မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး - အပိုင်း (၉)

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး - အပိုင်း (၉)
(ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သုံးသပ်ချက်)
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇

● ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်ငြိမ်းချမ်းရေး
၂၀၁၅ ရွေးကောက်ပွဲနှင့်အတူ ပြည်မလူထုသာမက တိုင်းရင်းသားပြည်သူများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါ ငြိမ်း ချမ်းမျှော်လင့်ချက်ကို ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိခဲ့ကြသည်။ သို့သော် လွဲချော်မှုများ ရှိခဲ့သည်ဟု ဆိုရပါမည်။

ပထမတွေ့ရသည်မှာ ရွေးကောက်ပွဲအနိုင်ရသည့်မှ အစိုးသစ်ဖွဲ့သည်အထိ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ်ဖွဲ့စည်း ရေးနှင့်ပတ်သက်ပြီး ပြည်နယ်များတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသားပါတီများနှင့် ခေါ်ယူဆွေးနွေးညှိနှိုင်းမှုပြုခဲ့ မရှိခြင်း ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရကို တိုက်ရိုက်ဖွဲ့စည်းခွင့်ရသည်ကြောင့်ဖြစ် စေ၊ အာဏာလွှဲပြောင်းရေးချောမွေ့ရေးအတွက် တပ်မတော်နှင့်ရင်ကြားစေ့ရန် လိုအပ်သည်ဖြစ်စေ အနိုင်ရ တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံညှိနှိုင်းမှုကို ပြုလုပ်သင့်ဟု ယူဆကြသည်။ ဤသို့ယူဆသည်မှာ အနိုင်ရတိုင်းရင်းသားပါတီများသက်သက်မဟုတ်ပေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ပါဝင်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့်လည်း အကယ်၍သာ မြေပေါ်ဥပဒေတွင်း ရွေးကောက်ပွဲ၍ အနိုင်ရသော်လည်း ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားတို့၏ကိုယ်ပိုင်လက္ခဏာကို အသိမှတ်ပြုဆွေးနွေးခြင်းမရှိဘဲ ဥပက္ခာပြုသည့်အခြေအနေမျိုး သူတို့တွင်လည်း ကြုံရနိုင်သည်ဟု မှတ်ယူသွားခဲ့ကြသည်။ ထို့ပြင် တိုင်းရင်းသားပြည်သူများက ကိုယ်စားပြုရွေးချယ်ပေးလိုက်သော ကိုယ်စား လှယ်များကို ပြည်နယ်အစိုးရဖွဲ့စည်းရာတွင် ညှိနှိုင်းမှုမရှိခြင်းအတွက် တိုင်းရင်းသားပြည်သူများ စိတ်ပျက် လက်ပျက် ဖြစ် ခဲ့ကြသည်။ သို့ဖြစ်ရာ တိုင်းရင်းသားများကြားတွင် သူတို့မျှော်လင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ စတင်၍ မေးခွန်းထုတ်လာကြသည်ဟု ဆိုရပါမည်။

ဒုတိယအနေနှင့်ဆိုလျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဖြစ်သည်။ တိုင်းရင်းသားအဖွဲ့များအနေနှင့် NCA လက် မှတ်ထိုးရေးနှင့်ပတ်သက်၍မလောရန်၊ အချိန်ယူဆွေးနွေးပြီး ရေရှည်တည်တံ့မည့် သဘောတူညီချက်ယူရန် ပြောကြားခဲ့ သော ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြောင်းအလဲ တစုံတရာရှိမည်ဟု မျှော်လင့် ခဲ့ကြသည်။ သို့သော် NCA ထီးရိပ်အောက်တွင် သွားမည်ဟု ဒေါ်အောင်ဆန်းစု ကြည် ကြေညာခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်သည် အပြောင်းအလဲမရှိခဲ့ရာ တိုင်းရင်းသားအဖွဲ့များကြားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မျှော်လင့် ချက် ပျက်ပြယ်စပြုသည်ဟု ဆိုသည်။

တတိယအချက်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် တိုင်းရင်းသားဒေသများတွင် တပ်မတော်နှင့် တိုင်း ရင်းသားအဖွဲ့များကြား ပြင်းထန်သောတိုက်ပွဲများ မြောက်ပိုင်းဒေသများ၌ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရက တပ်မတော်ကိုတိုက်ရိုက်ကိုင်တွယ်မရနိုင်သော်လည်း ထိုစစ်ပွဲများနှင့်ပတ်သက်၍ နှုတ်ဆိတ်နေသော ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များယုံကြည်မှု လျော့ပါးစေသည်ကတော့ အမှန်ပင်ဖြစ်သည်။

စတုတ္ထအချက်အနေနှင့်ဆိုလျင် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပြု ပြောကြားခဲ့ စကားများသည် တိုင်းရင်းသားများနားတွင် ရှောရှောရှူရှူ မဝင်ရောက်နိုင်ခဲ့သည်။ "ကိုယ်က ဘာပေးမလဲ အရင်စဉ်းစားပါ" "သတ္တိရှိရှိ လက်မှတ်ထိုးပါ" "လိုချင်တာ လွယ်လွယ်ရမယ်ထင်လို့ လက်နက်ကိုင်တာ" စသဖြင့် မှတ်ချက်ပြုခဲ့အချက်များအားတိုင်းရင်းသားတို့ သည်းခြေကြိုက်စကာမျိုးမဟုတ်သကဲ့သို့ ထိုစကားများနှင့်ပတ်သက်၍ ကြေလည်မှုလည်းမရှိကြပေ။

သို့ဖြစ်ရာ NLD အစိုးရတက်ပြီး တနှစ်အကြာတွင် တိုင်းရင်းသားများတိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ယုံကြည်မှုနှင့် မျှော်လင့်ထားမှုတို့သည် သိသိသာသာလျော့ကျ သွား သည်ကို တွေ့ရသည်။ သို့သော် လက်ရှိ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နိုင် ဆဲဖြစ်သကဲ့သို့ ပြည်မရှိ ဒီမိုကရေစီအင်အားစုများ၏ ထောက်ခံမှုများလည်း ရနေဆဲဖြစ်သည်။ ထို့ပြင် ၂၀၁၇ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်အလေးထားဆောင်ရွက်နေဆဲဖြစ်သည်။

● NLD အစိုးရနှင့် ဖက်ဒရယ်
လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဖွဲ့အများစုပါဝင်နိုင်ရေးအတွက် အကြပ်အတည်းရှိနေသော်လည်း ဒေါ် အောင်ဆန်းစုကြည် အားစိုက်လုပ်ဆောင်နေသည့် လမ်းကြောင်းတခုကား ပွင့်နေဆဲဖြစ်သည်။ ဤကားတိုင်းရင်းသားများ၏ ဖက်ဒရယ်အခွင့်အလမ်းများနှင့်ပတ်သက်၍ NLD အစိုးရ၏သဘောထားကို တင်ပြခြင်းဖြစ်သည်။

တဖက်ကဆိုလျင်လည်း NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရပ်တန့်ထား ၍မရနိုင်။ ရှေ့ဆက်ရမည်သာဖြစ်သည်။ ဤသို့သောအခြေအနေတွင် တိုင်းပြည်သားပြည်နယ်များ၏ ရသင့်ရထိုက်သော ဖက်ဒရယ်အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရတို့ကြား အာဏာခွဲဝေမှု တို့နှင့်ပတ်သက်၍ NLD ၏တိကျသော သဘောထားကို ဖေါ်ပြပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရထားသော အဖွဲ့များနှင့် သဘောတူညီချက်ရယူရေးကြိုးစားရန် လိုအပ်ပါသည်။

၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်အခြေခံများပါဝင်သည်ဟုဆိုကြသော်လည်း ပြည်နယ်လွှတ်တော် (ဝါ) ပြည်နယ်လူထု က ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် ပြည်နယ်အစိုးရကို ရွေးကောက်တင်မြှောက်နိုင်ခွင့်မရှိ ပေ။ ပြည်နယ်လွှတ်တော်က ပြဌာန်းခွင့်ရှိသည့် ဥပဒေဆိုသည်မှာလည်း အကန့်အသတ်ရှိသည်။ ပြည်ထောင်စုအစိုးရ၏ဆုံးဖြတ်ချက်မှန်သမျှကို ပြည်နယ်လွှတ်တော်က ကန့်ကွက်၍ မရနိုင်။ ပြည်နယ်တခုချင်း၏ ဘတ်ဂျက်မှာ ပြည်ထောင်စုဘတ်ဂျက် စုစုပေါင်း၏ ၁ ရာခိုင်နှုန်းအောက်တွင်သာရှိသည်။ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ လျပ်စစ်စွမ်းအင်၊သဘာဝသယံဇာတအားလုံးအား စီမံခန့်ခွဲခွင့်သည် ပြည်ထောင်စုအစိုးရလက်ထဲတွင် ရှိသည်။ ပြည်နယ်အတွင်း ဟိုတယ်တလုံးဆောက်မည်ဆိုလျင်ပြည်ထောင်စုအစိုးရ ဟိုတယ်ခရီးဝန်ကြီးဌာန၏ခွင့်ပြုမိန့်နှင့် လိုင်စင်လိုပါသည်။ ထို့ပြင် ပြည်ထောင်စု လွှတ် တော်တွင် တိုင်းရင်းသားပါတီများ၏အချိုးအစားမှာ သေးငယ်သည်ဖြစ်ရာ ဆုံးဖြတ်ချက်ချရန်မဆိုထားနှင့် အဆိုတခု တင် သွင်းရန်ပင် မလွယ်ကူသည့်အခြေအနေဖြစ်ပါသည်။

ထိုသို့သော အခြေအနေအောက်တွင် ပြည်နယ်များအတွက် ဖက်ဒရယ် မူဆိုသည်နှင့်အညီ မည်သည့်အချက်အလက်များ မည်သည့်အတိုင်းအတာအထိ ခွင့်ပြုပေးသင့်သည်ဆိုသည်ကို ရှင်းလင်းစွာ ဖေါ်ပြရန်လိုအပ်ပေသည်။ ထို့ပြင် ပြည်နယ်နှင့် ဗဟိုအစိုးရကြား အာဏာခွဲဝေမှု ပြဿနာကို ဖြေရှင်းရန်လိုသည်။ ပြည်နယ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချမှတ်သည့် အမျိုးသားလွှတ်တော် (ဝါ) လူမျိုးစုလွှတ်တော်အခန်းကို ရှင်းလင်းရန်လိုအပ်သည်။ တိုင်းရင်းသားအချို့တင်ပြနေသည့် ၈ ပြည်နယ်မူဆိုသည်မှာ လက်ရှိကိုယ်စားလှယ်အချိုးအစားအရ တိုင်းရင်းသားပြည်နယ်အရေးကိစ္စကို ဆုံးဖြတ်လျင် ပြည်မ ပါတီများ၏ ဆုံးဖြတ်မှုကို ပြည်နယ်များရှိ တိုင်းရင်းသားပါတီများက နာခံရမည့်အခြေအနေက အရင်းခံပြဿနာဟုဆိုနိုင်သည်။

လက်ရှိ ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် တာဝန်ရှိသူများသည် နိုင်ငံတကာသို့သွားရောက်၍ ဖက်ဒရယ်မူများကို လေ့လာနေကြ သည်မှာ မနည်းလှပြီဖြစ်ပေရာ မြန်မာပြည်နှင့် သင့်တော်သည့် လက်တွေ့ကျ သည့် ဖက်ဒရယ်ဆိုင်ရာအချက်အလက်များကို တင်ပြရန် လိုအပ်နေပေပြီ။ ဖက်ဒရယ်နှင့်ပတ်သက်သော သဘောတူညီချက်ကို အားလုံးဆွေးသဘောတူမှ ဆုံးဖြတ်နိုင် မည်ဖြစ်သော်လည်း အစိုးရဖက်မှ အခိုင်အမာတင်ပြနိုင်မှသာ အစိုးရ၏ဖက်ဒရယ်ဆိုသည်ကို တိုင်းရင်းသားများယုံကြည်မှု မျှော်လင့်မှု ရှိပေလိမ့်မည်။

ထို့ပြင် ရနိုင်သည့် ဖက်ဒရယ်ဆိုင်ရာသဘောတူညီချက်များကို အကောင် အထည်ဖေါ်ရန်လိုအပ်သည်။ ပြည်နယ်များ တိုင်း ရင်းသားများအား လက်တွေ့ဖက်ဒရယ်မူများ စတင်ခံစားရသည်ကို ဖေါ်ပြရန်လိုသည်။ သို့မှသာ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခြင်းဖြင့် တိုင်းရင်းသားတို့အနေနှင့် တိုင်းရင်းသားအခွင့်အရေးများ ရရှိသည်ဟူသည့် လက်တွေ့ရလဒ်ကို တဆင့်ချင်း ပြသ ရန်လိုအပ်သည်။ ထို့ပြင် လက်နက်မကိုင်သော်လည်း တိုင်းရင်းသားတို့အခွင့်အရေးကို ဆွေးနွေးပွဲကရသည်ဟူသည့် လက်တွေ့ရလဒ်ကို ဖေါ်ပြနိုင်သည်။

ဤနေရာတွင်လည်း အသားကျနေသော စဉ်းစားမှုကို ပြောင်းလဲရန်လိုအပ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြဿနာကို ဖြေရှင်းနိုင်မှ (ဝါ) DDR လုပ်နိုင်မှ ဖက်ဒရယ်ကိုခွင့်ပြုပေးနိုင်မည်ဆိုသည့် စဉ်းစားမှုကို ပြောင်းလဲရန်လိုအပ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိနေသည်ဆိုသော်လည်း တိုင်းရင်းသားလူမျိုးအားလုံး လက်နက်ကိုင်နေသည် မဟုတ် ပေ။ လက်နက်မကိုင်သည့် တိုင်းရင်းသားများအတွက် ဖက်ဒရယ်အခွင့်အရေး မည်သို့ပေးမည်ကို စဉ်းစားရပေမည်။ တိုင်း ရင်းသားများအား ပေးသင့်ပေးထိုက်သည်ကို ပေးရန်လိုအပ်ပါသည်။ လက်ရှိကာလတွင် တိုင်းရင်းသား လက်နက်ကိုင် တပ် ဖွဲ့များ ရပ်တည်နေနိုင်ခြင်းသည်လည်းကောင်း၊ အားကောင်းလာခြင်းသည်လည်းကောင်း၊ တိုင်းရင်းသားများတွင် ဖက်ဒ ရယ် အခွင့်အရေးမရှိသည့် နိုင်ငံရေးအကြောင်းအချက်ကြောင့် ဖြစ်သည်ကို အလေးထားရန်လိုသည်။ ထိုနိုင်ငံရေး ပြဿ နာကိုမဖြေရှင်းဘဲ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာကို ဖြေရှင်းရန် ခက်ခဲပေမည်။ လက်ရှိအချိန်တွင် အထက်တွင် ဖေါ်ပြထားသည့်အတိုင်း ဥပဒေတွင်း ပါတီများအနေနှင့် ဝင်ရောက်ရွေးကောက်ခံသော်လည်း ဖက်ဒရယ်အခွင့်အရေးမရဟု ယူဆနေကြပါက လက်နက်ကိုင်တိုက်မှရမည်ဟူသောစဉ်းစားချက် လက်နက်ကိုင်တိုက်သည်ကို အားပေးသည့် စဉ်းစားချက် များ ပေါ်ထွက်လာသည်ကို တားဆီးရန်ခက်ခဲပေမည်။

လက်ရှိလိုအပ်နေသည်မှာ စစ်အင်အားအသုံးပြု၍ သိမ်းသွင်းသည့် ပဒေသရာဇ်နိုင်ငံတော်မဟုတ်ပေ။ နိုင်ငံရေးအရ ဖက်ဒ ရယ်မူများပေါ်တွင်အခြေခံသည့် ငြိမ်းချမ်းသည့် ပြည်ထောင်စုနိုင်ငံတရပ်ဖြစ်ပါသည်။

● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သတိပြုရန်လိုအပ်မည့်အချက်များ
ပထမအချက်အနေနှင့် NLD အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်သည့်နေရာတွင် လက်တွေ့ကျကျ ပါဝင်ဖို့ လိုနေသည်။ အထူးသဖြင့် UPDJC နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် NLD အစိုးရကိုယ်စားလှယ် NLD အများစုရှိသည့် လွှတ် တော်ကိုယ်စားလှယ်နှင့် NLD ပါတီကိုယ်စားလှယ်များသည် မူတခုကိုကိုင်ဆွဲ၍ နိုင်ငံရေးအရရှေ့ဆောင်ဆွေးနွေးခြင်း၊ မတူ ညီသောအမြင်များ ဝင်ရောက်ညှိနှိုင်းပေးခြင်းတို့၌ လွန်စွာအားနည်းသည်ကို တွေ့ရသည်။ လက်တွေ့အရ တပ်မတော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များသာ ထိပ်တိုက်ဆွေးနွေးညှိနှိုင်းနေသည်ကို တွေ့မြင်နေရသည်။ နိုင်ငံရေးဆွေးနွေးပွဲများ၌ ဦးဆောင်ညှိနှိုင်းသူအဖြစ် NLDအစိုးရ/လွှတ်တော်/ ပါတီကိုယ်စားလှယ်များ ယခုထက်ပို၍ ပါဝင် ရန် လိုအပ်နေပါသည်။

ဒုတိယအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NLD အစိုးရက ဦးဆောင်နေသည့်အားလျော်စွာ အစိုးရ/လွှတ်တော်နှင့် ပါတီအတွင်းရှိ NLD ပါတီဝင်များအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သဘောထားခြေလှမ်းများကို ရှင်းလင်း လေ့ကျင့်ထားရန်လိုသည်။ NLD ပါတီဝင်များသည် NLD အစိုးရနှင့် NLD ဗဟို၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆုပ်ကိုင်သဘော ပေါက်နိုင်ကြမှာ NLD ၏ လှုပ်ရှားမှုများ ဟန်ချက်ညီပေးမည်။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲ များနှင့်ပတ်သက်၍ ၂၀၀၈အခြေခံဥပဒေအရ တပ်မတော်ကို အစိုးရက တိုက်ရိုက်ကိုင်တွယ်မရဟုဒေါ်အောင်ဆန်းစုကြည် က ရှင်းလင်းနေရချိန်၊ စစ်ပွဲများနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရချိန်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လကုန်ပိုင်းက ညောင်ဦးမြို့ နယ် NLD က ရှေ့တန်းပြန်စစ်သည်များကြို ဆို၍ တရားသောစစ်ပွဲအောင်ပါစေဟူသောဆိုင်းဘုတ်များကိုင်ဆောင်ခဲ့သည်ကို တွေ့ရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားများ အတော်စိတ်ပျက် လက်ပျက်ဖြစ်စေခဲ့သည်။NLD မြို့ နယ်အဆင့် မှ လုပ်သည်မှ NLD ဗဟို၏သဘောထားမဟုတ်ဟု ဆို၍ ရပါသည်။ သို့သော် ဤအချက်က တွေ့ရသည်မှာ NLD ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ အမျိုးသားရင်ကြားစေ့ရေးနှင့်ပတ်သက်၍လည်းကောင်း NLD ပါတီအတွင်း၌ အောက်ခြေအထိ ကြေကြေလည်လည် ချပြရှင်းလင်းနိုင်မှု မရှိဆိုခြင်းဖြစ်သည်။ နိုင်ငံရေးပါတီ တရပ် အနေနှင့် မိမိပါတီပေါ်လစီကို မိမိပါတီအောက်ခြေအထိ ချပြရှင်းလင်းထားနိုင်မှုမရှိပါက ပေါ်လစီအားအင်ပြည့်အားပြည့် ကောင်အထည်ဖေါ်ရန်ခက်ခဲပေလိမ့်မည်။

တတိယအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လွှတ်တော်အခန်းကိုမြှင့်တင်ပေးရန်လိုသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရက ဦးဆောင်သည်ဆိုသော်လည်း လွှတ်တော်အပိုင်းက အားဖြည့်ပေးရန်လိုအပ်ပါသည်။ လက်ရှိ လွှတ်တော်က ဖွဲ့ စည်းထားသော ငြိမ်းချမ်းရေးကော်မတီသည်လည်း တိုင်းရင်းသားရေးရာဝန်ကြီးဌာနကဲ့သို့ပင် အသက်ဝင်ခြင်းမရှိပေ။ လွှတ် တော်နှင့်လွှတ်တော်ကော်မတီတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တက်ကြွစွာပါဝင်သင့်သည်။

စတုတ္ထအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူထုပါဝင်မှု ဖြစ်သည်။ NLD အစိုးရအနေနှင့် ငြိမ်းချမ်းလုပ်ငန်းစဉ်ကို တက် တက်ကြွခေါင်းဆောင်နေသော်လည်း NLD ပါတီအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူထုပါဝင်ရေး စည်းရုံးခေါင်းဆောင် ရာတွင် အားနည်းနေသည်ဟု သုံးသပ်ရပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်မူနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသားအရေးနှင့် ပတ်သက်၍လည်းကောင်း၊ လူထုသဘောပေါက်စေရန် NLD အနေနှင့် စည်းရုံး လှုံ့ဆော်ရန် လိုအပ်ပါမည်။

ပဉ္စမအနေနှင့် NLD ပါတီသည် တိုင်းရင်းသားအရေး ဖြေရှင်းနိုင်ရန်တိုင်းရင်းသားပါတီများနှင့် တပ်ပေါင်းစု ဖွဲ့စည်းခြင်း မပြု တောင်မှ ပါတီချင်းဆက်ဆံရေး ထူထောင်ထားခြင်း နိုင်ငံရေးသဘောထားများ အတူတကွဆွေးနွေးခြင်းတို့ကို မကြာခဏပြု လုပ်ရန်လိုအပ်သည်။ တိုင်းရင်းသားလူမျိုးများက ကိုယ်စားပြုမှုပေးထားသော တိုင်းရင်းသားပါတီများနှင့် ရင်းနှီးသောဆက်ဆံရေးထူထောင်ခြင်းနှင့် ပုံမှနိုင်ငံရေးအခြေအနေများကို ဆွေးနွေးညှိနှိုင်းခြင်းတို့ပြုလုပ်မှသာ တိုင်းရင်းသားပြဿနာကို ဖြေရှင်းရာတွင်လည်းကောင်း၊ ငြိမ်းချမ်းရေးညီလာခံနှင့် လွှတ်တော်တွင်းတွင် တိုင်းရင်းသားပြဿနာကို ဖြေရှင်းရာ၌ လွယ် ကူ ချောမွေ့ပေလိမ့်မည်။

ဆဌမအနေနှင့် ငြိမ်းချမ်းလုပ်ငန်းစဉ်နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများအခန်းကို မှန်ကန်စွာကြည့်မြင်၍ အရပ်ဖက်လူ့အဖွဲ့ အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာရေးအတွက် လိုအပ်သည့်လမ်းညွှန်မှုများ ချမှတ်ရန်လိုအပ်သည်။ ဥပမာ အားဖြင့် ကချင်ပြည်နယ်တွင် ကချင်အရပ်ဖက်အဖွဲ့အစည်းများ အားကောင်းစွာ ပူးပေါင်းပါဝင်မှုသည် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို အထောက်အကူပြုသည်ကို တွေ့မြင်နိုင်သည်။

သတ္တမအနေနှင့် NRPC အနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နိုင်ငံတကာကူညီမှုများအားလုံးကို ဗဟိုမှ ထိမ်း ချုပ်သည့်စနစ်အား လျော့ပေါ့ပေးရန် လိုအပ်သည်။ တိုင်းရင်းသားအဖွဲ့အစည်းများထံသို့ နိုင်ငံတကာအကူအညီအချို့ တိုက်ရိုက်သွားခြင်းကို ခွင့်ပြုသင့်ပေသည်။ အားလုံးကိုဗဟိုက ချုပ်ကိုင်ခြင်းသည် ဖက်ဒရယ်ဆိုသည်နှင့်လည်း မကိုက်ညီပါ။ တိုင်းရင်းသား အဖွဲ့များလည်း မလိုလားကြပါ။ ဦးသိန်းစိန်လက်ထက်ကပင် ချုပ်ကိုင်ခြင်းမရှိခဲ့ပါ။ ယခု NRPC လက်ထက်တွင် ချုပ်ကိုင်မှုအား NCA လက်မှတ်ထိုးထားသည့်အဖွဲ့များသည်ပင် မနှစ်မြို့သည်ကို တွေ့ရသည်။ အရေးပါသော နိုင်ငံရေးဆိုင် ရာပြဿနာများ ညှိနှိုင်းသဘောတူရန် လိုအပ်နေချိန်တွင် မလိုလားအပ်သော အဖုအထစ်များ ရှောင်ရှားရန်လိုပါသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတကာအကူအညီများထဲမှအချို့ တိုင်းရင်းသားအဖွဲ့များထံ တိုက်ရိုက် ကူညီခြင်း ကို ခွင့်ပြုပေးရန်လိုအပ်ပါမည်။

အဌမအနေနှင့် NLD ပါတီနှင့်အတူ တိုင်းရင်းသားပါတီများ တိုင်းရင်းသားပါတီလွှတ်တော်ကိုယ်စားလှယ်များသည် တိုင်း ရင်းသားတို့၏ ရပိုင်ခွင့်များနှင့်ပတ်သက်ပြီး လွှတ်တော်မှ ပြဌာန်းနိုင်ရေး ရှေ့ရှုအလေးထားရန် လိုအပ်ပါသည်။ သို့သော် လွှတ်တော်အတွင်း၌ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်အရေအတွက်နည်းပေရာ NLD ၏ ရှေ့ဆောင်မှု က အရေးကြီးသည်။

နဝမအနေနှင့် အရေးကြီးဆုံးပြဿနာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ခေါင်းဆောင်နေသော NLD အစိုးရအနေနှင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နှင့်ပန်သက်၍ ဆောင်ရွက်ရာတွင် တပ်မတော်နှင့် မည်သို့သဘောတူညီချက်ရယူ၍ ရှေ့ဆက်မည်နည်း ဆိုသည့် အချက်ဖြစ်သည်။ ဖြေရှင်းရန်လိုအပ်သည့်ပြဿနာပေါ်လာတိုင်း "ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကို အစိုးရက တိုက်ရိုက်ကိုင်တွယ်၍မရ" ဟု ပြောဆိုနေရုံမျှနှင့် မပြီးပေ။ ဤပြဿနာအား မည်သို့ကျော်လွှားမည်နည်းဆိုသည့်နည်းလမ်းရှာရန် လိုအပ်ပါသည်။ သို့မှသာ ငြိမ်းချမ်းရေးညီလာခံတွင် အများစုလက်ခံနိုင်သည့် သဘောတူညီချက်များ ရ ယူနိုင်ပြီး အခြေခံဥပဒေအားလည်း ပြင်ဆင်နိုင်ပေလိမ့်မည်။

● နိဂုံး
မိမိ မကြာခဏ တင်ပြခဲ့ဘူးသော အချက်နှင့် နိဂုံးချုပ်လိုပါသည်။ စစ်နှင့်ငြိမ်းချမ်းရေးသည် ဒင်္ဂါးပြားတပြား၏ ခေါင်းနှင့်ပန်း ဖြစ်သည်။ ခေါင်းမကျလျှင် ပန်းကျမည်သာဖြစ်သည်။ ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သောပြည်ထောင်စုနိုင်ငံလော နလံမထူ သည့် နိုင်ငံလောဆိုသည်ကတော့ မိမိတို့အားလုံးနှင့် သက်ဆိုင်ပေလိမ့်မည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း၌ မိမိတို့ပြည်သူအားလုံးသည် stakeholders များ ဖြစ်ကြပါသည်။

ပြီးပါပြီ။
မောင်မောင်စိုး
0