မေငြိမ်း ● သမီးနဲ့ စုံတွဲကပွဲ

မေငြိမ်း ● သမီးနဲ့ စုံတွဲကပွဲ
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၇

မေလ ဆန်းမှာ လုပ်မယ့် promenade dance ပွဲအတွက် ဧပြီလကတည်းက သမီး နဲ့ သူ့သူငယ်ချင်းမ လေးတွေ အလုပ်တွေ ရှုပ်နေပြီ။ အမေရိကန် အထက်တန်းကျောင်းသူ ကျောင်းသား ဆယ်ကျော် သက် တွေကြားမှာ ဒီပွဲက အတော် ရေပန်းစားတဲ့ ပွဲပါ။ အဲဒီပွဲမှာ ယောကျာ်းလေးက ပန်းခက်ကလေး ပေးပြီးတော့ မိန်းကလေးကို အတူတွဲကခွင့် တောင်းရပါတယ် တဲ့။ မိန်းကလေးက လက်ခံရင် တွဲကရပါပြီ။ အဲဒီပွဲအတွက် သူတို့လေးတွေ အင်မတန် စိတ်လှုပ်ရှားကြပါတယ်။ အဲဒီပွဲအတွက် မိန်းကလေးများက အလှဆုံးပြင်ပြီး သွားကြသလို ယောက်ျားလေးတွေကလည်း အကောင်းဆုံး ဝတ်ပြီး သွားကြပါတယ်။ ငွေကြေးတတ်နိုင်သူများဟာ အဲဒီပွဲအတွက် အဝတ်အစားဖိုးကို ဒေါ်လာ ၃၀၀ ကနေ ၅၀၀-၁၀၀၀ ထိတောင် အကုန်အကျခံကြတယ်လို့ ဆိုပါတယ်။

သမီး Prom သွားမယ်ဆိုတော့ သူ့အဖေ ဦးဗမာဆန် ကြီးက ထုံးစံအတိုင်း အင်တင်တင် ဖြစ်ပါတယ်။ အဲဒီပွဲက ကျောင်းစာ နဲ့ ဆိုင်လို့လား တဲ့။ မသွားတော့ ဘာဖြစ်လဲ.. တဲ့။ ပိုက်ဆံတွေလည်း ကုန်ဦးမှာ.. ဘဘ တို့က ချမ်းသာတာမဟုတ်ဘူး.. တဲ့။ ဒါနဲ့ ထုံးစံအတိုင်း ကျမ ကြားဝင်ရပြန်ပါတယ်။ ဦးဗမာဆန်ကြီးကို မျက်ရိပ်ပြပြီး သမီးကွယ်ရာမှာ ညှိရ နှိုင်းရပါတယ်။ သမီးရှေ့မှာတော့.. သမီးဘဘက သမီးကို တိုတယ်လေ သိတယ်မို့လား.. ဘဘကို မေမေပြောပြလိုက်မယ်။ သမီး နဲ့ မေမေ တိုင်ပင် မယ်လေ.. ဘာဝတ်ရင် ကောင်းမလဲဆိုတာ.. လို့ အချိုသတ်ရပါတယ်။ ဒါနဲ့ သားအဖ နှစ်ယောက် ငြိမ်းချမ်းရေး ရသွားပါတယ်။ ကလေးတို့အဖေ နဲ့ ကလေးတွေကြား အဲလို ရင်ကြားစေ့ရတာ အဆန်း တော့ မဟုတ်ပါဘူး။ အထူးသဖြင့် သမီး နဲ့ ပတ်သက်လို့ပေါ့။
+++++

သမီးက အသက် ၁၄ နှစ်လောက်မှာ သိပ်ကို မြန်မြန်ကြီး အရွယ်ရောက်လာပါတယ်။ အဲဒီအချိန် လောက်တုန်းကလည်း သမီးအဖေ ခမျာ အရွယ်ရောက်သမီးနဲ့ အမေရိကန်ယဉ်ကျေးမှုနဲ့ ဗမာဆန်တဲ့ သူ့အမြင်တွေကြားမှာ အတော် စိတ်ပင်ပန်းခဲ့ရဖူးပါတယ်။

ဥပမာ တစ်ခု ပေးရရင်.. ကျမတို့ မိသားစုက ကျမတို့ ခင်ရာ မိသားစုတွေ စုပြီး နှစ်တိုင်း ပင်လယ် ကမ်းခြေ ဘက် သွားလေ့ ရှိပါတယ်။ အနည်းဆုံး လူ ၂၀ ကနေ ၃၀ လောက်ပါတဲ့ အဖွဲ့ကြီးပါ။ ရွယ်တူ ကလေးတွေလည်း ရှိတဲ့ မိသားစုတွေမို့ အမြဲတမ်း လူကြီးတွေရော ကလေးတွေပါ ပျော်ရတဲ့ ခရီးတွေ ပါ။ သမီး ၁၄ နှစ်ပြည့် တဲ့နှစ်မှာတော့ သမီးမှာ ရှိတဲ့ ရေကူးဝတ်စုံတွေက သေးကုန်တာမို့ အသစ် ဝယ်ရပါတယ်။ ဒီတော့ မိသားစုတွေ ခရီးအတွက် ဈေးဝယ်ထွက်တာမှာ သမီးလိုချင်တဲ့ ရေကူးဝတ်စုံ က ဗမာတွေ Two-pieces လို့ ခေါ်တဲ့ swimming set ပါ။ အဲဒီမှာ ဦးဗမာဆန်ကြီး နဲ့ တွေ့ကြ တော့ တာ ပါပဲ။ အဲလိုတွေ မဝတ်ရဘူး။ ဘရာဇီယာ နဲ့ လမ်းထွက်သလိုပဲ .. ဘဘ မကြိုက်ဘူး.. ပေါ့။ သမီးကလည်း သူ့အဖေ အဲလို ပြောတာကို နားမလည်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ သူငယ်ချင်း တွေက ဒါမျိုးပဲ ဝတ်နေတာပဲ.. ဘာဖြစ်လို့လဲ.. ပေါ့။ သမီးအတွက်ကတော့ ထူးထူးခြားခြားမှ မဟုတ် တာလို့ တွေးတာပေါ့။ သမီးအဖေကျတော့လည်း အဲလို အဝတ်အစားက မလုံခြုံ.. ကျမတို့ ဝတ်နေကျ တဆက်တည်း ရေကူးဝတ်စုံပဲ ဝတ်ရမယ်ပေါ့။ သမီးကကျတော့လည်း အဲလို ဝတ်စုံက အဖွားကြီးတွေ ဝတ်လေ့ရှိတာပေါ့။ သူ့အဖေဘက်က တွေးတာကလည်း ဗမာမိသားစုတွေကြား သူ့သမီး အပျိုပေါက်မ က မတင့်မတယ်တွေ ဝတ်တော့မယ်.. ဆိုပြီး စိတ်တွေ ညစ်တာပေါ့။ အဲတော့လည်း ကျမ ကြားဝင်ခဲ့ရတာပါပဲ။
ဘဘ.. မင်းက သမီးကို ပျိုးထောင်တာ.. သမီးဘဝ အစစ အဆင်ပြေဖို့.. ကောင်းမွန်ဖို့လား.. ဒါမှမဟုတ် ပတ်ဝန်းကျင်က အကောင်းပြောဖို့.. အကောင်းမြင်ဖို့ဆိုတဲ့ ဆန္ဒနဲ့လား..

(သမီးအဖေခမျာ နဂိုကမှ ဗမာစကား မကြွယ်ရှာသူဆိုတော့ သူ့မိန်းမ စကားတတ်မကြီးက အဲလောက်ပြောလိုက်ရင်ကို သူ့စိတ်ထဲ.. အင်း.. ဟုတ်တာပဲ.. လို့ ဖြစ်သွားပြီ  အဲလို အချိန်မျိုးမှာ ကျမက သေချာ ပြောရပါတယ်)

သမီး နေနေရတာက အမေရိကန်ယဉ်ကျေးမှုထဲမှာ။ သူ့ ပတ်ဝန်းကျင်မှာ အများဆုံးရှိတာက အမေရိကန် အသိုင်းအဝိုင်း။ ပြီးတော့ သမီးဘဝတလျှောက်လုံး ဖြတ်သန်းရမှာက အမေရိကန်သူဘဝ။ အဲလိုမှာ အဖေက အတင်းဗမာပုံရိုက်သွင်းရင် သမီး စိတ်ကျဉ်းကျပ်ပြီး ဟိုဘက် အသိုင်းအဝိုင်းလည်း မဝင်ဆံ့ .. ဗမာအသိုင်းအဝိုင်းနဲ့လည်း စိတ်မသက်သာ နဲ့ ကလေးဟာ သူ့ဘဝကို မကျေမနပ်ဖြစ်လိမ့်မယ်။ တို့သမီးက စာလည်းတော်တယ်.. အားကစားလည်းတော်တယ်.. သူ့ကျောင်းပတ်ဝန်းကျင်မှာလည်း အောင်မြင်တယ်.. အမေ့ မြန်မာစာကျောင်းမှာလည်း တက်နေ တုန်း.. မြန်မာစာလည်း ဖတ်.. မြန်မာစကားလည်း ပြောနေတုန်း။ ဒါကိုမှ တို့သမီး ဒီလို ရေကူးဝတ်စုံ ဝတ်လို့လို့ ပတ်ဝန်းကျင်က ပြောမယ်ဆိုလည်း ဘာဖြစ်လဲ။ ကိုယ့်ကလေးအကြောင်း ကိုယ်သိတာပဲ (သမီးအဖေကသာ အဲလို စဉ်းစားနေတာ ၊ တကယ်တော့ ကျမတို့ မိတ်ဆွေတွေက ကလေးတိုင်းကို ကိုယ့်သားသမီးလို သဘောထားတဲ့ သူတွေသာ များတာပါ)။

ဒါမှပဲ သူ့အဖေက သမီးကို အဲဒီ ရေကူးဝတ်စုံ ဝယ်ခွင့်ပေးလိုက်တော့တာပါ။ ဒီနေရာမှာ ကျမတို့ စဉ်းစားရမှာက ဘေးထွက်ဆိုးကျိုးမရှိလှတဲ့ ကိစ္စတချို့ကို သားသမီးအလိုကျ (မိဘစိတ်နဲ့ အံမဝင် လှလည်း) ခွင့်ပြုသင့်တယ်ဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့.. တို့တုန်းက ဒါမျိုး မဟုတ်ဘူး.. ဆိုတဲ့ မိဘတွေ တွေးလေ့ရှိတဲ့ ပုံစံဟာ သားသမီးအပေါ် .. မျိုးဆက်အသစ်အပေါ် တရားမျှတရဲ့လား ဆိုတာကို တွေးကြဖို့ပါပဲ။ ကျမကတော့ မေမေ့တုန်းက ဒီလောက်တောင် မတော်ဘူး.. မလိမ်မာဘူး ဆိုတာ မကြာခဏ ပြောပါတယ်။ ကျမတို့ နဲ့ သားသမီးတွေ ခေတ်ကွာဟမှုက သိပ်ကွာသွားပါပြီ။ ဒါကို အမြဲ ထည့်စဉ်းစားရပါမယ်။
+++++

ခု သမီး အသက် ၁၇ နှစ်။ ရည်းစားရှိလားမေးရင် ဒီက သတ်မှတ်ချက်အရ ရည်းစားမဟုတ် ဘာ မဟုတ် ယောက်ျားလေး သူငယ်ချင်းတော့ ရှိပြီ။ ၃ ယောက်လောက်တောင် ပြောင်းပြီးပြီ ထင်တာပဲ။ ခု Prom အတူတူတက်တဲ့ ကလေးကတော့ အိမ်ကိုလည်း လာနေတာမို့ သတိထားမိသလောက် မွန်မွန်ရည်ရည်။ အီတာလျံ နဲ့ အမေရိကန် စပ်ကလေး။ အဖေ အမေကလည်း တက္ကသိုလ်က ဆရာ ဆရာမ တဲ့။ ထားပါတော့။ ကျမကသာ အဲလိုလေ့လာနေတာ.. သမီးက ကျမလောက် လေးလေးနက်နက် မဟုတ်။ သမီး တက္ကသိုလ်တွေ လျှောက်ဖို့ စဉ်းစားတော့.. ကျမက မသိမသာနဲ့ Daniel ကရော ဘယ်ကျောင်းသွားမှာလဲ..ဆိုတော့ သမီးက “မသိဘူးလေ.. သူ ဘယ်ကျောင်းရမလဲ မပြောတတ်ဘူး။ သူက အင်ဂျင်နီယာဖြစ်ချင်တာလား မသိဘူး.. အဲလိုပြောတာပဲ ၊ သမီးက နိုင်ငံရေးသိပ္ပံယူပြီး Peace Corp သွားရမလား.. Criminal justice ပဲ ယူပြီး Criminal Lawyer ပဲ လုပ်ရမလား ရွေးရဦးမှာ”တဲ့။

ကျမတုန်းက အသက် ၁၇ နှစ်မှာ တက္ကသိုလ်မှာ ပထမနှစ်။ ရည်းစားတစ်ယောက် ထားပြီး အဲဒီ ရည်းစားကို ထားချင်လို့သာ ထားပြီး တကယ် မချစ်တော့ ဘယ်လို ဖြတ်ရပါ့လို့ စိတ်ညစ် စိတ်လေ နေတာ။ ကျောင်းစာထဲ လည်း စိတ်မပါခဲ့။ သမီးကတော့ ခု အဲဒီအရွယ်မှာ အထက်တန်း ပထမဆင့် (High School Junior) သူငယ်ချင်းတွေနဲ့ သွားသွားလာလာ.. တစ်ပတ် ၃ ရက် အလုပ်တဘက်နဲ့.. Credit Course လို ယူထားတဲ့ Police Explorer က တစ်ပတ် တစ်ရက်.. နပမ်းသတ်ကစားနည်းလို့ ခေါ်ရမယ့် Wrestling ကစားတာက တစ်ပတ် တစ်ရက် နဲ့ အဲ့ဒီအတွက် Workout လုပ်ရတာက တစ်ပတ် နှစ်ရက်။ အတန်းကြီးလာလို့မို့ Class project တွေ လုပ်ရတာက တစ်ပတ် ၂ ရက်လောက်နဲ့။ လိုင်း Report card မှာ Straight A ရအောင် လုပ်နေတဲ့သမီး။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်အတွက် Scholarship တွေ ရချင်လို့ပါ။ မိဘ ပိုက်ဆံကုန်မှာစိုးလို့ပါ။ မိဘက မချမ်းသာမှန်း သိလို့ပါ။ ပြီးတော့ ကျမတို့က ရည်းစားလို့ထင်တဲ့ သူငယ်ချင်းကောင်လေးနဲ့ တက္ကသိုလ်တူတူတက်ချင်တယ်ဆိုတဲ့ စိတ်ကူးယဉ်ပုံလည်း မတွေ့ရ။ ဒါကြောင့် သမီးဟာ ကျမထက် တော်တဲ့ သမီး လို့ ပြောတာပါ။ ဒါတောင် သမီးက ကျမရဲ့ ကလေး ၃ယောက်ထဲမှာ ပြောရ ခက်ဆုံး..(ကျမနဲ့ အတူဆုံးမို့ထင် :D)
+++++

ခု Prom ကိစ္စ မှာလည်း အဲလိုပါပဲ။ သမီးအဖေက ပြောပါတယ်.. ဗမာမိသားစုတွေထဲက ဘယ်သူ့သမီးက မသွားဘူး တို့ .. Prom အတွက် ပိုက်ဆံအများကြီးသုံးတာ အကျိုး မရှိဘူးတို့ ပြောတော့တာပေါ့။ တကယ်တော့ သမီးဟာ ကျမတို့ သမီးမို့ သူ့မှာ ကျမတို့ မိဘတွေရဲ့ ဗီဇစိတ်က ပါပြီးသားပါ။ Prom အတွက် သူ့သူငယ်ချင်းတွေ ပိုက်ဆံအများကြီး အကုန်အကျခံနေချိန်မှာ သမီးက ကျမ နဲ့ သူ့မောင်လေးကို ခေါ်ပြီး ဝတ်စုံသွားဝယ်ပါတယ်။ (ကျမ ကလေး၃ယောက်က ဘာလုပ်လုပ် သူတို့အချင်းချင်း တိုင်ပင် အကြံဥာဏ်ယူပါတယ်)။ ဝတ်စုံဆိုင်မှာတော့ ၁ နာရီလောက်ကြာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဝတ်စုံ သူကြိုက်ပေမဲ့ ဘဘ ကြိုက်မှာမဟုတ်ဘူး.. ကြိုးတစ်ချောင်းတည်း နဲ့ ဟိုက်တဲ့ အင်္ကျီမို့ တဲ့။ တချို့အင်္ကျီကျတော့ သူ့မောင်လေးက ကျဲကျဲ နဲ့ မလိုက်ဘူး ဆိုလို့တဲ့။ ဒါနဲ့ပဲ နောက်ဆုံး.. သူကိုယ်တိုင်လည်း ကြိုက်.. မောင်လေးလည်းကြိုက်.. ဘဘ လည်း သဘောတူမယ့်.. ဈေးလည်း ချိုတဲ့ ဝတ်စုံကို ရပါတော့တယ်။ မေမေရာ.. ဒါ ၅၀ ကတော့ တန်ပါတယ်နော်လို့လည်း ပြောနေပါသေးတယ်။ ဒါတောင် သူ အလုပ်လုပ်တဲ့ ပိုက်ဆံနဲ့ ဝယ်မလို့ပါ။ ကျမက သနားလို့ မေမေတို့ ဝယ်ပေးပါ့မယ် ပြောတာ။

ပြောချင်တာက ကိုယ့်သားသမီးဟာ သူ့ဝန်းကျင်မှာ သင့်တင့်အဆင်ပြေပြီး သူ့ဘဝအရေးကိုလည်း တိုးတက်အောင် ကြိုးစားနေတယ်ဆိုရင် ကျမတို့က အတိုင်းအတာတစ်ခုအထိ ခွင့်ပြုရမှာဖြစ်ပါတယ်။ ဒီ Prom ယဉ်ကျေးမှု ကို ခွင့်မပြုနိုင်တဲ့ ဗမာမိဘတွေလည်း ရှိမှာပါ.. ကလေးတွေကိုယ်တိုင်က လက်မခံချင်တာလည်း ရှိမှာပါ။ ဒါပေမဲ့ ဒါတွေကို အရေးတယူစဉ်းစားဖို့ထက် ကိုယ့်သားသမီး လျှောက်တဲ့လမ်းမှာ ဆူးငြိ.. ခလုတ်ထိ.. ထောင်ချောက်မိနိုင်တဲ့ ကိစ္စ ဟုတ် မဟုတ် နဲ့ ကိုယ့်သားသမီး ကျန်းမာ ပျော်ရွှင် ပညာသင်နိုင်ရေးကိုသာ အဓိက လို့ တွေးပြီး ရင်ဆိုင်တဲ့အခါ.. အနည်းဆုံးတော့ ကိုယ့်အတွက် အရေးပါဆုံးဖြစ်တဲ့ ကိုယ့်မိသားစုမှာ စိတ်ညစ်စရာ နည်းပါးမှာပဲဆိုတာပါ။

ကျမကိုယ်တိုင် အဲလိုဆင်ခြင်တာတောင်မှပဲ သားသမီးနဲ့ ကျမအကြား ကွာဟမှုလေးတွေ ရှိနေတာပါပဲ။ ဒါဟာ ဓမ္မတာမျိုးဆက်ကွာဟမှုပြဿနာပါပဲ။ ဒီကွာဟမှုကို ညှိယူစေ့စပ်ရမှာက မိဘများသာ အဓိကတာဝန်အရှိဆုံးလို့ ကျမကတော့ မြင်ပါတယ်။ တခါတခါ ကျမ သားသမီးအတွက် စိတ်အခန့်မသင့်တဲ့အခါ (ထမင်းစားပြီးပြီးချင်း ပန်းကန်ချက်ချင်းမဆေးတာမျိုး၊ မီးဖိုသုံးပြီး သန့်ရှင်းရေးလုပ်မသွားတာမျိုး၊ အိပ်ခန်းထဲ ပွထအောင် နေတာမျိုး) ဆိုရင် ကျမတွေးပြီး စိတ်ဖြေတာက.. ကိုယ်မွေးလို့ လူဖြစ်နေရရှာသူတွေ.. ကိုယ့်မှာ တာဝန်ရှိတယ်.. ကိုယ်ပဲ လုပ်ပေးရမှာပဲ။ ပြီးတော့ ဘယ်လောက်ကြာကြာ ဒါတွေ လုပ်ရမှာမို့လဲ… လို့ တွေးလိုက်တာပါ။

အဲဒီအခါ.. ပန်းကန်ဆေးနေရင်း.. မီးဖိုချောင် ရှင်းနေရင်း .. နောင် ၅ နှစ်ဆို.. ဒီမီးဖိုထဲ.. ဒီအိမ်ခန်းထဲ သူတို့တွေ ရှိတော့မယ်မထင်ဘူးလို့ သတိရပြီး မျက်ရည်တောင် လည်မိပါသေးတယ်။ ဒါနဲ့ပဲ ခုကတည်းက ကိုယ့်သားသမီးတွေ နဲ့ အချိန်ရသလောက် ဘယ်လို အတူနေမလဲ.. ဘယ်လို အတူရှိမလဲ.. ဘယ်လို ပံ့ပိုးပေးမလဲ .. သူတို့အတွက် ကိုယ်တွေရဲ့ ဂုဏ်သတင်းကို ဘယ်လို ထိန်းသိမ်းမွမ်းမံမလဲ ဆိုတာကိုပဲ ကြိုးစားချင်ပါတော့တယ်။

ကျမတို့ မိဘတွေဟာ သားသမီးတွေရဲ့ စိတ်လက်ချမ်းသာစွာ အောင်မြင်ရေးကလွဲလို့ ဘာကိုမှ စဉ်းစားဖို့တာဝန် မရှိဘူး မဟုတ်လားရှင်။

မေ ၁၅၊ ၂၀၁၇

မိုးမခ အတွဲ ၄၊ အမှတ် ၆ ၂၀၁၇ တွင်ဖော်ပြခဲ့ပြီးဖြစ်သည့် မေငြိမ်းဆောင်းပါး။
0