မောင်စွမ်းရည် - ကြည့်လို့မဝနိုင်တဲ့ စာအုပ်ကြီး - ''ရှေးမြန်မာ ဒီဇိုင်းများ'' သန်းထွန်းနှင့် ဦးအေးမြင့်

 မောင်စွမ်းရည် - ကြည့်လို့မဝနိုင်တဲ့ စာအုပ်ကြီး - ''ရှေးမြန်မာ ဒီဇိုင်းများ'' သန်းထွန်းနှင့် ဦးအေးမြင့် 
(ဆရာနှစ်ဦးကို အလွမ်းစာ)
(Ancient Myanmar Design Than Tun and U Aye Myint)
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၇


ပန်းချီဆရာတွေ အများကြီး၊ အများကြီး ရှိပေမဲ့ မြန်မာ့ရိုးရာ ဒီဇိုင်းပညာကို တစ်သက်လုံး လေ့လာဆည်းပူးသူ ဆိုလိုရှိရင်ဖြင့် မန္တလေးဦးအေးမြင့်တစ်ဦးပဲရှိတယ်လို့ ကျွန်တော်ရဲရဲပြောနိုင်ပါ တယ်။ သူက မြန်မာ့ရိုးရာကနုတ်ပန်း ပန်းချီတွေကို မြန်မာနိုင်ငံ အနှံ့အပြား၊ ဘုရားကြိုဘုရားကြား၊ ကျောင်းကြိုကျောင်းကြားတွေကို တစ်သက်လုံးလှည့်လည်သွားလာပြီး ရှာဖွေ၊ တူးယူ၊ လေ့လာ ဆည်းပူးနေသူဖြစ်ပါတယ်။ ခု သူမန္တလေးမြို့ပေါ်မှာ မနေတော့ဘဲ မန္တလေးနဲ့အနီးအနား အစွန်အဖျားက အမရပူရမြို့၊ မဟာဂန္ဓာ ရုံကျောင်းအနီး ဘုရားရိပ်တရားရိပ်မှာပဲ အခြေချနေထိုင်လျက်ရှိ ပါတယ်။ အသက်အရွယ်ကတော့ ၈၇ နှစ်။ ကိုးဆယ်တွင်းရောက် ရှိနေပါပြီ။ ကျွန်တော် ၂ဝ၁၅ ခုနှစ်မှာ ဗမာပြည်ကို အလည်ပြန်တော့ ဆရာဦးအေးမြင့် အိမ်ကိုမရောက်မနေ ရှာဖွေသွားရောက်ပြီး ဦးအေးမြင့်ကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါသေးတယ်။ ဦးအေးမြင့် ကို အရင်လိုပဲ ကျန်းကျန်းမာမာပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့ခဲ့ရပါတယ်။

ဦးအေးမြင့်ကို ကျွန်တော်တွေ့ဆုံရင်းနှီးခဲ့တာကဖြင့် နှစ်ပေါင်း ၆ဝ မျှရှိခဲ့ပါပြီ။ ကျွန်တော် မန္တလေးတက္ကသိုလ်ကိုရောက်တဲ့ ၁၉၅၆- ၅၇ လောက်ကစပြီး သိကျွမ်းရင်းနှီးခဲ့နေခဲ့တာပါ။ မန္တလေး တက္ကသိုလ်ကလောင်ရှင်အသင်းမှာ ကျွန်တော်အတွင်းရေးမှူးလုပ်တဲ့နှစ်က ထုံးစံအတိုင်းပါပဲ စာဆိုတော်ကတော့ပွဲလုပ်ဖို့ စာစောင် တွေထုတ်ဖို့ ရန်ပုံငွေရှာရပါတယ်။ ကျွန်တော်ကအဆန်းထွင်ပြီး အဝတ်ပြက္ခဒိန်လေးတွေ လုပ်ရောင်းမယ်လို့ကြံစည်ပြီး ကိုအေးမြင့် ကိုပဲ အကူအညီတောင်းလိုက်ပါတယ်။ လူငယ်ပန်းချီကျော်များဖြစ် ကြတဲ့ ဝင်းဖေ၊ ပေါ်ဦးသက်နဲ့ စိန်ထင်တို့ဆီက တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့ရဲ့ ကဗျာစာအုပ်မျက်နှာဖုံးတွေ ဆွဲပေးဖို့ အကူအညီတောင်းခဲ့ပြီးပြီလေ။ ကျွန်တော်တို့ ဆုရတဲ့ ကဗျာစာအုပ်တွေ ဝင်းဖေချည်းပဲ ဒိုင်ခံဆွဲပေးခဲ့တာဆိုတော့ ဝင်းဖေကတောင်ကြွားသေး၊ သူမျက်နှာဖုံးလုံးဆွဲတဲ့စာအုပ်တိုင်း အမျိုးသား စာပေဆုရသတဲ့လေ။ မဟုတ်ပြောတာ မဟုတ်တော့လည်း ဒီလို ပဲ ကြည့်နေလိုက်ရပါတယ်။

အဲဒါကကြုံတုန်းကြားဖောက်ပြီး ကြွားလိုက်တာလို့ပဲ သဘောထားလိုက်ပါတော့။ ကိုအေးမြင့်ကြီးကိုတော့ ကျွန်တော်က ဈေးဦးဖောက်လိုက်ပါတယ်။ သူက ဆောင်းဒါးရက်ကန်းကျောင်းမှာ ဒီဇိုင်းဆရာလုပ်ခဲ့သူဆိုတော့ ဖိတ်စပေါ်ပြက္ခဒိန်ရိုက်တာနားလည် ပြီးသားဖြစ်မှာပေါ့။ ကျွန်တော်ကပဲ အကြံပေးတယ်။ စာဆိုတော် အမျိုးသမီးလှိုင်ထိပ်ခေါင်တင်ရဲ့ စိန်ခြူးကြာညာင်ဘောလယ်ကို သရုပ်ဖော်တဲ့အနေနဲ့ ''မှန်ရွှေပြူတင်းက မယ်ခုမျှော်''ဆိုတဲ့ တေး သရုပ်ဖော်ပုံလေး ဆွဲပေးပါပေါ့။ သူကလည်း ဆွဲပေးတယ်။ လှပါပေရဲ့။ သရုပ်ပေါ်ပါလေရဲ့။ ပြက္ခဒိန်အထက်နဲ့အောက်မှာ ပွတ်လုံး ဘောင်ကပ်လိုက်လို့၊ ဒါပေမဲ့ မရောင်းရပါဘူးခင်ဗျာ ''လင်မျှော် တဲ့'' အပူသယ်ရုပ်မို့တဲ့ ယောက်ျားများကတောင် လက်ဆောင်ပေးတာ မယူဝံ့ကြဘူးတဲ့။ ဒါကတော့ ကျွန်တော်နဲ့ ကိုအေမြင့်ကြီးတို့ရဲ့ ဈေးဦးပေါက်အလုပ်လေ။ အတိတ်နိမိတ်က မှန်သလားမသိဘူး။ ကျွန်တော်ရော သူရော မန္တလေးဈေးချိုလက်ဖက်ရည်ဆိုင်မျာပဲ နေကုန်နေခန်းထိုင်လေ့ရှိကြတာဆိုတော့ ကျွန်တော်တို့ရဲ့ဇနီးသည်တွေ က ရွှေလည်တိုင်ဖော့ရိုး ကျိုးမတတ်ဆိုပါတော့။

ကျွန်တော်တို့မန္တလေးတက္ကသိုလ်ဟာအရင်က ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်မှာပဲရှိခဲ့တာပါ။ တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးကိုလေး လက်ထက်၊ မောင်သာနိုး၊ မောင်မိုးသူ၊ မုံရွာ တင်ရွှေ၊ တက္ကသိုလ်မောင်စောလွင်၊ မောင်စွမ်းရည်တို့ ကျောင်းသားသမဂ္ဂအမှုဆောင် အရွေးခံရတဲ့နှစ်မှာပဲ ရန်ကုန်တက္ကသိုလ်ရဲ့လက်အောက်ကလွတ်ပြီး သီးခြားတက္ကသိုလ်ဖြစ်လာပါတယ်။ မန်းတက္ကသိုလ်သမိုင်းဌာနအတွက် ဘိလပ်ပြန်ဒေါက်တာသန်း ထွန်းကိုလည်း သမိုင်းပါမောက္ခအဖြစ် ခန့်လိုက်ပါတယ်။ အထူးအားဖြင့်တော့ မောင်စောလွင်နဲ့ မောင်စွမ်းရည်တို့က ဒေါက်တာ သန်းထွန်းရဲ့သုတေသနကိစ္စအတွက် ပေ၊ ပုရပိုက်တွေ ရှာဖွေစု ဆောင်းရေးမှာ ကူညီကြတယ်။ ပြင်ပကတော့ ပန်းချီဆရာဦးအေး မြင့်က အကူအညီအပေးနိုင်ဆုံးဖြစ်နေပါတယ်။ သူက သူ့ဝါသနာ အလျောက် သမိုင်းဝင်ကနုတ်ပန်းတွေကို လိုက်ပြီးရေးကူး မှတ်တမ်း တင်နေသူပေကိုး။

ဆရာသန်းထွန်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ (၁၉၄၇ ဗကသဥက္ကဋ္ဌ) လုပ်လာသူဖြစ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားခေါင်းဆောင်များက သံယောဇဉ်ဖြစ်ပြီး ဝိုင်းဝန်းကြိုး ပမ်းကူညီကြတာဖြစ်ပါတယ်။ ကျွန်တော်လည်း ဘူမိဗေဒသိပံ္ပ ကျောင်းသားအဖြစ် တတိယနှစ်မှာ စာမေးပွဲကျပြီး သောင်တင်နေရာက ဆရာသင်ကြားပို့ချတဲ့ မြန်မာနိုင်ငံသမိုင်းဘာသာရပ်ကို လေ့လာ သင်ယူချင်လို့ ဝိဇ္ဇာဘာသာပြောင်းယူပြီး ညနေသင်တန်းကို တက်လိုက်တဲ့အခါ ဆရာရဲ့တရားဝင် တပည့်ကျောင်းသားဖြစ်သွားခဲ့ပါတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့နဲ့ကလည်း ဆရာနဲ့ခင်မင်ရင်း နှီးကြတယ်။ ဦးလေးလှနဲ့ဆရာနဲ့ဆိုရင် ညီအစ်ကိုအရင်းလို ခင်ကြ တယ်။ ဦးလေးရယ်၊ ဆရာရယ်၊ ကျွန်တော်ရယ် သုံးယောက်တန်း စီထိုင်နေတော့ ဒေါ်ဒေါ်(ဒေါ်အမာ)က ''ဟယ်..ညီအစ်ကိုသုံးယောက်လိုပဲ''လို့ ပြောဖူးပါတယ်။ ကျွန်တော်တို့လည်း ဆရာနဲ့ ရင်းနှီးလာတဲ့အခါ နယ်က စာပေဟောပြောပွဲတွေကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ဆရာက ''ငါစာရေးဆရာမဟုတ်ဘူး''တဲ့။

"ဆရာလည်း သမိုင်းစာတွေရေးတာပဲ စာရေးဆရာပေါ့။ နယ်တွေက ဘုန်းကြီးကျောင်းဟောင်းကြီးတွေမှာ ပေပုရပိုက်တွေ အများရှိသေးတယ်။ တချို့ဘုရားစေတီဟောင်းတွေမှာ နံရံပန်းချီတွေ၊ ပန်းပုတွေ အများကြီးရှိတယ်" လို့ပြောတော့ ဆရာလည်း မနေနိုင်တော့ဘူး။ ကျွန်တော်တို့က ဆရာ့ကို ကန့်ဘလူ၊ ရွှေဘို၊ ရေဦး၊ တဇယ်၊ မုံရွာ ခင်မွန်၊ ကူရွာ(မြင်းခြံ) စတဲ့နေရာတွေကို ခေါ်သွားပါတယ်။ သုတေသီ ပန်းချီဆရာ ရွှေကိုင်းသားခေါ် ''ဆင်ယင်ထုံးဖွဲ့မှု'' ကျမ်းနဲ့ ပထမဆုံး စာပေဗိမာန်ဆုရခဲ့ဖူးပါတယ်။ တစ်ခါတစ်ရံ ပန်းချီဦးအေး မြင့်လည်း လိုက်ပါတတ်ပါတယ်။ ရန်ကုန်က ကိုနန်းဝေ၏ သူနဲ့ ကျောင်းနေဘက် သူငယ်ချင်းဒေါက်တာသန်းထွန်းဆီ အလည်လာရင်း ကျွန်တော်တို့နဲ့ သုတေသနခရီးလိုက်ဖူးပါတယ်။ ရွှေကိုင်းသား ဆရာတော်က မောင်ထွန်းကြိုင်အမည်နဲ့ လူထုဦးလှငယ်စဉ်က ထုတ်ခဲ့တဲ့ကြီးပွားရေးမဂ္ဂဇင်းမှာ ကာတွန်းတွေလည်း ဆွဲခဲ့ဖူးပါ တယ်။

ဆရာတော်ဦးသောဘီက (ရွှေကိုင်းသား)ရယ်။ ဆရာသန်းထွန်းရယ်၊ ဆရာဦးအေးမြင့်ရယ် မန္တလေးမှာ ဆုံစည်းခြင်းဟာ မြန်မာ့ရိုးရာ ပန်းချီပန်းပု သမိုင်းလောကအတွက် အလွန်ကံထူးပါ တယ်။ သမိုင်းသုတေသီနဲ့ ပန်းချီသမားနဲ့ပေါင်းမိတော့ သမိုင်းဆရာမှာလည်း သမိုင်းဝင်ပန်းချီတွေပိုပြီး ရလာတယ်။ ပန်းချီဦးအေးမြင့်မှာလည်း သူကူးတဲ့ပုံတိုင်းမှာ ခု၊ လ၊ ရက်စွဲနဲ့ နေရာဌာနစသည့် စနစ်တကျ မှတ်တမ်းတင်တဲ့ အလေ့အကျင့်ရရှိသွားခဲ့ပါတယ်။ ဆရာသန်းထွန်းကလည်း ရုပ်ပုံများကို ကိုယ်တိုင်ရေးဆွဲသူဖြစ်ပြီး ဆီဆေးပန်းချီကားကြီးတွေပါ ရေးဆွဲဖူးသူဖြစ်ပါတယ်။ ဆရာ့တို့အချင်းချင်း ပုံတွေဖလှယ်ကြပါတယ်။ နဂါးပုံ၊ ဂဠုန်ပုံ၊ ခြင်္သေ့ပုံ၊ လူပုံစသဖြင့် မျိုးတူစုခွဲကြတယ်။ ခေတ်ကာလတွေ စီစဉ်နေရာချထားကြပါ တယ်။

ချောင်းထဲက ငါးလေးတွေကြီးတော့ မြစ်ထဲရောက်၊ မြစ်ထဲက ငါးကြီးတွေကလည်း ပင်လယ်ထဲရောက်သလိုပါပဲ။ စာပေသမား တွေ၊ ပန်းချီသမားတွေက နယ်ကနေ မြို့တော်ရန်ကုန်ကို စုန်ဆင်း ဝင်ရောက်ပြီး စားကျက်ရှာကြပါတယ်။ ဒီလိုနဲ့ပန်းချီဆရာလေးတွေ ဝင်းဖေတို့ ပေါ်ဦးသက်တို့ရော၊ ကိုအေးမြင်တို့ရော ရန်ကုန်ရောက်ကုန်ကြသလို မောင်သာနိုး၊ မောင်တင်ရွှေ၊ မောင်မိုးသူ၊ တင်မိုး၊  မောင်စွမ်းရည်စတဲ့ စာပေသမားတွေရော ကျူရှင်ဆရာတွေပါ မကျန် ရန်ကုန်ကို စုန်ဆင်းစုဝေးမိကြပါတယ်။

ကိုအေးမြင့် ရန်ကုန်ရောက်လာတော့ မန္တလေးသားများက လေးလေးထွန်းဝေလို့ခေါ်တဲ့ ရုပ်ရှင်မင်သားထွန်းဝေက ကုန်သည်လမ်းပေါ်ရှိ သူရဲ့ရန်ကင်းရုံးခန်းကို မန္တလေးသားတွေရဲ့ စုရပ်လုပ် ပေးထားတယ်။ အားရင်လာစုကြ၊ ကျားထိုးကြ၊ ငြင်းကြခုန်ကြပေါ့။ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ စာပေသမားတွေ အစုံလာကြတယ်။ ပုံမှန် ရုံးထိုင်သူက ကိုအေးမြင့်ပါ။ တောင်လေးလုံးဆရာတော်ကတော့ အိပ်ခန်းကိုပါယူပြီး ကျောင်းထိုင်တော်မူတယ်။ ကျွန်တော်ရန်ကင်း ရုပ်ရှင်ရုံးခန်းကိုရောက်တိုင်း ထိုင်ပြီးစကားပြောခွင့်ရတာက ကိုအေးမြင့်တစ်ယောက်ပဲ ရှိပါတယ်။ သူနဲ့ပန်းချီကြောင်းပြောကြတယ်။ သူ့ စာအုပ်ကို ဘယ်လိုစီစဉ်၊ ဘယ်လိုပုံနှိပ်ထုတ်ဝေရကောင်းမလဲဆိုတာ တစ်ခါတစ်ရံဆွေးနွေးဖြစ်ကြပါတယ်။ ဗမာပြည်မှာ ဒါမျိုး ထုတ်မယ့်သူကမရှိဘူး။ ပုံတွေချည်းဆိုတော့ ဘလောက်ဖိုးကလည်း ကုန်လိုက်မယ့်အမျိုး။

ဒီကာလမှာ ဂျပန်နိုင်ငံ၊ တိုယိုတာဖောင်ဒေးရှင်းက စာအုပ် ထုတ်ဝေရေးကိုယ်စားလှယ်၊ အိဝါမိုတိုဆိုတဲ့ ဂျပန်အစ်မကြီးတယောက်ရောက်လာပါတယ်။ သူက မြန်မာဝတ္ထုတွေပဲထုတ်ဝေဖို့ လာတာပါ။ ဝတ္ထုရွေးချယ်အကြံပေးအဖွဲ့မှာ ဝတ္ထုရေးဆရာကြီး မောင်သာရ၊ ဝတ္ထုရေးဆရာမ မိုးမိုး(အင်းလျား)တို့ ပါတယ်။ စာပေ ဝေဖန်ရေးဆရာတစ်ယောက်လည်း ပါရမယ်ဆိုလို့ မောင်စွမ်းရည်လည်း ပါလာရပါတယ်။ အိဝါမိုတိုက မောင်စွမ်းရည်ကို ခင်မင် အားကိုးတယ်။ မောင်စွမ်းရည်ကလည်း အပိုအလုပ်တွေလုပ်တတ် တယ်။ အနုပညာရှင်တွေရဲ့စုရပ်တစ်ခုကို လိုက်ပို့မယ်ဆိုပြီး ဒေါ်အိဝါကို ရန်ကင်းရုပ်ရှင်ရုံးခေါ်သွားပြီး တွေ့ရာလူနဲ့မိတ်ဆက်ပေးရာမှာ ထိုင်စရာစားပွဲကုလားထိုင်က ကိုအေးမြင့်နေရာပဲရှိတော့ ကိုအေးမြင့်ရဲ့ စားပွဲမှာ ထိုင်ကြပါတယ်။

ဦးအေးမြင့် (အင်တာနက်မှ)
ကိုယ်မလုပ်တတ်ပေမဲ့ သူများ လုပ်ထားတဲ့အလုပ်နဲ့ ကြွားဝါချင်လို့ ဦးအေးမြင့်ရဲ့မြန်မာကနုတ်ပန်း ချီစုဆောင်းထားတဲ့ စာမူကြမ်းကြီးကို ကိုအေးမြင့်ဆီကတောင်းပြီး ဒေါ်အိဝါကို ပြလိုက်မိပါတယ်။ ဒေါ်အိဝါက သမိုင်းတန်ဖိုး၊ အနု ပညာတန်ဖိုးသိရှိနားလည်သူ ပညာရှိတစ်ဦးသူဆိုတော့ ကနုတ်စာအုပ်ကြီးကြည့်ပြိး အလွန်အံ့သြသွားတယ်။ စာအုပ်ထုတ်ဝေသူ မရှိလို့ မထုတ်နိုင်သေးဘူး။ တိုယိုတော ဖောင်ဒေးရှင်းကလည်း ဝတ္ထုပဲထုတ်ချင်တာဆိုတော့ ဒေါ်အိဝါကို ထုတ်ဝေဖို့ပြတာ မဟုတ်ပါဘူးလို့လည်း စကားခံလိုက်မိပါတယ်။ ဒါပေမဲ့ ဒေါ်အိဝါက သူ ထုတ်ချင်တယ် ခွင့်ပြုပါ။ ပုံတစ်ပုံစီအောက်က စာလေးတွေကို မောင်စွမ်းရည်ပဲ အင်္ဂလိပ်ဘာသာပြန်ပေးပါ။ အမှာစာလည်း မောင်စွမ်းရည်ပဲရေးပါလို့ ချက်ချင်းတောင်းဆိုတော့ ဒီအလုပ်နှစ်ခုလုံး ကျွန်တော်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် လို့ ကျွန်တော့်ထက်သင့်တော်သူတွေကို ကျွန်တော်အပ်နှံပေးပါ မယ်။ အင်္ဂလိပ်ဘာသာပြန်ပေးဖို့ မောင်သာနိုးကို မေတ္တာရပ်ခံပေး ပါမယ်။ အမှာစာအတွက် သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းကို မေတ္တာရပ်ခံပေးပါမယ်လို့ တာဝန်ခံလိုက်ပါတယ်။ ဒေါက်တာသန်း ထွန်း အမေရိကားရောက်နေလို့ အဆင်မပြေဘူး။ ဒါနဲ့ ကျွန်တော့်ဆရာ ကထိကဦးမောင်မောင်တင် (မန်းတက္ကသိုလ်မြန်မာစာကထိက ဦးမောင်မောင်တင်)ကို အကြံပေးပေမဲ့လည်း အဆင်မပြေတာနဲ့ ဒေါ် အိဝါက ဂျပန်ကမြန်မာသမိုင်းပါမောက္ခ အိုနိုတိုးရုကိုရေးခိုင်းပြီး စာအုပ်တည်းဖြတ်ထုတ်ဝေဖို့ကို ထိုင်းနိုင်ငံ၊ တမန်ဆက်တက္ကသိုလ်က သမိုင်းပါမောက္ခတစ်ဦးက လုပ်ပေးပါတယ်။ ဒီလိုနဲ့ ၁၉၉၃ ခုနှစ်ကပဲ ဒီစာအုပ်ကို (Burmese Design through Drawings) ဆိုတဲ့အမည်နဲ့ ထုတ်ဝေခဲ့ပါတယ်။ ဒီလိုစာအုပ်မျိုး ထိုင်းမှာ ထုတ်ဖူးပုံ မရပါဘူး။ တခြားအရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ထုတ်ခဲ့ဖူးပုံမရလို့ ပညာရှင်သုတေသီတွေကြားမှာ စိတ်ဝင်စားမှု ခံရတယ်လို့ သိရပါတယ်။

ဝတ္ထုရေးဆရာမောင်သာရကတော့ တိုယိုတာဖောင်ဒေးရှင်း က ဝတ္ထုထုတ်ဖို့လာတာ မင်းလုပ်တာနဲ့ ငါတို့ထုတ်ခွင့်ရမယ့် ဝတ္ထု တစ်အုပ်လျော့သွားတာပေါ့လို့ ကျွန်တော့်ကို သြဘာပေးခဲ့ပါတယ်။ သူက သမိုင်းတို့ဘာတို့ကို လုံးဝစိတ်မဝင်းစားပါ။ သူက မျက်မှောက်ခေတ် လူမှုရေးဘဝကို သရုပ်ဖော်တဲ့ ဘဝသရုပ်ဖော်စာရေး ဆရာဆိုပြီး လက်မထောင်နေတဲ့ကာလဆိုတော့ မန္တလေးမှာကျင်းပ တဲ့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်နေ့စာတမ်း ဖတ်ပွဲတစ်ခုမှာ ဒေါက်တာသန်းထွန်းကို ''သမိုင်းမသင်ရတော့ ဘာဖြစ်မှာလဲ''လို့ ပရိသတ်ထဲကထမေးခဲ့ဖူးပါတယ်။ ခုအခါ လူသိ များနေတဲ့ ''လူ-အ ဖစ်သွားမှာပေါ့'' ဆိုတဲ့ စကားက မောင်သာရကို ဖြေခဲ့တဲ့စကားပါ။ မောင်သာရက ကိုအေးမြင့်ရဲ့ ကနုတ် သမိုင်းစာအုပ်ကြီး ထုတ်ဝေတာကို သဘောမတူခဲ့ပါ။ ဒီစာအုပ် ထွက်လာတော့ အင်းဝစာအုပ်တိုက်က (ထင်ပါရဲ့) ဗမာပြည်မှာပဲ တစ်ကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ပါတယ်သေးတယ်။ ခုနောက်ဆုံးအကြိမ်ဟာ တတိယလား၊ စတုတ္ထအကြိမ်လား မသိပါ။ ခုနှစ်လည်း ဖော်ပြမထားပါ။ မူပိုင်ကလည်း ပန်းချီဆရာ့အမည်မဟုတ်။ ထုတ်ဝေသူကပဲ မူပိုင်လုပ်ထားပါတယ်။ ပန်းချီဆရာကတော့ ထုတ်ဝေခွင့်ကို အပြီးရောင်းစားခဲ့မှာမဟုတ်ပါ။ နောင်အခါ ဦးအေးမြင့်ရဲ့သား၊ မြေးများက ပြန်လည်ထုတ်ဝေချင်ရင် အမွေခွံခွင့် ရှိတော့မယ့်ပုံ မဟုတ်ပါ။



ကျွန်တော် ၂ဝ၁၅ နိုဝင်ဘာထဲမှာ ဗမာပြည်ကို ခေတ္တပြန် တော့ ဦးအေးမြင့်က သူ့အဖို့ လက်ခံမူအဖြစ် သိမ်းဆည်းထားတဲ့ သူ့စာအုပ်ကို ကျွန်တော့်အတွက် လက်ဆောင်ပေးလိုက်ရှာပါ တယ်။ ကျွန်တော်ကလည်း သူရဲ့လက်ခံမူမှန်း မသိတာဘဲ ယူခဲ့မိ လို့ နောင်မှ အားနာနေရပါတယ်။ ခုအခါ ထုတ်ဝေတော့ မူလစာအုပ်အမည် မဟုတ်တော့ဘဲ ((Ancient Myanmar Design)  ဖြစ်လာပါတယ်။ ကျမ်းပြုသူအမည်ကလည်း (Than Tun and U Aye Myint) ဆိုပြီး နှစ်ဦးဖြစ်လာပါတယ်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့အမည်ရှေ့က ပါလာပါ တယ်။ ဒေါက်တာသန်းထွန်းက မြန်မာ့ကျောက်ထွင်းပန်းချီသမိုင်း တစ်ပုဒ်ပဲ ပါရှိပါတယ်။ စာအုပ်တစ်အုပ်လုံး စာမျက်နှာ ၃၇ဝ ရှိ ပြီး ဒေါက်တာသန်းထွန်းက ၃၇ မျက်နှာပဲပါရှိတယ်။ တကယ်တော့ မူရင်းကျမ်းပြုသူက ဦးအေးမြင့်ပဲဖြစ်ပါတယ်။ ဆရာက တည်းဖြတ် ပေးကောင်းပေးမှာဖြစ်ပေမဲ့ ပူးတွဲကျမ်းပြုသူ မဟုတ်ပါ။ ဒီစာအုပ်ကို ဆရာကွယ်လွန်ပြီးမှ ရိုက်ဟန်တူပါတယ်။ ကျမ်းပြီးရက်စွဲ၊ ထုတ် ဝေရက်စွဲများ လုံးဝမပါရှိတဲ့အတွက် သမိုင်းကျမ်းအင်္ဂါ ချို့တဲ့သလို ဖြစ်သွားခဲ့ပါတယ်။ ကျေးဇူးတင်စကားမှာတောင် အောက်ကရေးသူနှင့် ရက်စွဲ မပါရှိပါ။ ဆရာက လမ်းညွှန်ပေးတာကတော့ ဦးအေးမြင့်အဖို့ တန်းဖိုရှိမှာ အမှန်ပါ။ ဦးအေးမြင့်အဖို့ စာပေပညာရှင်လည်း မဟုတ်။ သမိုင်းပညာရှင်လည်းမဟုတ်လို့ လမ်းညွှန်မှုကို ဆရာ့ဆီကရခဲ့တာလည်း ကံထူးတာပါပဲ။ ဒါကြောင့်လည်း ကျေးဇူးသိတတ် အားနာတတ်တဲ့ ဦးအေးမြင့်က ဆရာ့ကို ပူးတွဲကျမ်းပြုသူအဖြစ် သူ့ရှေ့က တင်ခဲ့တာဖြစ်ပုံရပါတယ်။

ဒီကျမ်းကြီးမှာ အင်္ဂလိပ်ဘာသာနဲ့ပြုစုထားပြီး အခန်း ခုနစ်ခန်း ခွဲခြားပြုစုထားတာတွေ့ရပါတယ်။ ဒေါက်တာသန်းထွန်းပြုစုတဲ့ ''ရှေးဦးမြန်မာကျောက်ထွင်ပန်းချီသမိုင်း'' ၃၇ မျက်နှာကို ရှေ့ ပိုင်းက သီးခြားဖော်ပြထားပါတယ်။ ဦးအေးမြင့်က တသီးတခြား ခုနစ်ခန်းခွဲပြီး ရေးသားထားတာပါ။

(၁) အိုးခြမ်းပဲ့တွေပေါ်က ဒီဇိုင်းများ

(၂) မြန်မာ့ကနုတ်ပန်း ဒီဇိုင်းများ

(၃) တိရစ္ဆာန်နှင့်ငှက် ဒီဇိုင်းများ

(၄) ဘုရား၊ ကျောင်း၊ ဇရပ် ဒီဇိုင်းများ

(၅) ဆင်ယင်ထုံးဖွဲ့မှု ဒီဇိုင်းများ

(၆) အဝတ်အထည်အဆင် ဒီဇိုင်းများ

(၇) မြန်မာအသုံးအဆောင်နှင့်အထွေထွေ ဒီဇိုင်းများ

အဲသလို အခန်းကဏ္ဍတွေခွဲပြီး အခေါ်အဝေါ်၊ ဝေါဟာရ၊ နေရာ ဌာန၊ ခေတ်၊ ခုနှစ်သက္ကရာဇ်များကိုလည်း သုတေသနပြုလို့ ရတတ်သမျှ ဖော်ပြထားပါတယ်။ ဖူးစကက်၊ လျှောက်လွှာစာရွက် (၃၄ စမ x ၄၃ စမ) အရွယ် စာမျက်နှာ ၃၇ဝ တိတိရှိပါတယ်။ ဒီစာအုပ်ကြီးကို လေ့လာဖတ်ရှုမိသူများဟာ အရုပ်တွေချည်း မြင်ဖူးတယ်ရှိအောင် ပဲဖြစ်ဖြစ်၊ ပန်းချီပန်းပု မြန်မာ့ပန်းဆယ်မျိုး အနုပညာများကိုလေ့ လာတဲ့အနေနဲ့ပဲဖြစ်ဖြစ် သမိုင်းဗဟုသုတလေ့လာရေးအနေနဲ့ပဲ ဖြစ်ဖြစ် ရှုထောင့်အမျိုးမျိုက လေ့လာဖတ်ရှုလို့ရပါတယ်။ မြန်မာမှုကို အထူးလေ့လာသူမျိုးအဖို့တော့ မရှိမဖြစ် လက်စွဲပြုရမယ့် စာအုပ်မျိုးဖြစ်ပါတယ်။ အရုပ်အသီးသီးဟာ ဘယ်လိုနေရာမှာ ဘယ်ခေတ်က ဘာအဓိပ္ပာယ်နဲ့သုံးခဲ့ကြသလဲ။ အရုပ်အမျိုးမျိုးဟာ တစ်ခေတ်ပြီးတစ်ခေတ် အဆင့်ဆင့်ဘယ်လို ပြောင်းလဲစသဖြင့် လေ့လာနိုင်ကြပါတယ်။

တကယ်တော့ မြန်မာလူမျိုးတို့ရဲ့သမိုင်းအစကတည်းက ရေး စွဲလာကြတဲ့ ထုထွင်းလာကြတဲ့ အရုပ်တွေရှိလာခဲ့ကြပါတယ်။ မြန်မာတွေက နဂါး၊ ဂဠုန်၊ ခြင်္သေ့၊ ဒေါင်း၊ ငုံးစတဲ့ သတ္တဝါတွေ ကအစ အလှတန်းဆာဆင် ပန်းခွက်ကလေးတွေအဖြစ် ရေးဆွဲလာ ခဲ့ကြတာကို ပန်းကနုတ်လို့ခေါ်ခဲ့ကြပါတယ်။ ''ဒီဇိုင်း''ဆိုတဲ့ စကားလုံးကြီးနဲ့ ကနုတ်နဲ့ တွဲရာတောင် ရင့်သီးနေတယ်လို့ခံစားရပါတယ်။ ဗမာစကားလုံးမှာ ''အဆင်'' ဆိုတာရှိပါတယ်။ ''လုံချည်အဆင်လေး က လှလိုက်တာ''ဆိုရင် လုံချည်ဒီဇိုင်းကိုပြောတာပါပဲ။ ဆရာတော် ရွှေကိုင်းသားက ''ဆင်ယင်ထုံးဖွဲ့မှု''ဆိုတဲ့ စကားလုံးကို သုံးခဲ့ပါ သေးတယ်။ အတိတ်စာပေတွေကို လေ့လာပြီး ဒီဇိုင်းကို ဘာသာ ပြန်ဖို့ စဉ်းစားသင့်ကြမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာ ကနုတ်ပညာခေါ် ပန်းပညာတစ်မျိုးဟာ ရှေးကျပြီး သီးခြားရပ် တည်လာခဲ့တာဖြစ်ပါတယ်။ အိုးခွက်၊ ပန်းကန်၊ ရေမှုတ်၊ ရေအိုး၊ လှည်း၊ ရက်ကန်း၊ အိမ်၊ ကျောင်း၊ ဇရပ်တို့မှာ ကနုတ်အဆင်တွေ နဲ့ချည်းမွမ်းမံခဲ့ကြပါတယ်။ ရှေးမြန်မာအနုပညာရပ်အနေနဲ့ ကြီးကျယ်တဲ့အခန်းကဏ္ဍမှာရှိခဲ့တာကို သမိုင်းရှုထောင့်အမျိုးမျိုးက လေ့လာစရာတွေကျန်နေပါသေးတယ်။ တက္ကသိုလ်က သမိုင်း၊ မြန်မာစာ၊ ဗိသုကာစတဲ့ ဘွဲ့ယူကျမ်းပြုကျောင်းသားများ ပညာရှင်များ ဆက်လက်လေ့လာကြစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပန်းချီဆရာကြီး၊ မြန်မာမှုသုတေသီ ဦးအေးမြင့်ဟာ ဒီလိုပန်းပညာ၊ ကနုတ်ပညာနယ်မြေမှာဖြင့် မြန်မာ့ ရှေးဦးရှေ့ဆောင်သုတေသီကြီးတစ်ဦး အဖြစ် အလေးအနက် အသိအမှတ်ပြုပြီး ဂါရဝပြုထိုက်ကြပေတယ်လို့ ရှင်းရှင်းလင်းထင်မြင်မိပါကြောင်း အစီရင်ခံလိုက်ရပါ တယ်ခင်ဗျား။ တက္ကသိုလ်ကြီးများက ပါရဂူဘွဲ့ယူကျမ်းတဆူလို စာအုပ်ကြီးတအုပ်ကို ပြုစုခဲ့ပြီမို့ "ဦးအေးမြင့်ရဲ့မိတ်ဆွေပါ ၊ ကျွန်တော်တို့ မန္တလေးကပါ" လို့ ပြောတာကိုပဲ မြိန်ယှက်လှပါပြီ။ ကနုတ်နှင့် ဂုဏ်တက်ကြပါစေသတည်း။

မောင်စွမ်းရည်
၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာ ၁၆


လွင်ဦးထုတ် စာအုပ်အဖုံး
0