျပန်မှာ သူတို့ မလုပ်ချင်တဲ့အလုပ်တွေပဲ လုပ်ခဲ့ရတာပါ။
ကိုကိုဟာ နူးညံ့သိမ်မွေ့လွန်းသူ။ ကိုကိုဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်ပါ။ ကိုကို့သူငယ်ချင်းတွေ မျက်​စိစုံမှိတ်ပြီး သားသတ်ရုံ မှာ ဝင်လုပ်ခဲ့ပေမယ့် ကိုကို့အတွက် ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး။ ကိုကို့မှာက နောက်ပြန်ဆုတ်ဖို့လမ်းကလည်း မရှိတော့ပါဘူး။ ပြန်လာရင် သူ့မှာ အိမ်ပိုင်မရှိတော့ဘူးလေ။ ကိုကို ဘယ်လောက်အကျပ်ရိုက်ခဲ့ပါသလဲ။
ဂျပန်မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ကိုကို​ရွေးချယ်​ခဲ့ရတဲ့အလုပ်က ထူးထူးဆန်းဆန်းအလုပ်တော့ မဟုတ်ပါဘူး။ ကိုကိုဟာ သေရမှာ ကြောက် သလို လူသေတွေကို ငယ်ငယ်ကတည်းက သေမလောက်ကြောက်တယ်ဆိုတာ ကျွန်မသိတယ်​။ ကိုကို ဂျပန်မှာ လုပ်ရတဲ့အလုပ်က အလောင်းကို အလှပြင်ပေးရတဲ့ အလုပ်လေ။ ကိုကို ဘယ်လောက်များ ကြောက်လိုက်မလဲ။ ကိုကိုဟာ သူ့အကြောက်တရားကို နှစ်တွေ အကြာကြီး ကြိတ်မှိတ်မျိုသိပ်ခဲ့ရတယ်။
ကျွန်မ ကိုကို့ကို သိပ်ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ အကြောက်တရားကို အကြာကြီး ကြိတ်မှိတ်မျိုသိပ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ညတိုင်း ညတိုင်း သန်းခေါင်ကျော် တရေးနိုး ထထပြီး ကျွန်မကိုအလှပြင်ပေးတဲ့ ကိုကို့ကို ကျွန်မ သိပ်ကြောက်လာမိတယ်။
ကျွန်မ ကိုကိုနဲ့ ကွာရှင်းလိုက်ရပါတယ်။ နောက်ဆုံးခွဲခွာချိန်မှာ ကိုကိုဟာ ဘာဆိုဘာမှ မပြောပါဘူး။ ကိုကိုဟာ ငူငူငိုင်ငိုင်နဲ့ အဝေးကို ငေး ကြည့်နေခဲ့တယ်။ ကိုကို့မျက်​လုံးတွေထဲ မြင်နေတာ အိပ်ပျော်နေတဲ့ ကျွန်မကိုလား၊ ဒါမှမဟုတ်​ အလောင်းတွေလား ဒါမှမဟုတ်​ ကျွန်မကိုပဲ အလောင်းတခုလို မြင်နေတာပဲလား။
ကိုကိုနဲ့ကွဲပြီး နှစ်တွေအတော်ကြာတဲ့အထိ ကျွန်မဟာ ညအချိန်မတော် လန့်လန့်ပြီး နိုးလာတတ်တယ်။ နိုးလာတိုင်းလည်း ချက်​ချင်း တွေးမိ တာက ``ဒီအချိန်​ဆို ကိုကို ဘယ်​သူ့ကိုများ အလှပြင်ပေးနေမလဲ´´ ဆိုတာပါပဲ။

နရီမင်း
-Min Lwin ဖေ့ဘွတ်စာမျက်နှာမှ...
0